ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများက မြန်မာနိုင်ငံ၏ COVID-19 လက်ရှိအနေအထားနှင့်ပတ်သက်၍ လုံလောက်မှုရှိပါသလား

ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများက မြန်မာနိုင်ငံ၏ COVID-19 လက်ရှိအနေအထားနှင့်ပတ်သက်၍ လုံလောက်မှုရှိပါသလား
Quarantine စင်တာတစ်ခုတွင် ကြိုတင်ဆန္ဒမဲများ ကောက်ယူနေသည်ကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Quarantine စင်တာတစ်ခုတွင် ကြိုတင်ဆန္ဒမဲများ ကောက်ယူနေသည်ကို နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်
Published 8 November 2020
အိသဥ္ဇာကျော်

အောက်တိုဘာ ၆ ရက် ညပိုင်းအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ ၅၉၀၀၀ ကျော်၊ သေဆုံးသူ ၁၃၀၀ ကျော်ရှိနေပြီး အာဆီယံဒေသတွင်း COVID-19 ရောဂါဖြစ်ပွားမှု စာရင်း၌ မြန်မာနိုင်ငံက စင်ကာပူကို ကျော်၍ ကူးစက်မှုအမြင့်ဆုံး အဆင့် ၃ နေရာသို့ ရောက်ရှိလာပြီဖြစ်သည်။

နိုဝင်ဘာ ၈ ရက်က မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲအတွက် လာရောက်မဲပေးသူများတွင် COVID-19 ရောဂါ ကူးစက်မှုမရှိစေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရွေးကောက်ပွဲဆိုင်ရာ ကျန်းမာရေး အထောက်အကူပြု ကော်မတီကို ဗဟိုအဆင့် ဖွဲ့စည်းလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

COVID-19 ရောဂါဖြစ်ပွား နေစဉ်ကာလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှု များနှင့်ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြုအား ဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်းက “COVID-19 ဖြစ်ပွားနေစဉ်အတွင်းမှာ နိုင်ငံတကာမှာ ရွေးကောက်ပွဲတွေ ကျင်းပရတာနဲ့ပတ်သက်ပြီး ဆန်းစစ်လေ့လာမှုတွေအရ နိုင်ငံတော်တော်များများက ရွေးကောက်ပွဲကျင်းပဖို့ စနစ်တကျပြင်ဆင်ထားပြီး ရွေးကောက်ပွဲကို ဆောင်ရွက်နေတာ ရှိပါတယ်။ လက်ရှိအထိ နိုင်ငံပေါင်း ၇၇ နိုင်ငံမှာ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ ဒီအထဲမှာ အာရှပစိဖိတ်ဒေသကြီးက ၂၄ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ပြီး အာရှနိုင်ငံတွေ အနေနဲ့ဆိုရင် ၁၀ နိုင်ငံမှာ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပပြီးဖြစ်ပါတယ်။ နိုင်ငံတိုင်းကလည်း ရွေးကောက်ပွဲကျင်းပတဲ့အခါမှာ ပြည်သူလူထုရဲ့ ကျန်းမာရေးထိခိုက်မှုမရှိအောင် အတတ်နိုင်ဆုံးပြင်ဆင်ပြီး ဆောင်ရွက်တယ်။ မဲပေးတဲ့သူတွေအတွက် ကျန်းမာရေးနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်ကြောင့်ကြမှုမရှိအောင် စီစဉ်ပြီး ဆောင်ရွက်ကြပါတယ်။ အလားတူ ကျွန်တော်တို့ မြန်မာနိုင်ငံကလည်း ဒီအတွေ့အကြုံတွေအပေါ်မှာ မူတည်ပြီး ပြင်ဆင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဆောင်ရွက်တဲ့ နေရာမှာ ရောဂါကူးစက်နိုင်ခြေရှိတဲ့ အရာအားလုံးကို ကြိုတင်ကာကွယ်တဲ့နည်းစနစ်ကို ကျင့်သုံးပြီး ဆောင်ရွက်ခဲ့တယ်။ တချို့နိုင်ငံတွေက နိုင်ငံအတွင်းမှာ COVID-19 ရောဂါကူးစက်မှု မြင့်မားတဲ့ အခြေအနေတွေရှိပါတယ်။ တချို့နိုင်ငံတွေ ကျတော့လည်း ရောဂါဖြစ်ပွားမှုက တစ်နေရာမှာ အခြေအနေတစ်ခုမှာ တန့်နေတယ်။ အဲဒီလို အခြေအနေမျိုးမှာရှိတဲ့ နိုင်ငံတော်တော်များများက နိုင်ငံတကာမှာ ရွေးကောက်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု ပြောပြသည်။

မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် ကိစ္စများ၊ လမ်းညွှန်ချက်များကို နိုင်ငံတကာ အတွေ့အကြုံများ၊ ပြည်တွင်း ရောဂါထိန်းချုပ်မှု အနေအထားများအပေါ် မူတည်၍ လမ်းညွှန်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ထိုလမ်းညွှန်ချက်များကို ဆန္ဒမဲပေးကြမည့် ပြည်သူတစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ မဲရုံများတွင် စနစ်တကျတာဝန်ယူပြီး ဆောင်ရွက်မည့် ပုဂ္ဂိုလ်များအနေဖြင့် လည်းကောင်း၊ ပြည်သူလူထုအနေဖြင့်လည်းကောင်း လိုက်နာဆောင်ရွက်ပါမှ ပြည်သူလူထုအတွက် ကျန်းမာရေးဆိုင်ရာ လုံခြုံမှုရှိပြီး အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်ဟု ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။

မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါကူးစက်ဖြစ်ပွားမှု များပြားနေသည့် ယခုလိုအချိန်မျိုးတွင် အထွေထွေရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းခြင်းမရှိဘဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးဝင်းဦးခိုင်က “ဒီနှစ်က ဥပဒေပြဋ္ဌာန်းချက်အရလည်း ရွေးကောက်ပွဲကျင်းပရမယ့်နှစ် ဖြစ်နေတယ်။ COVID-19 ဖြစ်ပွားတဲ့အချိန် ပထမလှိုင်းမှာ အခြေအနေကို ကျွန်တော်တို့ စောင့်ကြည့်ပြီး ထိန်းနိုင်တဲ့အနေအထားဖြစ်ပြီဆိုမှ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေအရ ရွေးကောက်ပွဲကျင်းပမယ့် ရက်ကို စပြီးကြေညာလိုက်တယ်။ ကြေညာပြီးတဲ့အချိန်မှာပဲ COVID ဒုတိယလှိုင်းက စပြီးဖြစ်လာတော့ တဖြည်းဖြည်းကျယ်ပြန့်လာတယ်။ ရွေးကောက်ပွဲကလည်း မဖြစ်မနေ ကျင်းပရမယ်ဆိုတော့ ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖို့လိုတယ်ဆိုပြီး သုံးသပ်ပါတယ်။ ကျွန်တော်တို့က မဲရုံလုပ်ငန်းစဉ်ကို သရုပ်ပြလုပ်ပါတယ်။ ဒီအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ သုံးသပ်ချက်တွေ ထွက်လာပါတယ်။ Contact များတဲ့နေရာ၊ Risk များတဲ့နေရာတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်မယ်။ ဘယ်လို လုပ်မယ်ဆိုပြီး ကျန်းမာရေးဝန်ကြီးဌာနရဲ့ စံလုပ်ငန်းလမ်းညွှန်တွေကို ရေးတယ်။ ကျွန်တော်တို့ရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေနဲ့ ကိုက်၊ မကိုက် နှစ်ဖက်ညှိနှိုင်းပြီး ဒါဆိုရင် ဒီလိုလုပ်ဖို့ သင့်တယ်ဆိုပြီး COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီကို တင်ပြခဲ့ပါတယ်။ တင်ပြပြီးတော့ မဲရုံအတွက် နောက်ထပ်တကယ့်လိုအပ်ချက်က ဘာလဲ။ လက်တွေ့မှာ ဘယ်လိုရှိမလဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 အခြေအနေနဲ့ ဘာတွေဆက်လုပ်ဖို့လိုသလဲဆိုပြီး တကယ့်မဲရုံလုပ်မယ့် နေရာမှာ သရုပ်ပြခဲ့တယ်” ဟု ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်လည်း အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ COVID-19 ကူးစက်မှု မရှိစေဘဲ ဘေးကင်းစိတ်ချမ်းသာစွာဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့သည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများကို အသေးစိတ်ရေးဆွဲခဲ့ပြီးဖြစ်၍ လက်တွေ့သရုပ်ပြခြင်းနှင့် သင်တန်းပေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

အထွေထွေရွေးကောက်ပွဲ ပြုလုပ်သည့်နေ့တွင် သတ်မှတ်နေရာ အမျိုးမျိုးတွင် အသွားအလာ ကန့်သတ်ခံထားရသူများ Quarantine နှင့် ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေရသူများ၊ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် မိမိဆန္ဒမဲပေးရမည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်၏ ပြင်ပတွင် တွဲဖက်တာဝန်ထမ်းဆောင်နေကြရမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ဆန္ဒမဲပေးနိုင်ရေး ကိစ္စရပ်များအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲရက်တွင် ဆေးရုံတွင် တက်ရောက်ဆေးကုသနေသူ လူနာများအတွက် မဲပေးနိုင်ရေး စီစဉ်ထားမှုများနှင့်ပတ်သက်၍ ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာလှက “ဆေးကုသနေတဲ့လူနာတွေအတွက် ယခင်ကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေ၊ နည်းဥပဒေတွေ လုပ်ငန်း လမ်းညွှန်တွေမှာလည်း ပါပြီးသား ဖြစ်ပါတယ်။ ဒီလိုဆေးရုံတက်ရောက်နေတဲ့ လူနာတွေအတွက် ကြိုတင်မဲပေးတဲ့စာရင်းထဲမှာ ပါဝင်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ လုပ်ငန်းစဉ်တွေအတိုင်း ကျွန်မတို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဲဒီအတွက်လည်း အခုကာလ COVID-19 ဖြစ်နေတဲ့ကာလမှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတဲ့အတွက်ကြောင့် COVID-19 အတည်ပြု လူနာတွေ အထူးသဖြင့် ရန်ကုန်တိုင်းက အများဆုံးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ ဝေဘာဂီဆေးရုံ၊ တောင်ဥက္ကလာပဆေးရုံကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတို့မှာ COVID လူနာတွေကို လက်ခံကုသပေးနေပြီး ယာယီ ဆေးရုံသဘောမျိုးဖွင့်ရတဲ့ ကုသရေးဌာနက ၁၅ ခုရှိပါတယ်။ ဒီနေရာတွေမှာ တက်ရောက်ပြီး ကုသမှုခံယူနေတဲ့ လူနာတွေ ကြိုတင်မဲပေးနိုင်ဖို့အတွက် အထူးအလေးထားပြီး ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ကြိုတင်မဲပေးတဲ့နေရာမှာလည်း အဓိက ဓာတ်ခွဲအတည်ပြုလူနာတွေက ပိုပြီးအရေးကြီးပါတယ်။ COVID-19 လူနာတွေဆီကနေ ဆန္ဒမဲသွားပြီးကောက်ယူမယ့်သူတွေကို ကျန်းမာရေးဝန်ထမ်းတွေက ကူညီပေးမှာ ဖြစ်ပါတယ်။ လူနာဆီကနေ ရောဂါပိုးကို တာဝန်ထမ်းဆောင်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ဝန်ထမ်းတွေကော ကျန်းမာရေးဝန်ထမ်းတွေကော ကူးစက်မှု မခံရအောင်လို့ လုပ်ထုံးလုပ်နည်းတွေ၊ လုပ်ငန်းလမ်းညွှန်တွေကို အသေအချာရေးဆွဲပြီး ကြိုတင်မဲပေးမှုစနစ်ကို စီစဉ်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဆေးရုံများနည်းတူ COVID-19 သံသယနှင့် စောင့်ကြည့်လူနာများထားရှိရာ Quarantine စင်တာများမှ ပြည်သူများလည်း ကြိုတင်မဲပေးနိုင်ရန် စီစဉ်ခဲ့သည်။ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၃၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၉၈၀၀၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးရှိ Quarantine နေရာ ၉၄၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၅၄၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၃၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၂၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၄၆၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၇၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ Quarantine နေရာ ၈၃၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၉၀၀ ကျော်၊ ကချင်ပြည်နယ်ရှိ Quarantine နေရာ၂၄၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၈၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၈၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၄၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၂၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ ရခိုင်ပြည်နယ်ရှိ Quarantine နေရာ ၂၈၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၄၀၀ ကျော်၊ ရှမ်း (တောင်ပိုင်း) ရှိ Quarantine နေရာ ၁၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၉၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၀၀၀ ကျော်၊ မွန်ပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၂၀၀ ကျော်၊ ရှမ်း (မြောက်ပိုင်း) ရှိ Quarantine နေရာ ၄၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၆၀၀ ကျော်၊ နေပြည်တော်ရှိ Quarantine နေရာ ခုနစ်ခုတွင် အသွားအလာကန့်သတ်ထားသူ ၁၁၀၀ ကျော်၊ ရှမ်း (အရှေ့) ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၂၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ ချင်းပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၆၀ ကျော် ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရရှိသည့်အချက်အလက်အရ သိရသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်တစ်ခုတွင် ကြိုတင်ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသော အဘိုးအဘွားများအား အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်

Quarantine စင်တာများမှ ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်မှုများနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက “Quarantine စင်တာတွေကို အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ ပြည်သူတွေ ကြိုတင်မဲပေးခွင့်ရဖို့ မဆုံးရှုံးဖို့ မဲပေးခြင်းလုပ်ငန်းစဉ်ကနေ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိစေဖို့ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထားရှိဖို့အတွက် စံလုပ်ငန်းလမ်းညွှန်ချက်ကို ချမှတ်ခဲ့ပါတယ်။ ချမှတ်ထားတဲ့ လုပ်ငန်းလမ်းညွှန်ချက်ကိုလည်း တိုင်းဒေသကြီး ပြည်နယ်၊ မြို့နယ်အဆင့်ဆင့်ကို သင်တန်းတွေ ပို့ချပေးပြီး ဖြစ်ပါတယ်။ ပထမအနေနဲ့ Quarantine စင်တာမှာ တာဝန်ယူထားတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကနေ စီစဉ်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ဖြစ်ပါတယ်။ Quarantine စင်တာမှာရှိတဲ့ ပြည်သူတွေ မဲလာပေးတဲ့အချိန်မှာ အချင်းချင်းကူးစက်မှု မရှိအောင် နောက်ပါဝင်ထမ်းဆောင်တဲ့သူတွေကလည်း ရောဂါကူးစက်မှု မဖြစ်အောင် စသဖြင့် အားလုံးက လုံလုံခြုံခြုံဘေးကင်းဖို့အတွက် လိုအပ်တဲ့ ရောဂါကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ဖို့အတွက် ကြီးကြပ်ဆောင်ရွက်ပေးထားပါတယ်။ နောက်တစ်ပိုင်းက Quarantine စင်တာမှာ ကြိုတင်မဲကောက်ယူတဲ့နေရာမှာ ပါဝင်ဆောင်ရွက်မယ့် ဝန်ထမ်းတွေ ဖြစ်ပါတယ်။ ကြိုတင်မဲကောက်ယူရာမှာ ပါဝင်ဆောင်ရွက်မယ့် ဝန်ထမ်းတွေက သူတို့အနေနဲ့ လိုအပ်တဲ့ ရောဂါကာကွယ်ရေး ဝတ်စုံတွေကို အပြည့်အစုံ ဝတ်ဆင်ဖို့ လိုပါတယ်။ ဒီလို ဝတ်ဆင်ရာမှာ Surgical Grown Cap နဲ့ KN 95 Mask ကို ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။ နောက် Face Shield ရယ် Gloves ရယ်လည်း ဝတ်ဆင်ရပါမယ်” ဟု ပြောကြားသည်။

မဲရုံသို့ သွားရောက်မဲပေးမည့် ပြည်သူများအနေဖြင့် KN 95 Mask နှင့် Face Shield ဝတ်ဆင်ရမည်ဖြစ်ပြီး ထိုကဲ့သို့ ကာကွယ်ရေးပစ္စည်းများ သေချာစွာ ဝတ်ဆင်ပြီးမှသာ မဲပေးရမည်ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဆက်လက်ပြောကြားသည်။

ရွေးကောက်ပွဲရက်တွင် တာဝန်ကျ မဲရုံဝန်ထမ်းများ အပါအဝင် တာဝန်ချထားသော ဝန်ထမ်းအားလုံးကို COVID-19 ရောဂါပိုးရှိ မရှိ စစ်ဆေးမည်မဟုတ်ဘဲ တစ်ကိုယ်ရေအကာအကွယ်ပစ္စည်းများ ဝတ်ဆင်စေပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေးဌာနခွဲ) မှ ဒေါက်တာသန္တာလွင်က ဆိုသည်။

“ အထူးရဲတွေကို COVID-19 ရောဂါပိုးရှိမရှိ စစ်ဆေးပေးပါတယ်။ ဒါပေမဲ့ ကျန်တဲ့မဲရုံမှာ တာဝန်ချထားမယ့် မဲရုံဝန်ထမ်းတွေ၊ ပညာရေးဌာနကရော၊ ကျန်းမာရေးဌာနကရော တာဝန်ချထားမယ့် စေတနာ့ဝန်ထမ်းတွေလည်း ရှိပါတယ်။ အဲဒီလူတွေကို စစ်ဆေးပေးမှာ မဟုတ်ဘဲ တာဝန်ချထားတဲ့ ဝန်ထမ်းတွေအားလုံးကို လုံလောက်တဲ့ တစ်ကိုယ်ရေအကာအကွယ် ပစ္စည်းတွေကို ဝတ်ဆင်ပေးပြီး ရောဂါကူးစက်ခြင်းမရှိအောင် ကာကွယ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုပဲ မဲလာပေးမယ့် မဲဆန္ဒရှင်တွေကလည်း နှာခေါင်းနဲ့ ပါးစပ်ကို KN 95 Mask ဝတ်ဆင်ပြီးမှ မဲရုံအတွင်း ဝင်ပြီးတော့ မဲပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အပြန်အလှန် ကာကွယ်ထားပြီးဖြစ်တဲ့အတွက် လုံခြုံစိတ်ချစွာ မဲပေးနိုင်ဖို့ ကျွန်မတို့ စီစဉ်ထားပြီးဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ COVID-19 ဖြစ်ပွားမှု များပြားနေတဲ့ မြို့နယ်တွေဆိုရင် မဲဆန္ဒရှင်တွေကို KN 95 Mask အပြင် Face Shield ပါ ထုတ်ပေးပြီးတော့မှ မဲပေးနိုင်ဖို့အတွက် စီစဉ်သွားမှာဖြစ်ပါတယ်” ဟု ဒေါက်တာသန္တာလွင်က ပြောကြားသည်။

ရွေးကောက်ပွဲရက်တွင် မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာဌာနအသီးသီးမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အချို့နေရာများတွင် ဌာနများက ဖြန့်ဝေသည့် ကာကွယ်ရေးပစ္စည်းများကို အလုံအလောက်မရရှိသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု သိရသည်။

“ တချို့နေရာတွေမှာက KN 95 ပေးရင် Face Shield မရဘူး။ Face Shield ပေးရင် KN 95 မရဘူး။ အဲဒီတော့ အငြင်းပွားမှာစိုးလို့ ကျွန်တော့်လမ်းထဲကလူတွေအတွက်တော့ Face Shield တစ်ခုပဲ ယူခဲ့လိုက်တော့တယ်။ Mask ကတော့ ရွေးကောက်ပွဲနေ့ကျတော့မှ ကိုယ့်ဘာသာကိုယ်ဝယ်ပြီး တပ်ဖို့ပြောထားတယ်” ဟု သာကေတမြို့နယ် ၅ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက သူကြုံတွေ့ခဲ့ရသည်များကို ပြောပြသည်။

နိုဝင်ဘာ ၆ ရက်က သံလျင်မြို့နယ် ဖို့မြေ အခြေခံပညာမူလတန်းကျောင်းမှ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်မည့် ဆရာမတစ်ဦး COVID-19 ရောဂါဖြင့် ကွယ်လွန်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ ဦးဇော်မျိုးလှိုင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဖို့မြေ အခြေခံပညာမူလတန်းကျောင်းတွင် အလယ်တန်းပြ (၂) တာဝန်နှင့် ထန်းပင်ကုန်းရပ်ကွက် မဲရုံ (၁) တွင် ဒုမဲရုံမှူးတာဝန်ထမ်းဆောင်နေသည့် ဒေါ်အေးအေးမူသည် နိုဝင်ဘာ ၃ ရက်တွင် နေမကောင်းဖြစ်ကာ အသက်ရှူကျပ်သဖြင့် သန်လျင်ပြည်သူ့ဆေးရုံကြီးသို့ ပြသခဲ့သည်။ ထိုသို့ပြသပြီးနောက် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ COVID-19 ရောဂါ Positive ဖြစ်ခဲ့၍ သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူရင်း နိုဝင်ဘာ ၄ ရက် နံနက် ၃ နာရီတွင် COVID-19 Positive ဖြင့် သန်လျင်မြို့နယ် ပြည်သူ့ဆေးရုံကြီး၌ပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ နေ့စဉ် ၁၀၀၀ မှ ၁၃၀၀ ကြား တွေ့ရှိနေရဆဲဖြစ်ပြီး ရောဂါကူးစက်မှုနှုန်း အရှိန်မြင့်နေဆဲဖြစ်သည်။

အလားတူ မြန်မာနိုင်ငံ၏ COVID-19 ဒုတိယလှိုင်းတွင် ဖြစ်ပွားနေသော ရောဂါပိုးမျိုးရိုးဗီဇကို ဆေးသုတေသနဦးစီးဌာနက စစ်ဆေးမှုအရ အိမ်နီးချင်းနိုင်ငံများမှ မျိုးဗီဇနှင့်တူညီနေပြီး ယခင်မျိုးရိုးဗီဇနှင့် မတူညီဘဲ မျိုးဗီဇပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိခဲ့ရာ ရောဂါလျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်သည်ဟု နိုဝင်ဘာ ၃ ရက်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက သတိပေးပြောကြားထားရာ မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲလွန်ရက်များတွင် ရောဂါဖြစ်ပွားကူးစက်မှုနှုန်း မည်ကဲ့သို့ ရှိလာနိုင်မည်ကိုမူ သတိပြု စောင့်ကြည့်ရမည် ဖြစ်ပေသည်။

Most Read

Most Recent