မြိတ်မြို့ရှိ မဲရုံအချို့တွင် ကြိုတင်မဲပေးရာ၌ ဆန္ဒမဲလက်မှတ်တွင် UEC တံဆိပ်များ မပါဘဲ မဲပေးလိုက်ရသည့် ဖြစ်စဉ်များရှိနေ

မြိတ်မြို့ရှိ မဲရုံအချို့တွင် ကြိုတင်မဲပေးရာ၌ ဆန္ဒမဲလက်မှတ်တွင် UEC တံဆိပ်များ မပါဘဲ မဲပေးလိုက်ရသည့် ဖြစ်စဉ်များရှိနေ
Published 3 November 2020
ဇော်မိုးဦး (မြိတ်)

မြိတ်မြို့ရှိ မဲရုံအချို့တွင် ကြိုတင်မဲပေးရာ၌ ဆန္ဒမဲလက်မှတ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ၏ တံဆိပ်များမပါဘဲ မဲပေးလိုက်ရသည့် ဖြစ်စဉ်များရှိနေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၂၉ ရက်မှစတင်၍ အသက် ၆၀ နှစ်နှင့်အထက် အသက်အရွယ်ကြီး ရင့်သူများ ကြိုတင်မဲပေးနိုင်ကြောင်း ပြည် ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေ ညာခဲ့ပြီး နိုဝင်ဘာ ၂ ရက်တွင် ကြိုတင်မဲပေး သူများအနေဖြင့် UEC တံဆိပ်မပါပဲ မဲပေးလိုက်ရသည့် ဖြစ်စဉ်များရှိခဲ့သည့်အတွက် မဲဆန္ဒရှင်ပြည်သူများက ပယ်မဲဖြစ်မည်ကို စိုးရိမ်မှုများရှိနေသည်။

“နိုဝင်ဘာ ၂ ရက်တုန်းက မြိတ်တောင် နယ်မြေအုပ်ချုပ်ရေးမှူးရုံးမှာ မဲလာပေးပါတယ်။ မဲရုံမှာ ကိုယ်လိုချင်တဲ့ ပါတီကို မဲပေး ပြီး မဲပုံးထဲကို ထည့်လိုက်တယ်။ အပြင်ရောက်မှ သူငယ်ချင်းတစ်ယောက်က ပြောတယ်။ UEC တံဆိပ်ပါရဲ့လား ဆိုတော့ UEC တံဆိပ် မပါဘူးဆိုတာ သိလိုက်ရတယ်။ အဲဒါ ပယ်မဲ ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။ ကျွန်တော့် ဘေးမှာ ထုလိုက်တဲ့သူ နှစ်ဦးကတော့ UEC တံဆိပ်ပါတယ်။ ကျွန်တော့်မှာတော့ မပါဘူး။ တံဆိပ်မပါရင် တရားမဝင်ဘူးလို့ ပြောသံ ကြားနေတယ်။ ဦးလေးထည့်လိုက်တဲ့ မဲက ပယ်မဲဖြစ်သွားမှာကို စိုးရိမ်နေပါတယ်”ဟု မြိတ်တောင်နယ်မြေမှ ကြိုတင်မဲပေးခဲ့သူ ဦးလှတင်က ပြောကြားသည်။

“အဲဒါမျိုးက တော်တော်များများ ဖြစ်နေ တယ်။ တခြားနေရာတွေမှာလည်း ရှိနေတယ်။ အဲဒါဘယ်လိုကြောင့်ဖြစ်နေလည်း မသိပါ ဘူး။ လူ ငါးဦး မဲပေးရင် ငါးခုစလုံးမှာ တံဆိပ် က တူနေရမယ်လေ။ မဲရုံမှူးတွေက အားလုံး စစ်ဆေးပြီးမှ တံဆိပ်ကိုထားရမယ်လေ။ ကျွန်မတို့ ငါးဦးမှာပါပြီး တစ်ဦးမှ မပါဘူးဆိုရင် မ ဖြစ်သင့်ဘူး။ အဲဒါ မဲရုံမှူးတွေရဲ့ အားနည်း ချက်လား။ အထဲမှာရှိနေတဲ့ ဝန်ထမ်းတွေရဲ့ အားနည်းချက်လားဆိုတာ ကျွန်မမသိဘူး။ ပါရင်အားလုံးပါရမယ်။ မပါဘူးဆိုရင်လည်း အားလုံးမပါရဘူး”လို့ အငြိမ်းစားသူနာပြု ဆရာမ ဒေါ်ခင်ပိုက်ဆွေက ပြောကြားသည်။

မြိတ်တောင်နယ်မြေသည် လူဦးရေထူ ထပ်ပြီး မဲရုံပေါင်း ၃၀ ရှိကာ ကြိုတင်မဲပေးနိုင်ရန် မဲရုံများခွဲ၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းနှင့် ဆန္ဒမဲလက်မှတ်များတွင် UEC တံဆိပ်များခတ်နှိပ်ထားကြောင်း မြိတ်တောင် နယ်မြေ ရပ်ကျေးကော်မရှင်အဖွဲ့မှ ဦးစိန် မောင်က ရှင်းပြသည်။

“ပါတီအချင်းချင်း အရောင်ကွဲပြားပြီး အငြင်းပွားတာတော့ မဟုတ်ဘူး။ အသိချင်းမ တူတာလောက်တော့ရှိကြတယ်။ ပြဿနာ ကြီးကြီးကျယ်ကျယ် မရှိပါဘူး။ မဲရုံပေါင်း ၃၀ ရှိပါတယ်။ လူဦးရေအားဖြင့် ကျား၊ မပေါင်း နှစ်သောင်းကျော် လောက်ရှိတယ်။ မဲရုံပေါင်း ၃၀ မှာ ဒီရက်ပိုင်းမှာ ကြိုတင်မဲပေးနိုင်အောင် တစ်နေ့ကို မဲရုံ လေး ရုံအထိ ခွဲပြီး ရာအိမ်မှူး တွေနဲ့ တိုင်ပင်ပြီးဆောင်ရွက်နေပါတယ်။ UEC တံဆိပ်မပါတဲ့ဟာက တစ်ခုမှမတွေ့ရ ဘူး”ဟု ၎င်းက ဆိုသည်။