စစ်တမ်းများက ဖော်ပြခဲ့သော COVID-19 ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စီးပွားရေးလုပ်ငန်းများ

စစ်တမ်းများက ဖော်ပြခဲ့သော COVID-19 ကြောင့် ထိခိုက်ခဲ့သည့် မြန်မာ့စီးပွားရေးလုပ်ငန်းများ
ဒဂုံ (အရှေ့) မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ကြေး ကျပ်လေးသောင်းရရှိရန် စာရင်းလာရောက်ပေးသွင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
ဒဂုံ (အရှေ့) မြို့နယ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ကြေး ကျပ်လေးသောင်းရရှိရန် စာရင်းလာရောက်ပေးသွင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-မျိုးထက်ပိုင်)
Published 29 November 2020
နီလာ

COVID-19 ရောဂါဖြစ်ပွားမှုနှင့်ဆက်စပ်နေသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်မှုသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ရေတိုအကျိုးသက်ရောက်မှုများနှင့် အလားအလာရှိသော ရေရှည်အကျိုးသက်ရောက်မှုများနှင့်အတူ နောက်ထပ်အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

OECD 2020 နှင့် World Bank 2020 အရ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်များနှင့် ချိတ်ဆက်ခြင်းအားဖြင့် ၂၀၁၁ ခုနှစ်မှစ၍ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုများနှင့် ပြုပြင်ပြောင်းလဲမှု အများစုကို ကမ္ဘာ့စီးပွားရေးအသွင် ပြောင်းလဲလုပ်ဆောင်နိုင်ခဲ့သော်လည်း  COVID-19 ရောဂါကြောင့် ကဏ္ဍအများစုတွင် ရုတ်တရက်ထိခိုက်မှုရှိလာပြီး ချက်ချင်းပြန်လည်နာလန်ထူရန် မဖြစ်နိုင်သေးပေ။

Asia Foundation 2020 နှင့် Myanmar Times 2020 အရ ယင်းအကျပ်အတည်းသည် မြန်မာကုမ္ပဏီများနှင့် အလုပ်သမားများအပေါ် ကြီးမားစွာ သက်ရောက်စေခဲ့ပြီဖြစ်ကြောင်း၊ အစိုးရအနေဖြင့် COVID-19 ကပ်ရောဂါ ကာလအတွင်း ကျန်းမာရေး လည်ပတ်မှုစိတ်ချရစေရန်နှင့် ကာလကြာ ရှည်ဆင်းရဲနွမ်းပါးမှုနှင့် လူမှုဖူလုံ ရေးထိခိုက်မှုများနှင့်အတူ ပိုမိုနက်ရှိုင်းလာသော စီးပွားရေး ကျဆင်းမှုကို ကာကွယ်ရန် အလေးထား ဆောင်ရွက်ခြင်းသည် လတ်တလောတွင် အရေးကြီးကြောင်း OECD ရင်းနှီးမြှုပ်နှံမှုမူဝါဒ လေ့လာသုံးသပ်ချက်-မြန်မာနိုင်ငံ-၂၀၂၀ တွင် ဖော်ပြထားသည်။

COVID-19 ကြောင့် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းသည် မြန်မာနိုင်ငံ၏ ယခင်အချိန်က အားကောင်းခဲ့သည့် စီးပွားရေးတိုးတက်မှုကို သိသာထင်ရှားစွာ ကျဆင်းစေနိုင်ကြောင်း ခန့်မှန်းထားသည်။ ကမ္ဘာ့ဘဏ်နှင့် IMF 2020 တို့၏ခန့်မှန်းချက်များအရ အမှန် GDP တိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ခြောက်ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းသို့ ပြန်လည်မရောက်မီ ၂၀၁၉ ခုနှစ်အတွက် GDP ၆ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၆ ဒသမ ၅ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားချက်များနှင့် နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် နှစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်း နီးပါးအထိ တိုးတက်မည်ဟု ခန့်မှန်းထားသည်။

OECD 2020 ၏ ကမ္ဘာလုံးဆိုင်ရာခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေဆုံးရှုံးမှုသည် ၂၀၂၀ ပြည့်နှစ်တွင် အစိုးရများ၊ ကုမ္ပဏီများနှင့် လူအများအတွက် ဆိုးကျိုးများ၊ ကာလရှည်အကျိုးဆက်များကြောင့် စစ်ဖြစ်ပွားခဲ့သည့်အချိန် လွန်ခဲ့သောနှစ် ၁၀၀ ကျော်က ဖြစ်ပွားခဲ့သည့် စီးပွားရေးကျဆင်းမှုထက် ကျော်လွန်လိမ့်မည်ဖြစ်ကြောင်း သိရသည်။

COVID-19 ကြောင့်ဖြစ်သည့် အကျပ်အတည်းသည် စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ ရိုက်ခတ်လျက်ရှိနေပြီး Asia Foundation 2020 ၏ မကြာသေးမီက ပြုလုပ်သော စစ်တမ်းအရ မြန်မာနိုင်ငံရှိ ကုမ္ပဏီသုံးပုံတစ်ပုံနီးပါးသည် COVID-19 ကူးစက်ပြန့်ပွားမှုကြောင့် ယာယီပိတ်ထားရကြောင်းနှင့် ၎င်းလုပ်ငန်းအများစုအနက် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော လုပ်ငန်းအများစုမှာလည်း ရာခိုင်နှုန်း ၅၀ ထက်မနည်း ဝန်ထမ်းများ လျှော့ချနေကြသည်။

Eurocham Myanmar 2020 နှင့် ၎င်း၏ကုမ္ပဏီများနှင့် ပြုလုပ်ထားသောစစ်တမ်းတွင် မျှော်မှန်းဝင်ငွေဆုံးရှုံးမှုမှာ ရာခိုင်နှုန်း ၃၀ မှ ၅၀ ကျော်ရှိသည်ဟု ဖော်ပြထားသည်။

အကြီးမား ဆုံးဆုံးရှုံးသည့်လုပ်ငန်းများမှာ ခရီးသွားလုပ်ငန်းများ၊ မော်တော်ကားလုပ်ငန်းများ၊ အထည်အလိပ်၊ စားသုံးသူကုန် ပစ္စည်းများနှင့် လက်လီဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ဧပြီလကုန်အထိ အစိုးရ၏ထုတ်ပြန်ချက်အရ ကူးစက်ရောဂါကြောင့် ကုန်ကြမ်းပြတ်လပ်မှုနှင့် ကုန်အမှာစာများ ဖျက်သိမ်းခြင်းများကြောင့် စက်ရုံများတွင် လုပ်သားအင်အား လျှော့ချမှုများနှင့်လုပ်ငန်း ပိတ်သိမ်းခြင်းတို့ကြောင့် အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။

ကပ်ရောဂါကြောင့် အကျပ်အတည်း ဖြစ်ပေါ်နေသည့် ကာလတွင်လိုအပ်သည့် ဆေးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ ဖြည့်ဆည်းပေးမှု အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အားဖြည့်ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးနေသည့်အပြင် နိုင်ငံတော်အစိုးရသည် အလုပ်အကိုင်နှင့် အိမ်ထောင်စုများ၏ ဝင်ငွေကို အကာအကွယ်ပေးခြင်းနှင့် အခြားအလားအလာရှိသော စီးပွားရေးလုပ်ငန်းများ ဒေဝါလီခံရခြင်း မဖြစ်စေရန် အကာအကွယ်ပေးမှုတို့အပေါ် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

IMF ၏ COVID-19 policy tracker အရ ကမ္ဘာ့နိုင်ငံများ၏အစိုးရများသည် အလားတူရည်ရွယ်ချက်များ (ဥပမာ အချိန်တို အလုပ်နှင့် ဝင်ငွေထောက်ပံ့မှုစီမံချက်၊ အခွန်ပေးဆောင်မှုကို ရွှေ့ဆိုင်းပေးခြင်း၊ ချေးငွေ အာမခံစသည့်) အတွက် မူဝါဒများစွာကို ချမှတ်ဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်များကို ဦးတည်၍ ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆောင်ရွက်ချက်များပါဝင်သည့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ကို ချမှတ်ခဲ့သည်။ သို့သော် တစ်ခါတစ်ရံတွင် အမှန်တကယ်လိုအပ်သော နေရာတို့တွင် လက်တွေ့အသုံးချရန် အားနည်းချက်များလည်း ရှိနေသည်။ အထင်ရှားဆုံးသော ဆောင်ရွက်ချက်တစ်ခုမှာ မြန်မာနိုင်ငံသား ပိုင်ဆိုင်သော SMEs လုပ်ငန်းများ၊ အဝတ်အထည်လုပ်ငန်း၊ ခရီးသွား လုပ်ငန်းကဏ္ဍများအတွက် ဒေါ်လာ ၇၁ သန်းကို COVID-19 ရန်ပုံငွေ ထူထောင်၍ ချေးငွေထုတ်ချေးခြင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ကုန်အထိ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရန် ကာလကို ရွှေ့ဆိုင်းပေးခြင်းတို့ဖြစ်သည်။

ကမ္ဘာ့ဘဏ်၏နောက်ဆုံး အစီရင်ခံစာအရ စီးပွားရေးလုပ်ငန်းများ COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေရပြီး မြန်မာနိုင်ငံအနှံ့ လုပ်ငန်းအမျိုးအစားအားလုံး၏ ၉၃ ရာခိုင်နှုန်း ထိခိုက်ခံစားလာရကြောင်း ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၁ ရက်အတွင်း ကောက်ယူထားသည့် COVID-19 ကပ်ရောဂါသက်ရောက်မှု စောင့်ကြည့်လေ့လာရေး စစ်တမ်းအရ မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေး လုပ်ငန်းအားလုံးနီးပါးသည် ပိုမိုဆိုးရွားလာသည့် ရိုက်ခတ်မှုဒဏ်ကို ခံစားလာရပြီး သြဂုတ်လအတွင်း စစ်တမ်းအရ ၇၅ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားလာခဲ့ခြင်းဖြစ်သည်။

သင်္ဃန်းကျွန်းမြို့နယ် ထွေ/အုပ်ရုံးရှိ တိုင်ကြားစာဌာနသို့ နိုင်ငံတော်ထောက်ပံ့ကြေးငွေ ကျပ်လေးသောင်း မရရှိသေးသူ၏ တိုင်ကြားစာတစ်စောင်ကို နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ကမ္ဘာ့ဘဏ်က COVID-19 ကပ်ရောဂါသက်ရောက်မှု စောင့်ကြည့်လေ့လာရေးစစ်တမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း ခုနစ်ကြိမ်ကောက်ယူရန် စီစဉ်ထားပြီး အောက်တိုဘာလကုန်အထိ စစ်တမ်းလေးကြိမ် ကောက်ယူထားပြီးဖြစ်သည်။ စစ်တမ်းအရ တစ်ကြိမ်နှင့်တစ်ကြိမ် ထိခိုက်မှုပိုမိုဆိုးရွားလာပြီး စစ်တမ်းကို မြန်မာနိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ကျပန်း စီးပွားရေး လုပ်ငန်းများပါဝင်သည့် လုပ်ငန်းပေါင်း ၅၀၀ ကို မေးမြန်းကောက်ယူထားခြင်းဖြစ်သည်။

နောက်ဆုံးကောက်ယူထားသည့် စစ်တမ်းအရ ယာယီပိတ်သိမ်းထားသော လုပ်ငန်းများမှာ စိုက်ပျိုးရေးကဏ္ဍတွင် ခုနစ်ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်ရေးကဏ္ဍတွင် ၁၂ ရာခိုင်နှုန်း၊ လက်လီနှင့် လက်ကားအရောင်းလုပ်ငန်းကဏ္ဍတွင် ၁၉ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍတွင် ၄၃ ရာခိုင်နှုန်းအထိ ရှိသည်။ စိုက်ပျိုးရေးကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများသည် ယာယီပိတ်သိမ်းရသည့်လုပ်ငန်းအရေအတွက် များပြားလာလျက်ရှိပြီး ဝန်ဆောင်မှုလုပ်ငန်းများမှာ အခြေအနေဆိုးရွားစွာထိခိုက်လျက်ရှိသည်။

ဒေသအလိုက်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီပိတ်သိမ်းထားရသည့်လုပ်ငန်း ၄၃ ရာခိုင်နှုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၁ ရာခိုင်နှုန်းအထိရှိပြီး တစ်နိုင်ငံလုံးတွင် ယာယီပိတ်သိမ်းထားရသည့် လုပ်ငန်း ၁၈ ရာခိုင်နှုန်းအထိ ရှိလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ စီးပွားရေးလုပ်ငန်းများအပေါ် COVID-19 ဒုတိယလှိုင်း သက်ရောက်မှုအနေဖြင့် စက်တင်ဘာတွင် ရောင်း အားကျဆင်းသွားခြင်း ရာခိုင်နှုန်း ၉၀ ကျော်၊ ငွေသားစီးဆင်းမှုမရှိတော့ခြင်း ရာခိုင်နှုန်း ၃၀ ကျော်၊ ချေးငွေရရှိနိုင်မှု အလားအလာ လျော့နည်းသွားခြင်း ရာခိုင်နှုန်း ၂၀ ကျော်၊ သွင်းအားစုများနှင့် ကုန်ကြမ်းပစ္စည်း ပြတ်လပ်ခြင်း ရာခိုင်နှုန်း ၂၀ ကျော်၊ ချေးငွေများနှင့် အခြားသောလုပ်ငန်းဆိုင်ရာ ကြွေးမြီများ ပြန်ဆပ်ရန်ခက်ခဲခြင်း၂၅ ရာခိုင်နှုန်းကျော်၊ လူမွဲခံယူရန် လျှောက်ထားခြင်း ၁၀ ရာခိုင်နှုန်းကျော်၊ အလုပ်သမားလျှော့ချခြင်း ရာခိုင်နှုန်း ၂၀ ကျော်ရှိလာသည်။ သြဂုတ်လနှင့်နှိုင်းယှဉ်ပါက ငွေသားစီးဆင်းမှု အနည်းငယ်မြင့်တက်လာသည်မှလွဲ၍ ကျန်အချက်များတွင် ပိုမိုဆိုးရွားပြင်းထန်လာခြင်း ဖြစ်သည်။

မြန်မာစီးပွားရေးလုပ်ငန်းများသည် COVID-19 ဒုတိယလှိုင်းကြောင့် အမြတ်ငွေ လျော့နည်းသွားသည့် ပမာဏသည် စစ်တမ်းအရ ရာခိုင်နှုန်း ၆၀ ကျော်မှ ရာခိုင်နှုန်း ၇၀ ကျော်အထိရှိသည်။ ထို့ပြင် လာမည့်သုံးလအတွင်း ကြွေးပြန်မဆပ်နိုင်သည့် အခြေအနေရောက်ရှိနိုင်သည်ဟု ယူဆထားသော လုပ်ငန်းများမှာလည်း ရာခိုင်နှုန်း ၂၀ ကျော်မှ ရာခိုင်နှုန်းကျော် ၅၀ အထိရှိနေသည်။

မြန်မာစီးပွားရေးလုပ်ငန်းများ ငွေသားပြတ်လပ်မှုများ လျော့ပါးသက်သာစေရန် အသုံးပြုမှုအများ ဆုံးနည်းလမ်းများမှာ မိတ်ဆွေ/ မိသားစုများထံမှချေးငွေများ ရာခိုင်နှုန်း ၄၀ ကျော်မှ ၇၀ ရာခိုင်နှုန်းကျော်အထိ၊ စီးပွားရေးဘဏ်များမှ ချေးငွေများ ၁၀ ရာခိုင်နှုန်းကျော်မှ ရာခိုင်နှုန်း ၃၀ ကျော်အထိ၊ ဘဏ် မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများမှချေးငွေများ သုံးရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းကျော်အထိ၊ ပစ္စည်းပေးသွင်းသူ/ ဝန်ထမ်း/ အာဏာပိုင်များထံငွေပေးချေမှုများ နှောင့်နှေးခြင်း ခြောက်ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၂၀ ကျော်အထိ ဖြစ်သည်။

မြန်မာစီးပွားရေးလုပ်ငန်းများက ဆန္ဒပြုထားသည့် အရေးတကြီး ဆောင်ရွက်ရန် အလိုအပ်ဆုံးသော အစိုးရ၏ မူဝါဒပိုင်းဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများမှာ ချေးငွေနှင့် ချေးငွေအာမခံများရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အခွန်ရွှေ့ဆိုင်း / နုတ်ပေး သို့မဟုတ် လျှော့ပေါ့ပေးခြင်း၊ ရေ/မီး စသည့်ဝန်ဆောင်ခများ လျှော့ပေါ့ပေးခြင်း၊ ဘဏ်ချေးငွေများအတွက် အတိုးပေးဆောင်မှု ရွှေ့ဆိုင်းပေးခြင်း၊ အစိုးရ၏ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူမှုပြုလုပ်ပေးခြင်း၊ ဝန်ထမ်းလစာအတွက် အစိုးရက ထောက်ပံ့ပေးခြင်း၊ ဘဏ်ချေးငွေများအတွက် ငွေရင်းပြန်ဆပ်မှု ရွှေ့ဆိုင်းပေးခြင်း၊ အစိုးရရုံးပိတ်ရက်များ လျှော့ချပေးခြင်း၊ ပို့ကုန်သွင်းကုန်လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ပေးခြင်း၊ စားသုံးသူများအတွက် ငွေကြေး ထောက်ပံ့ပေးခြင်း စသည်တို့ဖြစ်သည်။

မြန်မာအစိုးရဘက်က ဆောင်ရွက်နေသည့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် (CERP) တွင် ပန်းတိုင်ခုနစ်ခု၊ မဟာဗျူဟာ ၁၀ ခု၊ လုပ်ငန်း ၃၆ ခုနှင့် လုပ်ဆောင်ချက် ၇၆ ခုတို့ ပါဝင်သည်။

ယင်းအနက် ပုဂ္ဂလိကကဏ္ဍအပေါ် သက်ရောက်မှုများကို ဖြေလျှော့ပေးရာတွင်  ထိခိုက်မှုရှိသည့် ပြည်တွင်း SMEs များ၊ အထူးသဖြင့် အဝတ်အထည်၊ ခရီးသွားလုပ်ငန်းကဏ္ဍများတွင် လုပ်ငန်းလည်ပတ်ငွေအတွက် အတိုးနှုန်းထားလျှော့ချသည့်နှုန်းဖြင့် ချေးငွေ ထုတ်ပေးခြင်းဖြစ်သည်။

COVID-19 စီးပွားရေး ထိခိုက်မှုသက်သာရေးစီမံချက် (CERP) အရ ချေးငွေ ထုတ်ချေးမှုတွင် ကျပ် ၁၀၄၉ ဘီလျံနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးမှုများ အပါအဝင် ထောက်ပ့ံငွေကျပ် ၉၄၀ ဘီလျံကျော်ဖြင့် စုစုပေါင်းအသုံးစရိတ်ကျပ် ၁၉၈၉ ဘီလျံကျော်သုံးစွဲထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

CERP Action Plan အရ  အသုံးစရိတ်များအနက် ချေးငွေထုတ်ချေးမှုတွင် တောင်သူလယ်သမားများအတွက် ကျပ်ဘီလျံ ၆၀၀၊ MNA အတွက် ကျပ် ၃၄ ဘီလျံ၊ MSME Fund အတွက် ကျပ်ဘီလျံ ၂၀၀၊ MFI အတွက် ကျပ်ဘီလျံ ၁၀၀၊ လက်ဖက်ရည်ဆိုင်လုပ်ငန်းများအတွက် ကျပ်ဘီလျံ ၁၀၀ နှင့် ရုပ်ရှင်၊ ဂီတ၊ ဘဘင်လုပ်ငန်းများအတွက် ကျပ် ၁၅ ဘီလျံဖြင့် စုစုပေါင်း ၁၀၄၉ ဘီလျံရှိကြောင်း သိရသည်။

ထောက်ပံ့မှုများတွင် အိမ်ထောင်စုများအတွက် ကျပ် ၃၆၃ ဒသမ ၀၆၉ ဘီလျံ၊ တနင်္သာရီ ဓာတ်အားခအတွက် ကျပ် ၆ ဒသမ ၀၈၂ ဘီလျံ၊ အရန်ဆန်နှင့် စားအုန်းဆီအတွက် ကျပ် ၃၈ ဒသမ ၁၃၆ ဘီလျံ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအတွက် ကျပ် ၉၂ ဒသမ ၆၁၂ ဘီလျံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ကျပ် ၂၆၇ ဒသမ ၉၀၃ ဘီလျံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက် ကျပ် ၃၅ ဒသမ ၉၂၃ ဘီလျံ၊ ရွေးကောက်ပွဲအတွက် ကျပ် ၅ ဒသမ ၀၇၆ ဘီလျံ၊ အိမ်ခန်းပေါင်း ၁၀၀၀၀ အတွက် ကျပ်ဘီလျံ ၁၃၀၊ CoreGroup ထွေအုပ်စာရေး ဝန်ထမ်းအတွက် ၁ ဒသမ ၈၃၂ ဘီလျံနှင့် ကြက်ငှက်တုပ်ကွေးအတွက် သုည ဒသမ ၁၄၃ ဘီလျံဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် ၉၄၀ ဒသမ ၇၇၆ ဘီလျံရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ သိရသည်။

သို့သော်လည်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့် ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသောစိန်ခေါ်မှုများနှင့်မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့သည်။ ယင်းအကျပ်အတည်းများကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည်။

ကုလသမဂ္ဂကထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်ကလည်း COVID-19 သည်ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးထားသည်။

ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန်မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံ့ မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေး ကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ၊ COVID-19 အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်မှုများအား မှန်မှန်ကန်ကန် လေ့လာသုံးသပ်လျက် အနာဂတ်အား လှမ်းမျှော်ကြည့်ရှုကာ တုံ့ပြန်မှုများ မလုပ်ဆောင်နိုင်ပါက ကြီးစွာသော ဖိစီးမှုများနှင့် ရင်ဆိုင်ရနိုင်ပေသည်။

Most Read

Most Recent