ဒဏ်ရာရစာရင်းတွင် မီလ်နာထပ်တိုးလာသဖြင့် စနေနေ့ အစောဆုံးပွဲကစားစေသည့် BT Sport ရုပ်သံကို ကလော့ပ် အပြစ်တင်

ဒဏ်ရာရစာရင်းတွင် မီလ်နာထပ်တိုးလာသဖြင့် စနေနေ့ အစောဆုံးပွဲကစားစေသည့် BT Sport ရုပ်သံကို ကလော့ပ် အပြစ်တင်
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 29 November 2020

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်သည် ဒဏ်ရာရကစားသမားစာရင်းတွင် ၀ါရင့်ကွင်းလယ်လူ ဂျိမ်းစ်မီလ်နာထပ်တိုးလာသဖြင့် စနေနေ့ အစောဆုံးပွဲကစားစေသည့် BT Sport ရုပ်သံကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရသည်။

လီဗာပူးလ်အသင်းသည် ဗုဒ္ဓဟူးနေ့ ညပိုင်းတွင် ချန်ပီယံလိဂ်ပွဲကစားခဲ့ရပြီးနောက် အနားယူချိန်နှစ်ရက်သာရရှိပြီး စနေနေ့ အစောဆုံးပွဲအဖြစ် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ (မြန်မာစံတော်ချိန် ည ၇ နာရီ) တွင် ဘရိုက်တန်အသင်းနှင့် အဝေးကွင်းထပ်မံကစားခဲ့ရခြင်းဖြစ်သည်။ 

ယင်းပွဲတွင် ခံစစ်အတွင်းလူ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ်နှင့် ညာနောက်ခံလူ အာနိုးလ်တို့ ဒဏ်ရာကြောင့် မပါဝင်နိုင်သလို ကွင်းလယ်လူ မီလ်နာမှာလည်း တံကောက်ကြောဒဏ်ရာကြောင့် ဒုတိယပိုင်း ၇၄ မိနစ်တွင် လူစားလဲခဲ့ရသဖြင့် ယာဂန်ကလော့ပ်က ဒေါသထွက်နေခြင်းဖြစ်သည်။ 

ပွဲအပြီးတွင် BT Sport ရုပ်သံနှင့် အင်တာဗျူးပြုလုပ်စဉ် ကလော့ပ်က "တံကောက်ကြောဒဏ်ရာ ဟုတ်ပါတယ်။ ဂုဏ်ပြုပါတယ်။ ခင်ဗျားက သူတို့အတွက် အလုပ်လုပ်နေတာ မဟုတ်လား။ ဒီအကြောင်းကို ဘယ်လောက်အထိ ခဏခဏပြောနေရမလဲ ဆိုတာ မသိတော့ဘူး။ ၁၂ နာရီခွဲမှာကစားဖို့ ခင်ဗျားက ရွေးချယ်ခဲ့တာပါ။ ခင်ဗျားကို ပုဂ္ဂိုလ်ရေးအရပြောတာမဟုတ်ပေမဲ့ ကျွန်တော်တို့ ၁၂ နာရီခွဲ မှာကစားရအောင် ခင်ဗျားလုပ်ခဲ့တာပါ။ အခုအချိန်ကနေ ဒီဇင်ဘာနဲ့ နှစ်သစ်ကူးကာလအထိ ဗုဒ္ဓဟူးနေ့မှာ နောက်ထပ်တစ်ပွဲကစားရဦးမှာပါ။ ဗုဒ္ဓဟူးနေ့မှာကစားပြီးတော့ စနေနေ့ ၁၂ နာရီခွဲမှာ ထပ်ကစားရတာက ကစားသမားတွေအတွက် တကယ်အန္တရာယ်ရှိပါတယ်" ဟု ပြောကြားခဲ့သည်။

ထို့ပြင် ကလော့ပ်က လူစားလဲမှုငါးဦးစနစ် ပြန်လည်ခွင့်ပြုရန် ကန့် ကွက်နေသည့် ရှက်ဖီးယူနိုက်တက်အသင်းနည်းပြ ခရစ္စဝိုင်လ်ဒါမှာ တစ်ကိုယ်ကောင်းဆန်သူဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ "ခရစ္စဝိုင်လ်ဒါ ဒါမှမဟုတ် အဲဒီအကြောင်းကို အမြဲကန့်ကွက်နေသူတွေက တစ်ကိုယ်ကောင်းဆန်သူတွေလို့ ကျွန်တော်ပြောချင်တယ်။ ဒါတွေအားလုံးက သူဟာ တစ်ကိုယ်ကောင်းဆန်တဲ့သူဆိုတာ ဖော်ပြနေပါတယ်" ဟု ၎င်းက ဆိုသည်။

လီဗာပူးလ်အသင်း၏ ဒဏ်ရာရကစားသမားစာရင်း

အမည်              နေရာ             ဒဏ်ရာ             ကစားနိုင်မည့်နေ့

အာနိုးလ်         နောက်တန်း     ခြေသလုံး            ၅-၁၂-၂၀

ဂျိုးဂိုးမက်ဇ်     နောက်တန်း          ဒူး               မသိရသေး

ရှာကီရီ             တောင်ပံ              -                မသိရသေး

ကီတာ             ကွင်းလယ်         ပေါင်             မသိရသေး

မီလ်နာ            ကွင်းလယ်    တံကောက်ကြော   မသိရသေး

ဗန်ဒိုက်            နောက်တန်း         ဒူး               မသိရသေး

သီယာဂို          ကွင်းလယ်            ဒူး               မသိရသေး

ချိန်ဘာလိန်    ကွင်းလယ်             ဒူး                မသိရသေး

Most Read

Most Recent