ကိုဗစ်၏သက်ရောက်မှု ကာလကြာရှည်လာချိန်တွင် စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် ငွေကြေးလိုအပ်ချက်

ကိုဗစ်၏သက်ရောက်မှု ကာလကြာရှည်လာချိန်တွင် စီးပွားရေး ပြန်လည်နာလန်ထူရေးအတွက် ငွေကြေးလိုအပ်ချက်
ရပ်ကွက်များအတွင်း  စားသောက်ကုန်များကို စျေးရောင်းကားဖြင့် ရောင်းချပေးနေစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ရပ်ကွက်များအတွင်း  စားသောက်ကုန်များကို စျေးရောင်းကားဖြင့် ရောင်းချပေးနေစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 8 November 2020
နီလာ

မြန်မာနိုင်ငံတွင် COVID-19 ဒုတိယလှိုင်းကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို  ပြည်သူများ ပြင်းပြင်းထန်ထန်ခံစားနေရသည်။

COVID-19 ၏ဒုတိယလှိုင်းရိုက်ခက်မှုကြောင့် မြန်မာနိုင်ငံ၏လူမှုစီးပွားရေးဖွံ့ဖြိုးမှုအပေါ်များစွာ ထိခိုက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် COVID-19 ၏ သက်ရောက်မှုများကို ကုစားနိုင်ရေးအတွက် COVID-19 Economics Relief Plan (CERP) ကို ပြီးခဲ့သည့် ဧပြီတွင် ရေးဆွဲထုတ်ပြန်ခဲ့ပြီး မူဝါဒဆိုင်ရာ လက်တွေ့ဆောင်ရွက်ရမည့် အချက်များနှင့် ငွေကြေးဆိုင်ရာကုစားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

COVID-19 တုံ့ပြန်ရေး ဆောင်ရွက်ချက်များအတွက် ပြည်တွင်းမှ ဘဏ္ဍာရေးပ့ံပိုးပေးမှုများအပြင် ထပ်မံလိုအပ်သည့်ငွေကြေးများကို နိုင်ငံတကာငွေရေးကြေးရေးအဖွဲ့အစည်းများ ဖြစ်ကြသည့် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့မှ အတိုးနှုန်းသက်သာသော ချေးငွေများ၊ ထောက်ပံ့ငွေများ ဖြည့်ဆည်းပေးလျက်ရှိသည်။

အလားတူ G20 နိုင်ငံများမှ ထောက်ပံ့ကူညီသည့် ကြွေးမြီပြန်လည်ပေးဆပ်မည့်ကာလ ရွှေ့ဆိုင်းပေးခြင်းအစီအစဉ် (Debt Service Suspension Initiative DSSI) ဖြင့်လည်း ကြွေးမြီသက်သာခွင့်များ ရရှိခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ပြောကြားသည်။

သို့ရာတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကို မခန့်မှန်းနိုင်သေးသည့် အခြေအနေတွင် ရောဂါဖြစ်ပွားမှုကာလ ကြာရှည်လာသဖြင့် ပြည်သူများ၏ စားဝတ်နေရေးနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်နာလန်ထူလာစေရေးတို့ အတွက် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ငွေကြေးလိုအပ်ချက်များ ထပ်မံတိုးမြင့်လာနိုင်မည် ဖြစ်ရာ ယင်းကဏ္ဍငွေလိုအပ်မှုများကို နိုင်ငံတကာ ငွေရေးကြေးအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့များက ဆက်လက်တိုးမြှင့် ထောက်ပံ့နိုင်ရေးပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်လာပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက နိုဝင်ဘာ ၆ ရက်က ပြုလုပ်သည့် (၁၄) ကြိမ်မြောက် အာရှ-ဥရောပ ဘဏ္ဍာရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုဗစ်ကာလ ထုတ်ချေးထားသည့် ချေးငွေအထောက်အပံ့များ

COVID-19 ကာလအတွင်း အစိုးရက ထောက်ပံ့ပေးမှုများတွင် တောင်သူလယ်သမားများအတွက် ချေးငွေကျပ်ဘီလျံ ၆၀၀၊ လက်ဖက်ရည်ဆိုင်များအတွက် ချေးငွေ ကျပ် ဘီလျံ ၁၀၀၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍအတွက် ကျပ် ၉၃ ဘီလျံ၊ မြန်မာအမျိုးသားလေကြောင်းလိုင်းအတွက် ကျပ် ၃၄ ဘီလျံ၊ အခွန်အခကင်းလွတ်ခွင့်အတွက် ကျပ် ၃၄၂ ဘီလျံ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ချေးငွေကျပ် ဘီလျံ ၂၀၀၊ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ကျပ် ၃၆၃ ဘီလျံ၊ လျှပ်စစ်ဓာတ်အားခ ကင်းလွတ်ခွင့်အတွက် ကျပ် ၁၀၉ ဘီလျံ၊ အရန်စားနပ်ရိက္ခာအတွက် ကျပ် ၃၈ ဘီလျံ၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ၂၆၈ ဘီလျံ၊ လူမှု ကာကွယ်စောင့်ရှောက်ရေးအတွက် ကျပ် ၃၆ ဘီလျံ၊ အသေးစားချေးငွေအတွက် ကျပ်ဘီလျံ ၁၀၀ ထောက်ပံ့ပေးထားသည်။

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ပထမအသုတ်အဖြစ် ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ဒုတိယအကြိမ်ချေးငွေထုတ်ပေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးပစ္စည်း ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့် လုပ်ငန်းများ၊ စားသောက်ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးမည်ဖြစ်သည်။

COVID-19 ကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စီးပွားရေးဆိုင်ရာသက်ရောက်မှုများအတွက် ဒုတိယအကြိမ်ချေးငွေထုတ်ပေးရာတွင် ကျပ်ဘီလျံ ၁၀၀ ကို ပထမ အရစ်ကျပ်  ၃၅ ဘီလျံ၊ ဒုတိယအရစ် ကျပ် ၃၅ ဘီလျံနှင့် တတိယအရစ် ကျပ်ဘီလျံ ၃၀ ကို အစီအစဉ်အတိုင်း ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ပထမအကြိမ် COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံကျော် ထုတ်ချေးထားသည်။ လုပ်ငန်းကော်မတီ၏ ၂၀၂၀ ပြည့်နှစ် မတ် ၂၉ ရက် နေ့စွဲပါ ကြေညာချက်တွင် ဖော်ပြပါရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့်လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေ ခုနစ်ကြိမ်ခွဲ၍ ထုတ်ချေးထားသည်။

လုပ်ငန်းတစ်ခုချင်းအလိုက် ချေးငွေရရှိမှုကို လေ့လာကြည့်ပါက စားသောက်ကုန်၊ လူသုံးကုန်၊ အထွေထွေကုန်ပစ္စည်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ MSME ၂၅၅၀ သို့ ချေးငွေကျပ် ၇၀၀၈၁ ဒသမ ၁၀ သန်း(ကျပ်ဘီလျံ ၇၀ ကျော်) ဖြင့် စုစုပေါင်း ချေးငွေ ထုတ်ချေးထားမှု၏ ၆၉ ဒသမ ၃၀ ရာခိုင်နှုန်းအထိ အများဆုံးထုတ်ချေးထားသည်။

ဟိုတယ်လုပ်ငန်း ၃၄၀ သို့ ချေးငွေကျပ်  ၁၅၇၂၀ ဒသမ ၇၄ သန်း (ကျပ် ၁၅ ဒသမ ၇ ဘီလျံကျော်) အထိ ထုတ်ချေးထားပြီး စုစုပေါင်းချေးငွေထုတ်ချေးထားမှု၏ ၁၅ ဒသမ ၅၅ ရာခိုင်နှုန်းအထိ ဒုတိယအများဆုံး ထုတ်ချေးထားသည်။

အထည်ချုပ် CMP လုပ်ငန်း ၄၅ ခုသို့ ချေးငွေကျပ် ၆၃၁၂ သန်း (ကျပ် ၆ ဒသမ ၃ ဘီလျံကျော်) ထုတ်ချေးထားပြီး စုစုပေါင်းချေးငွေ ထုတ်ချေးထားမှု၏ ၆ ဒသမ ၂၄ ရာခိုင်နှုန်းအထိ ထုတ်ချေးထားပြီး အခြား CMP လုပ်ငန်းနှစ်ခုသို့ ချေးငွေ ကျပ် ၇၅ သန်း ထုတ်ချေးထားသည်။

ထို့ပြင်ခရီးသွားလုပ်ငန်း ၂၃၆ ခုသို့ ချေးငွေကျပ် ၃၇၅၇ ဒသမ ၄၆ သန်းထုတ်ချေးထားပြီး စုစုပေါင်း ချေးငွေထုတ်ချေးထားမှု၏ ၃ ဒသမ ၇၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားပြီး စားသောက်ဆိုင်လုပ်ငန်း ၂၂၀ သို့ ချေးငွေကျပ် ၅၁၈၂ သန်း ထုတ်ချေးထားကာ စုစုပေါင်းချေးငွေ ထုတ်ချေးထားမှု၏ ၅ ဒသမ ၁၂ ရာခိုင်နှုန်းအထိ ထုတ်ချေးထားသည်။

အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေ ထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့်ကျန်ရှိသည့် လျှောက်လွှာများကို ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်ကြောင့် ထိခိုက်ခဲ့သည့် လုပ်ငန်းများစွာအတွက် အစိုးရဘက်က အတိုးနှုန်း သက်သာသည့် ချေးငွေထုတ်ချေး၍ စီးပွားရေး ကုစားမှုအစီအစဉ်များ ပြုလုပ်နေခြင်း ဖြစ်သည်။

ချေးငွေအပြင် အစိုးရက ကျားကန်ပေးရန် လိုအပ်လာသည့် စီးပွားရေးကုစားမှု အစီအစဉ်များ

လက်ရှိအခြေအနေတွင် လုပ်ငန်းအများစုမှာ အကျပ်အတည်း များစွာဖြင့် ခက်ခဲသည့်အခြေအနေတစ်ရပ်ကို ရောက်ရှိသွားပြီဖြစ်သည့်အတွက် အစိုးရဘက်မှ ကျားကန်ပေးရန်၊ အပြန်အလှန် အားပေးရန် လိုအပ်နေပြီဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

“ ချေးငွေထုတ်ပေးတယ်ဆိုတာလည်း လိုအပ်ချက်တစ်ခုပေါ့နော်။ ဒါပေမဲ့ ဒီချေးငွေကို ဒီထက်ပိုပြီးတော့ ပြင်းပြင်းလေးပေါ့။ စျေးကွက်ထဲကို။ ရှင်းရှင်းပြောရရင် အထူးသဖြင့် Demand ဘက်ကိုရော Supply ဘက်ကိုရော နှစ်ဖက်စလုံးကို ငွေကြေးပံ့ပိုးဖို့ လိုအပ်နေပြီ။ အထူးသဖြင့်တော့ ဝယ်လိုအား ပိုတက်လာဖို့အတွက် ငွေကြေးအရင်းအမြစ် တော်တော်များများကို ဝယ်လိုအားဘက်ကိုတော့ ပစ်ထည့်ဖို့လိုနေပြီဆိုတာ ဒီအချိန်မှာတော့ ဘယ်သူမှမငြင်းနိုင်တဲ့အချက်ဖြစ်နေပြီ။ အဲဒါကို အမြန်ဆုံး ထိရောက်အောင် လုပ်ဖို့ပဲ လိုပါတယ်” ဟု ဦးအေးဝင်းက ပြောကြားခဲ့သည်။

COVID-19 ကြောင့် စီးပွား ရေးလုပ်ငန်းများစွာ ထိခိုက်ခံစားနေရသကဲ့သို့ ယင်းလုပ်ငန်းများအပေါ် မှီခိုနေရသည့်အလုပ်သမားများနှင့် ယင်းတို့၏မိသားစုများတွင်လည်း COVID-19 ဂယက်ကို ရင်ဆိုင်နေရသည်။

အစိုးရဘက်က ထုတ်ချေးမည့် COVID-19 Fund မှ ချေးငွေထုတ်ချေးပေးသော်လည်း ချေးငွေချေးပေးမည့်အပေါ်တွင် အကန့်အသတ်များနေသည့်အတွက် လုပ်ငန်းရှင်အချို့အတွက် အခက်အခဲများရှိနေသည်။

လုပ်ငန်းကဏ္ဍအလိုက် ချေးငွေရရှိသည့်လုပ်ငန်းရှင်များ အတွက်လည်း အမှန်တကယ် အထောက်အပ့ံဖြစ်စေသလား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာများ ရှိနေသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

သို့သော်လည်း ချေးငွေရရှိထားပြီးသည့်လုပ်ငန်းရှင်များ၏ လုပ်ငန်းဆက်လက်လုပ်ကိုင်နိုင်မှု အခြေအနေများကို စစ်တမ်းကောက်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

“ ပထမအကြိမ် ချေးငွေရထားပြီးသားသူတွေနဲ့ပတ်သက်လို့လည်း နောက်ကနေလိုက်ပြီး Survey လုပ်မယ့်အစီအစဉ်တွေလည်း ရှိပါတယ်။ အဲဒီဟာတွေ လုပ်ပြီးတဲ့အခါမှာလည်း အလျင်းသင့်သလို လိုအပ်ရင် လိုအပ်သလို ထုတ်ပြန်သွားဖို့ရှိပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းက ဆိုသည်။

“ နိုင်ငံတော်ကလည်း သူ့မှာ ရှိတဲ့အင်အားနဲ့ ဆင်ပါးစပ် နှမ်းပက်တဲ့ဘဝရောက်တယ်။ ဥပမာ ကိုယ်ဝန်မရှိတဲ့သူကို အတင်းညှစ်ခိုင်းမနေပါနဲ့။ ထွက်လာမှာလည်း မဟုတ်ဘူး။ ဆိုတော့ လုပ်တဲ့ကိုင်တဲ့ အချိန်မှာ တော်တော်လေး သတိထားရပါတယ်။ Stimulus Package ပေးတာကအဓိကက ဝန်ထမ်းတွေကို သုံးလခပေးနိုင် အောင်လို့ သူတို့ထုတ်ပေးတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေ မယိုင်လဲအောင်တော့ မဟုတ်ဘူးပေါ့နော်။ ဆိုတော့ အခုအပြောင်းအလဲမှာ တခြားနိုင်ငံတွေကိုပြောပြတာပါ။ တခြားနိုင်ငံမှာ တချို့အိမ်နီးချင်းနိုင်ငံတွေမှာတောင်မှ ဝန်ကြီးတွေ နုတ်ထွက်သွားတာရှိတယ်။ နောက် Cabinet မှာ မပါချင်လို့။ စိန်ခေါ်မှု တော်တော်ကိုကြီးပါတယ်။ တာဝန်တော်တော်ကို ကြီးတယ်။ တချို့ဟာတွေမှာ သိကြားမင်းတောင် ဆင်းပြီး လုပ်လို့မရတဲ့ဟာတွေရှိပါတယ်။ တော်တော်ကိုခက်ပါတယ်။ ဒါကို ဘယ်လိုသွားမလဲဆိုတာ လိမ္မာဖို့လိုပါတယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကပ်ရောဂါကာလ မည်မျှကြာမြင့်မည်ကို လက်ရှိအချိန်အထိ မည်သည့်ဆေးပညာရှင်ကမျှ ခန့်မှန်းနိုင်ခြင်း မရှိသေးသောကြောင့် ကိုဗစ်ကပ်ရောဂါ ကူးစက်မှုသည် မည်သည့်အချိန်ကာလတွင် ပြီးဆုံးချိန်ကို ခန့်မှန်း၍မရနိုင်သေးပေ။

အခြားတစ်ဖက်တွင် လက်ရှိချေးငွေသက်တမ်းသည် တစ်နှစ်သာပေးထားခြင်း ဖြစ်သဖြင့် ၂၀၂၁ ခုနှစ်ကာလခန့်တွင် ယိုင်နဲ့နဲ့ စီးပွားရေး လုပ်ငန်းများအတွက် စီးပွားရေး ရေရှည်ကျဆင်းနိုင်မှုအပေါ် စိုးရိမ်မှုများလည်း ရှိနေသည်။

“ တကယ်ကယ်တင်လို့ရမယ့် Industry လေးတွေကို အရင်ဆုံးယူပြီး ဒါလေးတွေကို Stumulus Package ပေးပြီးတော့ ဆွဲပြီးခေါ်ပြီးတော့ ICU ထဲထည့်ရတော့မယ်” ဟု ကုန်သည်စက်မှုအသင်းချုပ်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက သုံးသပ်ပြောကြားခဲ့သည်။

COVID-19 ကပ်ရောဂါသည် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း စီးပွားပျက်ကပ်ပြီးနောက် ကမ္ဘာ့စီးပွားရေး အကျဘက်အကြီးမားဆုံး အခြေအနေသို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ပြည်သူများ အလုပ်ပြုတ်ကုန်ကြကြောင်း၊ အစိုးရဘဏ္ဍာရေးသည်လည်း ကျဉ်းထဲကျပ်ထဲရောက်သွားကြောင်း၊ ငွေကြေးစျေးကွက်များကလည်း ယိုင်နဲ့နဲ့သာရှိတော့ကြောင်း၊ ကုန်သွယ်ရေးစီးဆင်းမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်သူများ အထိနာကြကြောင်း၊ မသေမသပ်နှင့် မူဝါဒပိုင်းဆက်တိုက်ဆိုသလို တုံ့ပြန်မှုများက ရှုပ်ထွေးနေသကဲ့သို့ အသစ်ထွက်ပေါ်လာမှုကိုလည်း မျှော်လင့်ကြကြောင်း သိရသည်။

“COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ဟာ ဘယ်သူတစ်ဦးတစ်ယောက်မှ မကျန်ခဲ့စေဘဲ Stakeholders အားလုံးရဲ့ လိုအပ်ချက်တွေကို အတတ်နိုင်ဆုံးဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။ COVID-19 ကြောင့် ထင်သာမြင်သာရှိတဲ့အချက်ကတော့ ကြိုတင်ခန့်မှန်းထားတဲ့ အခွန်ဝင်ငွေမရနိုင်ဘဲ လျော့ကျမှုဖြစ်ပါတယ်။ ဒီလိုအခွန် ဝင်ငွေလျော့ကျမှုကြောင့် အစိုးရရဲ့ ခွဲဝေချထားပေးတဲ့ အသုံးစရိတ်တွေကိုလျှော့ချပြီး COVID-19 နဲ့ ဆက်စပ်တဲ့အသုံးစရိတ်တွေနဲ့ မူဝါဒပိုင်းဆောင်ရွက်မှုတွေမှာ ပြန်လည်ခွဲဝေဖို့ လိုအပ်လာပါတယ်။ ဒါပေမဲ့လည်း ဒီလိုခွဲဝေချထားတဲ့ အသုံးစရိတ်လောက်နဲ့ မြန်မာပြည်မှာ ရရှိဖို့ကြိုးစားနေရတဲ့အခြေခံလူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ လွတ်လပ်ခွင့်တွေအတွက် ဖြည့်ဆည်းပေးနိုင်ဦးမှာမဟုတ်ပါဘူး”ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာ့စီပွားရေးတိုးတက်မှုနှုန်း သုည ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ဒေသတွင်းရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေးထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍမသေချာမှု၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲအခြေအနေတို့ကြောင့် အန္တရာယ် စိန်ခေါ်မှုများရှိနေသေးကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ စီးပွားရေးသုံးသပ်ချက်၊ ကန့်သတ်ထိန်းချုပ်မှုမှ ပြန်လည်ထူထောင်ရေးသို့ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု COVID-19 ကြောင့် ယခုနှစ် ကျဆင်းနိုင်သော်လည်း နှစ်ရာခိုင်နှုန်းနီးပါးသို့ ရောက်ရှိနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ကာလမတိုင်မီကာလတွင် ရရှိခဲ့သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ခြောက်ရာခိုင်နှုန်း ပြန်လည်ရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံသည် ပထဝီ အနေအထားအရ တရုတ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာအချက်အချာကျစွာ တည်ရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံရန်အခွင့်အလမ်းကောင်း များစွာရှိကြောင်း၊ စွမ်းအင်ကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်းနှင့် အဆိုပါလုပ်ငန်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းဖြင့် ကဏ္ဍပေါင်းစုံတွင် အချိုးညီမျှတသည့် ဖွံ့ဖြိုးတိုးတက်မှုကို ရရှိစေမည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် COVID-19 အလွန်ကာလတွင် မြန်မာ့စီးပွားရေး လျင်မြန်စွာဦးမော့လာစေရေးအတွက် မြန်မာနိုင်ငံ၏စီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက် (MERRP) ကို မြန်မာနိုင်ငံ၏ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) နှင့် ချိတ်ဆက်၍ ရေးဆွဲလျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါသည် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်သည့်အတွက် ၎င်း၏ နောက်ဆက်တွဲ အကျိုးဆက်များကိုလည်း ကမ္ဘာ့နိုင်ငံများနည်းတူ ခံစားရမည်ဖြစ်သည်။

“ အခြေအနေက ပိုဆိုးလာတယ်။ တချို့နိုင်ငံတွေမှာ ကိုဗစ်တတိယလှိုင်းဆိုတာ ဖြစ်လာပြီ။ မြန်မာနိုင်ငံမှာက ဒုတိယလှိုင်းမှာတင် တော်တော်ခံနေရပြီ။ ကျန်းမာရေးအရရော စီးပွားရေးအရရော။ ကျန်းမာရေးမှာလည်း ကျန်းမာရေးကဏ္ဍက ဝန်ထမ်းတွေ တော်တော်ဝန်ပိနေပြီ။ စီးပွားရေးမှာလည်း ကျွန်တော်အပါအဝင် အများစုက ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စဉ်းစားနေရတယ်။ ကျန်းမာရေးအရ လိုအပ်လာတော့ စက်ရုံအလုပ်ရုံတွေ ပိတ်ရတယ်။ အဲဒီတော့ စီးပွားရေးအရ နစ်နာမှုရှိလာတယ်။ ဒါပေမဲ့ စီးပွားရေးဆိုင်ရာ ထိခိုက်မှုနည်းအောင်တော့ တခြားနိုင်ငံတွေမှာလုပ်သလို အစိုးရဘက်က မူဝါဒတွေနဲ့ လုပ်ပေးရင် ထိခိုက်မှုက သက်သာနိုင်တယ်” ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ကိုဗစ်ရောဂါအချိန်ကြာလာသည်နှင့်အမျှ ပြည်သူများ၏ဘဝများ၊ အကျပ်အတည်းများရှိလာမည်ကို သဘောပေါက်ကြောင်း၊ ထို့ကြောင့် ပြည်သူများကို မည်ကဲ့သို့ ပံ့ပိုးရမည်နှင့် နောက်ထပ် ပံ့ပိုးရန် အစီအစဉ်များကို ချမှတ်နေကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ ကိုဗစ်စဖြစ်တော့ Stay at Home အိမ်မှာပဲနေကြပါဆိုတာမှာတင် တော်တော်ထိနေပြီ။ ကျန်းမာရေးအရ လိုအပ်လို့ အိမ်မှာရှိတာလေး ထိုင်စားပြီး နေခဲ့တယ်။ ဒါပေမဲ့ ရက်ကြာလာတော့ထိုင် မစားနိုင်တော့ဘူး။ မဖြစ်မနေ အလုပ်လုပ်မှ ရတော့မယ်။ အိမ်မှာ ဝန်ထမ်းနှစ်ယောက်ရှိတယ်။ သူတို့လည်း အလုပ်မသွားရဘူး၊ အိမ်ကလုပ်ရတယ်။ လစာဖြတ်တာပေါ့။ ကျွန်မလည်း စျေးမထွက်ရတာ နှစ်ပတ်လောက်ကြာလာတော့ စားဖို့ သောက်ဖို့ ခက်လာပြီ။ ဆိုတော့ ကျွန်မစျေးထွက်တယ်။ ကျွန်မထမင်းဆိုင်လေးဖွင့်ပြီး ရောင်းပါတယ်။ ပါဆယ်ပေါ့။ ရောင်းမကောင်းဘူး။ လူတွေဝယ်မစားနိုင်ကြတာလား။ ကျွန်မ စျေးရောင်းရင်း ငိုတောင်ငိုချင်တယ်။ နောက်ဆုံးတော့ ကိုဗစ်ဘယ်တော့ပြီးမလဲပဲ ကျွန်မလည်း သိချင်နေတော့တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်အတွင်း ထမင်းဆိုင် ဖွင့်လှစ်ရောင်းချနေသူတစ်ဦးက ပြောပြခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ဒုတိယလှိုင်းကြောင့် ဖြစ်ပေါ်လာသည့် ကျန်းမာရေးနှင့် စီးပွားရေးဆိုင်ရာ ထိုးနှက်ချက်များကို ပြည်သူများ အပြင်းအထန်ခံစားနေရရာ ယင်းအချိန်တွင် COVID-19 ကို တုံ့ပြန်ဆောင်ရွက်ရေး အစီအစဉ်၌ အဓိကဦးစားပေးလုပ်ငန်းများမှာ ပြည်သူများကို ကာကွယ် စောင့်ရှောက်ပေးရေးဖြစ်သည်။

တစ်ဖက်တွင် ကိုဗစ်ကြောင့် လူမှုစီးပွားရေးဆိုင်ရာ အကျပ်အတည်းများက ပြည်သူများအပေါ် ဖိစီးမှုတစ်ခု ဖြစ်လာခဲ့သည်။ သေချာသည်မှာ ကိုဗစ်ကြောင့် ထိုးကျသွားသည့် စီးပွားရေးဒဏ်ကို ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များနှင့် အခြေခံလူတန်းစား ပြည်သူများ အလူးအလဲခံစားနေရပြီဖြစ်သည်။     

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ထိန်းချုပ်မှုနှင့်အတူ နောက်ဆက်တွဲဖြစ်သည့် စီးပွားရေးအပေါ် ဆိုးကျိုးသက်ရောက်လာနိုင်မှုကိုလည်း တွက်ချက်၍ အဆိုးဆုံးအခြေအနေများကို ကျော်ဖြတ်နိုင်ရန် သတိကြီးစွာဖြင့် လုပ်ဆောင်ရတော့မည်ဖြစ်သည်။

Most Read

Most Recent