တစ်နှစ်တာ အပြင်းအထန် ကြိုးပမ်းခဲ့ပြီးနောက် လက်ဝယ်ရောက်ရှိလာတော့မည့် COVID-19 ကာကွယ်ဆေးများ

တစ်နှစ်တာ အပြင်းအထန် ကြိုးပမ်းခဲ့ပြီးနောက် လက်ဝယ်ရောက်ရှိလာတော့မည့် COVID-19 ကာကွယ်ဆေးများ
Janssen, of Johnson & Johnson ကုမ္ပဏီက ကာကွယ်ဆေးစမ်းသပ်မှုပြုလုပ်နေသည့် ကိုလံဘီယာနိုင်ငံ ကာလီမြို့ရှိ ကူးစက်ရောဂါ လေ့လာရေးဌာန၌ COVID-19 ကာကွယ်ဆေးအတွက် သွေးနမူနာများကို ဝန်ထမ်းတစ်ဦးက စီစဉ်နေစဉ် (Photo:AFP)
Janssen, of Johnson & Johnson ကုမ္ပဏီက ကာကွယ်ဆေးစမ်းသပ်မှုပြုလုပ်နေသည့် ကိုလံဘီယာနိုင်ငံ ကာလီမြို့ရှိ ကူးစက်ရောဂါ လေ့လာရေးဌာန၌ COVID-19 ကာကွယ်ဆေးအတွက် သွေးနမူနာများကို ဝန်ထမ်းတစ်ဦးက စီစဉ်နေစဉ် (Photo:AFP)
Published 29 November 2020

လူပေါင်း ၁ ဒသမ ၄ သန်းကို သေဆုံးစေခဲ့ပြီးဖြစ်သော အမျိုးအမည်မသိ ကိုရိုနာဗိုင်းရပ်စ်ပိုးတစ်မျိုး ကမ္ဘာတစ်လွှားတွင် စတင်ပျံ့နှံ့ခဲ့ပြီးနောက် တစ်နှစ်ပင် မကြာသေးသည့် အချိန်၌ အလွန်အလားအလာ ကောင်းသော COVID-19 ကာကွယ်ဆေးအများအပြားသည် ထွက်ပေါ်လာရန် တာဆူနေပြီဖြစ်သည်။

ကျန်းမာရေးအာဏာပိုင်များက သီတင်းပတ်အနည်းငယ်အတွင်း အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုပေးရန် စီစဉ်နေရာ သမိုင်းတွင် ကူးစက်ရောဂါတစ်ခုအတွက် အမြန်ဆုံးထွက်ပေါ်လာသည့် ကာကွယ်ဆေး ဖြစ်လာပေတော့မည်။ သို့သော် ကာကွယ်ဆေးများအတွက် မေးခွန်းထုတ်စရာကလည်း အများအပြား ရှိနေသည်။

ဘယ်အချိန် စတင်ထိုးနှံနိုင်မလဲ

သိသာသည့် အောင်မြင်မှုများ မတွေ့ရှိရဘဲ လအတန်ကြာပြီးနောက် ဆေးဝါးကုမ္ပဏီများစွာတို့က ၎င်းတို့၏ ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့်ပတ်သက်၍ အကြိုကြေညာချက်များကို အားရဖွယ် ထုတ်ပြန်ခဲ့ကြသည့် နိုဝင်ဘာလအတွင်း အရာရာ အရှိန်မြင့်လာခဲ့သည်။

ဥရောပသမဂ္ဂအတွင်း ဆေးဝါးများအတည်ပြုမှုကို ကြီးကြပ်ရန် တာဝန်ယူထားသည့် ဥရောပဆေးဝါး အေဂျင်စီ (EMA) က ၎င်းတို့အနေဖြင့် ပထမဆုံး COVID-19 ကာကွယ်ဆေးများကို ယခုနှစ်ကုန် သို့မဟုတ် ၂၀၂၁ ခုနှစ် အစောပိုင်း၌ အတည်ပြုနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ပြင်သစ်၊ စပိန်နှင့် အီတလီနိုင်ငံတို့ အားလုံးသည် ယင်းကိုအခြေခံ၍ ဖြန့်ဝေရေးအစီအစဉ်များကို အကြမ်းဖျင်း ရေးဆွဲထားပြီး ဖြစ်သည်။

အတ္တလန္တိတ်ဒေသတစ်လွှားကို ကြည့်လျှင် ကာကွယ်ဆေးထိုးနှံခြင်း လှုပ်ရှားမှုများကို အမေရိကန်ပြည်ထောင်စုတွင် အစောဆုံးအဖြစ် ဒီဇင်ဘာလလယ်ပိုင်းတွင် စတင်နိုင်လိမ့်မည်ဖြစ်သည်။ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (FDA) က ခွင့်ပြုချက်ပေးရေးအတွက် အရှိန်မြှင့် အချိန်ဇယားတစ်ရပ် အတည်ပြုထားသည်ဟု ယူဆရသည်။

တရုတ်အာဏာပိုင်များက အန္တရာယ်အမြင့်ဆုံး လူနာများအား ကာကွယ်ဆေး စတင်ထိုးနှံပေးနေပြီဖြစ်ပြီး ရုရှားနိုင်ငံတွင် လက်တွေ့စမ်းသပ်မှုနောက်ဆုံးအဆင့် မတိုင်မီကပင် ကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုရန် အတည်ပြုပေးခဲ့ပြီး ဖြစ်သည်။

ကာကွယ်ဆေးအသစ်တစ်မျိုးကို သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ခြင်း၊ အတည်ပြုခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းသည် ဆယ်စုနှစ်တစ်ခု သို့မဟုတ် ယင်းထက် ပို၍ကြာအောင် အချိန်ယူရတတ်သည်။

COVID-19 ကာကွယ်ဆေး ဒါဇင်ဝက်ခန့် ထွက်ပေါ်လာစေသည့် ကြောက်ခမန်းလိလိ အမြန်နှုန်းဖြင့် ဖွံ့ဖြိုးမှုသည် များပြားလှသော ငွေကြေးပမာဏနှင့် ဘီလျံနှင့်ချီသော ဆေးအလုံးရေကို ကြိုတင်မှာယူထားမှုများက ကျောထောက်နောက်ခံပြုပေးထားသော အစိုးရနှင့် ပုဂ္ဂလိက သုတေသနမိုးကြိုး စစ်ဆင်ရေးကြီးတစ်ရပ်ကို မြင်သာစေသည်။

သို့သော် ပါဝင်သည့် ဘက်အသီးသီးတို့အနေဖြင့် တစ်ထောင့်တစ်နေရာမှ ထောက်ကူခဲ့မှုကိုကား ချန်လှပ်ထား၍မရပေ။

ဥပမာအားဖြင့် ဥရောပသမဂ္ဂ၏ ကြီးကြပ်ရေးအေဂျင်စီကို အကဲဖြတ်ရေးလုပ်ငန်းစဉ် လျင်မြန်ရေး အားထုတ်မှုအတွက် အသိအမှတ်ပြုရမည်ဖြစ်သည်။ သို့သော်၎င်းတို့အနေဖြင့် အခြားဆေးဝါးများကဲ့သို့ပင် အရည်အသွေး၊ ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုဆိုင်ရာ စံနှုန်းများနှင့် ကိုက်ညီရေးကို အာမခံထားသည်။

ယခုကဲ့သို့ပြောင်မြောက်သော အောင်မြင်မှုသည် စောင့်မျှော်နေသည့်ကမ္ဘာကြီးအနေဖြင့့် ချက်ချင်း ကာကွယ်ဆေးထိုးနှံနိုင်မည်ဟူသည့် သဘောမျိုးမသက်ရောက်ပေ။

“COVID-19 ကာကွယ်ဆေး ကနဦး ထောက်ပံ့မှုတွေကို ကန့်သတ်ထားရမှာဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အခြားအန္တရာယ်ရှိတဲ့ အုပ်စုတွေကို ဦးစားပေးရပါလိမ့်မယ်” ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏အကြီးအကဲ တက်ဒရို အာဒါနွန် ဂေဘရီယေဆက်က Twitter ၌ မကြာသေးခင်က ပြောကြားထားသည်။

ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအနေဖြင့် ချမ်းသာသည့်နိုင်ငံများက ဘီလျံနှင့်ချီသော ဆေးအလုံးရေများကို အရန်သင့်ထားရှိသည့်အချိန်အထိ စောင့်ဆိုင်းနေရခြင်းမျိုး မဖြစ်သင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

“ ကာကွယ်ဆေးပေါ်လာဖို့ အရေးပေါ်ဖြစ်မှုဟာ အဲ့ဒီကာကွယ်ဆေးကို မျှတစွာ ခွဲဝေပေးဖို့ အရေးပေါ် ဖြစ်မှုနဲ့အတူတူ အရေးကြီးတာပါပဲ” ဟု ၎င်းက ဆင်းရဲကာ အားနည်းသူများအနေဖြင့် ကာကွယ်ဆေးထိုး နှံပေးခြင်း မခံရနိုင်သည့် အန္တရာယ်ရှိကြောင်းကို ထောက်ပြလျက် ပြောကြားခဲ့သည်။

ဘယ်ကာကွယ်ဆေးက အကောင်းဆုံးလဲ

ယင်းမှာ ပြောရန်စောလွန်း၍ နေသေးသည်။ နိုဝင်ဘာ ၉ ရက်နောက်ပိုင်း ဆေးထုတ်လုပ်ရေး ကုမ္ပဏီလေးခုက ၎င်းတို့၏ ကာကွယ်ဆေးများ အလုပ်ဖြစ်ပြီး ယင်းတို့ထဲမှ အများစုသည် ရာခိုင်နှုန်း ၉၀ ထိရောက်မှုရှိကြောင်း ကြေညာခဲ့သည်။

အဆင့့်-၃ ရလဒ်ကို ပထမဆုံး ကြေညာခဲ့သည်မှာ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမန်ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ဖြစ်သည်။ ယင်းနောက် အမေရိကန်ကုမ္ပဏီဖြစ်သော Moderna ၊ ဗြိတိန်တွဲဖက်ကုမ္ပဏီဖြစ်သော AsatraZeneca/ Oxford တက္ကသိုလ်နှင့် ရုရှားအစိုးရ၏ Gamaleya Research Institute of Epidemiology and Microbiology တို့က ကြေညာခဲ့သည်။

ကြီးမားလှသည့် ကမ္ဘာ့စျေးကွက်ကြီးကို မျှော်လင့်လျက် ရလဒ်များကို အလျင်အမြန် ကြေညာခြင်းက ယင်းကြေညာချက်များကို ကုမ္ပဏီများက ပြုလုပ်ခြင်းဖြစ်ပြီး ဂျာနယ်များတွင် အခြားပညာရှင်များက ဆန်းစစ်လေ့လာထားသည့် စာတမ်းများ ထွက်ပေါ်လာရန် လိုအပ်နေသေးကြောင်း ပြသနေသည်။ ယင်းကဲ့သို့ ထွက်ပေါ်လာရန် လများချီလျက် အချိန်ယူရနိုင်သည်။

ယခုထွက်ပေါ်လာသော ကာကွယ်ဆေးအားလုံးသည် အဆင့် - ၃ ဟုခေါ်သည့် နောက်ဆုံးအဆင့် လက်တွေ့စမ်းသပ်ထိုးနှံမှု ပြီးဆုံးလုနီးပါးအနေအထားတွင် ရှိနေသည်။ ယင်းအဆင့်သည် ကမ္ဘာတစ်လွှားမှ လူမျိုးအမျိုးမျိုးနှင့် အသက်အရွယ် အမျိုးမျိုးဖြစ်ကြသည့် စေတနာ့ဝန်ထမ်းစမ်းသပ်ခံသူပေါင်း တစ်သောင်းအား ထိုးနှံကာ ဆေး၏ဘေးကင်းလုံခြုံမှုနှင့် ထိရောက်မှုကို စမ်းသပ်သည့် လုပ်ငန်းစဉ် နောက်ဆုံးအဆင့်ဖြစ်သည်။

အခြေခံသဘောအရ ကာကွယ်ဆေးတစ်ရပ်၏ ထိရောက်မှုကို ကာကွယ်ဆေးထိုးထားသည့် စေတနာ့ဝန်ထမ်းများအနက် COVID-19 ရောဂါကူးစက်ခံလာရသူအရေအတွက်ကို အာနိသင်မရှိသည့် ဆေးသာ ပေးထားသည့်အုပ်စုမှ ရောဂါကူးစက်ခံလာရသူအရေအတွက်နှင့် နှိုင်းယှဉ်ခြင်းဖြစ်သည်။

တွေ့ရှိချက်များ ထုတ်ပြန်ရန်အတွက် သတ်မှတ်ချက်များမှာ အမျိုးမျိုးဖြစ်နေသည်ကိုလည်း တွေ့ရှိရသည်။ COVID-19 ရောဂါကူးစက်ခံလာရသူအရေအတွက်မှာ Pfizer/BioNTech ဆေး၌ ၁၇၀ ဦး၊ Moderna ဆေးတွင် ၉၅ ဦး၊ AstraZeneca/Oxford ဆေး၌ ၁၃၁ ဦးနှင့် Gamaleya Institute ဆေးတွင် ၃၉ ဦးကိုသာ တွေ့ရသည်။

Pfizer က ၎င်းတို့၏ စမ်းသပ်ချက်တွင် တွေ့ရှိရသည့် COVID-19 ရောဂါကူးစက်ခံလာရသူ ၁၇၀ ဦးအနက် ရှစ်ဦးသာ ကာကွယ်ဆေး အစစ်ထိုးပေးထားသည့် အုပ်စုမှ ဖြစ်သောကြောင့် ၉၅ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း ထုတ်ပြန်ခဲ့သည်။

Moderna က ထိရောက်မှု ၉၄ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း ထုတ်ပြန်ခဲ့ရာ Pfizer နှင့် ထပ်တူနီးပါး ဖြစ်သည်။ Gamaleya ၏ Sputrik V ကာကွယ်ဆေးက ထိရောက်မှု ၉၁ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ခဲ့သည်။

နှစ်ကြိမ် ထိုးရသည့် AstraZeneca/Oxford ဆေးနှင့်ပတ်သက်၍ တွက်ချက်မှုများမှာ ပိုမိုရှုပ်ထွေးကြောင်း တွေ့ရှိရသည်။ မျိုးကွဲနှစ်ရပ်ကို စမ်းသပ်ရာတွင် လုပ်ထုံးလုပ်နည်း အနည်းငယ်ကွဲပြားခဲ့ပြီး ယခုအထိ ရာခိုင်နှုန်း ၇၀ သာ အလုပ်ဖြစ်ကြောင်း တွေ့ရှိထားသည်။

သို့သော် ပထမအကြိမ်ထိုးနှံရာ၌ အပြည့်အဝ မပေးဘဲ ဆေးပမာဏ ထက်ဝက်သာ ပေးထားသည့် အုပ်စုတစ်ခုတွင် ထိရောက်မှု  ရာခိုင်နှုန်း ၉၀ ရှိနေသည်ကိုလည်း တွေ့ရှိရသည်။ တန်ပြန်လှုံ့ဆော်ရေးရလဒ် အဖြစ် ကာကွယ်ဆေးပမာဏ လျော့နည်း၍ ပေးခြင်းက ကာကွယ်မှု ပိုမိုရရှိခြင်းမှာ ကွဲပြားခြားနားသော ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှုများကို ဖြစ်စေခြင်းကြောင့် ဖြစ်နိုင်သည်ဟု ကျွမ်းကျင်ပညာရှင်များက ဆိုသည်။

ယင်းကဲ့သို့ ထိရောက်မှု ရာခိုင်နှုန်း ၉၀ ရရှိခြင်းမှာ ကံအားလျော်စွာ ဖြစ်သွားခြင်းသာ ဖြစ်ကြောင်း Oxford က နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန်ခဲ့သည်။

စမ်းသပ်မှုအစောပိုင်းအဆင့်အတွင်း စေတနာ့ဝန်ထမ်းအချို့သည် ဆေးပမာဏထက်ဝက်သာ ရရှိခဲ့ခြင်းမှာ မှားယွင်းမှုဖြစ်ပြီး Oxford က ထုတ်လုပ်ရေးလုပ်ငန်းစဉ်ကို ပြောင်းလဲစေခဲ့၍ ဖြစ်သည်ဟု ဆိုသည်။

အမှားကို တွေ့ရှိခဲ့ပြီးနောက် ဆေးထုတ်လုပ်ရေးကုမ္ပဏီသည် ကြီးကြပ်သူများနှင့် တိုင်ပင်ညှိနှိုင်းလျက် ဆေးပမာဏထက်ဝက် ထိုးပြီး သီတင်းလေးပတ်အကြာတွင် ပမာဏ အပြည့်ထိုးသည့် မတော်တဆ တွေ့ရှိခဲ့သည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခဲ့သည်။ ပို၍ကျယ်ပြန့်သော အဆင့်- ၃ စမ်းသပ်ချက်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၃,၀၀၀ ကို ထိုးနှံခဲ့ခြင်းဖြစ်သည်။

ကာကွယ်ဆေးအားလုံးကို ကြည့်လျှင် ကွဲပြားခြားနားသော အခြေအနေအမျိုးမျိုးတွင် အတည်ပြုခဲ့သည့် ကာကွယ်ဆေးများကို ဆုံးဖြတ်ရာ၌ ထိရောက်မှုနှုန်းတစ်ခုတည်းသာ ဆုံးဖြတ်ရန်အချက် မဟုတ်ပေ။ စျေးနှုန်းနှင့် ထောက်ပ့ံရေးလမ်းကြောင်းတို့ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။

ဥပမာအားဖြင့် ယခုအချိန်ထိ AstraZeneca ဆေး နှစ်ကြိမ်ထိုးနှံမှုသည် တစ်ကြိမ်စာအတွက် ၂ ဒသမ ၅ ယူရို (သုံးဒေါ်လာ) သာ ကုန်ကျသဖြင့် စျေးအသက်သာဆုံး ဖြစ်သည်။

ယင်းဆေးသည် သယ်ယူခြင်းနှင့် သိမ်းဆည်းခြင်းအတွက်လည်း အရေးပါသည့် အားသာချက်များ ရှိနေသည်။ Moderna ဆေးကို အနုတ် ၂၀ ဒီဂရီ ဆဲစီးယက်၌လည်းကောင်း၊ Pfizer ဆေးကို အနုတ် ၇၀ ဒီဂရီ ဆဲစီးယက်၌လည်းကောင်း ထားရှိရန်လိုအပ်သည်။ AstraZeneca ဆေးကိုမူ သာမန်ရေခဲသေတ္တာထဲရှိ အပူချိန်၌ပင် ထားရှိနိုင်လေသည်။

ကျန်ရှိနေသေးတဲ့ မေးခွန်းတွေက ဘာတွေလဲ

“ ကပ်ရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ကာကွယ်ရေးက အရေးပါတယ်ဆိုတာ ကျွန်တော်တို့ သိရှိပြီးသားပါ။ ကျွန်တော်တို့မှာ ရှိထားပြီးသား ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ကာကွယ်ဆေးက ပိုပြီးပြည့်စုံစေတာဖြစ်ပြီးတော့ အစားထိုးပစ်တာမျိုး မဟုတ်ဘူးဆိုတာကို အလေးအနက်ပြောကြားလိုပါတယ်။ ရှည်လျားပြီး မှောင်မိုက်တဲ့ ဒီလိုဏ်ဂူကြီးအဆုံးမှာ ရှိနေတဲ့ အလင်းရောင်က တဖြည်းဖြည်း ပိုမိုတောက်ပလာနေပါတယ်” ဟု WHO အကြီးအကဲ တက်ဒရိုက ပြောကြားခဲ့သည်။

COVID-19 ကာကွယ်ဆေးများနှင့်ပတ်သက်၍ မေးရန်ကျန်ရှိနေသော အဓိကမေးခွန်းတစ်ခုမှာ မည်မျှအချိန်ကာလအထိ ခုခံအား ကြာရှည်ခံမည်နည်း ဆိုသည့်မေးခွန်း ဖြစ်သည်။ ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှုများလုပ်ဆောင်ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် ဆေးကုမ္ပဏီများက ရလဒ်များ အားလုံးကို အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

“ ကာကွယ်ဆေး ထိုးနှံပြီးရင် ရောဂါကာကွယ်နိုင်စွမ်းက အချိန် ဘယ်လောက်ကြာကြာ တည်မြဲသလဲ။ ကာကွယ်ဆေးရဲ့ ထိရောက်မှုကို ဟန့်တားကန့်သတ်နေတဲ့ ဗိုင်းရပ်စ်ဗီဇပြောင်းလဲမှုအတွင်းမှာ ကာကွယ်ဆေးရလဒ်က အချိန်ကျော်လွန် သွားလေမလား။ မေးစရာ မေးခွန်းတွေ ကျန်ရှိနေပါတယ်” ဟု King’s Colledge London တက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာ ပါမောက္ခ ပင်နီဝါ့တ်က ဆိုသည်။

COVID-19 ရောဂါကူးစက်ခံရမှုမှ ပြန်လည်သက်သာလာသူများ နောက်တစ်ဖန် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းအပါအဝင် ရောဂါပိုး ပြန်လည်ကူးစက်ခံရမှုများသည်လည်း ခုခံအားစနစ်၏ ကြာချိန်နှင့် ပတ်သက်သော မေးခွန်းများကို ပိုမိုမြင့်တက်စေသည်။

ရောဂါပိုးကူးစက်ခံရနိုင်ခြေ မြင့်မားသူများ (အထူးသဖြင့် အသက်အရွယ်ကြီးသူများ) တွင် ကာကွယ်ဆေး၏ထိရောက်မှု ရှိ၊ မရှိကို သိပ္ပံပညာရှင်များ ယခုထက်တိုင် မသိရသေးပေ။ ရှင်းရှင်းလင်းလင်း မသိရသေးသည့် နောက်ထပ်မေးခွန်းမှာ ကာကွယ်ဆေးသည် COVID-19 ရောဂါလက္ခဏာများကို ဖယ်ရှားသုတ်သင်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ကာကွယ်ဆေးသည် လူတစ်ဦးမှ တစ်ဦးဆီသို့ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကာကွယ်တားဆီးပေးနိုင်ခြင်း ရှိ၊ မရှိ ဆိုသည့် မေးခွန်းဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုသော် ကာကွယ်ဆေးသည် ထိုးနှံပြီးသူအား နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးထားသည်ဆိုလျှင် ဗိုင်းရပ်စ်ကူးစက်ခံရထားသူနှင့် ထိတွေ့မိလျှင်ပင် နာမကျန်းမဖြစ်အောင် ဆက်လက်ကာကွယ်ပေးထားနိုင်သည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်သည်။

“ အောက်စ်ဖို့ဒ်နဲ့ AstraZeneca အဖွဲ့က အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေကို ရှာဖွေစစ်ဆေးဖို့အတွက် အဖွဲ့ရဲ့ ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုမှာ ပါဝင်တဲ့သူတွေရဲ့ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တွေကို အပတ်စဉ် ရယူစုဆောင်းပါတယ်” ဟု အီဒင်ဘာရာတက္ကသိုလ်မှ ခုခံအားနှင့် ကူးစက်ရောဂါဆိုင်ရာဘာသာရပ် ပါမောက္ခ အီလီနော်ရီလီက ပြောကြားခဲ့သည်။

ကာကွယ်ဆေးစမ်းသပ်ထိုးနှံမှုတွင် ပါဝင်သူ ၂၃,၀၀၀ စလုံးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်ခံထားရခြင်းမျိုး မဟုတ်ကြောင်း AstraZeneca က ပြောကြားခဲ့သော်လည်း ရောဂါပိုး ကူးစက်ခံရသူအရေအတွက် မည်မျှ ပါဝင်သည်ကို အတိအကျ မထုတ်ပြန်ခဲ့ပေ။

ဆောင်ရွက်ဆဲ ကာကွယ်ဆေးပေါင်း ဘယ်လောက်ရှိသလဲ

နိုဝင်ဘာလလယ်ပိုင်းက လူသားများနှင့် စမ်းသပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေး ၄၈ မျိုးရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်ပြုထားသော်လည်း တတိယအဆင့် စမ်းသပ်မှုကို ရောက်ရှိသည့်ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၁ မျိုးသာ ရှိသည်။

ယခုလအတွင်း ရလဒ်ထုတ်ပြန် ကြေညာခဲ့သည့်ဗိုင်းရပ်စ်ကာကွယ်ဆေး လေးခုမှလွဲ၍ ကျန်ဗိုင်းရပ်စ် ကာကွယ်ဆေးအများအပြားမှာ တရုတ်နိုင်ငံပိုင် ဓာတ်ခွဲခန်းများဖြစ်သည့် Sinovac ၊ Sinopharm နှင့် CanSion တို့မှ ထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများ ဖြစ်သည်။

နောက်ထပ် စမ်းသပ်ဆဲအကြိုအဆင့်တွင် ဆက်လက်ရှိနေသေးသည့် ဗိုင်းရပ်စ်ကာကွယ်ဆေး ၁၆၄ မျိုး ရှိသည်ဟု WHO က အတည်ပြုထားသည်။

ဘယ်လိုကာကွယ်ဆေး အမျိုးအစားတွေလဲ  

ဗိုင်းရပ်ကာကွယ်ဆေး ပြုလုပ်သည့်အချို့နည်းလမ်းများသည် အောင်မြင်မှု ရရှိလိမ့်မည်ဟု ယုံကြည်စိတ်ချနိုင်သော်လည်း အခြားနည်းလမ်းများသည် စမ်းသပ်ဆဲအဆင့်၌သာ ဆက်လက်ရှိနေသည်။

အစဉ်အလာကာကွယ်ဆေးများတွင် အသက်မရှိအောင် ပြုလုပ်ထားပြီးသား ဗိုင်းရပ်စ်ကို အသုံးပြုလေ့ရှိပြီး အချို့သော ကာကွယ်ဆေးများ၌ အားပျော့အောင် သို့မဟုတ် ရောဂါပေးနိုင်စွမ်းမရှိအောင် ပြုလုပ်ထားသည့်ဗိုင်းရပ်စ် အမျိုးအစားကို အသုံးပြုသည်။

ခန္ဓာကိုယ်က ရောဂါပေးနိုင်စွမ်းမရှိသော ပိုးအား တကယ့်ခြိမ်းခြောက်မှု အစစ်ကဲ့သို့ တုံ့ပြန်ပြီး သက်ဆိုင်ရာပိုးကို သတ်ရန် ပဋိပစ္စည်းများ ထုတ်လုပ်သောကြောင့် ကာကွယ်ဆေးများသည် လူကို အန္တရာယ်မဖြစ်စေဘဲ ရောဂါဖြစ်ပွားမှုမှ ကာကွယ်ပေးသည်။

Sub-unit ဟုခေါ်သည့် ကာကွယ်ဆေးများ၌မူ ဗိုင်းရပ်စ်သို့မဟုတ် ဘက်တီးရီးယားမှ အစိတ်အပိုင်းတစ်ရပ်သာ ပါဝင်ပြီး အလားတူ ကိုယ်ခံအားဆိုင်ရာ တုံ့ပြန်မှုမျိုးကို ထုတ်လုပ်ပေးသည်။    

ကြားခံဗိုင်းရပ်စ် အမျိုးအစားများက ဗိုင်းရပ်စ်၏ DNA အပိုင်းအစများကို ဆဲလ်များအတွင်းသို့ သယ်ဆောင်ပေးပြီး အခြားဗိုင်းရပ်စ် မော်လီကျူးများ၏ အစိတ်အပိုင်းများကို ဖြန့်ဝေပေးခြင်းဖြစ်သည်။

ဥပမာအားဖြင့် ဝက်သက်ဗိုင်းရပ်စ်ကို ကိုရိုနာဗိုင်းရပ်စ် ပရိုတင်းဖြင့် အထူးပြု မွမ်းမံလိုက်သည့်အခါ SARS-CoV-2 ဗိုင်းရပ်စ်၏ အစိတ်အပိုင်းသည် လူ၏ဆဲလ်များအတွင်းသို့ ဝင်ရောက်နိုင်ပြီး COVID-19 အတွက် လိုအပ်သည့် ကိုယ်ခံအားကို ထောက်ပံ့ပေးနိုင်သည်။

Pfizer နှင့် Moderna ၏ ကာကွယ်ဆေး နှစ်မျိုးလုံးသည် အလွန်ခေတ်မီသည့် နည်းပညာအပေါ် အခြေခံထားခြင်း ဖြစ်သည်။ ယင်းကာကွယ်ဆေးများ၌ လူ၏ဆဲလ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် messenger RNA ဟုခေါ်သော မော်လီကျူးများကို ဖန်တီးပြုလုပ်ယူသည့် ဗားရှင်းများအဖြစ် အသုံးပြုထားပြီး ၎င်းတို့အား ကာကွယ်ဆေး ပြုလုပ်သည့် စက်ရုံများအဖြစ်သို့ ထိရောက်စွာ ပြောင်းလဲပေးထားသည်။

ဗိုင်းရပ်စ်ကာကွယ်ဆေးက ယုံကြည်စိတ်ချရမှု ရှိနိုင်သလား

ကာကွယ်ဆေးကို ပထမဆုံး ဖြန့်ချိရာ၌ နောက်ဆုံးထွက်ပေါ်လာသည့်မေးခွန်းမှာ ကာကွယ်ဆေး ထိုးနှံရန်ငြင်းဆိုသူ မည်မျှရှိမည် နည်းဟူသည့်မေးခွန်းပင်ဖြစ်သည်။

နိုင်ငံအများအပြားမှ လူများ၏ သိသာထင်ရှားသည့် ရာခိုင်နှုန်းသည် ဗိုင်းရပ်စ်ကာကွယ်ဆေး ဇစ်မြစ်နှင့်ပတ်သက်သည့် ယူဆချက်များ၊ ကောလာဟလများကို ယုံကြည်ကြသည်ဟု Royal Society Open Science ဂျာနယ်၏ ပြီးခဲ့သည့်လက သုတေသနပြုလုပ်ချက်တွင် ဖော်ပြခဲ့သည်။

ဥပမာအားဖြင့် မက္ကဆီကိုတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံရန်အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ယူဆထားသူများမှာ စစ်တမ်းကောက်ယူမှု၏ ငါးပုံတစ်ပုံကျော် ရှိသည်။

နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ယခုလအတွင်း ပြုလုပ်သည့် စစ်တမ်းအရ သြဂုတ်လမှစ၍ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံလိုသည့် လူအရေအတွက်သည် ၇၇ ရာခိုင်နှုန်းမှ ၇၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

Most Read

Most Recent