မှန်းဆရန်မလွယ်သော ကိုဗစ်၏ နောက်ဆက်တွဲဂယက်

မှန်းဆရန်မလွယ်သော ကိုဗစ်၏ နောက်ဆက်တွဲဂယက်
Published 11 November 2020

လက်ရှိအချိန်အထိ ကိုဗစ်က တစ်ကမ္ဘာလုံးကို ကသောင်းကနင်းဖြစ်စေသည်။ ကာကွယ်ဆေးအတွက် သတင်းကောင်းများ ကြားနေရပြီဖြစ်သော်လည်း ယင်း၏အကျိုး သက်ရောက်မှုကို တစ်ကမ္ဘာလုံးက ပြည်သူများခံစားရရှိနိုင်ရန် အချိန်များစွာ လိုအပ်နေသေးသည်ဟုဆိုရမည်ဖြစ်သည်။ ထို့ကြောင့် ဖွံ့ဖြိုးပြီးတိုင်းပြည်များတွင်ပင် ကိုဗစ်ခြိမ်းခြောက်မှုဒဏ်ကို အလူးအလဲခံကြရဦးမည် ဖြစ်သည်။ ဒုတိယလှိုင်း၊ တတိယလှိုင်းစသဖြင့် လှိုင်းမည်မျှကျန်ဦးမည်ကို တွက်ချက်ရန်ပင် ခက်နေသေးသည်။ အမေရိကန်၊ ဥရောပ စသော နိုင်ငံများတွင် Lockdown ပြန်လုပ်နေရသည်။ ကိုဗစ်၏ ဂယက်သည် ၁၉၁၈  Spanish Flu ကဲ့သို့ ကပ်ရောဂါ၏ ဆိုးကျိုးဒဏ်ကို အနိမ့်ဆုံး နှစ်နှစ်မှ သုံးနှစ်အထိ ရင်ဆိုင်ခံစားကြရမည့်သဘောဖြစ်​နေသည်။ မြန်မာတွင် ဒုတိယလှိုင်း မပြီးပြတ်သေးသကဲ့သို့ နောက်ထပ်ကူးစက်မှုလှိုင်းများ လာနိုင်ခြေရှိနေပြန်သည်။ ထိုသို့သောအခြေအနေတွင် နိုင်ငံ့စီးပွားရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားတို့သည် များစွာထိခိုက်မှုနှင့် ကြုံရနိုင်ပေသည်။ ထို့အတွက် ပြင်ဆင်ထားသင့်သည်ဟု အားလုံးက သဘောပေါက်လက်ခံကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းနှင့်အတူ မြန်မာတွင်လည်း ယင်းအကျပ်အတည်းသည် မည်သည့်အချိန်တွင် အဆိုးဆုံးဖြစ်၍ မည်မျှကြာနိုင်သည်ကို ကြိုတွက်နိုင်ရန်ပင် မလွယ်ကူနိုင်သေးပေ။

ကုလသမဂ္ဂက ထုတ်ပြန်သည့် COVID-19 အကျပ်အတည်းကို လူမှုစီးပွားဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုဆိုင်ရာ မူဘောင်ကလည်း COVID-19 သည် ကျန်းမာရေးဆိုင်ရာအကျပ်အတည်းတစ်ရပ်ထက် များစွာပိုကြောင်းနှင့် ယင်းသည် လူ့အဖွဲ့အစည်းများနှင့် စီးပွားရေးများ၏ မဏ္ဍိုင်အပေါ် သက်ရောက်မှုရှိကြောင်း သတိပေးခဲ့သည်။ ရောဂါကူးစက်ပျ့ံနှံ့မှု၏ ရိုက်ခတ်ချက်သည် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံကွဲပြားခြားနားမည်ဖြစ်သော်လည်း ယင်းသည် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ဆင်းရဲမွဲတေမှုနှင့် လူတန်းစားမညီမျှမှုကို မြင့်တက်နိုင်ခြေ အများဆုံးဖြစ်စေနိုင်သည်။ လူ့အဖွဲ့အစည်းများ၊ စီးပွားရေးများနှင့် အားနည်းသော အုပ်စုများအပေါ် COVID-19 အကျပ်အတည်းနှင့် ပတ်သက်သော ရိုက်ခတ်ချက်ကိုသုံးသပ်ခြင်းသည် အချက်အလက်ပေးရန်၊ အကျပ်အတည်းမှနေ၍ ပြန်လည်နာလန်ထရေးအတွက် တုံ့ပြန်မှုများကို အံဝင်ခွင်ကျလုပ်ဆောင်ရန်နှင့် အားထုတ်မှုတစ်ရပ်၌ မည်သူမျှ နောက်ကျကျန်ရစ်ခြင်းမရှိစေရန်တို့အတွက် အခြေခံကျသည်။

လူမှုစီးပွားဆိုင်ရာ အရေးပေါ်တုံ့ပြန်မှုများမရှိပါက တစ်ကမ္ဘာလုံး ထိခိုက်ခံစားရမှုသည် တစ်ဟုန်ထိုးမြင့်တက်လာပြီး လာမည့်နှစ်များအတွင်း သေကျေပျက်စီးမှုများ ဖြစ်ပေါ်ကာ လူနေမှုဘဝများလည်း ထိခိုက်ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။ ယခုအကျပ်အတည်းအတွင်း ဖွံ့ဖြိုးရေးဆိုင်ရာ ချက်ချင်းတုံ့ပြန်မှုများကို အနာဂတ်အား လှမ်းမျှော်ကြည့်ရှုလျက် လုပ်ဆောင်ရမည်ဖြစ်သည်။ ရေရှည်၌ ဖွံ့ဖြိုးရေးဆိုင်ရာ အလားအလာများအပေါ် နိုင်ငံများ၏ ယခုရွေးချယ်မှုများနှင့် ၎င်းတို့ရရှိသည့် အထောက်အပံ့များက သက်ရောက်လိမ့်မည် ဖြစ်သည်။

ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသော စိန်ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့ပြီး ကုန်သွယ်ရေးကဏ္ဍကို ထိခိုက်ပျက်စီးစေလျက်ရှိသည်။ ယင်းအကျပ်အတည်း နှစ်ရပ်စလုံးကို တစ်ကမ္ဘာလုံး ကြုံတွေ့နေရသော်လည်း သက်ရောက်မှုများမှာမူ ဒေသအလိုက် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းအကျပ်အတည်းများကို တုံ့ပြန်ရန် မူဝါဒများအနေဖြင့် အလွန်လျင်မြန်ရန်လည်း လိုအပ်နေသည်။ အစိုးရအဖွဲ့များအနေဖြင့် COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ပိုမိုလျင်မြန်စွာ နာလန်ထူနိုင်ရေး အထောက်အကူပြုစေရန် မူဝါဒများ အလုံးစုံပြောင်းလဲရေးကို ထိထိရောက်ရောက် လုပ်ဆောင်ရမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးလှုံ့ဆော်မှုနှင့် လူမှုလုံခြုံရေးကွန်ရက်တို့အတွက် ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးအစီရင်ခံစာက ကြိုတင်ရှိနှင့်ပြီးသား ဖြေရှင်းချက်များသည် အလုပ်ဖြစ်လိမ့်မည်မဟုတ်ကြောင်း သတိပေးထားပြီး နာလန်ထရေးပိုမိုလျင်မြန်စေရန် အစိုးရအဖွဲ့များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်မည်ဟု ထောက်ပြထားသည်။

မည်သို့ပင်ဆိုစေ ကိုဗစ်အကျပ်အတည်းက လူမှုစီးပွားအနေအထားအပေါ် သက်ရောက်နိုင်ခြေအား စနစ်တကျ လေ့လာသုံးသပ် တုံ့ပြန်နိုင်မှသာလျှင် အဆုံးအရှုံးနည်း၍ သက်သက်သာသာဖြစ်နိုင်လိမ့်မည်ဟု The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent