နိုင်ငံပေါင်း ၂၀ ပါဝင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသော ကုန်သွယ်ရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ရမှတ် ၄၀ ဒသမ ၁ ဖြင့် အောက်ဆုံးအဆင့် ၂၀ ၌ ဆက်ရှိနေ

နိုင်ငံပေါင်း ၂၀ ပါဝင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသော ကုန်သွယ်ရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ရမှတ် ၄၀ ဒသမ ၁ ဖြင့် အောက်ဆုံးအဆင့် ၂၀ ၌ ဆက်ရှိနေ
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 28 October 2020
စည်သူအောင်

နိုင်ငံပေါင်း ၂၀ ပါဝင်သည့် အင်ဒို-ပစိဖိတ်စီးပွားရေးဒေသဆိုင်ရာ ရေရှည်ဖွံ့ဖြိုးမှုရှိသော ကုန်သွယ်ရေးအညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ရမှတ် ၄၀ ဒသမ ၁ ဖြင့် အောက်ဆုံးအဆင့် ၂၀ ၌ ဆက်ရှိနေကြောင်း Hinrich Foundation နှင့် The Economic Intelligence Unit တို့ ပူးပေါင်းထုတ်ပြန်သည့် Sustainable Trade Index 2020 အရ သိရသည်။

အဆိုပါ Sustainable Trade Index ကို နှစ်နှစ်တစ်ကြိမ် ထုတ်ပြန်ခြင်းဖြစ်ပြီး  မြန်မာနိုင်ငံသည် Sustainable Trade Index 2018 တွင်လည်း အောက်ဆုံးအဆင့် ၂၀ တွင်သာ ရပ်တည်နိုင်ခဲ့ပြီး Sustainable Trade Index 2020 တွင်လည်း  အဆင့်အပြောင်းအလဲ မဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Sustainable Trade Index 2020 တွင် နိုင်ငံအလိုက်ရရှိခဲ့သော အဆင့်နှင့် ရမှတ်များမှာ ဂျပန်နှင့် တောင်ကိုရီးယားပူးတွဲ အဆင့် (၁) (ရမှတ် ၇၅ ဒသမ ၁)၊ စင်ကာပူ အဆင့် (၃) (ရမှတ် ၇၀)၊ ဟောင်ကောင် အဆင့် (၄) (ရမှတ် ၆၈ ဒသမ ၁)၊ ထိုင်ဝမ် အဆင့် (၅) (ရမှတ် ၆၆ ဒသမ ၇)၊ အမေရိကန် အဆင့် (၆) (ရမှတ် ၆၆ ဒသမ ၁)၊ တရုတ် အဆင့် (၇) (ရမှတ် ၅၆ ဒသမ ၁)၊ ဖိလစ်ပိုင်အဆင့် (၈) (ရမှတ် ၅၅  ဒသမ ၉)၊ သီရိလင်္ကာနှင့် ထိုင်း ပူးတွဲအဆင့် (၉) (ရမှတ် ၅၀ ဒသမ ၅)၊ မလေးရှား အဆင့် (၁၁) (ရမှတ် ၄၉ ဒသမ ၈)၊ ဘင်္ဂလားဒေရှ် အဆင့် (၁၂) (ရမှတ် ၄၉ ဒသမ ၃)၊ ဘရူနိုင်း အဆင့် (၁၃) (ရမှတ် ၄၈ ဒသမ ၅)၊ ကမ္ဘောဒီးယား အဆင့် (၁၄) (ရ မှတ် ၄၈)၊ အိန္ဒိယ အဆင့် (၁၅) (ရမှတ် ၄၇ ဒသမ ၁)၊ ဗီယက်နမ် အဆင့် (၁၆) (ရမှတ် ၄၆ ဒသမ ၇)၊ အင်ဒိုနီးရှား အဆင့် (၁၇) (ရ မှတ် ၄၆ ဒသမ ၄)၊ လာအို အဆင့် (၁၈) (ရ မှတ် ၄၆ ဒသမ ၂)၊ ပါကစ္စတန် အဆင့် (၁၉) (ရမှတ် ၄၃ ဒသမ ၉)၊ မြန်မာ အဆင့် (၂၀) ရမှတ် (၄၀ ဒသမ ၁) ဖြစ်သည်။

Sustainable Trade Index 2020 တွင် ပါဝင်သည့် နိုင်ငံ ၂၀ အနက် ကိုးနိုင်ငံသည် ၂၀၁၈ ခုနှစ်ကထက် အဆင့်မြင့်တက်ခဲ့ပြီး ရှစ်နိုင်ငံသည် ၂၀၁၈ ခုနှစ်ကထက် အဆင့် ကျဆင်းခဲ့ကာ မြန်မာနိုင်ငံအပါအဝင် သုံးနိုင်ငံသည် ၂၀၁၈ ခုနှစ်ကအတိုင်း ဆက်လက်တည်ရှိခြင်းဖြစ်သည်။

Sustainable Trade Index ကို မဏ္ဍိုင်သုံးရပ်ဖြင့် အမှတ်ပေးအဆင့်သတ်မှတ်ခြင်းဖြစ်ပြီး ၎င်းတို့မှာ စီးပွားရေးမဏ္ဍိုင်၊ လူမှုဘဝမဏ္ဍိုင်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်တို့ဖြစ်သည်။

စီးပွားရေးမဏ္ဍိုင်တွင် ပြည်တွင်းစုစုပေါင်းထုတ်လုပ်မှုတန်ဖိုး (GDP) ၊ တစ်ဦးချင်းဝင်ငွေ၊ နိုင်ငံ့စာရင်းရှင်ငွေစာရင်း၊ ကုန်သွယ်ရေးဖြေလျှော့မှု၊ ကုန်သွယ်ရေးအတားအဆီးများ၊ ငွေလဲနှုန်းတည်ငြိမ်မှု၊ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု၊ ပြည်ပကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှု၊ ငွေပေးချေမှုလုံခြုံစိတ်ချရမှု၊ ပို့ကုန်အမယ်များပြားမှု၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၊ အရင်းအနှီးစျေးကွက်ဖွံ့ဖြိုးမှု၊ ကုန်သွယ်ရေးကုန်ကျစရိတ်၊ နည်းပပညာဖွံ့ဖြိုးမှုနှင့် အသုံးချနိုင်မှု၊ အရည်အသွေးပြည့်မီသော လုပ်သားစျေးကွက်ရှိမှု စသည်တို့အပေါ် အမှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံက စီးပွားရေးမဏ္ဍိုင်တွင် (ရမှတ် ၄၈ ဒသမ ၉) (အဆင့် ၁၇) ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆင့်သုံးဆင့်မြင့်တက်ခဲ့သည်။

လူမှုဘဝမဏ္ဍိုင်တွင် ကျန်းမာကြံ့ခိုင်မှု၊ ပညာရေးစနစ်ကောင်းမွန်မှု၊ အရည်အသွေးမြင့်မားသော လုပ်သားများရှိမှု၊ နိုင်ငံရေးတည်ငြိမ်မှု၊ လူကုန်ကူးခံရမှုနှင့် လုပ်အားခေါင်းပုံဖြတ်ခံရမှု စသည်တို့အပေါ် အမှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံက လူမှုဘဝမဏ္ဍိုင်တွင် (ရမှတ် ၃၅ ဒသမ ၇) (အဆင့် ၂၀) ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆင့်တစ်ဆင့်ကျဆင်းခဲ့သည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်တွင် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ ကောင်းမွန်သောအမှိုက်ပစ်စနစ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့်လျော်ညီသော ကုန်သွယ်ရေးမူဝါဒရှိမှု၊ သဘာဝထွက်ကုန်များကို ဦးစားပေးမှုရှိသော ကုန်သွယ်ရေးမူဝါဒရှိမှု၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်မှု စသည်တို့အပေါ် အမှတ်ပေးခြင်းဖြစ်ပြီး မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမဏ္ဍိုင်တွင် (ရမှတ် ၃၅ ဒသမ ၆) (အဆင့် ၁၇) ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်နှင့်နှိုင်းယှဉ်ပါက အဆင့် တစ်ဆင့်မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံသည် Sustainable Trade Index 2020 တွင် မဏ္ဍိုင်သုံးရပ်အနက် စီးပွားရေးမဏ္ဍိုင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးမဏ္ဍိုင် မဏ္ဍိုင်နှစ်ရပ်တွင် အနည်းငယ်တိုးတက်ခဲ့သော်လည်း လူမှုဘဝမဏ္ဍိုင်တွင် အနည်းငယ်ကျဆင်းခဲ့ကာ မဏ္ဍိုင်အားလုံးပေါင်းအဆင့် သတ်မှတ်ရာတွင် အဆင့် ၂၀ သာ ဆက်လက်ရရှိခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent