၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၈ သန်းရှိသည့်အနက် ၂၇ သန်း မဲပေးခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ၃၈ သန်းရှိသည့်အနက် ၂၇ သန်း မဲပေးခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား
Published 17 November 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်အရေအတွက် ၃၈ သန်းရှိသည့် အနက် မဲလာပေးသူ ၂၇ သန်းရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၀ ကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်မှု၊ ရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ရေး ဆောင်ရွက်ခဲ့မှုများနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့်တွေ့ဆုံမေးမြန်းမှုကို နိုဝင်ဘာ ၁၇ ရက်ထုတ် နိုင်ငံပိုင်သတင်း စာများတွင် ဖော်ပြခဲ့ပြီး ၎င်းက ထိုသို့ထည့် သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ 

“လာရောက်မဲပေးတဲ့ ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော်ပါတယ်။ ဒီလောက် ရာခိုင်နှုန်းအရင်က မရခဲ့သေးပါဘူး” ဟု ဦးလှသိန်းက ပြောကြားသည်။

လက်ရှိရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိ သူထက် လာရောက် မဲပေးသောမဲဆန္ဒရှင်က ပိုများကြောင်း သတင်းများနှင့် ပတ်သက်၍ ရွေးကောက်ပွဲရလဒ်ကြေညာနေစဉ် မဲဆန္ဒရှင်စာရင်း ၃၇ သန်းကျော်ရှိပြီး မဲလာပေးသူ ၃၉ သန်းကျော်ရှိသည်ဆိုသော သတင်းမှာ သတင်းအမှားဖြစ်သည်ဟု ဦးလှသိန်းက ရှင်းလင်းပြောကြားသည်။

“တကယ့် သတင်းအမှန်ကတော့ မဲဆန္ဒရှင်စာရင်းအရေအတွက်က ၃၈ သန်းပဲ ရှိပါတယ်။  မဲလာပေးတဲ့ မဲဆန္ဒရှင်က ၂၇ သန်းဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်တွင် ဆန္ဒ မဲပေးခွင့်ရှိသူထက် မဲပေးသူအရေအတွက် များပြားနေကြောင်း ရုံးစာတစ်စောင် Online ပေါ်ပျံ့နှံ့ခဲ့မှု၊ သာကေတမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ၎င်း၏ Facebook စာမျက်နှာတွင် တင်ထားသည့် မဲပေးခွင့်ရှိသူ အရေအတွက်နှင့် မဲရလဒ်အကြား ကွာဟမှု ရှိကြောင်းအပါအဝင် မြို့နယ်အချို့တွင်ဆန္ဒ မဲပေးခွင့်ရှိသူနှင့် မဲရလဒ်ကြား ကွာဟမှုရှိ ကြောင်း လူမှုကွန်ရက်အကောင့်အချို့က ဓာတ်ပုံမှတ်တမ်းများနှင့် ဝေဖန်ထောက်ပြမှု အချို့ ရှိခဲ့သည်။

ချင်းပြည်နယ် တွန်းဇံမြို့နယ်ရှိ ဆန္ဒမဲ အရေအတွက် မကိုက်ညီမှုမှာ ကွန်ပျူတာ Excel မှားယွင်းမှုဖြစ်ကြောင်း ပြည်နယ်ရွေး ကောက်ပွဲကော်မရှင်က ပြန်လည်ရှင်းလင်း ခဲ့ပြီး သာကေတမြို့နယ် မဲရလဒ်ကွာဟမှုမှာ ပါတီဘက်မှ မဲရေတွက်စဉ် လိုက်လံတွက် ချက်ထားသည့် မဲရလဒ်ဖြစ်နိုင်ပြီး ကော်မရှင်ဘက်မှ ထုတ်ပြန်ချက်မဟုတ်ဟု ယင်းမြို့နယ် ကော်မရှင်ဥက္ကဋ္ဌက ပြောကြားထား သည်။

နိုဝင်ဘာ ၈ ရက် အထွေထွေရွေး ကောက်ပွဲအပြီး ထုတ်ပြန်သည့် ၂၀၂၀ ပြည့် နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲဆိုင်ရာအချက်အလက်များတွင် မဲဆန္ဒရှင် စုစုပေါင်း ၃၇ သန်း နှစ်သိန်းကျော်ဟု ပါရှိ သည်။  သို့သော် ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ပြောကြားသည့် မဲဆန္ဒရှင် ၃၈ သန်းတွင် တပ်မတော်သားနှင့်အတူနေ မိသားစုဝင် များ၏အရေအတွက်ကို ထည့်သွင်းပြော ကြားမှုမရှိ၍ တပ်မတော်သားနှင့် အတူနေ မိသားစုဝင်များ၏ မဲစာရင်းမည်မျှရှိသည်ကို မသိရပေ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် ယခင် အထွေထွေရွေးကောက်ပွဲများထက် မဲပေးခွင့်ရှိသူဦးရေ ပိုမိုများပြားသလို မဲပေးသူဦးရေလည်းများပြားသည်ကို ကော်မရှင် ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၃၄ သန်းကျော်ရှိပြီး မဲပေးသူ ၂၃ သန်းကျော်ရှိကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၂၉ သန်းကျော် ရှိပြီး မဲပေးသူ ၂၂ သန်းကျော်ရှိခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

လက်ရှိတွင် သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ် ၁၁၁၇ ဦး၏ ရလဒ်များ ကိုကြေညာပြီးဖြစ်၍ ၄၅ ရက်အတွင်း ရွေး ကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ တရားမဲ့ ပြုကျင့်မှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားနိုင် သည်ဟု ကော်မရှင်ဥက္ကဋ္ဌက ဆိုသည်။

“ယခုအချိန်အထိတော့ ကျွန်တော်တို့ လက်ဝယ်ကို တိုင်ကြားစာတစ်စောင်မှ ရရှိ ခြင်းမရှိသေးပါဘူး” ဟု ဦးလှသိန်းက ပြောကြားသည်။

ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒ တစ်ထပ်တည်း ကျ၊ မကျ ကာယကံရှင် မဲ ဆန္ဒရှင် ပြည်သူများ၏ အဆုံးအဖြတ်ဖြစ်ပြီး ပြည်တွင်းပြည်ပမှ မဲဆန္ဒရှင်များ စိတ်အား ထက်သန်စွာ၊ နိုင်ငံသားတာဝန်ကျေပွန်စွာ ကူညီဆောင်ရွက်ပေးခဲ့၍ ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။             

 

 

Most Read

Most Recent