COVID-19 နှင့် အတူယှဉ်တွဲနေထိုင်ခြင်းနှင့် စီးပွားရေးအရ ပြန်လည်ဖွင့်လှစ်သင့်သည့်လုပ်ငန်းများ

COVID-19 နှင့် အတူယှဉ်တွဲနေထိုင်ခြင်းနှင့် စီးပွားရေးအရ ပြန်လည်ဖွင့်လှစ်သင့်သည့်လုပ်ငန်းများ
စက်မှုတက္ကသိုလ်မှ ကျောင်းသူကျောင်းသားဟောင်းကြီးများက သန်လျင်မြို့နယ်တွင် မရှိနွမ်းပါးသူများအား အိမ်တိုင်ရာရောက် ဆန်များထောက်ပံ့လှူဒါန်းနေစဉ်
စက်မှုတက္ကသိုလ်မှ ကျောင်းသူကျောင်းသားဟောင်းကြီးများက သန်လျင်မြို့နယ်တွင် မရှိနွမ်းပါးသူများအား အိမ်တိုင်ရာရောက် ဆန်များထောက်ပံ့လှူဒါန်းနေစဉ်
Published 15 November 2020
နီလာ

ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် HIV ဗိုင်းရပ်စ်နှင့် ဆက်လက်နေထိုင်ရသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်နှင့် နေထိုင်ရန် သင်ယူရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၄ ရက်ကတည်းက သတိပေးခဲ့သည်။

COVID-19 ကာကွယ်ဆေးကိုရရှိခဲ့ပါက ကမ္ဘာ့နိုင်ငံများအတွက် Lockdown များ ပြန်လည်ရုပ်သိမ်းရန် အထောက်အကူပြုမည်ဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်သူများကိုလည်း ဒေါ်လာသန်းပေါင်းများစွာ ရရှိစေနိုင်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်သည် လုံးဝပျောက်ကွယ်သွားဖွယ်မရှိဟု WHO က ပြောကြားခဲ့သည်။

“ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် နောက်ထပ် ကပ်ဘေးအဆင့် ဗိုင်းရပ်စ် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီဗိုင်းရပ်စ်က ပျောက်သွားတယ်ဆိုတာမျိုးလည်း ဘယ်တော့မှဖြစ်လာနိုင်ဖွယ် မရှိပါဘူး” ဟု WHO ၏အရေးပေါ်စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်၏ တွယ်ကပ်နေနိုင်သည့်အလားအလာသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးတို့အကြား အတိမ်းအစောင်းမခံသည့် မျှခြေတစ်ရပ်ကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ရှာဖွေရန် ဖြစ်လာစေခဲ့သည်။

(၁)

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာအရေအတွက် မြင့်တက်လာချိန်၌ စက်ရုံအလုပ်ရုံများ ပိတ်ထားခဲ့ရပြီး လက်ရှိအချိန်တွင် စက်ရုံအများစု ပြန်လည်ဖွင့်လှစ် လည်ပတ်နေပြီဟု သိရသည်။

“ ပြန်ဖွင့်တယ်ဆိုတာက အလုပ်ရှင်တွေရဲ့အခြေအနေအပေါ် မူတည်တယ်။ ကျွန်မတို့ကတော့ စက်ရုံကို ကျန်းမာရေး လမ်းညွှန်ချက်တွေအရ ဆင်းစစ်လို့ မညီညွတ်တဲ့ စက်ရုံတွေကို ယာယီပိတ်မယ်။ ပိတ်ပြီးတော့ အမြန်ဆုံးပြုပြင်ပြီး ပြန်လည်ဖွင့်လှစ်မယ်။ ဒါမှသာ လုပ်ငန်းခွင်တည်မြဲရေးနဲ့ အလုပ်အကိုင်လည်း ပေးနိုင်မှာပေါ့နော်” ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က နိုဝင်ဘာ ၁၄ ရက်က ပြောကြားသည်။

COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်း၏ သက်ရောက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ ၁၄ ရက်နှင့် အမိန့်အမှတ်- ၁၁၃/၂၀၂၀ အရ ထပ်တိုးခဲ့သည့် အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ နောက်ထပ် ၁၄ ရက်ကာလတို့ကို ကုန်ကြမ်းယူ၊ ကုန်ချောပေးလုပ်ငန်း ဆောင်ရွက်ကြသော (CMP) စက်ရုံ၊ အလုပ်ရုံများ ယာယီရပ်နားထားကြသည်။

သို့သော် အောက်တိုဘာ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၂၄/၂၀၂၀ အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားခြင်း ရှိ/မရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့က စနစ်တကျ စိစစ်ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိကြောင်း စစ်ဆေးတွေ့ရှိပါက ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစား (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများအနေဖြင့် အောက်တိုဘာ ၁၂ ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရခဲ့သည်။

အဆင့် B ရရှိထားသည့်စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများကို အွန်လိုင်းမှစစ်ဆေးမှုများ ဆောင်ရွက်နေပြီး လိုအပ်ချက်ရှိသည့် စက်ရုံများကို မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ရှောင်တခင်ပြုလုပ်လျက်ရှိသည်။

“ လောလောဆယ်မှာတော့ ကျွန်မတို့က အွန်လိုင်းကနေ စစ်ဆေးရေးကို ဆောင်ရွက်တယ်။ ဒါကြောင့်မို့ ပြန်ဖွင့်နေတဲ့ အခြေအနေဆိုတာက အလုပ်ရှင်တွေရဲ့ အခြေအနေတွေအပေါ်မှာ မူတည်တယ်။ သူတို့ဖွင့်နေတဲ့အခြေအနေတွေအပေါ်မှာ ကျွန်မတို့က ဖွင့်ရေးစစ်ရေးမှသာ ကျွန်မတို့လိုချင်တဲ့ အခြေအနေမျိုးကို အနီးစပ်ဆုံးစစ်နိုင်မှာဖြစ်တဲ့အတွက် တော်တော်များများ ဖွင့်လှစ်ဆောင်ရွက်နေကြတယ်။ ဒါကအလုပ်ရှင်တွေရဲ့ သူတို့မှာရှိနေတဲ့ Buyer ရယ် နောက်ပြီး အော်ဒါရယ် အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဖွင့်လှစ်ဆောင်ရွက်နေပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က နိုဝင်ဘာ ၁၄ ရက်က ပြောကြားသည်။

စက်ရုံ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စစ်ဆေးမှုများအနက် လက်ရှိအချိန်အထိ ပိတ်သိမ်းလိုက်ရသည့် စက်ရုံ မရှိသေးဘဲ အဆိုပါစက်ရုံအများစုသည် လုပ်သားအင်အားများပြားသည့်လုပ်ငန်းများဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဟု သိရသည်။

“ အဲဒီဟာက မြေပြင်မှာ ကျန်းမာရေးအဖွဲ့က စစ်နေတာတွေရှိပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ  မြေပြင်မှာစစ်ဆေးမှုသွားနေရတဲ့ စက်ရုံ အလုပ်ရုံတွေလည်း ရှိပါတယ်။ အစ်မတို့အခု Zoom နဲ့ စစ်တဲ့ဟာမှာလည်း ကျန်းမာရေးက ပါဝင်ပြီးတော့စစ်ပါတယ်။ အဲဒီအပေါ်မှာ ကျွန်မတို့ Zoom နဲ့စစ်နေတဲ့  အပေါ်မှာလည်း ပိတ်လိုက်ရတဲ့ စက်ရုံမျိုးတော့မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့စစ်ဆေးခံနိုင်ပြီဆိုပြီးတော့ အကြောင်းကြားကတည်းက ပြုပြင်ပြီးစစ်တာပေါ့။ ဒါပေမဲ့ လိုအပ်ချက်တွေကတော့ စက်ရုံတိုင်းတော့ မရှိဘူး။ အမြဲတမ်း ပြည့်စုံနေတယ်တော့ မရှိပါဘူး။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း စက်ရုံအလုပ်ရုံတွေနဲ့ ပတ်သက်ရင် လုပ်သားအင်အားများတဲ့ ကိစ္စရပ်တွေဖြစ်တဲ့အတွက် အခါအားလျော်စွာတော့ သူတို့ထုတ်ပြန်ချက်တွေ အမြဲတမ်းရှိနေတဲ့အတွက် ပြုပြင်မွမ်းမံရေးကို အချိန်တိုင်းမှာ ဆောင်ရွက်နေကြပါတယ်” ဟု ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

(၂)

ကုလသမဂ္ဂ၏ အလုပ်သမားရေးရာ အေဂျင်စီဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုသည် ယခင်ထင်ထားသည်ထက် ပိုမိုဆိုးရွားနေပြီး  အလုပ်အကိုင် သန်းချီဆုံးရှုံးမှုနှင့်အတူ အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် အလွန်အမင်းကြီးမားနေကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် အလုပ်ချိန်များ ကျဆင်းမှုသည် ယခင်နှစ် ဒီဇင်ဘာနှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့် နှစ်ဝက်တွင် ၁၇ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အချိန်ပြည့်အလုပ်အကိုင်သန်း ၅၀၀ နီးပါး ဆုံးရှုံးမှုနှင့် ညီမျှကြောင်း ILO က လေ့လာမှုအသစ်တွင် တွေ့ရှိခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အလုပ်အကိုင် သန်း ၁၀၀ ခန့် ဆုံးရှုံးနိုင်ကြောင်း ILO က ဇွန်လတွင် ထုတ်ပြန်သော ခန့်မှန်းချက်၌ ‌ဖော်ပြခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းသည့် စက်ရုံ ၅၆ ရုံအပါအဝင် ယာယီပိတ်သိမ်းခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့်စက်ရုံ ၁၇၃ ရုံရှိကာ အလုပ်သမား ၄၁၃၉၅ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က သြဂုတ် ၃၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြောကြားထားသည်။

“ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ အပြီးပိတ်သိမ်းထားတဲ့ စက်ရုံပေါင်း ၅၆ ရုံအပါအဝင် ယာယီပိတ်သိမ်းခြင်းနဲ့ အင်အားလျှော့တဲ့စက်ရုံအလုပ်ရုံပေါင်း ၁၇၃ ရုံရှိပါတယ်။ ဒီ ၁၇၃ ရုံမှာ အလုပ်သမားများ ၄၁၃၉၅ ဦး အလုပ်လက်မဲ့ ဖြစ်ခဲ့ရတာဖြစ်ပါတယ်။ သို့သော် အလုပ်လက်မဲ့ဖြစ်သွားတဲ့အလုပ်သမားများသည် မိမိတို့ အသက်ရှင်နေထိုင်ရေးနဲ့ အလုပ်အကိုင် ပြန်လည်ရရှိနိုင်ရေးအတွက် အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနက ကပ်ထားကြော်ငြာ ပေးထားတဲ့စက်ရုံအလုပ်ရုံများမှာ ပြန်လည်လျှောက်ထားဆောင်ရွက်နေတဲ့ အလုပ်သမားအများအပြားရှိနေပြီဖြစ်တယ်ဆိုတာ ဖြေကြားလိုပါတယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယခုလကုန်မှစပြီး အလုပ်သမားလျှော့ချခြင်း၊ ယာယီပိတ်ခြင်းနှင့်အပြီး ပိတ်သိမ်းမည့်စက်ရုံ ၂၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၂၃ ရက်က ပြောကြားသည်။

“ စက်ရုံကပိတ်သိမ်းဖို့ တင်ပြထားတာ ၂၂၃ ရုံရှိတယ်။ အဲဒါက ယာယီပိတ်တာ၊ အပြီးပိတ်တာရယ်၊ လုပ်သားအင်အား လျှော့တာပါတယ်။ အပြည့်အဝပိတ်သိမ်းမယ့် စက်ရုံ ၅၃ ရုံ၊ အင်အားလျှော့စက်ရုံ ၁၄၆ ရုံ၊ ကျန်တာကတော့ ယာယီပိတ်တာ၊ အဲဒါတွေက ဒီလကုန်ပိတ်သိမ်းဖို့တင်ပြထားတဲ့စက်ရုံတွေ စာရင်းဖြစ်တယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ အထည်ချုပ်စက်ရုံလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

ယင်းကဲ့သို့ လုပ်သားအင်အား လျှော့ခံရသူများအား နေ့ချင်းပြီး အလုပ်သမားကတ်များကို ဆောင်ရွက်ပေးမည်ဖြစ်ပြီး အခြားစက်ရုံများက လူခေါ်ပါက ဦးစားပေး လျှောက်ထားမှုများပြုလုပ်ပေးမည်ဟု သိရသည်။

“ လုပ်သားအင်အား အတိအကျပြောဖို့က နည်းနည်းတော့ ခက်တယ်။ ဒီနေ့အလုပ်ကနေ ယာယီရပ်နား၊ ဒီအလုပ်မှာပြန်ဆင်းဖို့ အပြီးပိတ်သိမ်းပြီဆိုရင် လုပ်သားတွေက စားဝတ်နေရေးအတွက် ချက်ချင်း အလုပ်ပြန်ရှာရတာဆိုတော့ ပြန်ပြီးအလုပ်ရသွားလို့လည်း လည်ပတ်နေတာရှိတယ်။ လုပ်သားအင်အားက စာရင်းအရကြည့်မယ် ဆိုရင် ၄၀၀၀၀ ကျော် ၅၀၀၀၀ ကျော်မှာရှိတယ်လို့ပြောလို့ရတယ်” ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ဆိုသည်။

“ အလုပ်သမားစုစုပေါင်းအရတော့ ၄၀၀၀၀ ကျော်လောက် ဆက်ပြီးတော့ အလုပ်လက်မဲ့ဖြစ်သွားမယ့် အနေအထားလို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ ဒါက Informal Sector တွေမပါသေးဘူး။ Formal Sector တွေပဲရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က ဒီ Informal Sector တွေကိုပါ ထည့်တွက်မယ်ဆိုရင် အနည်းဆုံးတော့ အလုပ်သမား သိန်းဂဏန်းဝန်းကျင်ခန့်လောက်တော့ အလုပ်လက်မဲ့ ဖြစ်သွားမယ့် အနေအထားလို့ သုံးသပ်ရမယ်ခင်ဗျ” မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်း ပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS) အထွေထွေ အတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားထားသည်။

COVID-19 ဒုတိယလှိုင်းတွင် ပိတ်သိမ်းမည့်စက်ရုံ ၅၃ ရုံ၊ အင်အားလျှော့သည့် စက်ရုံ ၁၄၆ ရုံသာရှိပြီး လတ်တလောတွင် ထပ်မံတင်ပြထားသည့် စက်ရုံမရှိသေးကြောင်း သိရသည်။

ကျန်းမာရေးအရ မဖြစ်မနေလိုအပ်လာသဖြင့် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့်အညီ လုပ်ကိုင်နိုင်ရန် အလုပ်ရှင်များက ဖြည့်ဆည်းပေးသကဲ့သို့ အလုပ်သမားထုကလည်း တိကျစွာလိုက်နာဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ အလုပ်ရှင်၏ဖြည့်ဆည်းထားချက်တွင် လိုအပ်ချက်ရှိကောင်းရှိနိုင်သော်လည်း  အလုပ်ရှင်နှင့် အလုပ်သမားကြား အမြန်ဆုံး ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဖြည့်ဆည်းပေးခြင်းဖြင့် လုပ်ငန်းခွင် တည်မြဲရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို ဦးတည်ပြီး ဆောင်ရွက်နေကြောင်း ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က နိုဝင်ဘာ ၁၄ ရက်က ဆိုသည်။

(၃)

COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန်အတွက် အစိုးရက CMP စက်ရုံ၊ အလုပ်ရုံများကို အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၂၁ ရက်အထိ ယာယီပိတ်သိမ်းရန်ညွှန်ကြားခဲ့ပြီး လက်ရှိတွင် သတ်မှတ်ထားသည့် ကာလကျော်လွန်ပြီဖြစ်သည့်အတွက် ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်အချို့တွင် CMP စက်ရုံ၊ အလုပ်ရုံ အားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း လှိုင်သာယာစက်မှုဇုန်ကော်မတီ အမှုဆောင်အရာရှိ ဦးအောင်ကျော်ဦး၏ ပြောကြားချက်အရ သိရသည်။

အလားတူ တောင်ဒဂုံစက်မှုဇုန် (၃) ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက “ အခုတော့ အကုန်နီးပါးပေါ့။ ရာခိုင်နှုန်း ၉၀ လောက်တော့ ပြန်ဖွင့်နေကြပါပြီ။ ပြန်ဖွင့်တဲ့ထဲမှာတော့ ပိုးတွေ့တာမရှိသေးပါဘူး” ဟု ပြောကြားထားသည်။

ထို့ပြင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်တွင် တရားဝင် ဖွင့်ခွင့်ရသည့် စက်ရုံ ၈၀ ကျော်ရှိပြီး အကုန်နီးပါး ပြန်မဖွင့်သေးကြောင်း၊ ပြန်ဖွင့်သည့်အချို့စက်ရုံများ၌ တစ်ရုံတစ်ယောက်နှုန်းဖြင့် ပိုးတွေ့လျက် ရှိပြီး ပိုးတွေ့လူနာများကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်သွားကြောင်း ရွှေလင်ဗန်း စက်မှုဇုန် အတွင်းရေးမှူး ဦးအောင်ငွေက ပြောကြားသည်။

“ ကိုဗစ်ဖြစ်တော့ အစိုးရဘက်က လုပ်ငန်းတွေပိတ်တယ်။ ကျွန်တော်တို့လည်း လိုအပ်လို့ ပိတ်တာပေါ့ဗျာ။ ဒါပေမဲ့ တစ်ဖက်မှာ ကျွန်တော်တို့ CMP လုပ်ငန်းတွေက ဘယ်နေ့ဘယ်ရက်အရောက် ပို့ရမယ်ဆိုတဲ့ဟာ ရှိတယ်။ မပို့နိုင်ရင် အလျော်အစားရှိတယ်။ ဒီစက်ရုံက လူ ၂၀၀၀ ရှိလို့အထည် ဘယ်နှသိန်းကို ဘယ်နှလနဲ့အပြီးအပ်မယ်ဆိုတာ Contract လုပ်ကတည်းက တစ်ခါတည်းပဲ ဘယ်နေ့ ပစ္စည်းရောက်အောင်ပို့ပေး။ ဘယ်နေ့မှာ သင်္ဘောတင်မယ်ဆိုတာ တစ်ခါတည်း ပါပြီးသား။ အဲဒီမှာ ဒီ Contract အတိုင်း မလုပ်နိုင်ရင် မှီရာနဲ့ ပို့ရပြီ။ လေယာဉ်ပျံနဲ့ပို့ရတော့တာ။ အဲဒီမှာ လေယာဉ်နဲ့မပို့နိုင်ရင် အလျော်အစားရှိလာပြီ။ ဆိုတဲ့အခါ CMP ရဲ့ သဘာဝက အလျော်အစား ရှိတယ်” ဟု အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြင့် ရောဂါပိုးကူးစက်ပျံ့နှံ့နေဆဲဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ COVID-19 ရောဂါအတည်ပြုလူနာသစ် ၁၁၃၆ ဦးတွေ့ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာ ၆၆၇၃၄ ဦးအထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့သည်။ ယင်းအကျပ်အတည်းများကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာ ဒေသအလိုက်ဖြစ်ပေါ်လျက်ရှိသည်။

ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန် လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါကူးစက်ပျံ့နှံမှုမှာ လျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ ထိထိရောက်ရောက် လုပ်ဆောင်ရတော့မည်ဖြစ်သည်။

ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်ကလည်း COVID-19 သည် ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။

ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံက စီးပွားရေး လုပ်ငန်းမျိုးစုံ ဒုက္ခရောက်ခဲ့ရပြီး ဆက်လက်ရပ်တည်နိုင်ရေး တောင့်ခံထားဖို့ပင် ခက်ခဲလာကြောင်း လုပ်ငန်းရှင်အချို့ ပြောကြားထားသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်လာရန် မျှော်မှန်းထားကြသော်လည်း ကဏ္ဍပေါင်းစုံတွင် စီးပွားရေးက ယခင်ကထက် ပိုမိုကျပ်တည်းလာကြောင်း နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှ အသံများ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာခဲ့သည်မှာ  အတန်ကြာပြီဖြစ်သည်။

ယခုအခါ “ နူရာဝဲစွဲ၊ လဲရာသူ ခိုးထောင်း” ဆိုသကဲ့သို့ COVID-19 အကျပ်အတည်း ဝင်ရောက်လာရာ မြန်မာ့စီးပွားရေး မျက်ဖြူဆိုက်ရမည့်ကိန်းစိုက်လာခဲ့ပြီး ပြည်သူများ၏ စားဝတ်နေရေးအခက်အခဲသည်လည်း အဆိုးရွားဆုံးအနေအထားသို့ ရောက်ရှိလာခဲ့သည်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် တစ်ဖက်တွင် COVID-19ရောဂါ အတည်ပြုလူနာသစ်တွေ့ရှိမှု မြင့်တက်နေဆဲဖြစ်သော်လည်း တစ်ဖက်တွင် စီးပွားရေးအရ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်လည်း မဖြစ်မနေ လိုအပ်လျက်ရှိနေသည်။ ထို့ကြောင့် ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များအညီ လုပ်ငန်းများ လုပ်ကိုင်ရတော့မည်ဖြစ်သည်။    

မြန်မာနိုင်ငံအနေဖြင့် လာမည့်ကာလအတွင်း လူဦးရေ သိန်းဂဏန်းမှသန်းဂဏန်းအထိ အလုပ်လက်မဲ့ ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းချက်များအရ သိရသည်။

အလုပ်ရှင်များ၊ စက်ရုံများ မပိတ်ချင်ဘဲ ပိတ်ရသည့်အဓိက အကြောင်းရင်းနှစ်ခုရှိကြောင်း၊ ကုန်ကြမ်းမရရှိခြင်းနှင့် အမှာစာမရရှိခြင်းဆိုသည့်အချက်များသည် အဓိက စိန်ခေါ်မှုများဖြစ်ကြောင်း ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ကိုနေလင်းဇင်က ပြောကြားသည်။

လုပ်သားအင်အားအခြေပြု အထည်ချုပ်နှင့် လက်ခစားလုပ်ငန်းများတွင် ဝန်ထမ်းအများကြီးကို လစဉ်လစာ ဆက်လက်မပေးနိုင်ကြသည့်အခါတွင် စီးပွားရေးကျပ်တည်းမှု၏ ဂယက်ကို စတင်ထိတွေ့လာရပြီ ဖြစ်ကြောင်းနှင့် ၎င်း၏နောက်ဆက်တွဲအဖြစ် တည်ငြိမ်မှု၊ လုံခြုံရေးကိစ္စများအတွက် မလိုလားအပ်သော စိန်ခေါ်မှုများရှိလာနိုင်ပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ နိုင်ငံရေးများ အားလုံးဆက်နွှယ်လာမည့် အရေးကိုလည်း ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

မည်သို့ပင်ဆိုစေ အလုပ်အကိုင်များ ဆုံးရှုံးရမှုသည် COVID-19 ဒုတိယလှိုင်း၌ ပထမလှိုင်းထက် ပိုမိုဆိုးရွားနိုင်ကြောင်း သတိပေးမှုများ ထွက်ပေါ်လာသည်နှင့်အညီ ရေတိုကာလအတွင်း အလုပ်အကိုင်များ ကပ်ရောဂါမဖြစ်မီက အနေအထားသို့ ပြန်လည်ရောက်ရှိရေးနှင့် စီးပွားရေးကျဆင်းမှု ထိန်းသိမ်းရေးတို့အတွက် အရေးပေါ်လုပ်ဆောင်မှုများ လုပ်ဆောင်ရန် မဖြစ်မနေလိုအပ်လာပြီဖြစ်သည်။

Most Read

Most Recent