တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများ ဆောင်ရွက်မည် ဖြစ်သော်လည်း အစိုးရဖွဲ့မည့်ကိစ္စ ပြော၍မရသေးဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား

တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများ ဆောင်ရွက်မည် ဖြစ်သော်လည်း အစိုးရဖွဲ့မည့်ကိစ္စ ပြော၍မရသေးဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ပြောကြား
Published 17 November 2020
ပြည့်ဖြိုးအောင်

တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးမှုများ ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အစိုးရဖွဲ့မည့်ကိစ္စနှင့် ပတ်သက်၍မူ ပြော၍မရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်၏ သတင်းစာရှင်းလင်းပွဲကို Zoom Application ဖြင့် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အစိုးရဖွဲ့စည်းရာ၌ တိုင်းရင်းသားပါတီများနှင့် ဆွေးနွေးဆောင်ရွက်ရန် ရှိ၊ မရှိ မေးမြန်းမှုနှင့် ပတ်သက်၍ ၎င်းက ထိုသို့ ပြောကြားခြင်း ဖြစ်သည်။

“တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတာက ဆွေးကိုဆွေးနွေးမှာပါ။ အဲဒါကတော့ သေချာပါတယ်။ အစိုးရဖွဲ့သွားမယ်ဆိုတဲ့ စကားကတော့ ကျွန်တော် ပြောလို့မရသေးပါဘူး။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးပြီးတော့ ကျွန်တော်တို့က ဘယ်လို အကောင်းဆုံးဖြစ်လာနိုင်မလဲ ဆိုတာတော့ ကျွန်တော်တို့ ဆောင်ရွက်နိုင်မှာပေါ့။ ခုနကပြောလိုက်တဲ့ ခင်ဗျားတို့ ကျွန်တော်တို့ ပြောနေတဲ့ ခင်ဗျားတို့မေးတဲ့ မေးခွန်းအဓိပ္ပာယ်ကို ကျွန်တော်သိပါတယ်။ ခုနကလည်း ကျွန်တော် ပြောပြီးပါပြီ။ ဒါတွေက အသေးစိတ် ဆွေးနွေးရမယ့်ဟာတွေ ဖြစ်ပါတယ်”ဟု NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီတွင် တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းထားပြီး အဆိုပါ ကော်မတီသည် တိုင်းရင်းသားများ ဖြစ်လိုသောကိစ္စနှင့် ၎င်းတို့၏ ဦးစားပေးဆန္ဒများကို သိရှိအောင် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် NLD ပါတီ၏ ဦးစားပေးလုပ်ငန်းများနှင့် ရည်မှန်းချက်များကို တိုင်းရင်းသားများ သိရှိအောင် ပြောပြရမည် ဖြစ်ပြီး ကြားကာလထဲတွင် တွေ့ဆုံဆွေးနွေးညှိနှိုင်း အဖြေရှာရန်ရှိကြောင်းလည်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင် က ပြောကြားသည်။

NLD ပါတီက ဖွဲ့စည်းထားသော တိုင်းရင်းသားကော်မတီသည် တိုင်းရင်းသားများ၏ ဆန္ဒများနှင့် ၎င်းတို့၏ အရေးအရာကိစ္စများ၊ ၎င်းတို့၏ ဘာသာစကား စသည်ဖြင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ အဆိုပါကော်မတီကို လွှဲထားပြီးသား ဖြစ်ကြောင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားသည်။

NLD ပါတီက နိုဝင်ဘာ ၁၂ ရက်တွင် နောင်အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ဟူသော အကြောင်းအရာဖြင့် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ပတ်သက်သော စာတစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါစာတွင် မည်သည့် အခြေအနေသို့ ရောက်ရှိသည်ဖြစ်စေ NLD ပါတီအနေဖြင့် နောင်အနာဂတ်၌ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် မမှိတ်မသုန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားနိုင်ငံရေးပါတီများ၏ ရည်မှန်းချက်များသည် NLD ပါတီ၏ ရည်မှန်းချက်များနှင့် တူညီသည်ဖြစ်ရာ NLD ပါတီအနေဖြင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများ အနေဖြင့်လည်း NLD ပါတီက ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း NLD ပါတီ၏ စာတွင် ဖော်ပြခဲ့သည်။

Most Read

Most Recent