သတိပြုဆင်ခြင်ဖို့ လိုနေပြီဖြစ်တဲ့ သတင်းတု၊ သတင်းမှားများ

သတိပြုဆင်ခြင်ဖို့ လိုနေပြီဖြစ်တဲ့ သတင်းတု၊ သတင်းမှားများ
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် သတင်းတု၊ သတင်းမှားများကို တွေ့ရစဉ်
လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့် သတင်းတု၊ သတင်းမှားများကို တွေ့ရစဉ်
Published 8 November 2020
လွင်မျိုးသူ

“ မြန်မာပြည်ကို ဖျက်ဆီးမည့် နိုင်ငံခြားသားများ၏ အစီအစဉ်ကို ဖော်ထုတ်ခြင်း” လို့ ခေါင်းစဉ်တပ်ထားတဲ့ Youtube Video link တစ်ခုဟာ@myanmarpresscouncil.org နဲ့ office@presidentoffice.gov.mm အမည်ရှိတဲ့ အီးမေးလ်လိပ်စာတွေကနေ နိုဝင်ဘာ ၅ ရက်မှာ သတင်းဌာနတွေကို လိုက်လံပို့ခဲ့ပါတယ်။

အဲဒီသတင်းဟာ သတင်းတု Link ဖြစ်တယ်လို့ သတင်းမီဒီယာကောင်စီက တုံ့ပြန်ခဲ့ပါတယ်။

သတင်းမီဒီယာကောင်စီအီးမေးလ်လို့ အထင်မှားစေနိုင်တဲ့ အဆိုပါအီးမေးလ်လိပ်စာနဲ့ သတင်းတု Link များ ဖြန့်ဝေနေတယ်လို့လည်း သတင်းမီဒီယာကောင်စီက အသိပေးထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကလည်း “နိုင်ငံတော်သမ္မတရုံး အယောင်ဆောင်လိပ်စာဖြင့် သတင်းဌာနများကိုပေးပို့နေခြင်း ဖြစ်တယ်” လို့ ဆိုပြန်ပါတယ်။ အဲဒီသတင်းတုဟာ သတင်းမီဒီယာကောင်စီနဲ့ နိုင်ငံတော်သမ္မတရုံးတို့ရဲ့ အီးမေးလ်လိပ်စာ အယောင်ဆောင်ပြီး ပေးပို့နေတာပါ။ မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲနဲ့ ကိုဗစ် ကပ်ရောဂါ တိုက်ထုတ်နေတဲ့ကာလအတွင်းမှာ သတင်းတု သတင်းအမှားတွေဟာ နေ့စဉ်နဲ့အမျှ ပျံ့နှံ့နေပါတယ်။

နေ့စဉ်အမျှ ပျံ့နှ့ံနေတဲ့ သတင်းတု သတင်းအမှားတွေဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ အများဆုံး ပျံ့နှံ့နေကြပါတယ်။

လူမှုကွန်ရက်ထဲမှ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူအများဆုံး ဖြစ်တာကြောင့် သတင်းတု သတင်းအမှား ဖြန့်သူတွေ အဓိကအားဖြင့် Facebook ပေါ်မှာ အများဆုံးပျံ့နှံံ့နေကြတာပါ။

သတင်းတုတွေ ဘယ်လိုပုံစံမျိုးနဲ့ ပျံ့နှ့ံနေလဲ

သတင်းအမှား (Misinformation) နဲ့ လုပ်ကြံသတင်း (Disinformation) ဆိုပြီး အကြမ်းအားဖြင့် ရှိပါတယ်။ ဒီသတင်းအမှား၊ လုပ်ကြံသတင်းများကို ခွဲခြားရာ-

၁။ သရော်စာနှင့် စာပြောင်စာဖျက်။

၂။ မှားယွင်းသော အဆက်အစပ်များ။

၃။ လှည့်ခြားမှုပါသော အကြောင်းအရာ တင်ဆက်ချက်။

၄။ အခြေအနေအခင်းအကျင်း အမှား။

၅။ အယောင်ဆောင်တင်ဆက်ချက်များ။

၆။ ပြုပြင်စီမံဖြတ်ညှပ်ကပ်တင်ဆက်ချက်။

၇။ အတုပြုလုပ်ဖန်တီးသော တင်ဆက်ချက်များလို့ဆိုပြီး ခုနစ်မျိုး ခွဲခြားနိုင်ပါတယ်။

သတင်းအမှားလုပ်ကြံသူတွေဟာ စာတွေ၊ ပုံတွေကို အသုံးပြုပြီး လှည့်ဖြားတာတွေ ဖြန့်ဝေရုံသာမက ယခုနောက်ပိုင်းမှာ ဗီဒီယိုတွေကို အသုံးပြုပြီး သတင်းအမှားတွေကို ဖြန့်ဝေလာကြပါတယ်။

“ အခုနောက်ပိုင်းဆိုရင်Youtube က ဗီဒီယိုတွေကို Facebook မှာ လာတင်တာတွေ တွေ့ရတယ်။ နောက်တစ်ခုကတော့ကျတော့ VK နဲ့ Tiktok မှာလည်း သတင်းအမှား ဖြန့်တာတွေ တွေ့လာရတယ်” လို့ သတင်းအချက်အလက် စစ်ဆေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ MIDO မှ Program Director ဒေါ်ဖြူဖြူသီက ဆိုပါတယ်။

ရွေးကောက်ပွဲနဲ့ COVID-19 ဖြစ်နေတဲ့ ကာလအတွင်း ဒီသတင်းအမှားတွေက နေ့စဉ်နဲ့အမျှ တွေ့လာရပြီး ဒီသတင်းအမှားတွေကြောင့် ပြည်သူလူထုက စိုးရိမ်မှု ပိုမိုမြင့်မားလာစေနိုင်သလို မလိုလားအပ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။

ဘယ်လိုအကြောင်းအရာတွေနဲ့ သတင်းတုတွေ ပြန့်နေလဲ

ရွေးကောက်ပွဲနဲ့ COVID-19 ကာလဖြစ်တာကြောင့် သတင်းတု၊ သတင်းအမှားတွေ အများစုကတော့ ရွေးကောက်ပွဲနဲ့ ကိုဗစ်ကပ်ရောဂါကို ဦးတည်တာကို တွေ့ရတယ်လို့ MIDO မှ ဒေါ်ဖြူဖြူသီက ဆိုပါတယ်။

“ ရွေးကောက်ပွဲကာလဖြစ်တဲ့ အတွက်ကြောင့် ရွေးကောက်ပွဲတို့၊ နိုင်ငံရေးတို့နဲ့ဆိုင်တဲ့ သတင်းတွေ ပြန့်နေတယ်။ ရွေးကောက်ပွဲနဲ့ ဆက်စပ်ပြီး ဘာသာရေး၊ လူမျိုးရေးတွေနဲ့ ပတ်သက်ပြီး သတင်းတုတွေ ပြန့်နေတယ်။ ဒါ့ပြင် ကိုဗစ်နိုင်တင်းနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ပျံ့နှံ့တယ်” လို့ ဒေါ်ဖြူဖြူသီက ဆိုတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ သတင်းအမှားတွေက နိုင်ငံရေးပါတီတွေ၊ ကြိုတင်မဲနဲ့ ရခိုင်အရေးကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖြန့်ဝေနေကြောင်း သိရပါတယ်။

“ ဒီတစ်ခေါက် ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသားပါတီတွေကို တိုက်ခိုက်တာတွေ ရှိလာတယ်။ အရင်တုန်းကဆိုရင် USDP နဲ့ NLD ပါတီကိုပဲ တိုက်ခိုက်တာ တွေ့ရတယ်။ ဒီနှစ်ရွေးကောက်ပွဲမှာဆိုရင် အများဆုံးတွေ့ရတာကတော့ NLD ကို တိုက်ခိုက်တာတွေ့ရတယ်။ အခုနောက်ပိုင်း အများဆုံးကတော့ တိုင်းရင်းသားပါတီတွေကို အဓိကထားတိုက်ခိုက်တာ တွေ့ရတယ်” လို့ ဒေါ်ဖြူဖြူသီက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက်ကလည်း ကျားခေါင်းပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ မဟာမိတ်အဖြစ် ပူးပေါင်းစာချုပ်ချုပ်တယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ အချက်အလက် စစ်ဆေးတဲ့အဖွဲ့တစ်ခုဖြစ်တဲ့ “ ဟုတ်တယ် VK မဟုတ်ဘူး” က စစ်ဆေးတဲ့အခါမှာတော့ ဒီသတင်းဟာ သတင်းမှားဖြစ်ကြောင်း သိရတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးက အပြတ်အသတ်နိုင်တယ်ဆိုတဲ့ မဲရလဒ်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ၂၀၂၀ နှစ်ကုန်ရင် COVID-19 ကာကွယ်ဆေးရတော့မယ်။ ထိုးဆေးတစ်လုံးကို ၄၀၀၀ ကျပ်နဲ့ရမယ်လို့ တာဝန်ရှိသူတွေကပြောတယ်ဆိုတဲ့ သတင်းအမှားတွေလည်း ပျံ့နှ့ံလာပါတယ်။

သတင်းတု၊ သတင်းအမှားတွေဟာ ရွေးကောက်ပွဲကာလနီးလာသည်နဲ့အမျှ ပိုမိုများလာပြီး တစ်နေ့ကို သတင်းအမှား ၁၀၀ ကျော်လောက်အထိ ရှိနေကြောင်း ဒေါ်ဖြူဖြူသီက ပြောပါတယ်။

ဒေါ်ဖြူဖြူသီတို့ MIDO ဟာ “ဟုတ်တယ် VK မဟုတ်ဘူး” ဆိုတဲ့ အချက်အလက်စစ်ဆေးတဲ့အဖွဲ့လည်း ဖွဲ့စည်းထားပါတယ်။

“ ကိုဗစ်နိုင်တင်းကြောင့်ရော ရွေးကောက်ပွဲကြောင့်ရောပါ သတင်းတု သတင်းအမှားတွေက တော်တော်များများ မြင့်တက်သွားတယ်။ အရင်နှစ်လသုံးလထက်စာရင် သတင်းတု သတင်းအမှားတွေက နှစ်ဆ၊ သုံးဆလောက် တက်လာတယ်” လို့ ဒေါ်ဖြူဖြူသီက ဆိုပါတယ်။

သတင်းတုသတင်းအမှားတွေရဲ့ အန္တရာယ်

ဒီနှစ်အစောပိုင်းက အိန္ဒိယမှာ ကြက်သားစားရင် ကိုဗိုနာဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုတဲ့ သတင်းတုတွေ Whatspp မှာ ပျံ့နှံ့ခဲ့တာကြောင့် ကြက်သားရောင်းတဲ့ စျေးသည် ၈၀ ရာခိုင်နှုန်းက စျေးရောင်းမကောင်း ဘဲ စီးပွားရေးအခက်အခဲတွေ ကြုံတွေ့ခဲ့ကြရပါတယ်။

အွန်လိုင်းပေါ်က သတင်းအမှားတွေကြောင့် အပြင်မှာ ပဋိပက္ခတွေပါ ဖြစ်သွားနိုင်တယ်။ ပဋိပက္ခဆိုတာ တဖြည်းဖြည်းပြီးသွားတာ မဟုတ်ဘူး။ တငွေ့ငွေ့ဆက်ပြီး လောင်ကျွမ်းတတ်တာကြောင့် အွန်လိုင်းပေါ်က သတင်းအမှားတွေက ပြင်ပမှာပါ ထိခိုက်မှုတွေဖြစ်ပေါ်ပါတယ်။

“ Facebook Page တစ်ခုကနေ သတင်းတုတင်လိုက်တာက အပြင်မှာ ပဋိပက္ခဖြစ်သွားနိုင်တယ်ဆိုတာကို သတိပြုသင့်တယ်။ ဒီကိစ္စကို သေချာစစ်ဆေးပြီး အမှုမှန်ပေးတာတောင် ခုနက သတင်းအမှားလောက်ကို လူတွေက လူသိမများတော့ဘူး” ဟု ဒေါ်ဖြူဖြူသီက ဆိုသည်။

Facebook က သတင်းတုတွေ ပို့စ်ကို ဖျက်ချလိုက်တောင်မှ Screenshoot တွေနဲ့ ထပ်ပျံ့နှံ့နေတာတွေ ရှိပါတယ်။ အချို့နယ်မြို့တွေမှာဆိုရင် Screenshop တွေက Print တွေနဲ့ ထုတ်ပြီး ပြန့်နေတာတွေ ရှိပါတယ်။

ရွေးကောက်ပွဲနားနီးလေ လုပ်ကြံဖန်တီးတဲ့ သတင်းတွေက ပိုများလာတယ်။ အဲဒီလိုဖန်တီးတဲ့အခါမှာ သတင်းပျံ့နှံ့အောင် လုပ်တဲ့နည်းတွေကလည်း သေသေသပ်သပ်ပိပိရိရိနဲ့ လုပ်လာကြပါတယ်။

Facebook က သတင်းတု၊ သတင်းအမှားတွေကို ဘယ်လိုလုပ်ဆောင်နေလဲ

မြန်မာနိုင်ငံမှာ အောက်တိုဘာလအတွင်းမှာ Facebook အသုံးပြုသူ ၂၇၂၇၀၀၀၀ (၂၇ သန်းကျော်) ရှိတယ်လို့ လူမှုကွန်ရက် စောင့်ကြည့်လေ့လာရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ NapoleonCat က စာရင်းတွေအရ သိရပါတယ်။

ဒီ ၂၇ သန်းကျော် အရေအတွက်ဟာ နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်နီးပါပဲ။ ဇန်နဝါရီလတုန်းကတော့ မြန်မာနိုင်ငံမှာ Facebook အသုံးပြုသူဟာ ၂၂၃၅၀၀၀၀ (၂၂ သန်းကျော်) ရှိခဲ့ပါတယ်။

ဒီအရေအတွက် နှစ်ခုကို ချိန်ဆကြည့်ရင် ၁၀ လအတွင်းမှာ Facebook အသုံးပြုသူသိန်း ၅၀ နီးပါး တိုးလာခဲ့တာကို တွေ့ရမှာပါ။

Facebook အသုံးပြုသူထဲမှာ အသက် ၁၈ နှစ်မှ ၃၄ နှစ် အသက်အပိုင်းအခြားက အသုံးပြမှုအများဆုံး ဖြစ်ကြောင်း NapoleonCat က ဖော်ပြထားပါတယ်။

Facebook ဟာ ပိုလန်နိုင်ငံအခြေစိုက် Facebook ရဲ့ Marketing Partner ၊ Social Media Analytics အဖွဲ့အစည်းတစ်ခုဖြစ်ပါ။

Facebook က မြန်မာနိုင်ငံမှာ သတင်းတု၊ သတင်းအမှားများကို လျှော့ချဖို့အတွက် ပြည်တွင်းမိတ်ဖက်အဖွဲ့အစည်းများဖြစ်တဲ့ BOOM Myanmar, AFP Face Check, Face Crescendo တို့နဲ့ ယခုနှစ် နှစ်စပိုင်းမှာ ပူးပေါင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ သတင်းထုတ်ပြန်ချက်ထဲမှာတော့ အချက်အလက်စစ်ဆေးသူ (Fact Checker) တွေဟာ Facebook ပေါ်မှာ မြန်မာဘာသာနဲ့ ရေးသားထားတဲ့အကြောင်းအရာတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေကို ဆန်းစစ်လေ့လာသွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အချက်အလက် စစ်ဆေးသူများက မှားနေတယ်လို့ ယူဆတဲ့အကြောင်းအရာတွေကို News Feed မှာ ပြသမှုကို လျှော့ချလိုက်ပြီး သတင်းအမှားပျံ့နှံမှုကို လျော့ကျသွားစေမယ်လို့ Facebook က ဆိုပါတယ်။

ဒါ့ပြင် သတင်းအမှား၊ အကြောင်းအရာအမှားလို့ သတ်မှတ်လိုက်တဲ့ ပို့စ်ကို Facebook အသုံးပြုသူတွေနဲ့ Admin တွေက မျှဝေလိုတဲ့အခါ ဒါမှမဟုတ် မျှဝေလိုက်သည့်အခါ သတိပေးချက်တွေ ရရှိလာမှဖြစ်တယ်လို့ Facebook ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီဂျစ်တယ်ခေတ်ကို လျင်လျင်မြန်မြန် ကူးပြောင်းနေတဲ့အတွက် လူတိုင်းက နေ့တိုင်းနီးပါး သတင်းအချက်အလက်တွေကို ပုံစံမျိုးစုံနဲ့ လက်ခံရယူနေကြပါတယ်။

ဒစ်ဂျစ်တယ်ခေတ်ရဲ့ သတင်းအချက်အလက် စားသုံးမှုနဲ့ သတင်း စီးဆင်းမှုပုံစံတွေ ပြောင်းလဲလာတဲ့နောက်၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံးမှာ သတင်းအမှားတွေဟာ လူထုကြားထဲကို အရှိန်အဟုန်နဲ့ စီးဆင်းဝင်ရောက်နေပါတယ်။

သတင်းတု၊ သတင်းမှားတွေကို အခုလို ကိုရိုနာဗိုင်းရပ်စ်တွေ ဖြစ်ပွားနေချိန်၊ ရွေးကောက်ပွဲကျင်းပတဲ့ ကာလမှ မဟုတ်ဘူး။ အချိန်တိုင်းလိုလို သတိထားသင့်ပါတယ်။

လူမှုကွန်ရက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုကြပြီးနောက်ပိုင်းမှာ ဒီသတင်းတုတွေရဲ့ အန္တရာယ်က ကြီးမားလာပါတယ်။

မှားယွင်းတဲ့ အချက်အလက်တွေကြောင့် ပြည်သူလူထုအတွက် ဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။

Digital အသိပညာအားနည်းတဲ့ မြန်မာနိုင်ငံ လူမှုကွန်ရက်သုံးစွဲသူတွေအကြားမှာလည်း အလားတူ ပြဿနာတွေဖြစ်ပေါ်ဖို့ အခွင့်အလမ်းတွေ အရမ်းကိုလွယ်ကူနေပါတယ်။

ဒါဟာ ဒီဂျစ်တယ်ပြောင်းလဲ တိုးတက်မှုရဲ့ ဆိုးကျိုးတစ်ခုလည်း ဖြစ်တယ်လို့ဆိုနိုင်ပါလိမ့်မယ်။

ဒါကြောင့် သတင်းတု၊ သတင်းအမှားတွေရဲ့အန္တရာယ်ကို သတိထားပြီး လူမှုကွန်ရက်က သတင်းတွေကို ဆင်ခြင်ဆန်းစစ်ကြည့်ရှုသတိချပ်စေလိုပါတယ်။

Most Read

Most Recent