အမျိုးသားညီညွတ်ရေး အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတားအဆီးများ

အမျိုးသားညီညွတ်ရေး အစိုးရနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အတားအဆီးများ
နိုဝင်ဘာ ၈ ရက်က ဖားကန့်မြို့နယ် မဲရုံအမှတ် (၅၄) တွင် ဆန္ဒမဲပေးနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စစ်ကိုနိုင်ထွန်း)
နိုဝင်ဘာ ၈ ရက်က ဖားကန့်မြို့နယ် မဲရုံအမှတ် (၅၄) တွင် ဆန္ဒမဲပေးနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-စစ်ကိုနိုင်ထွန်း)
Published 22 November 2020
အလင်းဒီ

NLD ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် သမ္မတ ရွေးချယ်တင်မြှောက်ရန်နှင့် အစိုးရဖွဲ့စည်းနိုင်ရန် လိုအပ်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၃၂၂ နေရာကို များစွာကျော်လွန်ပြီး ၃၉၆ နေရာအထိ အနိုင်ရခဲ့သည်။

အဆိုပါအရေအတွက်သည် ၂၀၁၅ ရွေး ကောက်ပွဲထက် ခြောက်နေရာ ပိုမိုအနိုင်ရ ခြင်းဖြစ်ပြီး ယခင် ရွေးကောက်ပွဲ ပြည်ထောင်စုလွှတ်တော် အနိုင်ရကိုယ်စားလှယ် အရေအတွက်မှာ ၃၉၀ ဖြစ်သည်။

၂၀၂၀  ရွေးကောက်ပွဲအပြီး ယင်းသို့ ရလဒ်ထွက်ပေါ်မည်ကို နိုင်ငံရေးပါတီ တာဝန်ရှိသူများ၊ လေ့လာသုံးသပ်သူအများစုနှင့် ကဏ္ဍအသီးသီးက ထင်မှတ်မထားခဲ့ပေ။

တစ်ပါတီတည်း အပြတ်အသတ်အနိုင် ရနိုင်ခြင်း မရှိတော့ဆိုသည့် သုံးသပ်မှုများနှင့်အညီ  ညွန့်ပေါင်းအစိုးရသည်သာ  ရွေးကောက်ပွဲမတိုင်မီ ပိုမိုရေပန်းစားခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိအာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဆက်လက် အနိုင်ရခဲ့ပြီး ယခင်ရွေးကောက်ပွဲ ရလဒ်ထက်ပင် ပိုမိုပြတ်သားခဲ့သည်။

အတိုက်အခံပါတီကြီးတစ်ခုက ကန့်ကွက်မှုပေါင်း ရာချီပြုလုပ်ရန် ပြင်ဆင်နေလင့်ကစား လက်ရှိအနေအထားအရ ရလဒ်တစ်ခုလုံး အပြောင်းအလဲဖြစ်မည့် အခြေအနေ နည်းပါးပြီး NLD ပါတီပင် အစိုးရဆက်လက် ဖွဲ့စည်းဆောင်ရွက်နိုင်မည့် အနေအထားရှိ သည်။

ထို့ကြောင့် လာမည့်ငါးနှစ်တာအစိုးရကို စိတ်ကြိုက်ဖွဲ့စည်းခွင့် NLD ပါတီ ထပ်မံပိုင် ဆိုင်မည် ဖြစ်သည်။

■ အမျိုးသားပြန်လည်သင့်မြတ်ရေးခြေလှမ်း သို့မဟုတ် သဘောထား ပြောင်းလဲခြင်း

ရွေးကောက်ပွဲအနိုင်ရရှိကာ အစိုးရ ဆက်လက်ဖွဲ့စည်းနိုင်မည့် အနေအထားရရှိသော်လည်း ယခင်ကဲ့သို့အစိုးရကို တစ်ပါတီ တည်း စိတ်ကြိုက်ဖွဲ့စည်းမည့် သဘောထား ပြသခြင်းမရှိသည်ကို ထူးခြားစွာ တွေ့ရသည်။

နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက် သွားမည့်ဖော်ပြချက်နှင့်အတူ NLD ပါတီ ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ် ပြည် ထောင်စုအရေးတွင် တက်ကြွစွာ ပူးပေါင်းပါ ဝင်ရန် တိုင်းရင်းသားပါတီများကို ဖိတ်ခေါ် လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားအရေးကို မည်မည်ရရ ၂၀၁၅ ကနေ ၂၀၂၀ အတွင်းမှာ ပြောတာ မကြားရတော့ဘူး။ အခုမှ ၂၀၂၀ မှာ တစ်ခါ ၂၀၁၅ တုန်းကလို အနိုင်ရလာတဲ့အခါကျ တော့ ပြောလာတဲ့အပေါ်   ကျွန်တော်တို့က နည်းနည်းလေးတော့ အံ့သြတယ်” ဟု ကရင် အမျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည် ထောင်စုအရေးကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် စာပိုဒ်သုံးပုဒ် ဖော်ပြပါရှိသော အိတ်ဖွင့်ပေးစာကို တိုင်းရင်းသားပါတ်ီ ၄၈ ပါတီထံ ပေးပို့သွားမည်ဟု NLD ပါတီက နို ဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုသို့ သွားရာတွင် မဟာမိတ်အဖြစ် လက်တွဲမည် ဆိုသော ရှိနှင့်ပြီးသဘောထားကို ထပ်လောင်း အတည်ပြုခြင်းဖြစ်သည်ဟု တိုင်းရင်းသား ပါတီများထံ ပေးပို့စာနှင့် ပတ်သက်၍ NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောကြားသည်။

“ကျွန်တော်တို့  ရွေးကောက်ပွဲ  ကြေညာ စာတမ်းရဲ့ ရည်ရွယ်ချက်မှာကို (၁) က  တိုင်း ရင်းသားအရေးနဲ့ ပြည် တွင်းစစ် ချုပ်ငြိမ်းရေး ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့စည်းနိုင်သည့် အနိုင်ရလဒ်ရရှိသော် လည်း NLD ပါတီ၏ နိုဝင်ဘာ ၁၂ ရက် ထုတ် ပြန်ချက်က အစိုးရဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမည့် သဘောမျိုး ယူဆဖွယ်ဖြစ်သည်။

သို့သော် မည်သည့်ရည်ရွယ်ချက်နှင့် ပေးပို့ခြင်းဖြစ်သည်ကိုမူ ရှင်းလင်းမှုမရှိဟု တိုင်းရင်းသားပါတီအချို့က မှတ်ချက်ပြု သည်။

“လောလောဆယ် သူကြုံတွေ့နေရတဲ့ နိုင်ငံရေးဖိအားတွေ ထွက်ပေါက်အနေနဲ့ ဖိတ်ကြားတာလား။ အခုကတော့ စာ ဒီအ တိုင်းထုတ်နေတဲ့သဘောပဲ ဖြစ်တဲ့အခါကျ တော့ လက်တွေ့မှာ စိတ်ရင်းနဲ့  လက်တွဲချင် တဲ့ဟာမျိုးလားက နောက်မှသိရမှာပေါ့” ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ် ထောင်က ပြောကြားသည်။

သို့သော် NLD ပါတီ၏ ဖိတ်ခေါ်မှုက တွေ့ဆုံဆွေးနွေးရေး တံခါးဖွင့်ခြင်းဖြစ်၍ ကြိုဆို၊ လက်ခံကြောင်းပါတီအချို့က မှတ်ချက်ပြုသည်။

“လက်တွေ့မှာတော့ ဒါက စာရွက်ပေါ် မှာချည်းပဲ ဖြစ်လို့မရဘူးလေ။ လက်တွေ့ကျ ကျ အနှစ်သာရ ရှိရှိလုပ်ဖို့တော့ လိုတာပေါ့”ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။

NLD ပါတီအနေဖြင့် အိတ်ဖွင့်ပေးစာ ကို မူလက တိုင်းရင်းသား ၃၉ ပါတီကိုသာ ပေးပို့ခဲ့ပြီး တိုင်းရင်းသားပါတီ ကိုးပါတီကို ချန်လှပ်ထားသည်ကို တွေ့ရသည်။

ယင်းသို့ ချန်လှပ်သော ပါတီကိုးခုမှာ  ရွေးကောက်ပွဲမတိုင်မီက တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ပါတီ ၃၀ ကျော် တွေ့ ဆုံမှုတွင်ပါဝင်သည့် ပါတီများဖြစ်ကြောင်း ထောက်ပြမှုအချို့ ရှိလာပြီးနောက် ချန်လှပ် ကိုးပါတီကို ပြန်လည်ဖြည့်စွက်၍ ထုတ်ပြန်ခဲ့ သည်။

“နိုင်ငံရေးပါတီအချို့ ကျန်နေခြင်းဟာ သင့်လျော်ခြင်း မရှိဘူးလို့ ကျွန်တော်တို့ ပြန်လည်စဉ်းစားပြီးတဲ့အခါမှာ ကျန်နေတဲ့ ပါတီ တွေကိုလည်း အကုန်လုံး ထည့်သွင်းသင့်တယ် ဆိုပြီး   ထည့်သွင်းလိုက်ပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် က ပြောကြားသည်။

တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒကို အလေးထားဆောင်ရွက်မည်နှင့်  ပူးပေါင်း ဆောင်ရွက်ရန်  ဖိတ်ခေါ်သည့်သဘောက NLD ပါတီအနေဖြင့် တိုင်းရင်းသားပါတီများ အပေါ် သဘောထား ပြောင်းလဲလာခြင်းဟု လေ့လာသူအချို့က သုံးသပ်သည်။

“လက်တွေ့မှာ တိုင်းရင်းသားပြဿနာသည် ထိပ်တက်နေတယ်။ ပြည်နယ်တွေအရေး၊ ဖက်ဒရယ်တွေ အရေးသည် ထိပ်တက်နေ တဲ့အချိန်မှာ ဒီပြဿနာကို ဖြေရှင်းဖို့ လိုအပ် တယ်။ ဆွေးနွေးပြီးဖြေရှင်းဖို့ လိုအပ်တယ်ဆို တဲ့ အခြေအနေအပေါ်မှာ ပြောင်းလဲလာတာ ဖြစ်ပါလိမ့်မယ်”ဟု တိုင်းရင်းသားအရေး သုတေသီ ဦးမောင်မောင်စိုးက ပြောကြား သည်။

■ လက်ရှိအစိုးရ၏ အောင်မှတ်မရသော တိုင်းရင်းသားအရေး ကိုင်တွယ်ပုံအချို့

၁၉၉၀  ရွေးကောက်ပွဲကတည်းက တိုင်းရင်းသားပါတီများနှင့် ထိတွေ့ဆက်ဆံမှုရှိ သော NLD ပါတီ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ခဲ့ပြီးနောက်  တိုင်းရင်းသားပါတီများ မျှော်လင့်ချက်အချို့ ထားရှိခဲ့ကြသည်။

သို့သော် NLD ပါတီအနေဖြင့် တိုင်းရင်းသား ပါတီများနှင့် တန်းတူရည်တူ ထိတွေ့ဆက်ဆံ မှု၊  တိုင်းရင်းသားဒေသများ၌ ဒေသခံလူထု လိုလားသည့်ဆောင်ရွက်ချက်များ ရေရေရာ ရာမရှိခဲ့ဟု ဝေဖန်ကြသည်။

ပြည်နယ်လွှတ်တော်ကို လွှမ်းမိုးနိုင် သည့် တိုင်းရင်းသားပါတီကို ပြည်နယ်အစိုးရ ဖွဲ့စည်းခွင့်မပြုမှုမှအစ ကန့်ကွက်မှုအများ အပြားကြားမှ အတင်းအကျပ် ဗိုလ်ချုပ်ကြေး ရုပ်စိုက်ထူမှုများနှင့် တံတားအမည် အတင်း အကျပ်ပြောင်းလဲခဲ့သည့် ဖြစ်စဉ်များက ထင် ရှားသည်။

တစ်ဖန် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲအောင်နိုင်ရေး ပြင်ဆင်မှုများ တွင်လည်း မိတ်ဖက်မလိုဆိုသည့် မူဝါဒကို ဆက်လက်ဆုပ်ကိုင်ကာ ပါတီကြီးအသွင် သဏ္ဌာန်ပြသခဲ့၍ တိုင်းရင်းသားပါတီများ စိတ်ပျက်ခဲ့ကြသည်။

မဟာလူမျိုးကြီးဝါဒပါတီဟုပင် စွပ်စွဲ မှုများရှိလာပြီးနောက် လက်ရှိအစိုးရနှင့်လွှတ် တော်လောက် တိုင်းရင်းသားအရောင်အသွေး စုံလင်သည့် အစိုးရနှင့် လွှတ်တော်မရှိဟု အာ ဏာရ NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက် တာဇော်မြင့်မောင်က တုံ့ပြန်ပြောကြားမှု ရှိခဲ့ သည်။

ဒုတိယ သမ္မတ (၂) အနေဖြင့် ချင်းလူမျိုး ကို တာဝန်ပေးထားပြီး ပြည်ထောင်စုအဆင့်  လွှတ်တော်နှစ်ရပ် ခေါင်းဆောင်များကို ကြည့် မည်ဆိုလျှင်လည်း ကချင်၊ ရခိုင်၊ ကရင်တို့ ဖြစ်နေပြီး လက်ရှိ တိုင်းနှင့်ပြည်နယ်ဝန်ကြီးချုပ်များသည်လည်း ဒေသခံတိုင်းရင်းသားများဖြစ်နေသည်ဟု ဒေါက်တာဇော်မြင့်မောင် က ဆိုသည်။

“တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် ကျွန် တော်တို့က အလွန်အလေးထားတာပါ”ဟု ၎င်းက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျင်းပ သည့် NLD ပါတီ ဗဟိုကော်မတီအစည်း အဝေးအပြီးပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဖွဲ့ စည်းထားသော်လည်း ထိရောက်သောဆောင်ရွက်ချက်မရှိဟု ဝေဖန်ကြပြီး ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းခဲ့သည့် NLD ပါတီ၏ တိုင်း ရင်းသားရေးရာကော်မတီသည်လည်း တိုင်း ရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရေးထက် ရွေးကောက်ပွဲအနိုင်ရရေး ဦးတည်သည်ဟု ရှုမြင်ခံရသည်။

NLD ပါတီနှင့် တိုင်းရင်းသားပါတီများ အကြား ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင် စုနှင့် ဖက်ဒရယ်ဒီမိုကရေစီ အသုံးအနှုန်း အပေါ် နားလည်မှုကွဲပြားရာမှ ပါတီချင်း မိတ်ဖက်ဆက်ဆံရေး ပျက်ပြားခဲ့သည်ဟု သုံး သပ်မှုများရှိသည်။

NLD ပါတီ နားလည်သည်က ခိုင်မာသည့် ဒီမိုကရေစီရှိမှ ဖက်ဒရယ်စနစ်တည် တံ့မည်ဖြစ်ပြီး ပါတီအနေဖြင့် ယခုအစိုးရ သက်တမ်းတွင် ဒီမိုကရေစီဖက်ဒရယ်အတိုင်း သွားခဲ့သည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ​ရှင်းပြသည်။

သို့သော်  နည်းဗျူဟာပိုင်းဆိုင်ရာ ချဉ်း ကပ်မှုကွဲလွဲခြင်းသာဖြစ်ပြီး ရည်မှန်းချက်ဖြစ် သော မဟာဗျူဟာတွင် တိုင်းရင်းသားပါတီ များနှင့် တူညီကြောင်း ၎င်းက ဆိုသည်။

“နောက်ဆုံးရည်ရွယ်တဲ့ ပြည်ထောင်စုသစ်မှာတော့ ဒီမိုကရေစီ အခွင့်အရေးတွေ ရော၊ ဖက်ဒရယ်ရပိုင်ခွင့်တွေရော အပြည့်အဝ ရမှာဖြစ်တဲ့အတွက် ဘယ်လိုနည်းနဲ့ ချဉ်း ကပ်တယ်ဆိုတာ အကြောင်းမဟုတ်တော့ ပါဘူး”ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်မှာ မြန်မာ့ နိုင်ငံရေး၏ အဓိကပြဿနာများဖြစ်၍ ယင်းနှစ်ခုအနက်မှ တစ်ခုခုကို ဦးစွာဖြေရှင်းရမည် ဆိုသောအမြင်ကို လက်မခံဟု မွန်ညီညွတ် ရေးပါတီ ပြောရေး ဆိုခွင့်ရှိသူ နိုင်လယိတမ က ပြောကြားသည်။

“ဒီနှစ်ခုက အပြန်အလှန်ဆက်စပ် ဒွန် တွဲနေတဲ့ ပြဿနာဖြစ်တဲ့အတွက် ဒီပြဿနာ နှစ်ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်းဖြေရှင်း ရမှာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

■ အငြင်းပွားဆဲ ဒီမိုကရေစီ၊ ဖက်ဒရယ် ရှေ့နောက် ပြဿနာ

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပြည်နယ်အချို့ရှိ  တိုင်းရင်းသားပါတီများသည် ကျေနပ်ဖွယ်ရလဒ် ရရှိခဲ့သော်လည်း အချို့ ပါတီများသည် ရည်မှန်းသည့်အတိုင်း ဖြစ် မလာသည်ကို သိရှိရသည်ဟု NLD ပါတီ ပေးပို့စာတွင် ဖော်ပြ သည်။

သို့ရာတွင် မည်သည့်အခြေအနေဖြစ် စေ အဖွဲ့ချုပ်အနေဖြင့် နောင်အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ် ထွန်းရေး ဆက်လက်ကြိုးပမ်းမည်ဟု ပေးစာတွင် ပါရှိသည်။

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် တိုင်းရင်းသားများ တန်းတူအခွင့်အရေးကို ကြိုး ပမ်းဖော်ဆောင် ရန် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) က တိုက်တွန်းသည်။

NLD ပါတီ ပေးစာအပေါ်  နိုဝင်ဘာ ၁၉ ရက်က အကြောင်းပြန်မှုတွင် ထိုသို့  တောင်းဆို တိုက်တွန်းထားခြင်းဖြစ်သည်။

“အမိမြန်မာနိုင်ငံကြီးမှာရှိတဲ့ တိုင်းရင်း သားအားလုံးဟာ တန်းတူညီတူဖြစ်တယ် ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ ပြည် ထောင်စုမြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုး တက်ဖို့ အဲဒါလေး ကြိုးပမ်းပေးဖို့ တိုက်တွန်း ချင်တယ်”ဟု လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ ဦးရွှေမင်း (ခ) ဆီဖာလာလူးက ပြော ကြားသည်။

တိုင်းရင်းသားပါတီများ၏ ရည်မှန်း ချက်များနှင့် အဖွဲ့ချုပ်၏ ရည်မှန်းချက်များ တူညီကြသည့်အတွက် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးများ၏ဆန္ဒကို အလေး ထားဆောင်ရွက်မည်နှင့်  အဖွဲ့ချုပ်က ဖော် ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည် ထောင်စုအရေးကို တက်ကြွစွာ ပူးပေါင်းပါဝင် မည်ဟု  မျှော်လင့်ကြောင်း NLD ပါတီ ပေးစာတွင် ဖော်ပြသည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက NLD ပါတီထံ အကြောင်းပြန်ကြားစာ တွင် NLD ပါတီ  သုံးစွဲသည့်အတိုင်း ဒီမိုက ရေစီဖက်ဒရယ်ပြည်ထောင်စုဟု သုံးနှုန်း သော်လည်း  ကချင်ပြည်နယ်ပြည်သူ့ပါတီ၏ အကြောင်းပြန်စာတွင် ဖက်ဒရယ်ဒီမိုကရေစီ ဟု သုံးနှုန်းထားသည်။

NLD ပေးပို့သော စာကို နိုဝင်ဘာ ၁၇ ရက်ခန့် လက်ခံရရှိကြောင်း တိုင်းရင်းသား ပါတီအချို့ထံမှသိရပြီး ပေးစာအပေါ် တရား ဝင် အကြောင်းပြန်မှုမှာ နိုဝင်ဘာ ၂၁ ရက် အထိ ကချင်ပြည်နယ်ပြည်သူ့ပါတီနှင့် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့သာ ရှိသည်။

NLD ပါတီ အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးကို ၁၉၄၇ ပင်လုံစာချုပ် သဘောတူညီချက်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရန် ကချင် ပြည်နယ်ပြည်သူ့ပါတီအနေဖြင့် လိုလား ကြောင်း အကြောင်းပြန်စာတွင် ဖော်ပြသည်။

ယင်းသည် အာဏာရပါတီနှင့် တိုင်းရင်းသား ပါတီများကြား အသုံးအနှုန်းဆိုင်ရာ ပြဿနာမဟုတ်ဘဲ အနှစ်သာရအားဖြင့် အမြင်ကွဲပြား မှုဖြစ်သည်ဟု နိုင်ငံရေးနှင့် တိုင်းရင်းသား အရေး  လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က မှတ် ချက်ပြုသည်။

“ရည်မှန်းချက် တူသည်ဆိုသော်လည်းပဲ မတူတာလေးတွေတော့ ရှိနေတယ်” ဟု ၎င်း က ဆိုသည်။

■ အမျိုးသားညီညွတ်ရေးအစိုးရတွင် တိုင်းရင်းသားများ ပါဝင်နိုင်မည်လား

ရွေးကောက်ပွဲ မတိုင်မီကတည်းက အမျိုးသားညီညွတ်ရေးအစိုးရဆိုသည့် စကားရပ် လူသိများခဲ့ပြီး ရွေးကောက်ပွဲ အပြီးတွင် ယင်းစကားရပ်နှင့် စပ်လျဉ်း၍ ပိုမို အသံကျယ်လောင်လာသည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၄ ရက် သတင်းစာရှင်းလင်း ပွဲတွင် လာမည့်အစိုးရသည် အမျိုးသားညီ ညွတ်ရေးအစိုးရပုံစံ ဖြစ်ဖွယ်ရှိကြောင်း ထည့် သွင်းပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ရှင်း လင်းခဲ့ခြင်း မရှိပေ။

ရွေးကောက်ပွဲအနိုင်ရ NLD ပါတီက လည်း အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ရေးကို ပါတီတွင်းဆွေးနွေးမှု ရှိနေပြီး ဆုံးဖြတ် ချက်တော့မကျသေးဟု ပါတီပြောရေး ဆိုခွင့် ရှိသူ ပြောကြားချက်အရ သိရသည်။

“တကယ်တမ်း လက်တွေ့ အကောင်အ ထည်ဖော်တဲ့အခါမှာ ဘယ်လိုပုံစံဖြစ်မယ်ဆို တာတော့ ဆုံးဖြတ်ချက်တွေ မရှိသေးပါဘူး”ဟု NLD ပါတီ ပြောရေးဆိုခွင့့်ရှိသူဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

လက်ရှိ အနေအထားတွင် NLD ပါတီ ၏ အမျိုးသားညီညွတ်ရေးအစိုးရမှာ မည်သို့ ပုံစံဖြစ်ကြောင်းကို အကြမ်းအားဖြင့် မပြော နိုင်သေးသည့်တိုင် သဘောတရား ​ပြောပြ ထားခြင်းအားဖြင့် ပြည်သူလူထု ပိုမိုအားတက် ပြီး စည်းရုံးလှုပ်ရှားမှု ပိုမိုလွယ်ကူနိုင်ကြောင်း ပြည်သူ့ပါတီ အထွေထွေအတွင်းရေးမှူး ဦးရဲ နိုင်အောင်က ပြောကြားသည်။

“လက်ရှိမှာ အသေးစိတ်တော့ မဖြစ် နိုင်သေးဘူးပေါ့။ သို့သော် ဘယ်လိုပုံစံမျိုးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တည်ဆောက် မယ်ဆိုတဲ့မူကို ချပြနိုင်ရင်တော့ ပိုပြီးတော့ အကျိုးရှိလိမ့်မယ်။ ပိုပြီးတော့ အရှိန်အဟုန် ရလိမ့်မယ်။ သို့သော် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရည်မှန်းထားတဲ့ အမျိုးသားညီညွတ် ရေးအစိုးရဆိုတာ ဘယ်လိုမှန်းမသိဘဲနဲ့ ကျွန် တော်တို့က အကောင်း၊ အဆိုး ဝေဖန်ဖို့တော့ စောသေးတယ်”ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲမတိုင်မီ ပါတီအများစုက ညွန့်ပေါင်းဟုဆိုနေချိန် လာမည့်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ ဖြစ်သင့် ကြောင်း ဦးစွာ ထုတ်ဖော်ပြောကြားသည်က ပြည်သူ့ပါတီဖြစ်သည်။

ညွန့်ပေါင်းအစိုးရနှင့် အမျိုးသားညီ ညွတ်ရေးအစိုးရမှာ အသွင်သဏ္ဌာန် ဆင်တူ သယောင်ဖြစ်သော်လည်း အနှစ်သာရအား ဖြင့် ကွဲပြားမှု ရှိသည်။

ညွန့်ပေါင်းမှာ တစ်ပါတီတည်းအစိုးရဖွဲ့ စည်းရန် လုံလောက်သောအရေအတွက် မရ ၍ အခြားပါတီနှင့် ဆွေးနွေးညှိနှိုင်းရသည့် အခြေအနေဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရမှာ ရွေးကောက်ပွဲရလဒ်နှင့် သက်ဆိုင် ခြင်း မရှိပေ။

နိုင်ငံ့ဦးဆောင်မှုတွင် ပါဝင်သင့်၊ ပါဝင် ထိုက်သော နိုင်ငံရေးအင်အားစုများ၊ တတ်သိ ပညာရှင်များပူးပေါင်း၍ နိုင်ငံ့အပြောင်းအလဲ များပြုလုပ်မည်ဆိုသော ရည်မှန်းချက်များ ဖြင့်ဆောင်ရွက်သော အစိုးရကို အမျိုးသား ညီညွတ်ရေးအစိုးရဟု ယေဘုယျအားဖြင့် သတ်မှတ်ကြသည်။

“အမျိုးသားညီညွတ်ရေးအစိုးရဆိုတာ ရှိတဲ့အင်အားစုအားလုံး အပြေအလည် ညှိ နှိုင်းမယ်။ အားလုံးပေါင်းလုပ်မယ်ဆိုတဲ့ သဘောတရားကို ထူထောင်ဖို့လိုတယ်။ အဲဒီ လိုမှမဟုတ်ရင် ဦးထောင်ပဲ့နင်း အခြေအနေ က ရုန်းထွက်နိုင်အောင် လုပ်နိုင်ဖို့ မလွယ်ဘူး” ဟု ဦးရဲနိုင်အောင်က ပြောကြားသည်။

အစိုးရသက်တမ်း နှစ်ဆက်တိုင် အာဏာရပါတီ စိတ်ကြိုက်ဖွဲ့စည်းသော ပြည် ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့များသာ ဖြစ်ခဲ့သလို လက်ရှိ အစိုးရအဖွဲ့ခေါင်းဆောင် အချို့နှင့် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများတွင် တိုင်းရင်းသားများပါဝင်သော်လည်း အများ စုမှာ NLD ပါတီမှ ပုဂ္ဂိုလ်များဖြစ်၍ အမျိုး သားညီညွတ်ရေးအစိုးရဟု ခေါ်ဆိုရန်မှာ အငြင်းပွားစရာဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရများ ဖွဲ့စည်းရာတွင် NLD ပါတီက ကိုယ်စားလှယ်အများစု ရရှိ သော တိုင်းရင်းသားပါတီကို ၂၀၀၈ အခြေခံ ဥပဒေ အကြောင်းပြချက်ဖြင့် ပြည်နယ်အစိုး ရ ဦးဆောင်ဖွဲ့စည်းခွင့် မပြုခဲ့ပေ။

သို့ရာတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ၏ အမျိုးသားညီညွတ်ရေး အစိုးရ ဖြစ်ဖွယ် ရှိကြောင်းနှင့် ရွေးကောက်ပွဲအနိုင်ရ NLD ပါတီ၏ နောင်အနာဂတ်တွင် တိုင်းရင်းသား များ၏ဆန္ဒကို အလေးထားမည်ဆိုသော သဘောထားက ပြည်နယ်လွှတ်တော်တွင် နေရာအများစု အနိုင်မရသည့်တိုင် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်အစိုးရတွင် ပါဝင်နိုင်မည်လားဆို သည့် တွေးဆချက်ထွက်ပေါ်စေသည်။

လက်ရှိ နိုင်ငံရေးအခင်းအကျင်းများအရ လာမည့် အစိုးရသက်တမ်းတွင် တိုင်းရင်း သားပါတီများ ပါ ဝင်ခွင့်ရှိလာနိုင်ပြီး မည်မျှ ပါဝင်ဆောင်ခွင့်ရှိမည်က NLD ပါတီ အပေါ် သာ အဓိကမူတည်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြော ကြားသည်။

“ပြည်ထောင်စုအစိုးရဖြစ်ဖြစ်၊ ပြည်နယ် အစိုးရဖြစ်ဖြစ် တိုင်းရင်းသားတွေနဲ့ လက်တွဲ ပြီးမှဖွဲ့ စည်းတဲ့ အစိုးရမျိုး ဖြစ်သင့်တယ်ဆိုတဲ့ သဘောထားရှိတယ်။ အဲဒါကြောင့်မို့ အခု ကျွန်တော်တို့နဲ့ သူတို့ တွေ့ဆုံဆွေးနွေးဖို့ဆို တာက အစိုးရသစ်မဖွဲ့စည်းမီ ဖြစ်သင့်တာ ပေ့ါနော်”ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားပါတီ ၄၀ ကျော် ရှိသော် လည်း ရွေးကောက်ပွဲအနိုင်ရပါတီ ၁၇ ပါတီ သာရှိပြီး ယင်းပါတီများနှင့် အစိုးရသစ် မခေါ် ယူမီ၊ လွှတ်တော်သစ် မခေါ်ယူမီ ဦးစွာတွေ့ ဆုံဆွေးနွေးသင့်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးမောင်မောင်စိုးက အကြံပြု သည်။

“တိုင်းရင်းသားပါတီတွေကို ဆွေးနွေး ဖက်အဖြစ်၊ မိတ်ဖက်အဖြစ် သဘောထားတာသည် တိုင်းရင်းသားပြည် နယ် အရေးနဲ့ပဲ ပတ်သက်ပြီးတော့ အစိုးရဘက်က ဖြေရှင်းရုံ သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပါ အရေးပါတယ်လို့ မြင်ပါတယ်”ဟု ၎င်းင်းက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်း ရန် တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးညှိ နှိုင်းမည်ဖြစ်သော်လည်း အစိုးရဖွဲ့စည်းရေး ကို NLD ပါတီဒုဥက္ကဋ္ဌက မယုတ်မလွန်သာ ဖြေဆိုသည်။

“တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာက ဆွေးကို ဆွေးနွေးမှာပါ။ အဲဒါကတော့ သေချာပါတယ်။ အစိုးရဖွဲ့သွားမယ်ဆိုတဲ့ စကား ကတော့ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက နိုဝင်ဘာ ၁၇ ရက်တွင် မီဒီယာများအား Zoom Application မှ ပြောကြားသည်။

ပြည်နယ်လွှတ်တော်က ယင်းပြည်နယ်၏ ဝန်ကြီးချုပ် တင်မြှောက်နိုင်ရေးသည် တိုင်းရင်းသားပါတီများ အဓိကလိုလားသော အချက်များအနက် တစ်ချက်ဖြစ်ပြီး ယင်းအ တွက် အဓိက အတားအဆီးသည် အခြေခံဥပ ဒေပုဒ်မ ၂၆၁ ဖြစ်သည်။

ယင်းပုဒ်မကိုပြင်ဆင်ရန် ပြီးခဲ့သည့် လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးတွင် တိုင်းရင်းသားပါတီများ အဆိုပြုသော်လည်း အောင်မြင်မှု မရခဲ့ပေ။

သို့သော် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဝန်ကြီးချုပ်ခန့်အပ်ခြင်းကို နိုင်ငံတော် သမ္မတက ၎င်း၏ အခွင့်အာဏာဖြင့် ဆောင်ရွက်နိုင်ရာ အမျိုးသားပြန်လည်သင့်မြတ်ရေး ရှေးရှု၍ ပြည်နယ်အခြေစိုက် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်ကို ဝန်ကြီးချုပ် ခန့် အပ်ရန် တိုင်းရင်းသားပါတီများ ဆန္ဒရှိနေ ကြသည်။

“ဝန်ကြီးချုပ်လို နေရာမျိုးမှာ တိုင်းရင်း သားတွေအလိုကျ တိုင်းရင်းသားပါတီတွေက ရွေးချယ်တာဝန်ပေးမယ်။ ဝန်ကြီးဌာနတွေ ကိုလည်း ဗဟိုချုပ်ကိုင်မှုတွေ လျှော့ချပေးမယ် ဆိုရင် NLD အပေါ်မှာ အယုံတရားတွေ ပိုပြီးများလာလိမ့်မယ်”ဟု ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ​အထွေထွေအတွင်း ရေးမှူး ဦးစိုင်းလိတ်က ​ဧရာဝတီသတင်း ဌာနသို့ ပြောကြားသည်။           

Most Read

Most Recent