NLD ပါတီ အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကို  ၁၉၄၇  ပင်လုံသဘောတူညီချက်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ အကြောင်းပြန်

NLD ပါတီ အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးကို  ၁၉၄၇  ပင်လုံသဘောတူညီချက်နှင့်အညီ လက်တွေ့အကောင်အထည်ဖော်ရန် ကချင်ပြည်နယ် ပြည်သူ့ပါတီ အကြောင်းပြန်
Published 18 November 2020
ဉာဏ်လင်းထွန်း

NLD ပါတီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးကို ၁၉၄၇ ပင်လုံစာချုပ်  သဘောတူညီချက်နှင့် အညီ လက်တွေ့အကောင်အထည်ဖော်ရန် လိုလားသည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက ပေးပို့သည့်စာနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) က အကြောင်းပြန်ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်မည်ဟု မျှော်လင့်ကြောင်း နိုဝင်ဘာ ၁၂ ရက်က ပေးပို့သည့်အကြောင်းကြားစာအပေါ် အထက်ပါအတိုင်း အကြောင်းပြန်ခြင်းဖြစ်သည်ဟု KSPP ပါတီက ထုတ်ပြန်သည်။

“ ၁၉၄၇ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို အကောင်အထည်ဖော်ဖို့ပဲ လိုတယ်။ လက်တွေ့ လုပ်ပြဖို့ လိုတယ်။ ထောက်ခံတာ မထောက်ခံတာထက် အဓိကက လက်တွေ့လုပ်ပြမှပဲ အယုံအကြည်ရှိပါမယ်” ဟု ကချင်ပြည်နယ်ပြည်သူ့့ပါတီ ပြောရေးဆိုခွင့်ရှိသူ ပါတီဒုတိယ ဥက္ကဌ (၂) ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

“နောင်အဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့် ခေါင်းစဉ်ဖြင့် စာပိုဒ် သုံးပုဒ် ဖော်ပြပါရှိသော အကြောင်းကြားစာကို NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီထံ နိုဝင်ဘာ ၁၂ ရက်က ပေးပို့ခဲ့သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပြည်နယ်အချို့ရှိ တိုင်းရင်းသားပါတီများသည် ကျေနပ်ဖွယ်ရလဒ် ရရှိခဲ့သော် လည်း အချို့ ပါတီများသည် ရည်မှန်းသည့်အတိုင်း ဖြစ်မလာသည်ကို သိရှိရပြီး မည်သည့် အခြေအနေဖြစ်စေ ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဆက်လက်ကြိုးပမ်းမည်ဟု NLD ပါတီ၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

သို့ဖြစ်ရာ NLD ပါတီ ရည်မှန်းချက်များနှင့် တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များ  တူညီကြသည် ဖြစ်ရာ ပါတီ အ နေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်နှင့် ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးတွင် ပူးပေါင်းပါဝင်ရန် အိတ်ဖွင့်ပေးစာတွင် ဖော်ပြပါရှိ သည်။

NLD ပါတီ ပေးစာကို နိုဝင်ဘာ ၁၇ ရက်တွင် လက်ခံရရှိပြီးနောက် နိုဝင်ဘာ ၁၈ ရက်နေ့စွဲဖြင့် ပြန်လည်အကြောင်းပြန်ကြားမှုကို KSPP ပါတီက ပါတီ Facebook စာမျက်နှာတွင် ထုတ်ပြန်သည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအရေးအတွက် ပူးပေါင်းပါဝင်ရန် NLD ပါတီ၏ ဖိတ်ခေါ်မှုအပေါ် ပူးပေါင်းပါဝင်ခြင်း၊ မပါဝင်ခြင်းမှာ လက်တွေ့ ဆောင်ရွက်ချက်များအပေါ်သာ မူတည်မည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ပြောရေးဆိုခွင့်ရှိသူ ကွမ်ဂေါင်အောင်ခမ်းက ဆိုသည်။

“၁၉၄၇ ခုနှစ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတကွ ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို အကောင်အထည်ဖော်ဖို့ပဲ လိုတယ်ဆိုတဲ့ဟာကို တင်ပြလိုပါတယ်။ စာကတော့ ရေးလို့ရတယ်လေ။ ဘယ်လိုပဲ ရေးရေး၊ ဘယ်လိုပဲ ပြောပြော ရတယ်။ ဒါပေမဲ့ လက်တွေ့မရှိတဲ့ဟာတွေ ကျွန်တော်တို့ အယုံအကြည် မရှိဘူး” ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ် ပြည်သူ့ပါတီသည် ကချင်နိုင်ငံရေးပါတီ လေးခု ပေါင်းစည်းတည်ထောင်ထားသည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် လေးနေရာ အနိုင်ရခဲ့သည်။

တိုင်းရင်းသားပါတီ ၄၈ ပါတီထံ ပေးစာကို တစ်ပါတီချင်းစီ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ပေးစာနှင့်ပတ်သက်၍ ပါတီများအနေဖြင့် လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိသည်ဟု NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲမတိုင်မီမှာ အပေးအယူလုပ် ညှိနှိုင်းတာတွေ ကျွန်တော်တို့ မလုပ်ပါဘူး။ သို့သော် နဂိုတည်းက ပြောထားပါတယ်။ ရွေးကောက်ပွဲပြီးလို့ လွှတ်တော်ထဲ ရောက်လာတဲ့အခါမှာ အားလုံး ဘုံရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားရာမှာတော့ မဟာမိတ်တွေအဖြစ် လက်တွဲကြမယ်ဆိုတာ ထပ်လောင်းအတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

 

Most Read

Most Recent