စိုက်ပျိုးရေးကဏ္ဍ အထိနာနေချိန် ပြည်ပက မြေပဲနဲ့နှမ်းသာ တင်သွင်းခွင့်ပြုမယ်ဆိုရင် တောင်သူတွေရဲ့အနာဂတ် ဘာတွေဖြစ်လာနိုင်မလဲ

စိုက်ပျိုးရေးကဏ္ဍ အထိနာနေချိန် ပြည်ပက မြေပဲနဲ့နှမ်းသာ တင်သွင်းခွင့်ပြုမယ်ဆိုရင် တောင်သူတွေရဲ့အနာဂတ် ဘာတွေဖြစ်လာနိုင်မလဲ
ပခုက္ကူမြို့နယ်အတွင်း နှမ်းရိတ်သိမ်းနေသည့် တောင်သူများအား  တွေ့ရစဉ်
ပခုက္ကူမြို့နယ်အတွင်း နှမ်းရိတ်သိမ်းနေသည့် တောင်သူများအား  တွေ့ရစဉ်
Published 22 November 2020
သက်ထိန်ဝင်း

ပြည်တွင်းလုပ်ငန်း တစ်ခုကနေ ပြည်ပက မြေပဲနဲ့နှမ်း တင်သွင်းဖို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို လျှောက်ထားတယ်လို့ သိရပါတယ်။

မြေပဲကုန်ကြမ်း တန် ၃၂၀၀၀ နဲ့ နှမ်းကုန်ကြမ်း တန် ၁၀၅၀၀ ကို အကောက်ခွန်လွတ် တင်သွင်းခွင့် တောင်းခဲ့တာပါ။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဆီ သဘောထားမှတ်ချက် တောင်းပါတယ်။

မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းက နိုင်ငံအနှံ့ ကုန်စည်ဒိုင်တွေဆီ စာပေးပို့ပြီး သဘောထားမှတ်ချက် ထပ်မံ တောင်းခံခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ပြည်တွင်း လုပ်ငန်းရှင်တွေသာမက တောင်သူတွေပါ စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

ပခုက္ကူ ကုန်စည်ဒိုင် တာဝန်ရှိသူတွေကတော့ တင်သွင်းခွင့် မပြုသင့်ကြောင်း သဘောထားမှတ်ချက် ပေးခဲ့ပါတယ်။ ပခုက္ကူမြို့နယ် ကုန်သည်ပွဲစားများအသင်း အလုပ်အမှုဆောင်၊ ဆီထွက်သီးနှံအသင်းဝင်တွေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသ တောင်သူတွေဟာ မြေပဲနှင့်နှမ်း အဓိကစိုက်ပျိုးပြီး လက်ရှိ စျေးကွက်အနေအထားအရ မျှတသော ဝင်ငွေညီညွတ်နေပါတယ်။

အခုလိုအချိန် ပြည်ပကနေ တင်သွင်းခွင့်ပြုပါက တောင်သူတွေ ဝင်ငွေထိခိုက်ပြီး အကျိုးစီးပွား နစ်နာနိုင်တာကြောင့် ပြည်ပကနေ နှမ်းနှင့် မြေပဲ တင်သွင်းခွင့် မပြုသင့်ဘူးလို့ သဘောထားမှတ်ချက် ပေးခဲ့တာ ဖြစ်ပါတယ်။

“မြေပဲက ကိုယ့်ဆီက ထွက်သမျှ ပြည်တွင်းသုံးမကုန်လို့ တရုတ်ကို အဓိကပို့တယ်။ ထုတ်လုပ်မှုပိုလျှံလို့ နိုင်ငံခြားကို ပို့နေတာ။ အဲဒီလိုအခြေအနေမှာ လက်ခစားစနစ်နဲ့ နိုင်ငံခြားကနေ သွင်းမယ်။ ကုန်ချောထုတ်ပြီး နိုင်ငံခြားကို ပြန်ပို့မယ်။ မြန်မာပြည်စျေးကွက်မှာ ဒီပဲတွေသုံးမှာ မဟုတ်ဘူး။ သို့ပေမဲ့ နိုင်ငံခြားကို ပို့မှာဖြစ်လို့ နိုင်ငံခြားစျေးကွက် ဝေစုနည်းလာတာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာရင် ပြည်တွင်းမြေပဲတွေ ဝယ်လိုအားလျော့ လက်ကျန်များမယ်။ စျေးကျတာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုတွေ ဖြစ်လာပြီဆိုရင် အဓိကနစ်နာမှာ တောင်သူတွေပါ။ တောင်သူမှာ ရာသီဥတုကြောင့် အထွက်လျော့လို့ အရင်းကြီးလာချိန် စျေးထပ်ကျမယ်ဆိုရင် အခက်အခဲတွေအများကြီး ကြုံပါလိမ့်မယ်။ လက်ရှိ မြေပဲစျေးက စျေးကောင်းတဲ့အထဲ မပါပါဘူး။ အလည်အလတ်စျေးမှာ ရောင်းဝယ်နေတာပါ။ တောင်သူ အကျိုးစီးပွားကို ရှေးရှုပြီး နိုင်ငံခြားကနေ မြေပဲနဲ့နှမ်း တင်သွင်းခွင့်မပြုဖို့ သဘောထားမှတ်ချက် ပေးလိုက်တာ ဖြစ်ပါတယ်”ဟု ပခုက္ကူကုန်သည်ပွဲစားများအသင်းမှ အတွင်းရေးမှူး ဦးစိန်လွင်က ပြောပါတယ်။

  နှမ်းနဲ့ မြေပဲစျေးကွက်

မြန်မာနိုင်ငံမှာ နှစ်အလိုက် အစေ့ထုတ်ပြောင်း၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံမျိုးစေ့ ထုတ်လုပ်ဖြန့်ဖြူးမှု အခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နှမ်းတင်းပေါင်း ၁၁၈၆ တင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၆၄၄ တင်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁၃၅၂ တင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇၆၇ တင်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၂၇၄၀ တင်း ထုတ်လုပ်ခဲ့ပါတယ်။

မြေပဲအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ တင်းပေါင်း ၁၉၆၅ တင်း၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၁၇၆၅ တင်း၊၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ၁၁၂၂ တင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ၇၃၅ တင်းနှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ၁၇၆၀ တင်း ထုတ်လုပ်ခဲ့တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

မြန်မာပြည်အလယ်ပိုင်းက ထွက်ရှိတဲ့ နှမ်းမျိုးစုံဟာ ပြည်တွင်းသုံးစွဲမှုထက် နိုင်ငံခြားတင်ပို့မှုက များပါတယ်။ ပြည်တွင်းသုံးစွဲမှုဟာ အနည်းအကျဉ်းပဲ ရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားကနေ ပြည်တွင်းကိုထပ်ပြီး တင်သွင်းမှု လုပ်မယ်ဆိုရင် ပြည်တွင်းကုန် လက်ကျန်ပမာဏ များသွားပါလိမ့်မယ်။ စျေးကွက် ဝယ်လိုအားထက် ရောင်းလိုအား ပိုလျှံနေပါလိမ့်မယ်။ ဒီအခြေအနေမှာ နှမ်းစျေးနှုန်းက မဖြစ်မနေ အကျဘက် ဦးတည်ပါလိမ့်မယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းလောက်က တစ်တင်း ၆၅၀၀၀ ကျပ် ရောင်းနေတဲ့ နှမ်းနက်ဟာ နိုင်ငံခြားကနေ နှမ်းတင်သွင်းမယ်လို့ သတင်းထွက်လာပြီးနောက် အရောင်းအဝယ် အေးသွားပါတယ်။ စျေးနှုန်းအနေနဲ့လည်း တစ်တင်း ၅၅၀၀၀ ကျပ်ပဲ ရှိပါတော့တယ်။ အမှန်တကယ် တင်သွင်းခွင့်ပြုလိုက်ရင် လက်ရှိ နှမ်းစျေးကွက် ပြိုလဲပြီး တောင်သူတွေ အထိနာပါလိမ့်မယ်။

“စိုက်တဲ့နှမ်း အများစုက နိုင်ငံခြားပို့ကြတာ။ တရုတ်ပို့တယ်။ ဂျပန်နဲ့ ကိုရီးယားလည်း ပို့တယ်။ ပြည်တွင်းမှာ သိပ်မသုံးဘူး။ နှမ်းစျေးတက်တယ်ဆိုတာလည်း နှစ်နှစ်လောက်ပဲ ရှိသေးတယ်။ တစ်တင်း ခုနစ်သောင်း၊ ရှစ်သောင်းလောက်အထိ ဖြစ်သွားတယ်။ တောင်သူအကျိုးအမြတ်ရှိတယ်။ မနှစ်ကစလို့ နိုင်ငံခြားကနေ သွင်းတာတွေ ရှိလာတော့ နှမ်းစျေး ပြန်အေးသွားတယ်။ အခုနောက်ပိုင်း တောင်သူက နှမ်းကိုပဲ အားထား စိုက်လာကြတာ။ ရာသီဥတုကြောင့်ရော စျေးကွက်ကြောင့်ရောပဲ။ ဒီလိုအခြေအနေမှာ နိုင်ငံခြားကနေ နှမ်းသွင်းခွင့် ပြုဦးမယ်ဆိုရင် တောင်သူတွေ အထိနာပါလိမ့်မယ်”လို့ ပခုက္ကူမြို့မှ နှမ်းရောင်းဝယ်ရေး လုပ်ကိုင်သူ ကိုထွန်းထွန်းအောင်က ပြောပါတယ်။

မြေပဲစျေးကွက်က ပြည်တွင်းသုံးသလို နိုင်ငံခြား တင်ပို့ရတာလည်း ရှိပါတယ်။ ပြည်တွင်းသုံးစွဲမှုထက် နိုင်ငံခြားတင်ပို့မှုက များပါတယ်။ အထွက်ပမာဏကို ပြည်တွင်းကကုန်အောင် မသုံးနိုင်ပါဘူး။ မြေပဲစျေးနှုန်းကလည်း အခြားသီးနှံတွေလို အကျကြမ်းကြမ်း အတက်ကြမ်းကြမ်းထဲ မပါပါဘူး။ နိုင်ငံခြားဝယ်လက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊ ပစ္စည်းအသစ် ပေါ်သည်ဖြစ်စေ မပေါ်သည်ဖြစ်စေ ပုံမှန်တည်ငြိမ်တဲ့ စျေးနှုန်းမှာပဲ အရောင်းအဝယ် ဖြစ်ပါတယ်။ ပြည်တွင်းထုတ်လုပ်မှုက ပိုလျှံလို့ နိုင်ငံခြားတင်ပို့နေတဲ့ သီးနှံကို နိုင်ငံခြားစျေးကွက် ပိုရှာမပေးဘဲ အခြားနိုင်ငံကနေ ကိုယ့်ဆီကို တင်သွင်းဦးမယ်ဆိုရင် စျေးနှုန်းတွေ ကျဆင်းလာနိုင်ပြီး အကျိုးဆက်အနေနဲ့ ထုတ်လုပ်သူ တောင်သူတွေ အထိနာပါလိမ့်မယ်။

“မြေပဲက တရုတ်ကလည်း ဝယ်တယ်။ အိန္ဒိယကလည်း ဝယ်တယ်။ မြေပဲစျေးနှုန်းကလည်း ဘယ်တော့ဖြစ်ဖြစ် ငြိမ်တယ်။ ထူးပြီး စျေးမြင့်သွားတာ မရှိသလို စျေးနိမ့်သွားတာမျိုးလည်း မရှိဘူး။ အခုပေါ်စပြုတဲ့ မြေပဲတောင့်ဆိုရင် တစ်ပိဿာ ၁၂၀၀ ကျပ်ကနေ ၁၇၀၀ ကျပ်အထိ အရည်အသွေးအလိုက် ရှိတယ်။ နောက်ရက် စျေးကျစျေးတက်လည်း နည်းနည်းစီပဲ။ ၁၂၀၀ စျေးကနေ ၂၀၀၀ ကျော်သွားမျိုး မရှိသလို ၁၂၀၀ ကနေ ၈၀၀ ကျပ် ဖြစ်သွားတာမျိုးလည်း မရှိဘူး။ စျေးနှုန်း တည်တည်ငြိမ်ငြိမ်နဲ့ ရောင်းဝယ်နေတာပါ။ ဒီလိုအခြေအနေမှာ နိုင်ငံခြားက တင်သွင်းလာမယ်ဆိုရင် ပြည်တွင်းမှာစျေးတွေ ထိုးကျသွားပါလိမ့်မယ်။ တည်ငြိမ်နေတဲ့ စျေးကွက်လည်း ပျက်သွားပါလိမ့်မယ် ။ လက်ရှိ ပေါက်စျေးနှုန်းတောင်မှ တောင်သူစားဖြစ်ရုံ ရှိပါသေးတယ်” ဟု မြေပဲရောင်းဝယ်ရေး လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ကိုသောင်းထွန်းက ပြောပါတယ်။

  စိုက်စရိတ်၊ အထွက်နှုန်းနဲ့ တောင်သူ့ အခက်အခဲ

လုပ်သားရှားပါးလို့ လုပ်အားခ စျေးတက်တာ၊ မြေဆီမြေသြဇာ စျေးတက်တာ၊ မျိုးစေ့စျေးနှုန်း တက်တာစတဲ့ ကုန်ကျစရိတ်တွေနဲ့ တောင်သူရဲ့ ထုတ်လုပ်မှုစရိတ်ဟာ အတက်ဘက်မှာပဲ ရှိပါတယ်။ မြေပဲတစ်တင်း စိုက်ဖို့အတွက် စိုက်စရိတ်၊ ခြွေလှေ့စရိတ် အားလုံးပေါင်း သုံးသိန်းအထက်မှာ ရှိပါတယ်။ မြေပဲ တစ်တင်းစိုက်ရင် တင်း ၅၀ လောက်ထွက်မှ တောင်သူအကျိုးအမြတ် ရှိတယ်။ မြေပဲတောင့် တစ်တင်း ခုနစ်ပိဿာလောက်ပဲ ရှိတဲ့အတွက် တစ်တင်း တစ်သောင်းကျပ် ဝန်းကျင်ပဲ ရပါတယ်။ တင်း ၅၀ ထွက်မှ တောင်သူဟာ ငွေငါးသိန်း ရပါတယ်။ အရင်းနုတ်ရင် အမြတ်များများစားစား မကျန်ပါဘူး။ စိုက်ဧကများရင်သာ တောင်သူအတွက် အကျိုးအမြတ် ရှိလာတာပါ။ တင်း ၅၀ အောက် အထွက်လျော့ရင် တောင်သူအတွက် အဆင်မပြေပါဘူး။

“မြေပဲမျိုးဆန်တစ်တင်း ခုနစ်သောင်းလောက်ရင်းပြီး စိုက်ရတယ်။ မြေဆီဖိုး တစ်သိန်းလောက် ရှိတယ်။ ပေါင်းသင် မြက်ရှင်းချိန် တစ်ရက် လူတစ်ယောက် ၅၀၀၀ ပေးရတယ်။ မြေပဲသိမ်းချိန်လည်းဒီတိုင်းပဲ။ တောင်သူက မြေပဲစိုက်တယ်ဆိုတာ စားစရိတ်ရအောင် စိုက်ကြတာ။ အကျိုးအမြတ် သိပ်မရဘူး။ စားဖို့လေး ရမယ်။ နွားစာ ရမယ်ဆိုရင် လုံလောက်ပြီ။ ဒီသဘောနဲ့ စိုက်ကြတာ။ မြေပဲစျေးကလည်း ငြိမ်တယ်။ ဒီလိုသီးနှံမျိုး နိုင်ငံခြားကနေ သွင်းတာမျိုး မဖြစ်စေချင်ဘူး။ တကယ်သွင်းလာရင် ကျွန်တော်တို့ တောင်သူတွေအတွက် မကောင်းဘူး”လို့ မြိုင်မြို့နယ်မှ ကိုဗညားက ပြောပါတယ်။

နှမ်းသီးနှံ စိုက်ပျိုးစရိတ်လည်း မြေပဲလိုပါပဲ။ နှမ်းမျိုးတစ်တင်း တစ်သိန်းနီးပါး ရှိပါတယ်။ တစ်ဧက စိုက်စရိတ် နှစ်သိန်းဝန်းကျင် ရှိသလို နှမ်းအထွက်နှုန်းက တစ်ဧကမှ ခုနစ်တင်းဆိုတာ အလွန်ဆုံးပါ။ လက်ရှိ နှမ်းစျေး တစ်တင်း  ၅၅၀၀၀ ကျပ်နဲ့ တွက်ရင် နှမ်းတစ်ဧကစိုက်မှ တောင်သူအတွက် အမြတ်ကသင့်ရုံပဲ ရှိပါတယ်။ ဧကများများ စိုက်နိုင်မှတောင် သူ့အမြတ်ဟာ ပိုလာတာပါ။ နှမ်းအထွက် လျော့ရင်တော့ အဆင်ပြေဖို့ မလွယ်ပါ။

  ယခုနှစ် ရာသီဥတုနဲ့ သီးနှံအထွက်

ဒီနှစ် ပခုက္ကူဒေသတစ်ဝိုက် မိုးအလွန်နည်းတဲ့ နှစ်ပါ။ မိုးရွာသွန်းမှု နည်းပါးခြင်းရဲ့ အကျိုးဆက်ကို အများဆုံး ခံစားရတာ တောင်သူတွေဖြစ်ပါတယ်။ မြေပဲစိုက်ပြီးတဲ့နောက် မိုးမရွာသလောက်ပါပဲ။ မြေပဲစတင် ဥချိန်မှာ မိုးလုံးဝ မရသလောက်ပါပဲ။ ဒါကြောင့် လက်ရှိ မြေပဲဖော်ချိန် နှမ်းရိတ်ချိန်မှာ ကြားနေရတဲ့အသံက ဒီနှစ် မြေပဲအထွက် မကောင်းဘူး နှမ်းအထွက် မကောင်းဘူးဆိုတဲ့ အသံပါပဲ။ ပုံမှန်ရာသီဥတုမှာ မြေပဲ တစ်တင်းစိုက်ရင် မြေပဲတောင့် တင်း ၅၀ ထွက်ပေမဲ့ ယခုနှစ် တင်း ၂၀ ပဲ ရတဲ့သူ၊ ငါးတင်းလောက်ပဲ ရတဲ့သူ ဆိုတာ ပိုများပါတယ်။ တောင်သူအတွက် လက်ရှိစျေးနှုန်းနဲ့ အထွက်နှုန်း ယှဉ်ကြည့်ရင် အမြတ်ရမယ့်သူဆိုတာ ရှားမှရှား။ အရှုံးနဲ့ ရင်ဆိုင်ရမယ့်သူ ပိုများပါတယ်။

နှမ်းသီးနှံလည်း ရိတ်သိမ်းနေကြပါပြီ။ အသီးအဆန် မအောင်ကြပါဘူး။ ပုံမှန်ရာသီဥတု တစ်ဧက ခုနစ်တင်းထွက်တဲ့ နှမ်းဟာ ဒီနှစ် တစ်ဧက လေးတင်းရဖို့ ဆုတောင်းရတော့မယ့် အခြေအနေပါ။ တောင်သူတွေအတွက် မျှော်လင့်ချက်နည်းတဲ့နှစ်လို့ ပြောရမယ့်အချိန် မြေပဲနဲ့ နှမ်း နိုင်ငံခြားက တင်သွင်းခွင့် တောင်းခံတဲ့သတင်းဟာ တောင်သူတွေအတွက် တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလိုပါပဲ။ အခုနေများ နိုင်ငံခြားကနေ နှမ်းတွေ သွင်းလာရင် စျေးကျတော့မှာပဲဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကို  တောင်သူတွေ ခံစားနေရတာ အဖြစ်မှန်ပါ။

လက်ရှိအချိန် မြန်မာနိုင်ငံမှာ COVID-19 ကြောင့် တောင်သူတွေရဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေမှာ စျေးကွက်ထိခိုက်မှုနဲ့ ရောင်းလိုအား ဝယ်လိုအား မမျှတမှုကြုံတွေ့ရတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားထားပါတယ်။

ပြည်တွင်း အသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) တွင် လယ်ယာ သားငါးကဏ္ဍက ၂၁ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး သားငါးကဏ္ဍအနေနဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်နေပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်သဖြင့် COVID-19 အလွန်ကာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံနဲ့ စားနပ်ရိက္ခာဖူလုံတဲ့ နိုင်ငံဖြစ်သလို ပြည်ပကိုလည်း တင်ပို့ရောင်းချနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါကြောင့် ရှိပြီးသား အခွင့်အလမ်းတွေကို အကျိုးရှိအောင် အသုံးချပြီးတော့ ခေတ်မီ စိုက်ပျိုးရေးစနစ်နဲ့ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမျိုးသားစီးပွားရေးစနစ်တစ်ခု တည်ထောင်ရာမှာ ကဏ္ဍဘက်စုံကနေ တိုးတက်အောင်လုပ်ဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ အခုလိုကာလ ကပ်ရောဂါ ကြုံတွေ့နေချိန်မှာ နိုင်ငံရိက္ခာဖူလုံရေးအပြင် ပို့ကုန်အဖြစ် တင်ပို့နိုင်မယ့် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားဖြင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားပါတယ်။

“မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အပြင် COVID-19 အလွန် ကာလမှာ ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည်းဆည်းပေးနိုင်မယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အခွင့်အလမ်းတွေ အများကြီး ရှိတယ်လို့ မြင်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဆိုပါတယ်။

လယ်ယာကဏ္ဍတွင် ၂၀၁၈-၂၀၁၉  ဘဏ္ဍာနှစ်က တိုးတက်မှုနှုန်း ၂ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရန် လျာထား ဆောင်ရွက်ခဲ့ပါတယ်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ ကဏ္ဍအလိုက် စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) အရ လယ်ယာကဏ္ဍတွင် ၂ ဒသမ ၃ ရာခိုင်နှုန်းနဲ့ သားငါးကဏ္ဍမှ ၂ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်ဖို့ ရည်မှန်းထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

လယ်ယာကဏ္ဍတွင် ပြည်တွင်းစားသုံးမှုသာမက ပြည်ပသို့ တင်ပို့နိုင်ရန်၊ စျေးကွက်ဝင် အထွက်ကောင်းမျိုးစေ့ အဆင့်ဆင့် ထုတ်လုပ်ရန်၊ ငါး၊ ပုစွန်တိုးချဲ့ မွေးမြူနိုင်ရန်နဲ့ နည်းပညာအဆင့်မြှင့်တင်ရန် မျှော်လင့်ထားပါတယ်။

COVID-19 ကာလအလွန် မြန်မာနိုင်ငံ စီးပွားရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနဲ့အညီ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အကောင်အထည်ဖော်မယ်လို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

COVID-19 ကြောင့် စီးပွားရေးလုပ်ငန်းကဏ္ဍများစွာမှာ ထိခိုက်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တောင်သူတွေ အဓိကအားထား စိုက်ပျိုးတဲ့သီးနှံတွေကို ပြည်ပက တင်သွင်းခွင့်ပြုခဲ့မယ်ဆိုရင် စိုက်ပျိုးရေးကဏ္ဍ အနာဂတ်ဟာ ပြည်ပက သွင်းကုန်တွေအောက်မှာ နာလန်ထူလာနိုင်ဖွယ် မရှိပါဘူး။

ပခုက္ကူဒေသ မြေပဲနဲ့နှမ်းထွက်ရှိရာ ကုန်းယာမြေစိုက် တောင်သူတွေအတွက် စိုက်ပျိုးသီးနှံ ရွေးချယ်စရာ တစ်နှစ်ထက် တစ်နှစ် အခွင့်အရေး နည်းလာပါတယ်။ ယခင်က ပဲစင်းငုံ ၊ ပဲတီစိမ်း၊ မြေပဲနဲ့ နှမ်းဆိုပြီး စိုက်ပါတယ်။ မိုးဦးကျချိန် ပဲစင်းငုံနဲ့ မြေပဲ၊ ပဲစင်းငုံနဲ့ ပဲတီစိမ်း စိုက်ကြပါတယ်။ မိုးလယ်နဲ့ မိုးနှောင်းအစမှာ မြေပဲနဲ့နှမ်း စိုက်ပျိုးကြပါတယ်။ မိုးဦးစိုက်ပျိုးသီးနှံတွေထဲက ပဲစင်းငုံသီးနှံဟာ ၂၀၁၇ ခုနှစ်ကစပြီး စျေးကွက်ပျက်သွားလို့ ယနေ့ တောင်သူတွေ ပဲစင်းငုံ မစိုက်တော့ပါ။ ပဲတီစိမ်း သီးနှံကတော့ စျေးကွက် ရှိနေပေမဲ့ မိုးအရနည်းလို့ သီးနှံအထွက်မကောင်းတဲ့အတွက် တောင်သူတွေ စိုက်တာ နည်းလာပါပြီ။

မြေပဲနဲ့နှမ်းကိုသာ အားထားစိုက်နေတဲ့ တောင်သူတွေအဖို့ မိုးရရှိရေးဟာ သူတို့ဘဝတွေ အတွက် အလွန်အရေးကြီးလာပါတယ်။ ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးရာသီကတော့ မိုးမကောင်းလို့ သီးနှံအထွက်လည်း မကောင်းပါ။ ဒီလိုအခြေအနေမှာ တာဝန်ရှိသူတွေအနေနဲ့ တောင်သူတွေရဲ့ ဘဝအမှန်ကို မြင်အောင် ကြည့်ပြီး ကူညီမှုတွေ လုပ်ဆောင်ပေးရပါလိမ့်မယ်။ သီးနှံအထွက်လျော့ခြင်းကြောင့် အခက်အခဲ ကြုံတွေ့နေချိန် နိုင်ငံခြားကပါ မြေပဲနဲ့ နှမ်းတင်သွင်းခွင့် ပြုခဲ့မယ်ဆိုရင် စျေးနှုန်းတွေ ကျဆင်းလာပါလိမ့်မယ်။ သီးနှံအထွက်လျော့လို့ တွက်ခြေမကိုက်ဖြစ်နေတဲ့ တောင်သူတွေအတွက် စျေးနှုန်းကပါ ကျဆင်းဦးမယ်ဆိုရင် ဒီအကျိုးဆက်ကို ပြင်းပြင်းထန်ထန် ခံစားရတော့မှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာလည်း ရာသီဥတုဖောက်ပြန်မှု၊ သီးနှံအထွက်နှုန်း လျော့ကျမှုတွေကို ခါးစည်းခံစားနေရတဲ့ အညာတောင်သူတွေအနေနဲ့ အဓိကအားထား စိုက်ပျိုးပြီး အသက်မွေးနေရတဲ့ မြေပဲနဲ့ နှမ်းကိုပါ နိုင်ငံခြားကနေ တင်သွင်းခွင့်ပြုခဲ့မယ်ဆိုရင် တောင်သူတွေအတွက် စားဝတ်နေရေးဟာ နောက်ထပ် ထပ်တိုးလာတော့မယ့် ပြဿနာတစ်ခုအဖြစ်  ရှိလာနိုင်ပါတယ်။

အညာတောင်သူတွေ ရင်ဆိုင်နေရတဲ့ ပြဿနာများစွာနဲ့ ရင်ဆိုင်လာရနိုင်တဲ့ အခြေအနေများစွာအတွက် ထည့်သွင်း စဉ်းစားပေးမယ်ဆိုရင်  မြေပဲ၊ နှမ်းတို့ကို နိုင်ငံခြားကနေ တင်သွင်းခွင့်ဆိုတာကို လုံးဝ (လုံးဝ) ခွင့်မပြုသင့်ဘူးလို့ စိုက်ပျိုးရေးကဏ္ဍကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Most Read

Most Recent