ဧပြီလနှင့် အပူလျှပ်ခြင်း

ဧပြီလနှင့် အပူလျှပ်ခြင်း
Published 1 April 2024

ယခုအခါ နွေရာသီ၏ အပူဆုံးလတစ်လဖြစ်သော ဧပြီလသို့ ရောက်ရှိလာ‌ခြင်းနှင့်အတူပတ်ဝန်းကျင်အပူချိန်သည် တစ်နေ့ထက်တစ်နေ့ မြင့်တက်၍သာ လာနေလေပြီ။ ပတ်ဝန်းကျင်အပူချိန် မြင့်တက်လာခြင်းနှင့်အတူ အထူးဂရုပြုရမည့် ကျန်းမာရေးအန္တရာယ်တစ်ရပ်မှာ အပူလျှပ်ခြင်း (Heatstroke) ပင် ဖြစ်သည်။ ယင်းသည် အပူကြောင့်ဖြစ်သော ထိခိုက်မှုများထဲတွင် အဆိုးဆုံးဖြစ်သည်။ လူတစ်ဦး၏ ကိုယ်ခန္ဓာအပူချိန် ၁၀၄ ဒီဂရီဖာရင်ဟိုက် (၄၀ ဒီဂရီ စင်တီဂရိတ်) နှင့်အထက်တွင် ဖြစ်ပွားတတ်သည်။ အရေးပေါ်ကုသမှုခံယူရန် လိုအပ်သည့်အခြေအနေမျိုးဖြစ်ပြီး အချိန်မီမကုသနိုင်ပါက ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နှင့် ကြွက်သားများကို ထိခိုက်ပျက်စီးသွားစေနိုင်ပြီး ကုသမှုခံယူရန် နှောင့်နှေးလေလေ ထိခိုက်ပျက်စီးခံရနိုင်ခြေ များလေလေဖြစ်ကာ အသက်ဆုံးရှုံးနိုင်သည်အထိ အန္တရာယ်ရှိသည်။ အပူလျှပ်ခြင်းဖြစ်ပွားရသည့် အကြောင်းရင်းများမှာ (၁) အပူလွန်ကဲသော ပတ်ဝန်းကျင်နှင့် ထိတွေ့ခြင်း၊ (၂) ပြင်းထန်စွာ အလုပ်လုပ်ခြင်း (၃) အဝတ်အစားများ ထူထဲစွာ ဝတ်ဆင်ခြင်း၊ (၄) အရက်သောက်ခြင်း၊ (၅) ဆုံးရှုံးသွားသော ရေဓာတ်များကို ပြန်လည်မဖြည့်ခြင်း အစရှိသည်တို့ဖြစ်သည်။

မည်သူမဆို အပူလျှပ်ခြင်း ဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေ ပို၍မြင့်မားစေသော အချက်များမှာ အသက်အရွယ် (အပူဒဏ်ခံနိုင်စွမ်းသည် ဗဟိုအာရုံကြောစနစ်အပေါ် မူတည်ပြီး ငယ်ရွယ်လွန်းပါက အာရုံကြောစနစ် ကောင်းစွာမဖွံ့ဖြိုးသေးသကဲ့သို့ အသက် ၆၅ နှစ်အထက်တွင်လည်း အာရုံကြောစနစ် ယိုယွင်းပျက်စီးလာသည်။ ထို့ကြောင့် ကလေးများနှင့် သက်ကြီးရွယ်အိုများသည် အပူချိန်ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်နည်းပါးသည်)၊ ပူပြင်းသော ရာသီဥတု၌ ပြင်းထန်စွာလှုပ်ရှားခြင်း (ပူပြင်းသော ရာသီဥတုမှာ ပြင်းထန်သော လေ့ကျင့်ခန်းနှင့် ဘောလုံးကဲ့သို့သော အားကစားများ၌ ပါဝင်ခြင်း)၊ ရုတ်တရက်ပူပြင်းသော ရာသီဥတုနှင့် တွေ့ထိခြင်း (ပူပြင်းသော ဒေသများသို့ ခရီးသွားခြင်းဖြင့် ပူသောရာသီဥတုနှင့် ရုတ်တရက် ထိတွေ့လိုက်ရပြီး အပူဒဏ်နှင့်ဆိုင်သောရောဂါများ ပိုမိုဖြစ်ပွားစေနိုင်သည်)၊ အဲယားကွန်းမရှိခြင်း (ပန်ကာကြောင့် အပူဒဏ် သက်သာနိုင်သော်လည်း တစ်လျှောက်လုံး ပူပြင်းသောရာသီဖြစ်ပါက အဲယားကွန်းသည်သာ အပူကို အထိရောက်ဆုံး လျှော့ချပေးနိုင်သည်)၊ ဆေးဝါးများ (အချို့သော ဆေးဝါးများက ခန္ဓာကိုယ်၏ ရေဓာတ်ထိန်းသိမ်းမှုနှင့် အပူကို တုံ့ပြန်မှုအား ထိခိုက်စေနိုင်သည်။ ရာသီဥတု ပူပြင်းပါက သွေးကြောကျဉ်းစေသော ဆေးများ၊ သွေးကျဆေးများ၊ ဆီးဆေးများနှင့် စိတ်ကျရောဂါအတွက် သုံးသောဆေးများကို သတိထား သုံးစွဲသင့်သည်) အစရှိသည်တို့ ဖြစ်သည်။ ၎င်းအပြင် အဝလွန်သူများ၊ ယခင်က အပူလျှပ်ခြင်း ဖြစ်ဖူးသူများနှင့် နာတာရှည်ရောဂါများဖြစ်သည့် နှလုံး (သို့မဟုတ်) အဆုတ် ရောဂါခံစားနေရသူများမှာ အပူလျှပ်ခြင်း ဖြစ်နိုင်ခြေပိုများသည်။

အပူလျှပ်ခြင်း၏ ရောဂါလက္ခဏာများမှာ ကိုယ်ပူချိန်တက်ခြင်း (ကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၄၀ ဒီဂရီစင်တီဂရိတ်နှင့်အထက်သည် အပူလျှပ်ခြင်း၏ အဓိကလက္ခဏာဖြစ်သည်)၊ စိတ်အခြေအနေပြောင်းလဲခြင်း (စိတ်ရှုပ်ထွေးခြင်း၊ စကားမပီခြင်း၊ စိတ်ဆိုးလွယ်ခြင်း၊ ကယောင်ကတမ်းဖြစ်ခြင်း၊ တက်ခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်ပွားနိုင်သည်)၊ ချွေးထွက်မှုပုံစံပြောင်းခြင်း (ရာသီဥတုပူ၍ ဖြစ်ပွားသော အပူလျှပ်ခြင်း၌ အရေပြားသည် ပူ၍ခြောက်သွေ့နေတတ်ပြီး လေ့ကျင့်ခန်းကြောင့် ဖြစ်ပွားပါက အရေပြားသည် စိုစွတ်နေတတ်သည်)၊ ပျို့ခြင်းနှင့် အော့အန်ခြင်း၊ အရေပြားနီမြန်းလာခြင်း၊ အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်းနှင့် ခေါင်းကိုက်ခြင်းတို့ဖြစ်သည်။

အပူလျှပ်ခြင်း ဖြစ်ပွားသူအား အိမ်၌ကုသ၍ မလုံလောက်နိုင်ပါ။ ရောဂါလက္ခဏာ များပြားပါက အရေးပေါ် ဆေးကုသမှု ခံယူရမည်ဖြစ်သည်။ အရေးပေါ်ကုသမှု မပြုနိုင်မီ အပူလွန်ကဲသူအား အေးသွားစေရန် ချက်ချင်းဆောင်ရွက်ရမည်။ အရိပ်ထဲ (သို့မဟုတ်) အဲယားကွန်းရှိသောနေရာ (သို့မဟုတ်) အိမ်ထဲသို့ ခေါ်လာပါ။ ထူထဲသော အဝတ်များကို ချွတ်ပစ်ပါ။ ဖြစ်နိုင်သော နည်းလမ်းများဖြင့် အအေးပေးပါ။ ရေအေးဖြင့် ရေချိုးပေးခြင်း (သို့မဟုတ်) ရေပတ်တိုက်ပေးခြင်းများ ပြုလုပ်ပါ။ ရေငွေ့ပန်ကာဖြင့် အအေးပေးခြင်း၊ ရေခဲကပ်ခြင်း၊ ဦးခေါင်း၊ လည်ပင်း၊ ချိုင်း၊ ပေါင်ခြံတို့အား ရေစိုဝတ်ဖြင့် အုပ်ပေးခြင်းတို့ ပြုလုပ်ပေးပါ။ ရေဓာတ်ပြန်လည်ဖြည့်တင်းရန် ရေများများသောက်ပါ။ ချွေးထွက်များပါက ဆားဓာတ် ဆုံးရှုံးနိုင်သဖြင့် ဓာတ်ဆား ပြန်သောက်ပေးပါ။ သကြား (သို့မဟုတ်) အရက်ပါသည့် အဖျော်ယမကာများနှင့် ရေခဲရေကို ရှောင်ပါ။ ယင်းတို့သည် ခန္ဓာကိုယ်၏ အပူချိန် ထိန်းသိမ်းမှုကို အနှောင့်အယှက်ပေးနိုင်သည်။ ဆေးရုံဆေးခန်းသို့ အမြန်ဆုံးခေါ်သွားပါ။ အပူချိန်လျှော့ချလိုက်ခြင်းကြောင့် တုန်လာပါက Benzodiazepine ကဲ့သို့ ဆေးများပေး၍ တုန်ခြင်းကို တားဆီးနိုင်သည်။ ချမ်း၍တုန်ခြင်းသည် ခန္ဓာကိုယ်အပူချိန် တက်စေပြီး ကုသမှုကို ထိရောက်မှု နည်းစေနိုင်သည်။

 

မည်သို့ပင်ဆိုစေကာမူ ပတ်ဝန်းကျင် အပူချိန်ပြင်းထန်သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် အပူလျှပ်ခြင်းအန္တရာယ်ကို အထူးသတိပြုကြပါရန် The Daily Eleven သတင်းစာက နှိုးဆော်အပ်ပါသည်။

 

■ဧပြီ ၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent