လွတ်လပ်မျှတသော ရွေးကောက်ပွဲအတွက် မေးခွန်း၊ ကော်မရှင်၊ အစိုးရနှင့် တပ်မတော်ကြားက ပွတ်တိုက်မှု၏လားရာ

လွတ်လပ်မျှတသော ရွေးကောက်ပွဲအတွက် မေးခွန်း၊ ကော်မရှင်၊ အစိုးရနှင့် တပ်မတော်ကြားက ပွတ်တိုက်မှု၏လားရာ
နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ နိုဝင်ဘာ ၄ ရက်ကပြုလုပ်သည့် Special Press Briefing ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားစဉ်
နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းခန်းမ၌ နိုဝင်ဘာ ၄ ရက်ကပြုလုပ်သည့် Special Press Briefing ၌ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောကြားစဉ်
Published 8 November 2020
အလင်းဒီ

လက်ရှိ အစိုးရသက်တမ်း နောက်ဆုံးနှစ်တွင်စတင်သည့် လွှတ်တော်တွင်း အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ NLD ပါတီနှင့် တပ်မတော်ကြား နိုင်ငံရေးအရပွတ် တိုက်မှုများစွာရှိခဲ့သည်ကို အားလုံးအသိပင်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းထားသော ၄၅ ဦးပါ ကော်မတီမှ ကော်မတီဝင် လွှတ်တော်ကိုယ်စားလှယ်အချို့ နုတ်ထွက်ခြင်းနှင့်အတူ အဓိကမကျသည့် အချက်အနည်းငယ်သာ ပြင်ဆင်နိုင်ခဲ့ပြီး အောင်မြင်မှုလည်းမရခဲ့ချေ။

ယခုအခါ NLD ပါတီ အစိုးရနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခန်းကဏ္ဍကြီးမားစွာ တည်ရှိသော တပ်မတော်ကြား အငြင်းပွားဖွယ်ဖြစ်စဉ် ပေါ်ပေါက်ခြင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အကြောင်းပြုသည်။

ကော်မရှင်၏ ချွတ်ချော်သော ဆောင်ရွက်ချက်များကို ထောက်ပြဝေဖန်ခြင်းနှင့်အတူ ကော်မရှင်ကို ကြပ်မတ်ရန် အစိုးရတွင် တာဝန်ရှိသည်ဟုဆိုရာမှစ၍ အစိုးရနှင့် တပ်မတော်ကြား အငြင်းပွားမှု ဖြစ်ပေါ်သည်။

တပ်မတော်၏ ဝေဖန်ချက်နှင့် သမ္မတရုံး၏ တုံ့ပြန်မှု

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ချိန် လေးနှစ်ကျော်ရရှိခဲ့သော်လည်း ကြိုတင်ဆန္ဒမဲထည့်သည့် စာအိတ်များ၊ မဲပုံးများကိုပင် အဆင့်အတန်းမီစွာ ဆောင်ရွက်နိုင်ရေး ချို့ယွင်းအား နည်းခဲ့သည်ကို တွေ့ရသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ  ၂ ရက်တွင် ထုတ်ပြန်သည်။

ကြိုတင်ဆန္ဒမဲများနှင့် ပတ်သက်၍  လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများတွင် ဖော်ပြပြီးဖြစ်သော်လည်း တည်ဆဲဥပဒေကို ကျော်လွန်နေသည့် ကြေညာချက်များထုတ်ပြန်ခြင်း၊ မဲပေးခွင့် မဆုံးရှုံးစေရေးကို အကြောင်းပြလျက် တည်ဆဲဥပဒေများကို ကျော်လွန်သည့် ထုတ်ပြန်ချက်များ ထုတ်ပြန်ဆောင်ရွက်နေခြင်းတို့အပေါ် မဲဆန္ဒရှင်များမှ သံသယဖြစ်ဖွယ်ဟု ဆိုသည်။

ထို့ပြင် မဲစာရင်းထုတ်ပြန်ရာတွင် မမှားသင့်သည့် အမှားအယွင်းများ တွေ့ရှိရပြီး ကြိုတင်မဲပေးသည့် ဖြစ်စဉ်တွင် နေ့စဉ်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်ဟုလည်း ဖော်ပြသည်။

လက်ရှိ အစိုးရသည် ၂၀၁၅ ခု နှစ် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံတော်တာဝန်ကို ရယူနိုင်ခဲ့သော အစိုးရဖြစ်ခြင်းကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ပြည်သူလူထုနှင့် နိုင်ငံတကာက လိုလားနေသည့်အတိုင်း ဒီမိုကရေစီစံချိန်စံနှုန်းများနှင့်အညီ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်မည်ဟု မျှော်လင့်ခဲ့သော်လည်း အစိုးရမှ ဖွဲ့စည်းပေးထားသည့် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များမှာမူ ထိုသို့ဖြစ်စေရေးအတွက် သံသယဖြစ်ဖွယ်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်အပြီး နောက်တစ်ရက် နိုဝင်ဘာ ၃ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သတင်းမီဒီယာတစ်ခု အွန်လိုင်းမှ တွေ့ဆုံ မေးမြန်းမှုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြားချက်များက တပ်မတော်သဘောထားကို ပို၍ ထင်သာစေခဲ့သည်။

“ တော်ရုံတန်ရုံဆို ကျွန်တော် ပြောခဲပါတယ်။ မဖြစ်စေချင်လို့ သတိပေးတာပါ။ ဒီကိစ္စကို တာဝန်ယူရမှာကတော့ အစိုးရက တာဝန်ယူရလိမ့်မယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Popular News နှင့် အင်တာဗျူးတွင် ပြောကြားသည်။

တပ်မတော်၏အမြင့်ဆုံးပုဂ္ဂိုလ်ကိုယ်တိုင် ရွေးကောက်ပွဲကော်မရှင်နှင့်စပ်လျဉ်း၍ အစိုးရတာဝန်ယူရ မည်ဆိုသောဝေဖန်မှု ထွက်ပေါ်လာပြီးနောက် နိုင်ငံတော်သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အစိုးရကိုယ်စား ပြန်လည်တုံ့ပြန်မှုကို နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်သည်။

“ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို တာဝန်ခံရမည်ဟု ဥပဒေများတွင် လုံးဝပြဋ္ဌာန်းထားခြင်းမရှိတာကို သတိပြုသင့်ပါတယ်” ဟု ဦးဇော်ဌေးက နိုဝင်ဘာ ၅ ရက် သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်သောကော်မရှင်တစ်ခုဖြစ်သော်လည်း နိုင်ငံတော်သမ္မတရုံးမှ ကြေညာချက်ထုတ်ပြန်ဖွဲ့စည်းရသဖြင့် ကော်မရှင်ကို အစိုးရအဖွဲ့မှ တာဝန်ယူရပြီး ကော်မရှင်ကလည်း အစိုးရအဖွဲ့ကို တာဝန်ခံရသည်ဟု နိုဝင်ဘာ ၂ ရက် တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ ကော်မရှင်ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးရသည်ဟု ဆိုသည်။

“ ထို့ကြောင့် ရွေးကောက်ပွဲများ၌ လွတ်လပ်၍ တရားမျှတမှု ရှိ၊ မရှိအပေါ် ဝေဖန်ရာ၌ ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်ခြင်းထက်အစိုးရအပေါ်ဝေဖန်ခြင်းဖြစ်သည်” ဟု တပ်မတော်ထုတ်ပြန်ချက်က ဆိုသည်။

လာမည့် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတရေးကို ဦးစားပေး မူဝါဒအဖြစ် ချမှတ်ထားသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ ယခုအချိန်ကတည်းက ရွေးကောက်ပွဲကို တရားမျှတမှု မရှိဘူးလို့ ကြိုတင် အပြစ်တင် ဆုံးဖြတ်နေခြင်းဟာ မသင့်လျော်ကြောင်း ပြောလိုပါတယ်” ဟု ဦးဇော်ဌေးက ရွေးကောက်ပွဲမတိုင်မီ သုံးရက်အလိုတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များအပေါ် အမြင်မတူရာမှ စတင်သည့်အဖွဲ့အစည်း ကြီးနှစ်ခုကြား အငြင်းပွားမှုက ထိုမျှနှင့် မပြီး။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြောကြားချက်များအပါအဝင် နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်ကို မည်သည့်အတွက်ကြောင့် ထုတ်ပြန်ရသည်ဆိုသော အကြောင်းအချက် ပါဝင်သည့် စာမျက်နှာ ၁၁ မျက်နှာပါ ဖြေရှင်းချက်ကို တပ်မတော်ကကွယ်ရေးဦးစီးချုပ်ရုံးက နိုဝင်ဘာ ၅ ရက်တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

“ အဲဒီလိုဖြစ်တာ ဘယ်သူမှန်တယ်၊ ဘယ်သူအားနည်းချက်ရှိတာထက်စာရင် ဒါဟာ နိုင်ငံရေးအတွက် မကောင်းတဲ့ကိစ္စလို့ မြင်တယ်” ဟု ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

အငြင်းပွားမှုများ၏အစ UEC က

တပ်မတော်ကို ရွေးကောက်ပွဲ စက်ဝန်းအတွင်း ပါဝင်လာစေသော အဓိကအကြောင်းခြင်းရာသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ရပ်များသာဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

“ အဓိကက ကော်မရှင်ရဲ့ မရိုးသားမှုကြောင့် ဖြစ်တာ” ဟု ၎င်းက ပြောကြားသည်။

တပ်မတော်နှင့် နီးစပ်သည်ဟု ထင်မြင်ခံရလေ့ရှိသည့် နိုင်ငံရေးပါတီတစ်ခု၏ တာဝန်ရှိသူ မှတ်ချက်ဖြစ်၍ လက်ရှိအစိုးရဖွဲ့စည်းသော ကော်မရှင်အပေါ် စာနာမှုနည်းနိုင်သည်ဟု ယူဆဖွယ်ရှိသော်လည်း အမှန်တကယ်တွင် ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဆောင်ရွက်ချက်များက မေးခွန်းထုတ်ဖွယ်ရာ များစွာရှိသည်မှာ မှန်ကန်ကြောင်းကို စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“ သူ (UEC) က လုပ်ငန်းစဉ်တိုင်း ဖြစ်စဉ်တိုင်းမှာ သက်ဆိုင်တဲ့ Election Stateholders တွေနဲ့ ကြိုတင်ညှိနှိုင်း ဆွေးနွေးတာတွေ၊ တိုင်ပင်နှီးနှောတာတွေ ပြည့်ပြည့်ဝ၀ မလုပ်နိုင်ဘူး။ အဲဒါကြောင့်မို့လည်း ပွင့်လင်းမြင်သာမှုအပိုင်းမှာ အားနည်းချက်တွေ ဖြစ်ပြီးတော့မှ တစ်ဖက်နဲ့ တစ်ဖက်နဲ့ စိတ်ပူစရာတွေ  ဖြစ်လာတာ ထင်တယ်” ဟု PACE အဖွဲ့မှ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ရွေးကေက်ပွဲကျင်းပရေးမှ အစ COVID-19 ကာလ မဲဆွယ်စည်းရုံးရေးဖြစ်စဉ်အဆုံး နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှုက အသိအမှတ်ပြုဖွယ်ရာ မရှိကြောင်း ဝေဖန်ခံရသည်က တက္ကသိုလ်ပါမောက္ခချုပ်ဟောင်း ဦးလှသိန်း ဦးဆောင်သည့် ရွေးကောက်ပွဲကော်မရှင်ပင်။

ယခင် ကော်မရှင်များလက်ထက်ကတည်းက မဲစာရင်းမှားယွင်းမှုကို ယခုကော်မရှင်က ဖာထေးနိုင်ခဲ့ခြင်းမရှိသလို မဲစာရင်းကောက်ယူမှုတွင် အဓိကအခန်းကဏ္ဍမှ ၀ိုင်းဝန်းအားဖြည့်ရသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ မိသားစုပင် မဲစာရင်း မှားယွင်းမှုနှင့် ကြုံတွေ့ခဲ့ရခြင်းက ထောက်ပြစရာ ဖြစ်ခဲ့သည်။

မဲဆွယ်ကာလ ကျန်းမာရေးလုပ်ငန်းလမ်းညွှန်များနှင့် လျော်ညီခြင်းမရှိမှုများကို ကြပ်မတ်မှု အားနည်းခဲ့သလို မဲဆွယ်မိန့်ခွန်း ဖြတ်တောက်မှုကြောင့် နိုင်ငံပိုင်ရုပ်သံတွင် ဟောပြောခြင်းမပြုတော့ဆိုသည့် နိုင်ငံရေးပါတီအချို့၏ ဆန့်ကျင်မှုနှင့် ခံရပြန်ကာ ကြိုတင်မဲပေးကာလ အငြင်းပွားဖွယ်ဖြစ်စဉ်များက လောလောလတ်လတ်ပင်။

“ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှု။ အမှီအခိုကင်းမှုနဲ့ ဘက်လိုက်မှု ဘယ်လောက်ကင်းသလဲဆိုတာတော့ မေးခွန်းထုတ်နေရတာပဲ။ အထူးသဖြင့် အာဏာရပါတီရဲ့ လွှမ်းမိုးမှုနဲ့ သူ့ကို မျက်နှာသာပေးမှုတွေ တော်တော်များများ အောက်ခြေမှာ တွေ့မြင်နေရပြီလေ” ဟု ချင်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောကြားသည်။

ကော်မရှင်ဥက္ကဋ္ဌ ခန့်အပ်ရာတွင် မည်သည့် ပါတီ၊ မည်သည့် အဖွဲ့အစည်းကမှမဟုတ်ဘဲ ပါမောက္ခချုပ်၊ အုပ်ချုပ်သူ အငြိမ်းစားကို ခန့်အပ်ခြင်းသည် ရွေးကောက်ပွဲ သမာသမတ်ကျစေရန်အတွက်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

“ မိမိတို့၏ ခံယူချက်မှာ လွတ်လပ်ပြီး တရားမျှတရမည်၊ ပြီးလျှင် သန့်ရှင်းရမည်ဖြစ်ကြောင်း၊ နိုင်လျှင်ပြီးရော ဘယ်နည်းနှင့် နိုင်နိုင် နိုင်အောင် ချမည်ဆိုတာ နိုင်လည်း သိက္ခာမဲ့ကြောင်း၊ ရှက်ဖွယ်ကောင်းကြောင်း” ဟု သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၈ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံစဉ် ယင်းသို့ လမ်းညွှန်မှာကြားခဲ့ခြင်းဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုဝင်ဘာ ၅ ရက် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည်။

ယင်းတွေ့ဆုံမှုတွင် ကော်မရှင် တာဝန်ရှိသူများအပြင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာတို့အပြင် ဝန်ကြီးဌာနအချို့မှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်ခဲ့သည်ဟု ဦးဇော်ဌေး ပြောကြားချက်အရ သိရသည်။

“ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တစ်နိုင်ငံလုံး ၀ိုင်းဝန်းဆောင်ရွက်ရမယ့် အချိန်ဖြစ်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ထောက်ပြမှုများကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လျစ်လျူရှုထားမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။

သို့သော် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေက ကော်မရှင်အပေါ် ရွေးကောက်ပွဲ ကစားပွဲအတွင်းမှ လူနည်းစု တိုင်းရင်းသားပါတီများပင် ယုံကြည်မှု ကျဆင်းနေသည်ဟုလေ့လာသူများက ဆိုသည်။

“ ဒီရွေးကောက်ပွဲဟာ ကျွန်တော်တို့နိုင်ငံရဲ့ အရေးကြီးဆုံးနိုင်ငံရေးဖြစ်စဉ်။ UEC က အဲဒီအရေးကြီးဆုံး နိုင်ငံရေးဖြစ်စဉ်ကို တာဝန်ယူ ဆောင်ရွက်နေရတဲ့အဖွဲ့အစည်းဖြစ်တယ်။ သူကိုယ်တိုင် သူတာဝန်ယူ ဆောင်ရွက်နေရတဲ့ ဖြစ်စဉ်က ဘယ်လောက် အရေးကြီးလဲဆိုတဲ့ ကိစ္စကို သူကိုယ်တိုင် အစာမကျေဘူးလို့ ကျွန်တော် အဲဒီလိုမြင်တယ်” ဟု တကောင်းနိုင်ငံရေး လေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

သို့သော် ကော်မရှင်၏ အားနည်းချက်များကို ထောက်ရှု၍ထုတ်ပြန်လာသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်ကို စံနှုန်းများနှင့် တိုင်းတာပြီး ဒီမိုကရေစီနည်းနာနှင့် လွဲချော်သည်ဟု ဆိုသူကဆို၊ အခြေခံဥပဒေ ပေးထားချက်အရ လျော်ကန်သည်ဟု ရှုမြင်သူကမြင်သည့် အခြေအနေက အရှိတရားပင်။

သို့သော် တပ်မတော်၏ “ လွတ်လပ်၍ သမာသမတ်ကျသော ရွေးကောက်ပွဲဖြစ်ရေး ကော်မရှင်အပြင် အပြန်အလှန်တာဝန်ခံရသည့် အစိုးရတွင်လည်း တာဝန်ရှိသည်” ဆိုသော ထုတ်ပြန်ချက်သည် အစိုးရအတွက် ဖိအားသဖွယ်ပင်။

ရွေးကောက်ပွဲကိစ္စ တပ်မတော် ဝင်ပါခြင်းနှင့် ဒွိဟအချို့

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက တပ်မေတော်၏ ထုတ်ပြန်ချက်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများရဲ့ အနှစ်သာရနှင့် ကိုက်ညီမှုမရှိဟု ဆိုသည်။

“ တပ်မတော်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးပါတီနဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ တိကျရေရာ၊ သေချာမှုမရှိတဲ့ ပြောကြားချက်များအပေါ် အခြေခံထားပါတယ်” ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၊ ပုဒ်မခွဲ (က) တွင် နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်ဟု ပြဋ္ဌာန်းထားသလို နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ (၂) ပုဒ်မခွဲ (င) တွင်လည်း ဝန်ထမ်းဆိုသည်မှာ ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖွဲ့စည်းပုံပါ ရာထူးတစ်ခုခုတွင် ခန့်အပ်ထားခြင်းခံရသည့် နိုင်ငံ့ဝန်ထမ်းကို ဆိုလိုသည်။ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည်  နိုင့်ငံ့ဝန်ထမ်းများဖြစ်သော်လည်း ယင်းတို့၏ လုပ်ငန်းသဘာဝနှင့် တာဝန်တို့အရ ဤဥပဒေပါကိစ္စရပ်များနှင့် အကျုံးဝင်ခြင်းမရှိစေရဟု ပြဋ္ဌာန်းထားကြောင်း ဦးဇော်ဌေးက ဥပဒေ အကိုးအကားများနှင့် ပြောကြားသည်။

ထိုသို့ သမ္မတရုံး၏ ပြောကြားမှုကို တပ်မတော်က အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံရေးအဆင့်အတန်းနှင့် တပ်မတော်ကို အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်ပါဝင်စေသည့် အခြေခံဥပဒေပါ ပြဌာန်းချက်များကို ချိန်ထိုးပြီး ပြန်လည်တုံ့ပြန်မှုများ ပြုလုပ်ခဲ့ရာ  နိုင်ငံတော်၏ အဓိကအဖွဲ့အစည်း နှစ်ခုကြား တင်းမာမှုရေချိန် မြင့်မားလာခဲ့သည်။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒီနိုင်ငံမှာက အစိုးရရဲ့ လုပ်ပိုင်ခွင့်ရယ်၊ တပ်လုပ်ပိုင်ခွင့်ရယ် တချို့နေရာတွေ ရောထွေးနေတာတွေ ရှိပါတယ်” ဟု ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာန တွဲဖက်ပါမောက္ခ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက မှတ်ချက်ပြုသည်။

အခြေခံဥပဒေ ပုဒ်မ ၆ (စ) တွင် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက် ဦးတည်သည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် တပ်မတော်သည် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားနိုင်ငံရေးကို အစဉ်တစိုက် အလေးထားတာဝန်ထမ်းဆောင်လျက်ရှိသည်ဟု သမ္မတရုံးသတင်းစာရှင်းလင်းပွဲအပြီး နိုဝင်ဘာ ၅ ရက်တွင် တပ်မတော်က ထုတ်ပြန်သည်။

မဲဆွယ်စည်းရုံးစဉ်ကာလ၊ ကြိုတင်မဲပေးစဉ်ကာလတွင် ပါတီထောက်ခံသူ အချင်းချင်း ပဋိပက္ခနှင့် အငြင်းပွားမှုများ၊ လူမှုကွန်ရက်တွင် တစ်ဦးနှင့်တစ်ဦး ရင့်သီးစွာ ပြောဆိုပြီး ပဋိပက္ခဖြစ်ရာမှ နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုပျက်ပြားသည့် ဖြစ်စဉ်များသည် အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

“ ၎င်းကိစ္စများကို အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် အစဉ်တစိုက်ပါဝင်ရမည့် တပ်မတော်က လျစ်လျူရှုထား၍ မရ၊ ပြောရေးရှိက ပြောရမည်” ဟု ဖော်ပြထားသည်။

ထို့ပြင် တပ်မတော်သည် ဒို့တာဝန်အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်လည်း အဓိကတာဝန်ရှိရာ အမျိုးသားရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတို့နှင့် မကိုက်ညီသော၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေသော မည်သည့်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကိုမဆို အသိပေးပြောကြားရန် တာဝန်ရှိကြောင်းလည်း ဖော်ပြပါရှိသည်။

ယင်းကို တပ်မတော်က လုံခြုံစွာ ပိတ်မထားသော စာအိတ်ပါ မဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည် မဟုတ်ကြောင်း ကော်မရှင်၏ အောက်တိုဘာ ၃၀ ရက် ကြေညာချက်နှင့် ဥပမာပေးပြီး ယင်းသည် ရွေးကောက်ပွဲနည်း ဥပဒေပုဒ်မ ၆၀ နှင့် ၆၁ ပါ ပုဒ်မခွဲပါ ပြဋ္ဌာန်းချက်များကို ကျော်လွန်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၃၉၉ ကို ဖောက်ဖျက်ခြင်းလည်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ ဒီပေါ်မှာ ခိုင်ခိုင်မာမာဖြစ်ဖို့ တပ်မတော်က ပြောဖို့တာဝန်ရှိတယ်။  ကျွန်တော်တို့ မပြောလို့ရှိရင် ဘယ်သူပြောမလဲ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Popular News နှင့် အင်တာဗျူးတွင် ပြောကြားသည်။

အခြေခံဥပဒေအရ တပ်မတော်၏အခန်းကဏ္ဍ ကြီးမားလျက်ရှိခြင်းအပေါ် လက်ခံသည့် နိုင်ငံရေးပါတီများ ရှိသလို လက်မခံသည့် နိုင်ငံရေးပါတီများလည်း အများအပြား။

“ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခန်းတစ်ခန်း Institution တစ်ခုအနေနဲ့ ရှိတဲ့ တပ်မတော်ကို သာမန်ဝန်ထမ်းသဖွယ် တိုက်ခိုက်မှုများ၊ တုံ့ပြန်မှုများဟာ အင်မတန်မှ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာမှု အားနည်းလို့လား၊ သို့မဟုတ် အစတည်းက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို ကတိသစ္စာသာပြုပေမို့ လိုက်နာဖို့ မလိုဘူးဆိုတဲ့ ရပ်တည်ချက်ကြောင့်လား။ အဲဒါတော့ ကာယကံရှင်တွေပဲ သိလိမ့်မယ်” ဟု အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောကြားသည်။

တပ်မတော်၏ အဓိကတာဝန်ဖြစ်သော တိုင်းပြည်ကာကွယ်ရေးကိုသာ ဆောင်ရွက်စေချင်ပြီး သို့မဟုတ်လျှင် ရွေးကောက်ပွဲကော်မရှင်၊ တပ်မတော်နှင့် နိုင်ငံရေးပါတီများကြား လုပ်ရကိုင်ရခက်ခဲပြီး မည်သူ့အတွက်မှ အကျိုးမရှိနိုင်ကြောင်း တိုင်းရင်းသားပါတီအချို့က ထောက်ပြသည်။

ထိုသို့ တပ်မတော်က ရွေးကောက်ပွဲကိစ္စ ဝင်ရောက်မစွက်ဖက်ရန်အတွက် “UEC အနေနဲ့ သမာသမတ်နဲ့ အားလုံး ယုံကြည် စိတ်ချရတဲ့ အခြေအနေမျိုးကို ဖန်တီးဖို့တော့လိုပါလိမ့်မယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီဒုတိယ ဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုပုံစံအရ တပ်မတော်က Guardian (အုပ်ထိန်းသူ) ပုံစံဖြစ်နေပြီး ယခုကဲ့သို့ အခင်းအကျင်းမျိုးတွင် အဆိုပါ Role (အခန်းကဏ္ဍ) ကို ပြလေ့ပြထရှိကြောင်း အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေး အဓိက လေ့လာသုံးသပ်သည့် တကောင်း နိုင်ငံရေးလေ့လာမှုအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းက ဆိုသည်။

“ အဲဒီတော့ သူကိုယ်တိုင်ပဲ သူပါတဲ့ Role ကို အခြေခံဥပဒေကို အခြေပြုပြီးတော့ ဖွင့်ဆိုတာတွေ့ရတယ်။ ဟိုနေ့က သမ္မတရုံးက ဦးဇော်ဌေး ပြောတဲ့ဟာကို အကြောင်းပြန်တဲ့ နေရာမှာလည်း သူ့ရဲ့အခန်းကဏ္ဍကို အခြေခံဥပဒေအရ ဖွင့်ဆိုတာတွေ့ရတယ်။ အဲဒီတော့ ကျွန်တော်တို့က အမြဲတမ်းပြောတယ်။ အခြေခံဥပဒေက နိုင်ငံရဲ့ အခြေခံဥပဒေထက် တပ်မတော်ရဲ့ နိုင်ငံရေး ခံကတုပ်လို ဖြစ်နေတယ်။ အဲဒီနိုင်ငံရေး ခံကတုပ်ထဲကနေပြီးတော့ သူအမြဲတမ်း ဒါမျိုးတွေလုပ်နေမယ့် အနေအထား ရှိတယ်လို့ မြင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများသည်  ၂၀၀၈ အခြေခံဥပဒေအောက်မှ ဝင်ရောက်ရခြင်းဖြစ်ရာ တပ်မတော်၏ တည်ရှိမှုကို အသိအမှတ်ပြုမှသာ ပြဿနာကို ဖြေရှင်းနိုင်မည်ဟု နိုင်ငံရေးနှင့် တိုင်းရင်းသားအရေးသုတေသီ ဦးမောင်မောင်စိုးက ပြောကြားသည်။

“ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဝင်ရင်တော့ အဲဒါတွေက ငြင်းဆန်လို့ မရဘူး။ ငြင်းပယ်လို့ မရဘူး။ အဲဒီရှိနေတဲ့ အခြေအနေအောက်မှာ ဘယ်လိုကျော်လွှားမလဲ။ ဘယ်လို ဖြေရှင်းမလဲဆိုတာပဲ အရေးကြီးပါတယ်” ဟု ၎င်းက အကြံပြုသည်။

အာဏာသိမ်းမှာ စိုးရိမ်ရသလား

ယခင် ရွေးကောက်ပွဲတုန်းက ရွေးကောက်ပွဲရလဒ်ကို ကြေညာပြီးသည်နှင့် ယင်းရလဒ်ကို လက်ခံသည်ဟု ပြောခဲ့သော်လည်း ယခုအခြေအနေတွင် သတိထားရမည်ဟု တပ်ချုပ်က ပြောကြားသည်။

ယင်းပြောကြားချက်က ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အမှန်တကယ် တည့်မတ်လို၍လား ၎င်းလိုချင်သည့် ရလဒ်တစ်စုံတစ်ရာမထွက်ပေါ်လျှင် ဆောင်ရွက်ဖွယ်ရှိသည့် အခြေအနေကို နိမိတ်ပြခြင်းလား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်သည်။

“ အခုဆိုရင် တော်တော်လေး သတိထားရတဲ့ အခြေအနေဖြစ်တယ်။ အခုလိုမျိုး ကျွန်တော်မဖြစ်စေချင်ဘူး။ ဒါကြောင့် သတိထားပြီး လုပ်လို့ရအောင် သတိပေးတဲ့ သဘောပြောတာပါ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Popular News နှင့် အင်တာဗျူးတွင် ပြောကြားသည်။ 

သို့သော် တပ်ချုပ်၏ ပြောကြားချက်က ခြိမ်းခြောက်သည်ဟု ယူဆလျှင် ယူဆ၍ရနိုင်သည့်အတွက် ယခုကဲ့သို့ ပြောဆိုမှုအပေါ် ကန့်ကွက်သည်ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

“ ကျွန်တော်တို့လည်း UEC ကို မကြိုက်တာ အမှန်ပဲ။ ဒါပေမဲ့ ဒီဟာကို ဘယ်လိုမျိုး ပြောင်းလဲဖို့လိုသလဲ။ ဘယ်လိုမျိုး လုပ်ကြမလဲဆိုတာကို ပြန်ပြီးမှ ဆွေးနွေးဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ဒုတိယသမ္မတတစ်ဦး တင်မြှောက်ခွင့်ရှိခြင်း၊ အရေးကြီးဝန်ကြီးဌာနသုံးခု၏ ပြည်ထောင်စုဝန်ကြီး အမည်စာရင်းကို အဆိုတင်ခွင့်ရှိခြင်း အပါအဝင် အခွင့်အာဏာများစွာကို အခြေခံဥပဒေအရ ပိုင်ဆိုင်ပြီးဖြစ်သည့် တပ်မတော်သည် နိုင်ငံတကာက ဝေဖန်ဖိအားပေးခံရမည့် အာဏာသိမ်းလမ်းစဉ်ကို လွယ်လွယ်နှင့် ဆောင်ရွက်မည် မဟုတ်ကြောင်း ရှုမြင်သူများလည်း ရှိသည်။

“ စစ်တပ်က ဒီဟာကို ကျွံဝင်မှာ မဟုတ်ဘူး။ သူတို့ အဲဒီလောက်ကြီး မိုက်မဲမှာ မဟုတ်ဘူးပေါ့နော်။ ဒါက ဘာကို မူတည်လဲဆိုရင် ရွေးကောက်ပွဲဝင်ပြိုင်မယ့် ပါတီတွေရဲ့ Complain တွေက မူတည်လိမ့်မယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဗိုလ်မှူး (ငြိမ်း) ဒေါက်တာအောင်မျိုးက သုံးသပ်သည်။

သို့သော် အခြေခံဥပဒေပုဒ်မ ၂၀ (စ) တွင် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကရှိသည်ဆိုသော အချက်အပါအဝင် ပုဒ်မ ၄၁၇ အရ အရေးပေါ်အခြေအနေ ကြေညာရသည့်ကိစ္စတွင် သမ္မတထံမှ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအာဏာများကို လက်လွှဲရယူနိုင်ခြင်းတို့ကြောင့် အာဏာသိမ်းနိုင်သည် ဟူ၍လည်း တွေးဆနိုင်ပြီး မည်သည့်ပုံစံဖြင့် သိမ်းမလဲဆိုတာသာ မေးခွန်းဖြစ်သည်။

“ တပ်က အခုအခြေအနေ အရဆိုရင် အာဏာသိမ်းတဲ့ ဖဲချပ်ကို စားပွဲပေါ်တင်ထားတာ တွေ့ရတယ်။ အာဏာသိမ်းမလား မသိမ်းလားဆိုတာတော့ ယတိပြတ်ပြောလို့မရဘူး” ဟု အရပ်ဘက် စစ်ဘက် ဆက်ဆံရေး လေ့လာသူ ဦးရဲမျိုးဟိန်းက ပြောကြားသည်။

တပ်မတော်နှင့် ဆက်ဆံရေး ပြေပြစ်သော ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူကတော့ လက်ရှိပြဿနာများသည် ရွေးကောက်ပွဲကော်မရှင်၏ အားနည်းချက်များမှ ပေါ်ပေါက်လာခြင်းပြီး ယင်းအတွက်ကော်မရှင်အနေဖြင့် လုပ်ဆောင်ရမည်ကို ရိုးဖြောင့်စွာ ဆောင်ရွက်လျှင် စိုးရိမ်သည့် အခြေအနေများ ဖြစ်လာစရာ မရှိဟု မှတ်ချက်ပြုသည်။

“ ကော်မရှင်က ဒီရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဘက်မလိုက်ဘဲ ဆောင်ရွက်ပေးမယ်ဆိုရင် ဘာမှဖြစ်စရာအကြောင်း မရှိပါဘူး” ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

တပ်မတော်၏ ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်တွင် ၎င်းအနေဖြင့် စိုးရိမ်ထိုက်သည့် ကိစ္စဟု ရှုမြင်သောကြောင့် ဖြစ်နိုင်တော့လည်း နိုင်ငံ၏ Institution အချင်းချင်း အားနည်းချက်များကို  ပူးပေါင်းဖြေရှင်းသင့်သည်ဟု PACE အဖွဲ့မှ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

“ နိုင်ငံရဲ့ Institution တစ်ခု ဖြစ်တဲ့ တပ်မတော်နဲ့ နောက်ထပ် Institution တစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲကော်မရှင်ကြားထဲမှာ အဲဒီလို Tension ဖြစ်မဲ့အစား ဘယ်လို Coordination လုပ်မလဲ ဆိုတဲ့ Mechanism ရှာဖို့ ကောင်းတာပေါ့” ဟု ၎င်းက ပြောကြားသည်။

ဆယ်စုနှစ်များစွာ တပ်မတော် အစိုးရ အုပ်ချုပ်မှုအောက်မှ ၂၀၀၈ အခြေခံဥပဒေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး အသွင်ကူးပြောင်းရေး ဆောင်ရွက်သည်မှာ ၁၀ နှစ်ဝန်းကျင်သာ ရှိသေးသည်။

ထို့ကြောင့် လက်ရှိ တတိယအကြိမ်မြောက် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲက နိုင်ငံကို ဒီမိုကရေစီ နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်သလို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခြင်းမရှိလျှင် နိုင်ငံရေး အထိအရှများဖြင့် တိုင်းပြည်အတွက် အန္တရာယ်ရှိသည့် အနေအထားလည်း ဖြစ်နိုင်သည်။

“ ရွေးကောက်ပွဲ အလွန်ကာလမှာ တစ်ပါတီတည်း အုပ်စိုးပြီးတော့ အစိုးရ ဖွဲ့တာမျိုးထက်စာရင်း အားလုံးညီညွီညွတ်ညွတ်နဲ့ စုပေါင်းပြီးတော့ အစိုးရဖွဲ့နိုင်တဲ့ အခင်းအကျင်းပေါ့။ အနိုင်ရတဲ့ ပါတီက ဦးဆောင်ပြီးတော့ အားလုံးညီညွတ်တဲ့ အစိုးရဖွဲ့နိုင်တဲ့ အခင်းအကျင်းမျိုးကို အနိုင်ရတဲ့ ပါတီတွေက လုပ်ပေးနိုင်ရင် ဦးဆောင်ပေးနိုင်ရင်တော့ ကျွန်တော်တို့ နိုင်ငံက အစွန်းထွက် နိုင်ငံရေးထက် ဒီမိုကရေစီကို ခြေတစ်လှမ်းတိုးလာတယ်လို့ ထင်တယ်။ အဲဒီလိုမှမဟုတ်ဘဲနဲ့ ငါတို့နိုင်တယ်။ ငါတို့ အကုန်ယူမယ်ဆို တဲ့ပုံစံမျိုးနဲ့ သွားမယ်ဆိုရင်တော့ အစွန်းထွက် နိုင်ငံရေးကို သွားမယ်လို့ မြင်ပါတယ်” ဟု ဦးရဲမျိုးဟိန်းက ပြောကြားသည်။              

အစိုးရနဲ့ တပ်မတော်ကြား ပွတ်တိုက်မှုများကြောင့် ရွေးကောက်ပွဲအလွန်နိုင်ငံရေး အခန်းကဏ္ဍအပေါ် စိုးရိမ်မှုများရှိသော်လည်း ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာသည့် ရလဒ်ကို လက်ခံမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၈ ရက် ဆန္ဒမဲလာပေးချိန်တွင် သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

“ ကျွန်တော်က ပြည်သူ့ဆန္ဒနဲ့ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာပဲ ဒါက ဘယ်လိုမှ ငြင်းပယ်လို့ မရဘူး။ လက်ခံရမှာ နောက်နိုင်ငံသူ နိုင်ငံသားတွေရဲ့ ခံစားရတဲ့သောက ဒေါသတွေကို ဖြေသိမ့်ဖို့အတွက် စဉ်းစားပြီးတော့ လုပ်ဆောင်ဖို့ လိုပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

Most Read

Most Recent