COVID-19 ၊ နယ်စပ်ကုန်သွယ်ရေးအကျပ်အတည်းနှင့် မြင့်တက်လာသည့် ကုန်စည်စျေးနှုန်းဂယက်

COVID-19 ၊ နယ်စပ်ကုန်သွယ်ရေးအကျပ်အတည်းနှင့် မြင့်တက်လာသည့် ကုန်စည်စျေးနှုန်းဂယက်
မိုင်ယု-၁၀၅ မိုင်ကြား လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေသော ကုန်တင်ကားကြီးများကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ)
မိုင်ယု-၁၀၅ မိုင်ကြား လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်သို့ ဝင်ရောက်ရန် တန်းစီစောင့်ဆိုင်းနေသော ကုန်တင်ကားကြီးများကို နိုဝင်ဘာ ၂၂ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ)
Published 22 November 2020
ပြည့်စုံ (မူဆယ်)

COVID-19 ရောဂါကူးစက်ပျံ့နှံမှုကြောင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်စေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကိုပါ ထိခိုက်စေခဲ့သည်။

COVID-19 ကူူးစက်ပျံ့နှံမှု မြင့်တက်လာသည်နှင့်အမျှ  မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်မှုများတွင် နှောင့်နှေးကြန့်ကြာမှုသည် ကြီးမားသောစိန်ခေါ်မှုအဖြစ် ရှိလာသည်။

ယင်းသို့နှောင့်နှေးကြန့်ကြာမှုကို အခွင့်ကောင်းယူ၍ မသမာသော နည်းလမ်းများ လုပ်ဆောင်လာကြခြင်းတို့‌ကြောင့်  အကျိုးဆက်အနေဖြင့် ကုန်စည်စျေးနှုန်းများပါ မြင့်တက်လျက်ရှိကြောင်း နယ်စပ်ကုန်သည်များထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၌ နယ်စပ်ကုန်သွယ်ရေးစခန်း‌ပေါင်း ၁၇ ခုဖြင့် ကုန်သွယ်မှု ပြုနေခြင်းဖြစ်ပြီး လျာထားညှိနှိုင်းဆဲ ကုန်သွယ်ရေးစခန်းများလည်း ရှိသည်။ သို့ရာတွင် မြန်မာ-တရုတ် နယ်စပ်များဖြစ်ကြသော မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းတို့တွင် ကုန်သွယ်မှု ပြုလုပ်ရာ၌ တရုတ်နိုင်ငံက COVID-19 ကူးစက်ရောဂါကာကွယ်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် နယ်စပ်ဝင်ထွက်ပေါက်များကို ပိုမိုတင်းကျပ် စစ်ဆေးလျက်ရှိသည်။

ထိုသို့ တရုတ်နိုင်ငံက COVID-19 ရောဂါကာကွယ်ရေးကို အကြောင်းပြု၍ ပိုမိုတင်းကျပ် စစ်ဆေးလုပ်ဆောင်လာသောကြောင့် မြန်မာဘက်မှ ပို့ကုန်များမှာ အခက်အခဲကြားမှာပင် ကုန်သွယ်မှုကို ပြုလုပ်နေရခြင်းနှင့်အတူ နယ်စပ်ဂိတ်ဝင်ထွက်ပေါက်များတွင် နှောင့်နှေးကြန့်ကြာခြင်း‌ကြောင့် အချို့ကုန်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှုများပင် ရှိနေသည်။

ထို့ပြင် မြန်မာ-တရုတ် နယ်စပ်ဂိတ်ပေါက်များတွင် ကုန်စည်ကူးသန်းရောင်းဝယ်ရာ၌ တရုတ်နိုင်ငံက ကုန်စည်နှင့် ကုန်တင်ယာဉ်များကိုသာ ဦးစားပေးဝင်ခွင့်ပြုပြီး ကုန်သည်နှင့် ယာဉ်မောင်းတို့ကို ဝင်ခွင့်ကန့်သတ်ထားခြင်းက မြန်မာကုန်သည်များအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ်ရှိနေသည်။

တရုတ်က ကုန်စည်နှင့် ကုန်တင်ယာဉ်များကိုသာ ဝင်ခွင့်ပြုရာ၌လည်း ဝင်မည့်ကုန်တင်ယာဉ်မောင်း၏ ကိုဗစ်ရောဂါ စစ်ဆေးပြီးကြောင်း ဆေးထောက်ခံစာများကိုပါ တစ်ပါတည်းပူးတွဲတင်ပြရပြီး အဆိုပါကုန်ကားများအား တရုတ်နိုင်ငံက သတ်မှတ်ပေးထားသော အစားထိုးယာဉ်မောင်းဖြင့်သာ ဝင်ရောက်ခွင့်ပေးသောကြောင့် ကုန်တင်ကားများက အလှည့်ကျတန်းစီ ဝင်ရခြင်းကလည်း နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုအပိုင်းတွင် နှောင့်နှေးကြန့်ကြာနေရခြင်းဖြစ်သည်။

အလားတူမြန်မာတစ်နိုင်ငံလုံး၏ နယ်စပ်ကုန်သွယ်မှု အများဆုံးပြုလုပ်ရာ မူဆယ်မြို့တွင် နှစ်နိုင်ငံ ကုန်စည်ဝင်ထွက်ရာ မန်းဝန်းပေါက်ကို တန်းစီစောင့်ဆိုင်း ဝင်ထွက်မှုအပိုင်းတွင်လည်း သူ့ထက်ငါအပြိုင် ဆောလျင်စွာဝင်ထွက်လိုသောကြောင့် ရိုးသားမှုမရှိဘဲ မသမာသောနည်းများဖြင့် ဝင်ထွက်မှုအချို့နှင့် ကုန်စည်သယ်ယူမှု ပြုလုပ်နေခြင်းများကြောင့် မြန်မာကုန်တင်ကားခ စျေးနှုန်းနှင့် အပြိုင် ကုန်စည်စျေးနှုန်းလည်း လိုက်ပါမြင့်တက်လာသည်။

“ ကုန်တင်ကားကြီးတွေ ဝင်ဖို့က ကြာတယ်။ ဒါကြောင့် ကုန်သွယ်မှု ပိုမိုလျင်မြန်အောင် ခြောက်ဘီးကားနဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်ထဲက မူဆယ်မြို့ကို ခေါက်တိုကဲ့တယ်။ အဲဒီလိုကဲ့တဲ့အပိုင်းမှာ တစ်ဖာလုံကျော်ကျော် အကွာအဝေးကို ခြောက်သိန်းလောက် ပေးရတယ်။ အဲဒီတော့ ကုန်တင်ကားခတွေက ပိုပိုတက်လာတယ်။ ပိုတက်လာတာနဲ့အမျှ ကုန်စည်တွေရဲ့စျေးတွေကလည်း လိုက်ပါတက်နေတာပါ” ဟု တိုးတက်အောင်ကုန်ဂိတ်မှ ကိုအောင်နိုင်က ပြောကြားသည်။

“ တချို့ ကားအုံနာတွေ ကုန်သည်နဲ့ ကားဆရာများက သူတို့ကားနံပါတ်တွေကို ပွဲစားအချို့နဲ့ ချိတ်ဆက်ပြီး ၁၀၅ မိုင် ကျိန်စန်း ကျော့လမ်းခွဲမှနေပြီး ဝင်လာတယ်။ ပွဲစားတွေက ကုန်ပါတဲ့ကားတွေဆို ဒီကားတွေက မူဆယ်မှာချမှာမို့ ဆိုပြီး စွမ်စော်ဘက် ခေါ်ချသွားတယ်။ ကုန်ချပြီးပြီဆို အဲဒီအချိန်ကတည်းက တိုကင်နံပါတ်ပေးလိုက်တယ်။ နောက်စွမ်စော်လမ်းတို့ မြဝတီဘဏ် ရှေ့လမ်းတို့ကနေ စောင့်ပြီး နေရာလွတ်တာနဲ့ အဲဒီနေရာကို ထိုးထည့်လိုက်တယ်။ အဲဒီတော့ ကျင်စန်းကျော့တို့၊ တုန်ခန်တို့က တန်းစီနေတဲ့သူတွေက သုံးလေးငါးရက် အိပ်ရတယ်။ ထိုးသွင်းသွားတဲ့ ကားက တစ်ညအိပ် နှစ်ညအိပ်ဆို ကျယ်ဂေါင်ရောက်တယ်။ ကားတစ်စီးကို နှစ်သိန်းခွဲသုံးသိန်းပေါက်စျေးရှိတယ်။ ကြိုပြီးတော့ ချိတ်ရတယ်” ဟု ကုန်ဂိတ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ ကားတစ်စီးက ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲက စစ်ဆေးပြီးရင် မူဆယ်-ကျယ်ဂေါင်-ရွှေလီကို ရက် ၂၀ ပတ်ဝန်းကျင်လောက်ကြာတယ်။ ဒီလိုကြာတဲ့ကြားမှာ အမျိုးမျိုးပေါ့။ ပြောနေဆိုနေကြတာတွေ ရှိတယ်။ တချို့ကလည်းမရိုးသားမှုတွေ မသမာတဲ့နည်းတွေနဲ့ ဆောင်ရွက်ပြီးဝင်ကြတယ်ဆိုပြီး အပြင်မှာ ပြောနေဆိုနေကြတာရှိပါတယ်။ ဒါတွေကို အသင်းအဖွဲ့တွေ စုဖွဲ့ပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှုူးရဲ့ ဦးဆောင်မှုနဲ့ ဌာနဆိုင်ရာများပူးပေါင်းပြီး ၀ိုင်းဝန်းထိန်းသိမ်းကြတာ တွေရှိပါတယ်။ အဲဒါကြောင့် မသမာတဲ့နည်းတွေနဲ့ လုပ်နေတာတွေ လျော့ပါးသွားမှာပါ။ ခြောက်ဘီးကားတွေနဲ့ ကုန်တင်ကားတွေ မန့်ဝန်းဂိတ်ကနေ ကျယ်ဂေါင်ထဲ ဝင်တဲ့အခါမှာ စည်းကမ်းစနစ်တကျ ဖြစ်ဖို့ဟာအတွက် ပူးပေါင်းအဖွဲ့ကနေ စလုပ်‌နေပါတယ်။ ကျယ်ဂေါင်ထဲဝင်ဖို့ တိုကင်ကို အစီး ၈၀ လောက်ဝေဖို့ ရည်မှန်းထားပါတယ်။ ခြောက်ဘီးကားတွေဝင်တာနဲ့ ပတ်သက်လို့ အမျိုးမျိုးလူမှုကွန်ရက်မီဒီယာတွေမှာ ပြန့်နေကြတဲ့ သတင်းတွေ တိုကင်တွေ အရောင်းအဝယ်ဖြစ်ပြီး နေရာတွေရောင်းကြတယ်။ နောက်ပြီး တာဝန်ရှိတဲ့ သူတွေနဲ့ လမ်းကြိုလမ်းကြားက ဝင်ကြတယ်ဆိုပြီး အငြင်းပွားနေတဲ့ကိစ္စတွေကို ကျွန်တော်တို့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ပြီး စည်းကမ်းတကျဖြစ်အောင် ကူညီဆောင်ရွက်ပေးနေပါတယ်” ဟု အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က ပြောကြားသည်။

ထိုသို့မသမာမှုများ လုပ်ဆောင်လာခြင်းနှင့်အတူ အဝင်အထွက် ရက်ရှည်စောင့်ဆိုင်းနေရမှုကြောင့် ကုန်တင်ကားခမှာ အဆမတန်မြင့်တက်ခဲ့ပြီး ၎င်းတို့၏ကုန်ကျစရိတ်များကို စားသုံးသူပြည်သူများက ကျခံနေကြကြောင်း သိရသည်။

သယ်ယူပို့ဆောင်ရေး ကုန်တင်ကားခ တက်လာသည်နှင့်အမျှ ကုန်သည်ပွဲစားများက ၎င်းတို့ တွက်ခြေကိုက်အောင် ကုန်ပစ္စည်းများအပေါ်တွင် စျေးတင်ယူမည်ဖြစ်သည်။

“ အဲဒီလိုလိုက်ဖြည့်တဲ့အခါ စားသုံးသူတွေက ဝယ်ယူစားသုံးတဲ့ ကုန်ပစ္စည်းတွေပေါ်မှာ လူတစ်ဦးကို နှစ်ကျပ်နီးပါးလောက် ပိုဆောင်းပေးလိုက်ရတာ မသိသာပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စားသုံးသူပြည်သူဆီက ပို‌ဆောင်းပေးလိုက်ရတာက တစ်လကို ဘီလျံနဲ့ချီသွားနိုင်တယ်။ ဒါကို အစိုးရက ထည့်သွင်းတွက်ချက်ပြီးတော့ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု လျင်မြန်အောင် ကြိုးစားပေးသင့်တယ်။ ဒီလိုကြိုးစားမှ ကုန်စည်သယ်ယူပို့ဆောင်ရေးအပိုင်းမှာ ကုန်တင်ကားခစျေးနှုန်းတွေ ကျလာမယ်။ ဒီလိုကျလာမှ COVID-19 ကပ်ရောဂါကာလမှာ ကုန်စျေးနှုန်း မတက်အောင်ထိန်းထားနိုင်မှာပါ” ဟု သရဖီကုန်ဂိတ်မှ ဦးအောင်မင်းက ဆိုသည်။

ကုန်ကားများ တန်းစီစောင့်ဆိုင်းရာတွင် ရက်ကြန့်ကြာနေသည့်အတွက် ကုန်ကားများ၌ ကုန်ကျစရိတ် ပိုမိုကုန်ကျမှု၊ မြန်မာပြည်မှ ပို့ကုန်အများစုက ကုန်စိမ်းအများစု တင်ဆောင်ထားသည့် ပစ္စည်းများ ဖြစ်သောကြောင့် ၎င်းကုန်ပစ္စည်းများ၏ အရည်အသွေးများ ကျဆင်းမှုနှင့် ပုပ်သိုးလွယ်သည့် ပစ္စည်းများ ပျက်စီးမှု‌များလည်းရှိနေသည်။

“ ကုန်ကားခကြောင့် စျေးကတော့သိပ် သိသိတာတာမတက်ဘူး ဆိုပေမဲ့ တရုတ်က ဝင်တဲ့ကုန်ပစ္စည်းစျေးတွေ မြောက်တက်သွားတယ်။ ဒါကလည်း တရုတ်ကနေ မြန်မာပြည် ရန်ကုန်အထိဆို ကုန်တင်ကားခက သိန်းလေးဆယ်ကျော်အထိ ခုန်တက်သွားတာ။ အောက်ကနေ အပေါ်ကိုတက်တဲ့ ကုန်တင်ကားခက တစ်ပိဿာကို ၃၈၊ ၄၀ ကျပ်လောက်ပဲရှိတယ်” ဟု မူဆယ်မြို့ ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက ပြောကြားသည်။

လက်ရှိတွင် မူဆယ်မှ မန္တလေး -ရန်ကုန် ကုန်တင်ကားခမှာ အဆမတန် မြင့်တက်နေသကဲ့သို့ ကုန်တင်ကားများက ပြည်ထောင်စုလမ်းမကြီးပေါ်၌ ရက်ရှည်စောင့်ဆိုင်း တန်းစီနေရတာကြောင့် စျေးကွက်လိုအပ်ချက်အရ ကုန်သွယ်မှုအပိုင်းတွင် ကုန်တင်ကားရှာရခက်ခြင်းများလည်း ကြုံနေရကြောင်း သိရသည်။

“ စျေးတွေမှာ ကုန်စျေးနှုန်းက သိပ်တော့ သိသိသာသာမတက်ပါဘူး။ အဓိက တက်သွားတာက ဆန်သစ်မှာ တစ်အိတ်ကို ၅၀၀၀ လောက် တက်သွားတယ်။ ဆီတစ်ပိဿာ ၅၀၀ လောက်တက်သွားတာတွေတော့ရှိတယ်။ ဒါက ကိုဗစ်ကာလကြောင့်လည်းဖြစ်မယ်။ ကုန်တင်ကားတွေက မူဆယ်မှာ ရက်ရှည်စောင့်ဆိုင်းရတော့ အရင်ကလို လွယ်လွယ်ကူကူ ရှာလို့လည်းမရဘူး။ ယခင်က ကျွန်တော်တို့ မန္တလေးဘက်က ကုန်တင်ရင် တစ်ပိဿာ ၃၅ ကျပ် ၃၈ ကျပ်ပဲ ပေးရတာ။ အခု တစ်ပိဿာ ၆၀ အထိတောင်ဖြစ်သွားတယ်။ အောက်ပိုင်းက ကုန်တင်ရင်တော့ တစ်ကားနဲ့တစ်ကား ကုန်တင်ကားခကမတူဘူး။ ကားကလည်း ရှာရခက်သွားတယ်။ အောက် ကုန်တင်ကားခက သူတို့အတွက်မကိုက်တော့ တချို့က ခါလီပဲတက်လာတာများတယ်။ ဒီရောက်မှ ကုန်တင်ဆင်းသွားကြတာ” ဟု မအေးသီတာမွန်က ပြောကြားသည်။

မူဆယ်မြို့တွင် တန်းစီစောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်ကြီးများကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်စုံ)

“ မူဆယ်ဘက်မှာ စျေးတက်တယ်ဆိုတာမှန်ပါတယ်။ သွင်းကုန်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ဥပမာ ကြက်သွန်ဖြူဆို ကြူကုတ်ဘက်က လာတယ်။ နဂိုက ၁၇၀၀ တို့ ၁၈၀၀ တို့ပဲရှိတယ်။ အခု ၁၉၅၀ ဖြစ်သွားပြီ။ အဲဒီလိုတော့ ရှိတယ်။ နေရာဒေသ မတူဘူးပေါ့။ ရန်ကုန်မှာတော့ အကုန်လုံးနီးပါး ပြန်ကျတယ်။ ရောင်းမကောင်းဘူး။ ကုန်တင်ယာဉ်တွေကို COVID-19 နဲ့စစ်တဲ့ဟာတွေလည်း အဆင်မပြေသေးဘူး။ တစ်နေရာ တစ်ခုပေါ့။ ထင်သလိုလုပ်နေကျတော့ သိပ်အဆင်မပြေဘူး” ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးခင်ဟန်က ပြောကြားသည်။

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ  ကုန်တင်ယာဉ်များသည် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းသို့မဝင်မီ လားရှိုး -မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ တန်းစီစောင့်ဆိုင်းနေရပြီး ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ထဲ၌ ကုန်စည်စစ်ဆေးပြီးချိန်တွင် နှစ်ညအိပ်သုံးရက် စောင့်ဆိုင်းနေရကာ ၁၀၅ မိုင် မန့်ဝန်းပေါက်သို့ ရောက်ရှိရန် ထပ်မံစောင့်ဆိုင်းရပြီး အလှည့်ကျမှ ကျယ်ဂေါင်သို့ ဝင်ရောက်ခွင့်ရှိနေခြင်း ဖြစ်သည်။

COVID-19 ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း တရုတ်နိုင်ငံက အဝင်အထွက် တင်းကျပ်မှု၊ စစ်ဆေးမှု ကြာမြင့်ခြင်းတို့ကြောင့် တစ်ရက်ကို ကုန်ကားအစီးရေ ၆၀ မှ ၈၀ နီးပါးသာ ဝင်ထွက်နိုင်ခြင်းတို့ကြောင့် ကုန်ကားအစီး‌ရေ ၁၀၀၀ ကျော် လားရှိုး-မူဆယ်ပြည်ထောင်စု လမ်းမကြီးပေါ်၌ စောင့်ဆိုင်းရမှုမှာ ရက်၂၀ နီးပါးတန်းစီနေရမှုတို့ကြောင့် ကုန်ကျစရတ်ပိုမိုများပြားလာခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေး ကုန်တင်ကားခမှာလည်း နှစ်ဆကျော်များလာကာ ကုန်စည်စျေးနှုန်းအပိုင်းတွင် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယခင် COVID-19 မဖြစ်ပွားခင်ကာလ၌ ကျယ်ဂေါင် မူဆယ်-မန္တလေး ကုန်တင်ကားခမှာ ၁၂ ဘီး ကုန်တင်ယာဉ်တစ်စီးကို ခုနစ်သိန်းဝန်းကျင်နှင့် တွဲကား ၂၂ ဘီးကုန် တင်ယာဉ်တစ်စီးကို ၁၃ သိန်းနှင့် ၁၄ သိန်း ကြားရှိခဲ့ရာမှ ယခုအခါ ကုန်တင်ကားခမှာ ၁၂ ဘီးကုန်တင်ယာဉ်တစ်စီးကို ၂၂ သိန်းနှင့် ၂၃ သိန်းကြားပေးနေရပြီး တွဲကား ၂၂ ဘီးကုန်တင်ယာဉ်တစ်စီးကို ၃၄ သိန်းနှင့် ၃၅ သိန်းကြား ပေးရကြောင်း သိရသည်။

ထို့နည်းတူ မူဆယ်-ရန်ကုန် ကုန်တင်ကားခမှာ ၁၂ ဘီးယာဉ်တစ်စီးကို ၁၄ သိန်းဝန်းကျင်နှင့် တွဲကား ၂၂ ဘီးယာဉ် ကားခမှာ ၂၃သိန်းနှင့် ၂၄ သိန်း ကြားရှိရာမှ ယခုအခါ ကုန်တင်ကားခမှ ၁၂ ဘီးကုန်ယာဉ် တစ်စီးကို ၃၂ သိန်းနှင့် ၃၃ သိန်းကြား ပေးနေရပြီး တွဲကား ၂၂ ဘီး ကုန်တင်ယာဉ် ကားခမှာ ၄၅ သိန်းနှင့် ၄၆ သိန်းကြား ပေးရကြောင်း သိရသည်။

ရန်ကုန်-မန္တလေး-မူဆယ်- ကျယ်ဂေါင် အတက်ကုန်တင်ကားခမှာ တစ်ပိဿာကို ၅၀ ကျပ်မှ ၆၀ ကျပ်အထိ ပေးနေရကြောင်း သိရသည်။

အကယ်၍ ကိုဗစ်ရောဂါကူးစက်မှုသာ ကာလကြာရှည်လာပါက နယ်စပ်ကုန်သွယ်ရေးအပေါ် ထိခိုက်နစ်နာမှုကြီးစွာ ရှိလာနိုင်သည်။

“ ရေရှည်ဒီလိုမျိုးဖြစ်သွားရင်တော့ ကျွန်တော်ထင်တာတော့ တော်တော်လေးကို ထိခိုက်နစ်နာမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ကုန်သွယ်မှုမရပ်တန့်အောင် လုပ်ဆောင်သွားမယ်ဆိုတာကတော့ သူတို့ဘက်ကလည်း နားလည်ပါတယ်။ ကျွန်တော်ထင်တာလည်း အကြာကြီးပိတ်လိမ့်မယ်လို့တော့ မထင်ပါဘူး” ဟု မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံက ပြီးခဲ့သည့်လပိုင်းအတွင်းက  နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်ပြီး ပြောကြားထားသည်။

သို့သော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ကမူ COVID-19 ပထမလှိုင်းကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီး COVID-19 ဒုတိယလှိုင်း ရိုက်ခက်မှု ပြင်းထန်လာမှုအပေါ် ပြည်သူ၊ ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စေတနာ့ ဝန်ထမ်းများအနေဖြင့် တုံ့ပြန်ဆောင်ရွက်လျက်ရှိကြောင်း၊ COVID-19 ကြောင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဆိုင်ရာ အခက်အခဲများ ရှိသကဲ့သို့ စားဝတ်နေရေးနှင့် စီးပွားရေးကိစ္စများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ထို့ပြင် အရေးကြီးသည့် အချိန်ရောက်နေသဖြင့် Supply Chain မပြတ်တောက်စေရေး၊ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေရေး၊ ဆေးဝါးပစ္စည်းများ ပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဆိုသည်။

နယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများအနေဖြင့် အထက်ပါအတိုင်း ပြောကြားမှုများ ရှိခဲ့သော်လည်း ကုန်သည်များဘက်ကမူ နှစ်နိုင်ငံကုန်သွယ်မှုတွင် သေချာသည့် အာမခံချက် ရရှိနိုင်ရေးအတွက် အစိုးရအချင်းချင်း G to G ညှိနှိုင်းဆောင်ရွက်ပေးရန် လိုလားနေကြကြောင်း သုံးသပ်မှုများရှိနေသည်။

“ အဓိကက ကျွန်တော်တို့ အောက်ခြေမှာလည်း ဆောင်ရွက်ဖို့ လိုသလို G to G မှာလည်း လိုအပ်ပါတယ်။ ကုန်သွယ်မှုမရပ်တန့်အောင် ကုန်သွယ်မှုလျင်မြန်ချောမွေ့စွာ သွားလာဖို့ စည်းမျဉ်းစည်းကမ်းနဲ့ နှစ်ဖက်ညှိနှိုင်းတိုင်ပင်ထားရင်တော့ ဒီထက်ပိုပြီးတော့ လုပ်ရကိုင်ရတာ ပိုပြီးအဆင်ပြေမယ်လို့ထင်ပါတယ်” ဟု မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

“ ကားတွေ ကြန့်ကြာတဲ့အတွက် ကုန်ကားခက နှစ်ဆလောက်တက် သွားတယ်။ အဓိကက ကားတွေ ကြန့်ကြာလို့တက်တာပါ။ ဒီကားတွေက မြန်မြန်ဆန်ဆန်နဲ့ ဝင်ထွက်သွားလာလို့ရမယ်ဆိုရင် လက်ရှိကားခတွေ ပြန်ကျသွားမှာဖြစ်သလို ကုန်စျေးနှုန်း ပြန်ကျသွားမှာပါ” ဟု မူဆယ်အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်ခန့်က သုံးသပ်ပြောကြားသည်။

Most Read

Most Recent