မဲပေးဝန်းရံခဲ့ကြသော မိဘပြည်သူများ၏အကျိုးစီးပွား ပိုမိုတိုးမြှင့်ရရှိရေး၊ အခက်အခဲပြဿနာများ ကူညီဖြေရှင်းရေးတို့ကို ပါတီကိုယ်စားလှယ်လောင်းများက ကြိုးပမ်းဆောင်ရွက်မည်ဟု SNLD ပါတီ ထုတ်ပြန်

မဲပေးဝန်းရံခဲ့ကြသော မိဘပြည်သူများ၏အကျိုးစီးပွား ပိုမိုတိုးမြှင့်ရရှိရေး၊ အခက်အခဲပြဿနာများ ကူညီဖြေရှင်းရေးတို့ကို ပါတီကိုယ်စားလှယ်လောင်းများက ကြိုးပမ်းဆောင်ရွက်မည်ဟု SNLD ပါတီ ထုတ်ပြန်
Published 9 November 2020
မင်းနိုင်စိုး

ဆန္ဒမဲပေး ထောက်ခံခဲ့ကြသည့် ပြည်တွင်းပြည်ပမှ မိဘပြည်သူများနှင့် အဖက်ဖက်မှ ဝန်းရံကူညီခဲ့သူများ လိုလားမျှော်မှန်းသည့် မိဘပြည်သူများ၏ အကျိုးစီးပွား ပိုမိုတိုးမြှင့်ရရှိရေး၊ အခက်အခဲပြဿနာများ ကူညီဖြေ ရှင်းပေးရေးနှင့် လိုအပ်ချက်များ ကူညီဖြည့်ဆည်းနိုင်ရေးတို့ကို ပါတီလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) က နိုဝင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည်။

ထို့ပြင် SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲထည့် ထောက် ခံခဲ့ကြသော မဲဆန္ဒရှင်များ၊ ငွေကြေးနှင့် ပစ္စည်းများ ကူညီထည့်ပံ့ပိုးခဲ့သောပုဂ္ဂိုလ် များ၊ မဲဆွယ်စည်းရုံးရေးကာလတွင် ဝန်းရံ ကူညီခဲ့ကြသူများ၊ တေးသီးချင်းများ ရေးသား၊ သီဆို၊ ဖန်တီးခြင်းဖြင့် အားပေးဝန်းရံခဲ့သူများ၊ ရပ်ဝေးမှနေ၍ စိတ်ဓာတ်ခွန်အားပေးခဲ့ကြ သူများ၊ အဖက်ဖက်မှ နည်းပညာဖြင့် ကူညီ ဝန်းရံကြသူများနှင့် အခြားနည်းမျိုးစုံဖြင့် ကူ ညီအားပေးခဲ့သူအားလုံးကို ကျေးဇူးတင် ကြောင်း SNLD ပါတီက ဖော်ပြသည်။

ဒီမိုကရေစီ အခွင့်အရေးနှင့် နိုင်ငံသား အခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ကို အကြောင်းကိစ္စအမျိုးမျိုးကြောင့် လက်လွှတ်ဆုံးရှုံးခဲ့ရသော မဲဆန္ဒရှင်ပြည်သူများအား စာနာထောက်ထားကြောင်းနှင့် အဆိုပါ အခွင့်အရေး ပြန်လည်ရရှိရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း SNLD က ထုတ်ပြန်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် SNLD ပါတီအနေဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မန္တလေးတိုင်းရှိ မဲဆန္ဒ နယ်များတွင် ကိုယ်စားလှယ်လောင်း ၁၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

 

Most Read

Most Recent