ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရခဲ့သည့် မာန်အောင်နှင့် တောင်ကုတ်မြို့နယ်တွင် ANP ပါတီ အနိုင်ရရှိကြောင်း ကနဦး သိရ

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရခဲ့သည့် မာန်အောင်နှင့် တောင်ကုတ်မြို့နယ်တွင် ANP ပါတီ အနိုင်ရရှိကြောင်း ကနဦး သိရ
Published 9 November 2020

ရခိုင်ပြည်နယ်အတွင်း ၂၀၁၅ ရွေးကောက်ပွဲ၌ NLD ပါတီ အနိုင်ရခဲ့သည့် မာန်အောင်မြို့နယ်နှင့် တောင်ကုတ်မြို့နယ်တွင် ANP ပါတီ အနိုင်ရရှိကြောင်း ကနဦးသတင်းများအရ သိရသည်။

လက်ရှိတွင် မဲရုံတစ်ချို့မှ မဲလက်မှတ်များ မြို့နယ်ကော်မရှင်ရုံးသို့ မရောက်ရှိသဖြင့် မဲရလဒ်ကို သေသေချာချာ အတည်မပြု နိုင်သေးသော်လည်း လတ်တလော မဲရလဒ်များအရ မာန်အောင်မြို့နယ်ရှိ ပြည်နယ်လွှတ်တော် (၁)၊ ပြည်နယ်လွှတ်တော် (၂)၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အားလုံးတွင် ရခိုင်အမျိုးသားပါတီမှ အနိုင်ရရှိနေကြောင်း သိရသည်။

ထို့အပြင် ရွေးကောက်ပွဲ ကော်မရှင်မှ အတည်ပြု မထုတ်ပြန်သေးသော်လည်း တောင်ကုတ်မြို့နယ် မဲဆန္ဒနယ် သုံးခုဖြစ်သည့် ပြည်နယ်လွှတ်တော် (၂)၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် အားလုံးတွင် ရခိုင်အမျိုးသားပါတီ အနိုင်ရရှိနေကြောင်း ကနဦး သတင်းအရ သိရသည်။

တောင်ကုတ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် ရွေးကောက်ပွဲ မကျင်းခဲ့ပေ။

၂၀၁၅ ရွေးကောက်ပွဲ၌ ဂွမြို့နယ်၊ သံတွဲမြို့နယ်၊ တောင်ကုတ်မြို့နယ်နှင့် မာန်အောင်မြို့နယ်တို့တွင် NLD ပါတီမှ အနိုင်ရရှိခဲ့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ၌ ကနဦး မဲရလဒ်များအရ မာန်အောင်မြို့နယ်နှင့် တောင်ကုတ်မြို့နယ်တွင် ANP မှ အနိုင်ရရှိနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် စစ်တွေမြို့နယ်နှင့် ရမ်ဗြဲမြို့နယ်တို့တွင် မဲဆန္ဒနယ်အားလုံး၌ ANP မှ အနိုင်ရရှိနေပြီး ကျောက်ဖြူ မြို့နယ်တွင် ရခိုင့်ဦးဆောင်ပါတီ AFP မှ အနိုင်ရရှိနေကြောင်း ကနဦး မဲရလဒ်များအရ သိရသည်။

အလားတူ အမ်းမြို့နယ် ပြည်နယ်လွှတ်တာ် (၁)၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာ သုံးခုလုံးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အနိုင်ရရှိနေကြောင်း ကနဦး သိရသည်။

Most Read

Most Recent