ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် တာဝန်ယူ တာဝန်ခံမှုဟူသည်

ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် တာဝန်ယူ တာဝန်ခံမှုဟူသည်
Published 18 November 2020

ကောင်းမွန်သောအုပ်ချုပ်ရေးတစ်ရပ်တွင် တာဝန်ခံမှုရှိခြင်းသည် အလွန်အရေးကြီးသည့် သဘောတရားတစ်ရပ်ပင်ဖြစ်သည်ဟု အားလုံးလက်ခံထားကြသည်။ တာဝန်ခံမှုရှိခြင်းကို အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုရလျှင် လူပုဂ္ဂိုလ်တစ်ဦးအနေဖြင့် မိမိယူထားသည့် လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ လုပ်ဆောင်ချက်များအတွက် ပြန်လည်ဖြေကြားနိုင်စွမ်းရှိခြင်းနှင့် အများကျေနပ်မှုရစေသော အမှန်တရားအတွက် အာမခံချက်ပေးနိုင်ခြင်းတို့ပါဝင်သည်။ တာဝန်ခံမှုရှိခြင်းသည် ထမ်းဆောင်မည့် အစိုးရအရာရှိများ သို့မဟုတ် အစိုးရအဖွဲ့များအား ၎င်းတို့အနေဖြင့် အများပြည်သူဝန်ဆောင်မှုများနှင့် ပတ်သက်သော အစီအစဉ်များ၌ ငွေကြေးနှင့်ပတ်သက်၍ တန်ဖိုးရှိစွာအသုံးပြုလျက်၊ အစိုးရအဖွဲ့၌ ယုံကြည်ရမှုရှိစွာ ပါဝင်လျက်၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်းအပေါ် ကောင်းစွာတာဝန်ယူလျက် စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နိုင်ရေးသေချာအောင် အကဲဖြတ်ရာ၌ အရေးကြီး၍ သတိဖြင့် စနစ်တကျ ဆုံးဖြတ်စီမံရန်လိုသည်။

အုပ်ချုပ်ရေးနှင့်ပတ်သက်၍ တာဝန်ခံမှုအမျိုးအစားများစွာရှိသည်။ လွှတ်တော်နှင့် တရားစီရင်ရေးကဲ့သို့သော တာဝန်ခံမှုဆိုင်ရာ အင်စတီကျူးရှင်းများသည် အလျားလိုက် တာဝန်ခံမှုကို ပေးရသောအဖွဲ့များဟုဆိုနိုင်သည်။ အလျားလိုက်တာဝန်ခံမှုရှိခြင်းသည် အခြားအစိုးရအေဂျင်စီများနှင့် အစိုးရအဖွဲ့ခွဲများ၏ ခေါင်းပုံဖြတ်မှုများ သို့မဟုတ် အခြားနည်းလမ်းများမှ အစီရင်ခံရန် အေဂျင်စီများအတွက် လိုအပ်ချက်များကို စစ်ဆေးရန် နိုင်ငံတော်အင်စတီကျူးရှင်းများ၏ စွမ်းဆောင်ရည်ပင်ဖြစ်သည်။ နိုင်ငံသားများ၊ လူထုမီဒီယာများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက ဗျူရိုကရက်များနှင့်ပတ်သက်၍ ကောင်းသောစွမ်းဆောင်ရည်ဆိုင်ရာ စံချိန်စံနှုန်းများ ဖြစ်ပေါ်ရေး တွန်းအားပေးရန် ကြိုးပမ်းရာ၌ ဒေါင်လိုက်တာဝန်ခံမှုမှတစ်ဆင့် ဆောင်ရွက်ရသည်။

မိမိအနေဖြင့် တာဝန်ခံမှုရှိသော ယဉ်ကျေးမှုတစ်ရပ်ကို ဖန်တီးလိုပါက မိမိကိုယ်တိုင်နှင့် စတင်ရမည်ဖြစ်သည်။ မိမိအဖွဲ့အစည်း၌ မိမိမြင်လိုသော အမူအကျင့်များကို ပုံစံချမှတ်ရန် လိုအပ်သည်။ မိမိအနေဖြင့် အခြားသူများအား ပေးထားသည့်ကတိများကို တည်စေလိုပါက မိမိကိုယ်တိုင် ယင်းကဲ့သို့ လိုက်နာရမည်ဖြစ်သည်။ တာဝန်ခံမှုလမ်းကြောင်း၌ မိမိကိုယ်တိုင် ရှေ့မှဦးဆောင်လျှောက်ပြရမည်ဖြစ်ပြီး တာဝန်ခံမှုရှိရန် ပါးစပ်မှတဖွဖွ ပြောနေရုံဖြင့် အလုပ်မဖြစ်ပေ။ မိမိအဖွဲ့အစည်း၏ အောင်မြင်မှုများကို ခံစားသကဲ့သို့ပင် မိမိအဖွဲ့အစည်း ၏ ကျရှုံးမှုများအတွက်လည်း မိမိကိုယ်တိုင် တာဝန်ခံရမည်ဖြစ်သည်။ တာဝန်ခံမှုသည် မည်သည့်အလုပ်မဆိုတွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ပြီးသားဖြစ်နေရာ ရှောင်လွှဲရန် ကြိုးပမ်းပါက အဖွဲ့အစည်း၏ နဂိုရှိနှင့်ပြီးသား တာဝန်ခံမှုအဆင့်အတန်းကို ကျဆင်းစေလိမ့်မည်ဖြစ်သည်။

တာဝန်ခံမှုမရှိသူများကို မှားယွင်းနေသည့်အရာများကို တွက်ချက်ဖော်ထုတ်စေကာ ယင်းတို့အား မည်သို့ပြင်ဆင်မည်နည်းဟု မေးမြန်းရမည်ဖြစ်သည်။ တာဝန်ခံမှုဟူသည် အောင်မြင်မှုနှင့် ကျရှုံးမှုတို့အကြား အဆုံးအဖြတ်ပေးသောအရာဖြစ်သည်ကို နားလည်သဘောပေါက်စေရမည်ဖြစ်သည်။ မိမိအနေဖြင့် လူများကို တာဝန်ခံကြရန် ပြောနေရုံသက်သက်ဖြင့်မရပါ။ ၎င်းတို့အား ပြန်လည်စစ်ဆေးသုံးသပ်မှုများ အခါအားလျော်စွာ ပြုလုပ်ရမည်ဖြစ်ပြီး ၎င်းတို့၌ တာဝန်ခံမှုရှိခြင်းကို တည်တံ့အောင် ထိန်းသိမ်းထားပေးနိုင်ရန် လိုအပ်သည်။

မည်သို့ပင်ဆိုစေကာမူ အစိုးရတစ်ရပ်ဖြစ်စေအဖွဲ့အစည်းတစ်ရပ်၌ ဖြစ်စေတာဝန်ခံမှု ရှိသည့် ယဉ်ကျေးမှုတစ်ရပ်ကို ခိုင်မာအောင်တည်ဆောက်ခြင်းက ယင်းအစိုးရနှင့် အဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့် ရလဒ်များအပေါ် စကားပြောပေလိမ့်မည်။

သို့ဖြစ်ရာ ကောင်းမွန်သောအုပ်ချုပ်ရေးအတွက် တာဝန်ယူတာဝန်ခံမှုရှိခြင်းသည် အရေးအကြီးဆုံးသော အချက်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

နိုဝင်ဘာ ၁၉ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent