ဧရာဝတီတိုင်းအတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုး အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များ အပါအဝင် မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီ အနိုင်ရနေကြောင်း ကနဦး သိရ

ဧရာဝတီတိုင်းအတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုး အနိုင်ရခဲ့သည့် မဲဆန္ဒနယ်များ အပါအဝင် မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီ အနိုင်ရနေကြောင်း ကနဦး သိရ
Published 9 November 2020
မင်းသူဝင်းထွဋ်

မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ အတည်ပြု ကြေညာနိုင်ခြင်း မရှိသေးသော်လည်း ကနဦး မဲရလဒ်များအရ ဧရာဝတီတိုင်းဒေသကြီး အတွင်းတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်များ အပါအဝင် မဲဆန္ဒနယ် အားလုံးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရရှိနေကြောင်း သတင်းရရှိသည်။

မြို့နယ်အသီးသီးရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းများ၊ အောင်နိုင်ရေး အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းမှုများအရ တိုင်းရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒနယ်များမှအပ အခြားသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်များ အားလုံးတွင် အနီးကပ်ဆုံး ပြိုင်ဖက်ပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီထက် မဲအပြတ်အသတ် အနိုင်ရရှိနေလျက်ရှိကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သည့် ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်၊ ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂)၊ ကျောင်းကုန်းမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) နှင့် ငပုတောမြို့နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁) တို့တွင်လည်း အနီးကပ်ဆုံး ပြိုင်ဖက်ပါတီအား ဆန္ဒမဲအရေအတွက် အပြတ်အသတ်ဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။

ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင်မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်အမျိုးသားပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ထားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ မဲဆန္ဒနယ် အသီးသီးတွင် ဦးဆောင်လျက်ရှိကြောင်း၊ ရခိုင်တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်တွင်မူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီနှင့် ရခိုင်အမျိုးသားပါတီတို့မှ ဝင်ရောက်ယှဉ်ပြိုင်ထားပြီး ကနဦး မဲရလဒ်များအရ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့မှာ မဲရလဒ်ကွာဟမှု ကျဉ်းမြောင်းလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent