မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ ရပ်ကွက် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်၌ မဲရုံဖွင့်လှစ်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းနှင့် မဲပုံထားရှိသိမ်းဆည်းခြင်းကို SNLD ကိုယ်စားလှယ်လောင်း ကန့်ကွက်၊ ■ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲပုံးများအား စာသင်ကျောင်းသို့ ပြောင်းရွှေ့ထားရှိစေခဲ့

မူဆယ်မြို့နယ် ပန်ဆိုင်း (ကြူကုတ်) မြို့ ရပ်ကွက် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်၌ မဲရုံဖွင့်လှစ်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းနှင့် မဲပုံထားရှိသိမ်းဆည်းခြင်းကို SNLD ကိုယ်စားလှယ်လောင်း ကန့်ကွက်၊ ■ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲပုံးများအား စာသင်ကျောင်းသို့ ပြောင်းရွှေ့ထားရှိစေခဲ့
ပန်ဆိုင်း (ကြူကုတ်)မြို့ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် မဲရုံဖွင့်လှစ်၍ ဆန္ဒမဲလာပေးနေသူများအား တွေ့ရစဉ်
ပန်ဆိုင်း (ကြူကုတ်)မြို့ (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်တွင် မဲရုံဖွင့်လှစ်၍ ဆန္ဒမဲလာပေးနေသူများအား တွေ့ရစဉ်
Published 4 November 2020
ပြည့်စုံ (မူဆယ်)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ နယ် ပန်ဆိုင်း(ကြူကုတ်) မြို့ ရပ်ကွက် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်၌ မဲရုံဖွင့်လှစ်၍ ကြိုတင်မဲပေးခြင်းလုပ်ငန်းနှင့် မဲပုံထားရှိသိမ်းဆည်းခြင်းကို SNLD ကိုယ်စားလှယ်လောင်း ကန့်ကွက်ခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မဲပုံးများကို စာသင်ကျောင်းသို့ ပြောင်း ရွှေ့ထားရှိစေခဲ့ကြောင်း သိရသည်။

“ကျွန်မ မြို့နယ်ကော်မရှင်ရုံးကို ကန့်ကွက်လွှာတင်တာပါ။ ရပ်ကွက် (၅) မဲရုံအမှတ် (၅)၊ ရပ်ကွက် (၃) မဲရုံအမှတ် (၃) မှာ နိုဝင်ဘာ ၁ ရက်မှာ ကြိုတင်မဲထည့်ဖို့ဖွင့်တယ် ပေါ့။ ကျွန်မကိုယ်တိုင်တွေ့တာပါ။ အိမ်မှာ လုပ်တယ် အိမ်မှာပဲလုပ်တယ်။ တရုတ်စကားတွေပဲ ပြောတယ်။ မဲရုံ ကိုယ်စားလှယ်တွေက တရုတ်စကား မတတ်ဘူး။ သူတို့ ဘာတွေ ပြောမှန်းတော့မသိဘူး။ နည်းနည်းပါပါးတော့ နားလည်တယ်။ လာထည့်တဲ့သူတွေက တရုတ်တွေကြီးပဲ။ ဒီဟာကို ထည့်ပါ ဒီဟာကို ထည့်ပါဆိုတော့ ဒီအပေါ်မှာ စဉ်းစားစရာ တွေ အများကြီး။ မဲရုံကိုယ်စားလှယ်တွေ သွားကြည့်ဖို့ဆိုတာ အိမ်မှာလုပ်တဲ့အတွက် ချောင်ကြိုချောင်ခြားထဲ ဝင်သွားရတာဖြစ်တဲ့အတွက် တရားမျှတမှု မရှိနိုင်ဘူးပေါ့။ တရုတ်အိမ်ကြီးပါ။ ဓာတ်ပုံရိုက်ခဲ့တယ်။ ကျွန်မတို့ ပြည်သူလူထုတွေ တရုတ်လို ပြောတဲ့ဟာကို ဘယ်လိုမှနားမလည်ဘူး။ အုပ်ချုပ်ရေးမှူး အိမ်မှာပဲ ထည့်ကြတယ်။ မနေ့က ပန်ဆိုင်းကို လိုက်ကြည့်လိုက်တော့ ကျွန်မကို ပြောတယ်။ မဲရုံအမှတ် (၃) မှာဆိုလို့ရှိရင် ကိုယ်စားလာ ထည့်တဲ့သူတောင် ရှိတယ်ပြောတယ်။ ဘယ်သူ့ကိုကိုယ်စားပြုပြီး ဘယ်သူ့ကို ကိုယ်စား ထည့်လည်းဆိုတာ သိတာနဲ့ ချက်ချင်းပြန် ကန့်ကွက်မှာပါ” ဟု ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ဒေါ်နန်းထွေးမှုံက ပြောကြားသည်။

အဆိုပါရပ်ကွက်အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးအိမ်၌ ပြုလုပ်သော ကြိုတင်မဲ ထည့်သည့်နေရာသည် နေအိမ်ခြံဝန်းဖြစ်သဖြင့် လူသူဝင်ထွက်မှုများပြားခြင်း၊ ဆန္ဒပြု တံဆိတ်တုံးထုခန်းသည် အလွန်ကျဉ်းမြောင်း သည့်နေရာတွင်ရှိပြီး တစ်ဦးနှင့်တစ်ဦး စကား လှမ်းပြော၍ တုံးထုနေကြခြင်း၊ မဲရုံကိုယ်စား လှယ်များက တစ်ဦးပြီးမှတစ်ဦး တုံးထုရန်နှင့် ဆူညံစွာစကားမပြောကြရန် တာဝန်ရှိသူများ ကိုပြောရာတွင် လာမပြောရန် တားမြစ်ခံခဲ့ရ ခြင်း၊  တစ်ကြိမ်ဝင်လျှင် လူလေး၊ ငါး၊ ခြောက် ဦးအထိဝင်၍ မဲထည့်ပြီးလျှင် မဲရုံ‌နေအိမ်ခြံ ဝန်းအတွင်း၌ပင် ဖုန်းဆက်ခေါ်ကာ မဲလာထည့်ကြရန် ပြောဆိုကြခြင်းအပြင် အသက် ၂၀ ကျော် ၃၀ ဝန်းကျင်ရှိ လူလတ်ပိုင်းတစ်ဦးက ကြိုတင်မဲပေးရာတွင် ၎င်း၏အမေ၊ ယောက္ခမ၊ မိန်းမနှင့် ယောက္မတို့ကိုပါ ခေါ်လာပြီး ဆက်တိုက်မဲဆန္ဒ ထည့်ခိုင်းခဲ့ကြောင်း၊ ဆူညံမှုများနှင့် လူဦးရေထူထပ်မှုကြောင့် မည်သူသည် ကြိုတင်မဲ အမှန်တကယ် လာပေးသူဟု မသဲကွဲကြောင်း မဲရုံ စောင့်ကြည့်လေ့လာသူ များက ပြောကြားသည်။

အဆိုပါကိစ္စနဲ့ပတ်သက်၍ မူဆယ်မြို့ နယ်ကော်မရှင်ရုံးခွဲ ဦးစီးအရာရှိ ဦးဇာနည်မြင့်ထွန်းက “လာကန့်ကွက်တာဟုတ်ပါတယ်။  SNLD ကိုယ်စားလှယ်လောင်းက စာလာတင်ပြီး ကန့်ကွက်ပါတယ်။ ကျွန်တော်တို့ သိသိချင်း စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီး ချက်ခြင်း မဲပုံးတွေကို  မဲရုံကျင်းပမယ့်ကျောင်းကို ပြောင်းရွှေ့ဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြီးပါပြီ” ဟု ဆိုသည်။

မူဆယ်မြို့နယ် အမှတ် (၂)  မဲဆန္ဒနယ် မြေများသည် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီမှ အနိုင်ရရှိထားသော မဲဆန္ဒနယ်ဖြစ်သည်။

မူဆယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်း ပနိုင်သည့် မြို့ပေါ်ရပ်ကွက် ၉ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၈၂  အုပ်စုရှိပြီး စုစုပေါင်း မဲရုံ ၁၀၃ ရုံရှိသည့်အနက် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စု လေးအုပ် စုရှိကာ မူဆယ်မြို့နယ်အတွင်း မဲစာရင်းပါ ဆန္ဒမဲပေးနိုင်သူဦးရေ မဲဆန္ဒနယ်အမှတ် (၁)နှင့် မဲဆန္ဒနယ်အမှတ် (၂) တို့တွင် မဲဆန္ဒရှင်ဦး‌ရေ စုစုပေါင်း ၁၁၇၈၁ ဦးရှိကြောင်း မူဆယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲရုံးမှ သိရ သည်။

မူဆယ်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၊  ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ၊ တအာင်း (ပလောင်) အမျိုး သားပါတီ၊ ကချင်အမျိုးသားပါတီ၊ ကချင်အ မျိုးသားကွန်ဂရက်ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ ပါဝင်ယှဉ် ပြိုင်မည်ဖြစ်သည်။ မူဆယ်မြို့နယ် အမျိုးသား မဲဆန္ဒနယ်အမှတ် (၅) တွင် ကိုယ်စားလှယ်လောင်း ရှစ်ဦး၊ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလောင်း ရှစ်ဦး၊ မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒ နယ်အမှတ် (၁) တွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦး၊ မူဆယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ကိုယ်စားလှယ်လောင်း ခုနစ်ဦး စုစု ပေါင်း ကိုယ်စားလှယ်လောင်း ၃၀ ယှဉ်ပြိုင် မည်ဖြစ်သည်။

 

Most Read

Most Recent