မြန်မာ့ရွေးကောက်ပွဲအပေါ် နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်များ

မြန်မာ့ရွေးကောက်ပွဲအပေါ် နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်များ
ဒဂုံမြို့နယ် အမှတ် ၁ အခြေခံပညာအလယ်တန်းကျောင်းတွင် မဲပေးရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ဒဂုံမြို့နယ် အမှတ် ၁ အခြေခံပညာအလယ်တန်းကျောင်းတွင် မဲပေးရန် စောင့်ဆိုင်းနေသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 8 November 2020

■ လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်များ ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ထပ်မံ အနိုင်ရဖွယ်ရှိသည့် ရွေးကောက်ပွဲ

(Despite accusations of genocide, Aung San Suu Kyi's party is on track to win another term in Myanmar - CNN)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများ မြင့်တက်နေမှုအပေါ် ကျန်းမာရေးဆိုင်ရာ စိုးရိမ်မှုများနှင့် တိုင်းရင်းသားလူမျိုးစုများနှင့် သဘောထားကွဲလွဲနေမှုများက လွှမ်းမိုးနေသည့် မြန်မာနိုင်ငံ၏ အထွေထွေရွေး ကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ NLD ပါတီ သည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိပြီး ပထမဆုံး အရပ်သားအစိုးရအဖွဲ့ကို ထူထောင်နိုင်ခဲ့သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်မြို့တွင် အကောင်းမြင်မှုများရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၌ နိုင်ငံကို ရှေ့သို့ရောက်အောင် ဦးဆောင်နိုင်လိမ့်မည်ဟု အမှန်တကယ် မျှော်လင့်ခဲ့ကြသည်။

ငါးနှစ်ကြာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဗမာလူမျိုးအများစုအကြား လူကြိုက်များဆဲဖြစ်ပြီး NLD ပါတီသည် ထပ်မံ အနိုင်ရဦးမည်ဟုပင် မျှော်လင့်ထားကြသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်သည် ၂၀၁၅ ခုနှစ်နှင့် အကြီးအကျယ် ကွဲပြားခြားနားသွားခဲ့ပြီဖြစ်ရာ သိမှတ်စရာ အဓိကအချက် အချို့ ရှိနေသည်။

■ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များ

နိုင်ငံတကာ၏ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီ အိုင်ကွန်အဖြစ်မှ လျှောကျခဲ့ပြီးဖြစ်သည်။ တပ်မတော်စစ်ဆင်ရေးတစ်ရပ်ကြောင့် ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တွင် ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ) ၇၄၀,၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ကြသည်။ အသက်ရှင်ကျန်ရစ်သူများက အုပ်ဖွဲ့မုဒိမ်းမှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် စည်းစိမ်ဥစ္စာတို့ကို ဖျက်ဆီးမှုများအပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို ပြန်လည်ပြောပြခဲ့ကြသည်။

လွန်ခဲ့သည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်များအား ခုခံချေပခဲ့ရာ တစ်ချိန်က လူ့အခွင့်အရေးဆိုင်ရာအိုင်ကွန်သည် အနောက်တိုင်းတွင် အကြီးအကျယ် ဂုဏ်သိက္ခာကျဆင်းခဲ့ရသည်။

သို့သော် ပြည်တွင်း၌မူ သူ၏ ခုခံချေပမှုများက သူ့အား ပိုမို လူကြိုက်များစေပြီး နိုင်ငံရေးသုံးသပ်သူများက ယင်းသည် သူ့အတွက် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆိုင်ရာ ထောက်ခံမှု ပိုမို အားကောင်းစေခဲ့သည်ဟု ဆိုကြသည်။

■ ဒေါ်အောင်ဆန်းစုကြည်၏ ခိုင်မာမှု

သူ့အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကယ်ပေါက်မှ နေ၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟူသည့် ရာထူးတစ်ခု ဖန်တီးကာ ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ခဲ့သည်။

ဆယ်စုနှစ်နှစ်ခုကြာ နေအိမ်အကျယ် ချုပ်ကျခဲ့ခြင်းနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းတို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတွင်း၌ လူအများက ချစ်ခင်ကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မဲဆွယ်မှု၌ NLD ၏ အကြီးမားဆုံး နိုင်ငံရေးကတိကဝတ်နှစ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့ဖြစ်ပြီး ယင်းတို့မှာ ပြီးမြောက်အောင်မြင်ခဲ့ ခြင်း မရှိသော်လည်း ယင်းအချက်သည် သူ့အား ထောက်ခံမှုအပေါ် သက်ရောက်မှု ရှိပုံမရပေ။

“သက်ဆိုင်ရာ မူဝါဒရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး သူဘာလုပ်လုပ် ကိစ္စမရှိပါဘူး။ မူဝါဒရေးရာနဲ့မဆိုင်တဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရွေးကောက်ပွဲတစ်ရပ်ပဲ ဖြစ်နေဆဲပါ” ဟု ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးသုံးသပ်သူ ရစ်ချက်ဟော်ဆေးက ပြောကြားခဲ့သည်။

လွတ်လပ်သည့် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သော People's Alliance for Credible Elections ၏ ၂၀၂၀ စစ်တမ်းတစ်ခုအရ ပြည်သူများ၏ ၇၉ ရာခိုင်နှုန်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ယှဉ်ပြိုင်သည့်ပါတီ ၉၁ ခု ရှိသော် လည်း ထိရောက်သည့် အတိုက်အခံပါတီ ချို့တဲ့ခြင်းမှာလည်း အရေးကြီးသည့်အချက် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်တွင် တပ်မတော်၏ ကျောထောက်နောက်ခံဖြင့် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (USDP) သည်သာ အဓိကအတိုက်အခံပါတီအဖြစ် ရှိနေသည်။ သို့သော် USDP သည် အပယ်ခံနိုင်ငံရေးတောထဲ၌သာ တဝဲလည်လည် ဖြစ်နေဆဲဟု ဟော်ဆေးက သုံးသပ်သည်။ “သူဟာ သူ့ကိုယ်သူ အသစ်ပြန်မွေးဖွားအောင် မစီမံနိုင်ခဲ့ပါဘူး။ အတိတ်က ပါတီတစ်ခုအဖြစ်ပဲ ရှုမြင်ခံနေရတုန်းပါ”ဟု ဟော်ဆေးက ဆိုသည်။

■ COVID-19 ရောဂါ ကူးစက်ပျံနှံ့ခြင်း မြင့်တက်လာမှု

အစောပိုင်းတွင် မြန်မာနိုင်ငံသည် ကပ်ရောဂါကူးစက်ပျံ့နှံ့မှု၏ အဆိုးဆုံးအနေအထားကို ရှောင်ရှားနိုင်ခဲ့ပုံရသည်။ ယင်းနောက် စက်တင်ဘာအစောပိုင်းတွင် ရခိုင်ပြည်နယ်၌ ရောဂါ ကူးစက်မှုဖြစ်ပွားပြီး မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်သို့ အလျင်အမြန် ပျံ့နှံ့လာခဲ့သည်။ ယင်းတွင် ကမ္ဘာ့အဆင့် သတ်မှတ်ချက်အရ အဆိုးရွားဆုံးနိုင်ငံများထဲတွင် ပါဝင်သည့် မြန်မာနိုင်ငံ၏ ချို့တဲ့ပြီးသား ကျန်းမာရေးစောင့် ရှောက်မှုကို ပြိုလဲသွားစေနိုင်လောက်အောင် ခြိမ်းခြောက်မှုဖြစ်ပေါ်လာစေသည်။

အတိုက်အခံပါတီများက နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။ မဲရုံတွင် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးက ရောဂါအကြီးအကျယ် ကူးစက်ပျံ့နှံ့စေမည်ကိုလည်းကောင်း  ရောဂါကူးစက်ခံရမည်ကို ကြောက်လန့်သူများက လာရောက်မဲပေးခြင်းမပြုမည်ကိုလည်းကောင်း စိုးရိမ်ခဲ့ကြသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်က ယင်းတောင်းဆိုမှုများကို ငြင်းဆန်ခဲ့ပြီး နိုင်ငံသားများ ဘေးကင်းလုံခြုံစွာ လာရောက် မဲပေးနိုင်ရန်စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

■ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် လွတ်လပ်ခွင့်များ

ဒေါ်အောင်ဆန်းစုကြည်သည် စစ်မှန်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြိုဆိုပြီး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် ဂျာနယ်လစ်များအနေဖြင့် ထောင်ရိပ်ခိုစရာ မလိုတော့ဘဲ နိုင်ငံသားများသည်လည်း အကြောက်တရားကင်းစွာဖြင့် ၎င်းတို့၏ ခေါင်းဆောင်များကို ဝေဖန်နိုင်တော့မည်ဟု အများက မျှော်လင့်ခဲ့ကြသည်။

သို့သော် ရန်ကုန်မြို့အခြေစိုက် လွတ်လပ်စွာဖော်ထုတ်ပြသခွင့်ဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သော Athan က NLD အစိုးရအဖွဲ့အပေါ် အကြည်ညိုပျက်စေမှု သို့မဟုတ် အသရေဖျက်မှုတို့ကဲ့သို့သော ဖိနှိပ်ရေးဥပဒေများကို အသုံးပြုလျက် ဂျာနယ်လစ်များ၊ တက်ကြွ လှုပ်ရှားသူများနှင့် အရပ်သားများကို နိုင်ငံရေးစေ့ဆော်ချက်ပါသည့် တရားစွဲ ဆိုမှုအရေအတွက် မြင့်တက်ခဲ့ကြောင်း တွေ့ရှိခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) က လူပေါင်း ၅၀၀ ကျော်သည် နိုင်ငံရေး စေ့ဆော်ချက်ပါသည့် တရားစွဲဆိုမှုများအတွက် ရုံးတင်စစ်ဆေးခံရန် စောင့်ဆိုင်းနေရကြောင်း နှင့် ယင်းတို့အနက် ၁၈၀ သည် အကျဉ်းထောင်များထဲသို့ ရောက်နှင့်ခဲ့ပြီဖြစ်ကြောင်း အစီရင်ခံခဲ့သည်။

■ တိုင်းရင်းသားတို့၏ ဒုက္ခဆင်းရဲများ

တိုင်းရင်းသားအများစုက ဒေါ်အောင်ဆန်းစုကြည်သည် လူများစုကို ဦးစားပေးနေပြီး တိုင်းရင်းသားများနှင့်သက်ဆိုင်သော ရေးရာများအတွက် တိုင်းရင်းသားများကို ဆွေးနွေးမှု မရှိဘဲ ဖယ်ကြဉ်ထားသည်ဟု ခံစားနေကြသည်။

ရွေးကောက်ပွဲ စနစ်အရ ပြည်နယ်များတွင် ပါတီငယ်များ မယှဉ်နိုင်ဖြစ်နေသောကြောင့် ရွေးကောက်ပွဲ ရလဒ်က ကွဲပြားမှု များကို ပို၍ ဖြစ်စေနိုင်ကြောင်း ဟော်ဆေးက ပြောကြားခဲ့သည်။

ဆယ်စုနှစ်ချီ လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေခဲ့သော တိုင်းရင်းသားလက်နက် ကိုင်များ အဖွဲ့အများအပြားအတွက် ရွေးကောက်ပွဲ ဒီမိုကရေစီသည် ၎င်းတို့အတွက် အလုပ်မဖြစ်ကြောင်း အတည်ပြုမှုဖြစ်လာ မည်ဟုသာ ယူဆကြသည်ဟု ဟော်ဆေးက ဆိုသည်။

ရွေးကောက်ပွဲပြင်ပ နိုင်ငံရေးနည်းလမ်းနှင့် လက်နက်ကိုင်ပုန်ကန်မှုတို့ကို တိုင်းရင်းသားများက စဉ်းစားလာနိုင်သောကြောင့် ထိုအခြေအနေသည် အန္တရာယ်များကြောင်း ၎င်းက ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မရေမရာ ဖြစ်နေပြီး မညီညွတ်မှု ပို၍ကြီးမားခြင်းသို့ တွန်းပို့နေကြောင်း လာမည့်နှစ်အနည်းငယ်အတွင်း မငြိမ်မသက်နှင့်အကြမ်းဖက်မှုများ မြင်ရနိုင်ကြောင်း ဟော်ဆေးက ပြော ကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ အရေးယူမခံရတာက စိုးမိုးထားတာ အရှိတရားပါပဲ။ တရားမျှတမှုဆိုတာ မရှိဘဲ တိုင်းရင်းသားတွေမှာ ငြိမ်းချမ်းရေးဆိုတာ ရှိလာမှာ မဟုတ်ပါဘူး” ဟု ကွင်လေက ပြောကြားခဲ့သည်။

တိုင်းရင်းသားများသည် ဆယ်စုနှစ်ကြာ ပဋိပက္ခကို ခံစားနေရပြီး တိုင်းရင်းသား အရပ်သားများသည် ပေးဆပ်ရမှု အကြီးမားဆုံး ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

■ လွတ်လပ်၍ တရားမျှတမှု

လုံခြုံရေး အကြောင်းပြချက်နှင့် ရွေးကောက်ပွဲ ကျင်းပမှု ဖျက်သိမ်းသည့် မဲဆန္ဒနယ်များကို ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ကြေညာခဲ့ရာ တိုင်းရင်းသား လူနည်းစု ၁.၅ သန်းခန့် မဲပေးခွင့် ဆုံးရှုံးခဲ့ရ သည်။ ထိုဖြစ်စဉ်ကြောင့် တိုင်းရင်းသားတို့ ၏မကျေနပ်ချက်ကို ပို၍ ကြီးမားစေခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်တွင်း၌သာ နေထိုင်ကြရန် ထုတ်ပြန်ထားသော အမိန့်များအပါအဝင် အခြားပုံမှန်မဟုတ်သည့် အခြေအနေများကြောင့် မဲဆွယ်လှုပ်ရှားမှု လုပ်ငန်းများကို အတားအဆီး ဖြစ်စေခဲ့ သည်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကာလအတွင်း ဂျာနယ်လစ်များ သတင်းရယူရန် အကန့်အသတ် ရှိခဲ့သည်။

ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများသည် အစိုးရမီဒီယာများတွင် ထုတ်လွှင့်မှုများ ဆောင်ရွက်ရန် ဆင်ဆာ ပြုလုပ်ခံရမှုကြောင့် မျှတမှုကို ထိခိုက်ခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ချိုးဖောက်မှုများကြောင့် ရွေးကောက်ပွဲမှ ထွက်ပေါ်လာမည့် အစိုးရ၏တရားဝင်မှုသည် အငြင်းပွားမှုများ ပေါ်ပေါက်စေမည်ဟု နယ်စည်းမခြား သတင်းထောက်များအဖွဲ့၏ အာရှ-ပစိဖိတ်ဆိုင်ရာ ဒါရိုက်တာ ဒင်နီယယ် ဘတ်စတက်က ပြောကြားခဲ့သည်။

■ တစ်ခုတည်းသော ရွေးချယ်မှု

(‘Only one choice’: Myanmar votes in second democratic election - Aljazeera)

မြန်မာနိုင်ငံတွင် နှစ်ငါးဆယ်စစ်အုပ်ချုပ်ရေး အဆုံးသတ်ပြီးနောက် ဒုတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်၌ ပြုလုပ်ခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ထပ်မံအနိုင်ရရှိနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားခဲ့ကြသည်။

မြန်မာတွင်ဗိုင်းရပ်စ်ကူးစက်ခံရသူ ခြောက်သောင်းကျော်နှင့် သေဆုံးသူ ၁၃၉၀ ဦးရှိခဲ့ပြီး သြဂုတ်လလယ်ပိုင်းမှစတင်၍ ဗိုင်းရပ်စ်ကူးစက်ခံရသူများ တစ်ဟုန်ထိုးမြင့်တက်နေသည့်ကြားမှ နိုဝင်ဘာ ၈ ရက်၌ ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသည့် အတွက်အတိုက်အခံပါတီများက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် တောင်းဆိုမှုများရှိခဲ့သော်လည်း အာဏာရ NLD ပါတီ နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စီစဉ် ထားသည့်အတိုင်းဆက်လက်ဆောင်ရွက်ခဲ့သည်။

အစိုးရက မဲရုံစောင့်ဝန်ထမ်းများအတွက် ဗိုင်းရပ်စ်အကာအကွယ်ပစ္စည်း အပြည့်အစုံ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊  မဲရုံတိုင်းတွင်လည်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ရန် စီစဉ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပြီး သက်ကြီး ရွယ်အို မဲဆန္ဒရှင်များကို ကြိုတင်မဲထည့်ခွင့် ပြုခဲ့သည်။

ရန်ကုန်အရှေ့ပိုင်း တောင်ဥက္ကလာပ မြို့နယ်တွင် ရာနှင့်ချီသည့် မဲလာရောက်ပေး သူများက နှာခေါင်းစည်းများ၊ မျက်နှာအကာ အကွယ်များနှင့် လက်အိတ်များ ဝတ်ဆင်ထားကြပြီး မဲရုံပြင်ပတွင် တန်းစီစောင့်ဆိုင်း နေခဲ့သည်။

ယင်းနေရာများရှိ မဲဆန္ဒရှင်များက NLD ၏ ကိုယ်စားလှယ်လောင်း ဦးသက်နိုင်စိုးနှင့် တပ်မတော်က လွှတ်တော်တွင် နေရာ လေးပုံ တစ်ပုံ ရရှိရန်ပြဋ္ဌာန်းထားသော တပ်မတော်က ရေးဆွဲခဲ့သည့် အခြေခံဥပဒေကို ပြင်ဆင်ရန် ပျက်ကွက်သည်ဟု အာဏာရ ပါတီကို ဝေဖန် ပြစ်တင်နေသည့် အထင်ကရ ဒီမိုကရေစီ တက်ကြွ လှုပ်ရှားသူ ဦးကိုကိုကြီး တို့ကို မဲပေးရွေးချယ်ရမည်ဖြစ်သည်။

NLD ပါတီကို မဲပေးခဲ့သည့်တောင်ဥက္ကလာပတွင်နေထိုင်သူ အောင်မျိုးက “သူ (ဒေါ်အောင်ဆန်းစုကြည်) ဟာ နိုင်ငံနဲ့ အမှန်တရားအတွက် အလွန်စိတ်ဓာတ်ကြံ့ခိုင် သူတစ်ဦးဖြစ်တယ်”ဟု အယ်ဂျားဇီးယား သတင်းဌာနကို ပြောကြားခဲ့သည်။

အသက် ၂၃ နှစ်အရွယ်ကျောင်းသူတစ်ဦးဖြစ်သည့် ဆုမိုးသန့်က “ကျွန်မ မဲပေးရမှာ အရမ်းရင်ခုန်နေပါတယ်။ လက်ရှိ နိုင်ငံရေး စနစ်ကို မကြိုက်လို့ ဘယ်သူ့ကိုမှ မရွေးချယ်ချင်တဲ့အတွက် မဲမပေးတဲ့သူငယ်ချင်းအချို့ ရှိတယ်။ ကျွန်မကတော့ အဲ့ဒါကို သဘောမကျဘူး။ ဒီမိုကရေစီဖြစ်တဲ့အတွက် ကြိုက်တဲ့ လူတိုင်းကို ရွေးချယ်နိုင်သည်။ လွတ်လွတ်လပ်လပ် ရွေးချယ်မဲပေးနိုင်ပေမဲ့ မဲပေးဖြစ်ဖို့ တော့အရေးကြီးပါတယ်”ဟုပြောကြားခဲ့သည်။

အထက်လွှတ်တော်နှင့် အောက်လွှတ်တော်အတွက် လွှတ်တော်အမတ်များကို ရွေးချယ်ရန် ပြည်သူ ၃၇ သန်းကျော် မဲပေးနိုင်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ယင်းရွေးကောက်ပွဲသည် အခြေခံအားဖြင့် ချွတ်ယွင်းချက်များ ရှိနေသည်ဟု ဝေဖန်ပြော ကြားခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီက လူနည်းစု ဘင်္ဂါလီ (ရိုဟင်ဂျာဟု ဖော်ပြ) များကို မဲပေး ခွင့် ချန်လှပ်ခြင်း၊ အစိုးရဝေဖန်သူများကို ရာဇဝတ်မှုနှင့် တရားစွဲဆိုခြင်းနှင့် နိုင်ငံပိုင် မီဒီယာကို နိုင်ငံရေးပါတီများအား အညီအမျှ အသုံးပြုခွင့်မပေးခြင်းတို့ကြောင့် ရှုတ်ချကြောင်း အမေရိ ကန်အခြေစိုက် လူ့အခွင့် အရေးစောင့်ကြည့်အဖွဲ့က ပြီးခဲ့သည့်လ၌ ထုတ်ပြန်ခဲ့သည်။

လူနည်းစုမျိုးနွယ်စုဒေသများတွင် မဲပေးမှုကို ဖျက်သိမ်းခဲ့သည့်အတွက် လူ ၁.၅ သန်းကျော် မဲပေးပိုင်ခွင့် ရုပ်သိမ်းခံခဲ့ရသည် ဟု HRW က ဆိုသည်။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား တိုက် ခိုက်မှုများ ဖြစ်ပွားနေစဉ် လုံခြုံရေးအကြောင်း ပြချက်ကြောင့် ယခုကဲ့သို့ ဖျက်သိမ်းရခြင်း ဖြစ်သည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။

မဲပေးပိုင်ခွင့်ဖျက်သိမ်းခံရသည့် အဆိုးဆုံးဒေသမှာ ရခိုင်တိုင်းရင်းသားများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရန် တောင်းဆိုနေသည့် အထင်ကရလက်နက်ကိုင်အဖွဲ့ AA နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ဖြစ်သည်။ ရွေးကောက်ပွဲ  နောက်ပိုင်းတွင် ရခိုင်ပဋိပက္ခအရေးမှာ ပိုမို ဆိုးရွားပြင်းထန်လာနိုင်သည်ဟု သုံးသပ်သူများက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ရွှေ့ ပြောင်းနေထိုင်သူများဟု မြန်မာက ရှုမြင်ထားသည့် ဘင်္ဂါလီ(ရိုဟင်ဂျာ)လူနည်းစု နေထိုင်သည့် အနောက်ဘက်ပိုင်းပြည်နယ်တွင် မဲပေးပိုင်ခွင့်ကို တားမြစ်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တပ်မတော်စစ်ဆင်ရေးများကြောင့် ဘင်္ဂါလီ ၇၃၀,၀၀၀ ကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က နိုဝင်ဘာ ၈ ရက်၌ ပြု လုပ်သည့် ရွေးကောက်ပွဲကို ဒုက္ခသည်များအား ဘေးကင်းလုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာခွင့်ပြုနိုင်ရန် မျှော်လင့်သည်ဟု နိုဝင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ် က မြန်မာတပ်မတော်၏ ဘင်္ဂါလီ(ရိုဟင်ဂျာ)တို့ကို နှိမ်နင်းသည့်လုပ် ရပ်သည် လူမျိုးတုံးသတ်ဖြတ်မှု အသွင်ဆောင်သည်ဟု ကုလသမဂ္ဂ စုံစမ်းစစ်ဆေး ရေးအဖွဲ့က စွပ်စွဲပြောကြားခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ယင်းစွပ်စွဲချက်များကို ပယ်ချခဲ့သည်။     

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းအစိုးရ၏ ဘင်္ဂါလီ (ရိုဟင်ဂျာ)အရေးနှင့် ပတ်သက်၍ ကိုင်တွယ် လုပ်ဆောင်မှုနှင့် အခြားလူနည်းစု မျိုးနွယ်များအား ပြုမူပုံများနှင့်ပတ်သက်၍ နိုင်ငံတ ကာ၏ဝေဖန်မှုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် ထောက်ခံမှုအများအပြား ဆက်လက်ရရှိနေဆဲဖြစ်သည်။

အသက် ၆ဝအရွယ်အငြိမ်းစားသင်္ဘောသား တစ်ဦးဖြစ်သည့် ဝီလ်ဆန်က သူသည် အောင်ဆန်းစုကြည်၏ NLD ပါတီကို ၁၀၀ ရာခိုင်နှုန်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။ “ဒါဟာ အပြောင်းအလဲကာလတစ်ခုပဲ။ ကျွန်တော်တို့ ကောင်းမွန်တဲ့အစိုးရတစ်ခုကို တွေ့ရှိထားပြီးပြီ။ ကျွန်တော်တို့ တခြား ရွေးချယ်စရာတွေ မလိုပါဘူး”ဟု မဲရုံပြင်ပ၌ မဲပေးရန် စောင့်ဆိုင်းနေစဉ်ပြောကြားခဲ့သည်။         

“ဒီနိုင်ငံမှာ လွတ်လပ်ခွင့် ရရှိလာပါပြီ။ ပြည်သူတွေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို နိုင်ကြတယ်။ တိုင်းပြည်က စစ်အစိုးရလက် အောက် ရောက်ရှိနေချိန်မှာပဲ ကျွန်တော့်ကို မွေးခဲ့တာလေ။ NLD က အခုမှ လေးနှစ် သက်တမ်းပဲ ရှိသေးတာဆိုတော့ အနာဂတ် အသစ်မှာ ဆက်လက်အုပ်ချုပ်နိုင်ဖို့ ကျွန် တော်တို့ မဲပေးရဦးမှာပါ။ NLD က လူမျိုး ရေးနဲ့ ဘာသာရေးပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က သူ ထပ်မံ ရွေးကောက်ခံရမယ်ဆိုလျှင် ဒီမိုကရေစီ ပိုမို အားကောင်း ခိုင်မာလာစေရမည်ဟု နိုဝင်ဘာ ၅ ရက်က နောက်ဆုံးပြုလုပ်သည့် မဲဆွယ်လှုပ်ရှားမှု မိန့်ခွန်းတွင် ကတိပြုပြော ကြားခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာအဖွဲ့အစည်းနှင့်ပတ်သက်ပြီး မကျေနပ်ချက်များ ရှိနေသည်ကို နားလည်ထားပြီး ယင်းပြဿနာများကို တရားဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ ဖြေရှင်းရန် အရေးကြီးကြောင်းနှင့် မဲဆန္ဒရှင် ပြည်သူများကို တည်ငြိမ်စွာ ပြုမူကြရန် တိုက်တွန်းပြောကြားခဲ့သည်။

တပ်မတော်က ကျောထောက်နောက်ခံ ပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုဝင်ဘာလ ၈ ရက်၌ ပြုလုပ်သည့်ရွေးကောက်ပွဲတွင် NLD ၏ အဓိက ပြိုင်ဘက်ပါတီတစ်ခုဖြစ်သည်။ 

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထွေထွေရွေးကောက်ပွဲရလဒ်များကို လက်ခံဂုဏ်ပြုသွားရန် ငြင်းဆန်ကြောင်း  လွန်ခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့ပြီး ကြိုတင်မဲပေးသည့် လုပ်ငန်း စဉ်များနှင့် ဥပဒေ ချိုးဖောက်မှုများ အများအပြား ရှိသည်ဟု ပြောကြားခဲ့သည်။

သို့ရာတွင် နိုဝင်ဘာ ၈ ရက်၌ မဲပေးခဲ့ပြီးနောက် မင်းအောင်လှိုင်က ပြည်သူ့ဆန္ဒမှလာသည့်ရလဒ်ကို လက်ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေသည့်ကြားမှ ကျင်းပသော မြန်မာရွေးကောက်ပွဲတွင် အောင်ပွဲခံနိုင်ရန် ဒေါ်အောင်ဆန်းစုကြည် မျှော်လင့်

(Suu Kyi forecast to triumph in virus-hit Myanmar election - AFP)

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့ အာဏာပြန်လည်ရရှိလိမ့်မည်ဟု ခန့်မှန်းရသော မြန်မာရွေးကောက်ပွဲအတွက် မဲရုံများကို နိုဝင်ဘာ ၈ ရက်နံနက်ခင်းတွင် ဖွင့်လှစ်ခဲ့သည်။ ဘင်္ဂါလီမွတ်စလင် (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြထား) အရေးနှင့်ပတ်သက်၍ နိုင်ငံတကာအသိုက်အဝန်းတွင် နာမည်ဂုဏ် သတင်း ကျဆင်းနေသော်လည်း မြန်မာနိုင်ငံတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် သူရဲကောင်းတစ်ဦးသဖွယ် ဆက်ရှိဆဲဖြစ်သည်။

တပ်မတော်အုပ်ချုပ်မှုလက်အောက်သို့ ရာစုနှစ်ဝက်နီးပါး ကျရောက်ခဲ့ပြီးနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံ မြန်မာတွင် ကျင်းပသော ယခုတစ်ကြိမ်ရွေးကောက်ပွဲသည် တတိယအကြိမ်မြောက် ပါတီစုံဒီမိုက ရေစီ အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။

လွန်ခဲ့သော ငါးနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက သောင်ပြိုကမ်းပြို အနိုင်ရခဲ့သော်လည်း အင်အားကြီးနေဆဲဖြစ်သည့် တပ်မတော်နှင့် အာဏာခွဲဝေရေးသဘောတူညီချက်ကို နိုင်ငံ၏ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အတင်းအကျပ် လုပ်ဆောင်နေရသည်။

မဲအများစု ရရှိစေရန် ကြိုးပမ်းမှုအဖြစ် အရပ်သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအနေဖြင့် နိုင်ငံတွင်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားနေမှုအပေါ် စိုးရိမ်ပူပန်နေမှုများကို ချိုးနှိမ်ပြီး နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ မဲပေးကြရန် တောင်းဆိုခဲ့သည်။

မဲဆန္ဒရှင်ပြည်သူတစ်ဦးချင်းစီသည် ကိုယ့်သမိုင်းကိုယ် ရေးနေခြင်းဖြစ်သလို ရွေးကောက်ပွဲ၏သမိုင်း၊ နိုင်ငံ့သမိုင်းကို ရေးနေခြင်းလည်းဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက် က Facebook ပေါ်သို့ တင်ခဲ့သည့် ဗီဒီယို တစ်ခုအတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၈ ရက် နံနက် နေမထွက်မီ၊ မဲရုံများ မဖွင့်မီအချိန်ကတည်းက မြန်မာနိုင်ငံတစ်ဝန်းရှိ မဲဆန္ဒရှင်ပြည်သူများသည် မဲပေးရန် တန်းစီစောင့်ဆိုင်းခဲ့ကြပြီး မဲဆန္ဒရှင်အများစုမှာ လူတစ်ဦးနှင့် တစ်ဦး ခပ်ခွာ ခွာနေခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်း စသော ရောဂါကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းများကို လိုက်နာခဲ့ကြသည်။

မကြာသေးမီလများအတွင်း မြန်မာနိုင်ငံ၌ COVID-19 အတည်ပြုလူနာအရေအတွက် တစ်ရှိန်ထိုး မြင့်တက်ခဲ့ခြင်းကြောင့် နိုင်ငံ၏ မြို့အများအပြားတွင် Lockdown ချခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ရွေးကောက်ပွဲမဲ ဆွယ်စည်းရုံမှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက် ပေါ်လာခဲ့ကာ ပြိုင်ဘက်အုပ်စုများအကြား အမုန်းစကားပြောကြားမှု များပြားလာခဲ့သည်။

သို့ရာတွင် ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွင် ထိပ်ဆုံးမှဆောင်ရွက်သူအဖြစ် နေရာယူထားသော ဒေါ်အောင်ဆန်းစု ကြည်သည် ရွေးကောက်ပွဲရွှေ့ဆိုင်းရန် ငြင်း ဆိုခဲ့သည်။

“COVID-19 ရောဂါ ကူးစက်ခံရမှာကို လုံးဝ မကြောက်ပါဘူး။ အမေစုအတွက် သေဆိုရင် သေရဲတယ်” ဟု ရန်ကုန်မြို့မှ အသက် ၂၇ နှစ်အရွယ် မဲဆန္ဒရှင်အမျိုးသမီး တစ်ဦးက ဆိုသည်။

အားနည်းချက်နှင့် လိုအပ်ချက်များ

မဲဆန္ဒနယ်ပြင်ပရောက်ရှိနေသူများ ၎င်းတို့ ရောက်ရှိနေသည့် အရပ်တွင် မဲပေးခွင့်နှင့် အသက် ၆၀ နှင့်အထက် သက်ကြီး ပိုင်းများ ကြိုတင်ဆန္ဒမဲပေးခွင့်ကို အာဏာပိုင်များက ခွင့်ပြုထားသည်။

သို့သော် ရွေးကောက်ပွဲ ကျင်းပမှုသည် ပြည်သူ့ကျန်းမာရေးနှင့်သက်ဆိုင်သော နောက်ဆက်တွဲဂယက်များကို ပြင်းပြင်းထန် ထန်ဖြစ်ပွားစေနိုင်ဖွယ်ရှိကြောင်း ပဋိပက္ခများ ကာကွယ်ရေးနှင့်ဖြေရှင်းရေးဆိုင်ရာ အဖွဲ့ International Crisis Group က သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ကျင်းပသော ရွေး ကောက်ပွဲသည် ငြိမ်းချမ်းသော၊ စည်းစနစ်ကျသော၊ အများယုံကြည် လက်ခံနိုင်သော ရွေးကောက်ပွဲဖြစ်စေရန် တောင်းဆိုကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဘင်္ဂါလီမွတ်စလင် ၆၀၀,၀၀၀ နီးပါး (အရေအတွက်ထက်ဝက်ခန့်မှာ ဆန္ဒမဲပေးခွင့်ရှိသည့် အသက်အရွယ်များဖြစ်) သည် နိုင်ငံသားဖြစ်ခွင့်နှင့် မဲပေးခွင့်များကို ဆုံးရှုံးနေကြကြောင်း၊ မြန်မာ့ရွေး ကောက်ပွဲသည် လူမျိုးရေးခွဲခြားသော ရွေးကောက်ပွဲဖြစ်သည်ကို ယင်းအချက်က ပြသနေပြီး ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုသည် ယခင်ရွေးကောက်ပွဲထက် နည်းပါးကြောင်း Burma Campaign UK လူ့အခွင့် အရေးအဖွဲ့က ဆိုသည်။

လုံခြုံရေးအခြေအနေများကြောင့် တိုင်းရင်းသားလူနည်းစုနေထိုင်ရာ နယ်မြေဒေသအများစုတွင် ပိတ်ပင်ကန့်သတ်မှုများ ရှိနေပြီး မဲဆန္ဒရှင် ၃၇ သန်းထဲမှ မဲဆန္ဒရှင် နှစ်သန်းဝန်းကျင်မှာ မဲပေးပိုင်ခွင့် ရုပ်သိမ်းခံ နေရသည့် သဘောသက်ရောက်နေသည်။

NLD က ခန့်အပ်တာဝန်ပေးထားသော ရွေးကောက်ပွဲကော်မရှင်မှာ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာ၌ မကျွမ်းကျင် ခြင်းကြောင့် အလွဲလွဲအချော်ချော်ဖြစ်ခြင်းတို့အတွက် အပြင်းအထန် ဝေဖန်ခံနေရသည်။

 

■ ကြီးမားသည့် ဆူပူမှုအန္တရာယ်

တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရွေးကောက်ပွဲ အဖွဲ့အစည်းအတွင်း အားနည်းချက်များနှင့် ဟာကွက်များ ရှိကြောင်း ဝေဖန်ခဲ့ပြီး အစိုးရအနေနှင့် ဂရုတစိုက် လုပ်ဆောင်ရမည်ဖြစ် ကြောင်း သတိပေးခဲ့သည်။သို့သော်လည်း နိုဝင်ဘာ ၈ ရက်တွင် ၎င်းအနေနှင့် ရွေးကောက်ပွဲရလဒ်များကို လက်ခံရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တပ်မတော်သည် ကြီးမားသည့်အာဏာကို ကိုင်စွဲထားဆဲဖြစ်ပြီး အဓိက ဝန်ကြီး ဌာနနေရာ သုံးခုနှင့်လွှတ်တော်အမတ် နေရာ အားလုံး၏ လေးပုံတစ်ပုံကို ထိန်းချုပ် ထားသည်။

အာဏာသိမ်းမှု သို့မဟုတ် အခြားအာဏာလုယူများ ဖြစ်နိုင်ခြေအလွန်နည်းပါးသည့်တိုင် ယင်းမှတ်ချက်စကားများသည် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးများတွင် အနိမ့်ဆုံးအခြေအနေ ရောက်ရှိလာကြောင်း ပြသရာရောက်သည်ဟု ရွေးကောက်ပွဲတွင် NLD က သောင်ပြိုကမ်းပြို အနိုင်ရမည်ဟု ခန့်မှန်းခဲ့သည့်ရန်ကုန်အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ရစ်ချက်ဟော်ဆေးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ထိပ်သီးတရားရုံးတွင် မြန်မာနိုင်ငံအပေါ် စွပ်စွဲခဲ့သည့် လူမျိုးတုံး သတ်ဖြတ်မှုစွဲချက်များအပေါ် ဒေါ်အောင် ဆန်းစုကြည်က ကောင်းမွန်စွာ ကာကွယ် ချေပနိုင်ခဲ့သည်။

၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် စစ်တပ်၏ စစ်ဆင်ရေး များကြောင့် ဘင်္ဂါလီ လူမျိုး ၇၅၀,၀၀၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်  နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသော်လည်း  ဗမာ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းသည် သနားညှာတာမှုအနည်းငယ်သာ ပြသခဲ့သည်။ မြန်မာနိုင်ငံသည် လူမျိုးစုနေရာဒေသများတွင် ကာလကြာရှည်ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် ဆင်းရဲဒုက္ခများ ကြုံတွေ့ခဲ့ရသည်။

ယင်းလူနည်းစုတိုင်းရင်းသားအများစုသည် ရွေးကောက်ပွဲဆိုင်ရာ စနစ်ကြောင့် အားနည်းချက်များကို ကြုံတွေ့ခံစားခဲ့ရပြီး ယခုတွင် ၎င်းတို့၏ မဲပေးခွင့် ဆုံးရှုံးခဲ့ရသည်။

ယင်းအချက်သည် ရွေးကောက်ပွဲနေ့ သို့မဟုတ် ရွေးကောက်ပွဲလွန်ကာလတွင် ဆူပူအုံကြွမှု ဖြစ်စေနိုင်သည့် အကြီးစား အန္တရာယ်တစ်ခုဖြစ်နေသည်ဟု ဟော်ဆေးက သတိပေးပြောကြားခဲ့သည်။

Most Read

Most Recent