မွေးရပ်မြေကို စွန့်ခွာကြသူများ

မွေးရပ်မြေကို စွန့်ခွာကြသူများ
Published 18 October 2020
မြတ်သစ်

မြောက်အာဖရိကတိုက်၏ ခြောက်နိုင်ငံဖြစ်သည့် မော်ရိုကို၊ အယ်ဂျီးရီးယား၊ တူနီးရှား၊ လစ်ဗျား၊ အီဂျစ်နှင့် ဆူဒန်နိုင်ငံများ သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှု၊ စီး ပွားရေး ကျပ်တည်းမှုများနှင့် ရင်ဆိုင်နေရသည်။ ယင်းနိုင်ငံများမှ လူငယ်လူရွယ်များ သည် စီးပွားရေး ကျပ်တည်းမှုမှ ရုန်းထွက်ရန် အတွက် အသက်မမူကြဘဲ လွန်စွာအန္တရာယ် ကြီးလှသော မြေထဲပင်လယ်ကို ဖြတ်သန်းပြီး ဥရောပနိုင်ငံများသို့ ထွက်ခွာလျက်ရှိကြသည်။

အထူးသဖြင့် အယ်ဂျီးရီးယား၊ မော်ရိုကိုနှင့် တူနီးရှားနိုင်ငံများမှနေ၍ ထွက်ပြေး လာကြသူများကို ဥရောပနိုင်ငံများက တားဆီးပိတ်ပင်မှုများ ပြုလုပ်နေကြသည်။ နိုင်ငံမှ ထွက်ခွာကြသော ရွှေ့ပြောင်းဒုက္ခသည် များသည် အန္တရာယ်ကြီးလှသော မြေထဲပင်လယ်ပြင်ကို ခနော်နီခနော်နဲ့ လှေများ ဖြင့် ဖြတ်သန်းခဲ့ရခြင်းကြောင့် အသက်သေဆုံးရသည့် ဖြစ်စဉ်များနှင့် ကြုံတွေ့နေကြ သည်။

လွန်ခဲ့သော ရက်သတ္တပတ်က တူနီး ရှားနိုင်ငံမှ ထွက်ခွာလာသော လှေသည် ပင် လယ်ပြင်တွင် တိမ်းမှောက်ခဲ့ရာ လူ ၂၁ ဦး အသက်သေဆုံးခဲ့သည်။ လှေပေါ်တွင် လိုက်ပါကြသူများထဲ သေဆုံးသူများမှာ ဆာ ဟာရတောင်ပိုင်းရှိ အာဖရိကတိုက်သား များ ပါဝင်ခဲ့သည်။ သေဆုံးသူထဲတွင် တူနီး ရှားနိုင်ငံမှာ ကလေးသုံးဦပါဝင်ခဲ့ပြီး တစ်ဦး မှာ လသားအရွယ်လေးဖြစ်သည်။

ဤဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် တူနီးရှားနိုင်ငံမှ စွန့်ခွာထွက်ပြေးသူ ဦးရေသည် မြင့်တက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။ လွန်ခဲ့သော ၁၀ ရက်ခန့်က မြေထဲပင်လယ်ပြင်ကို ဖြတ်ကျော်ရန် ကြိုးပမ်းမှုပေါင်း ၃၂ ကြိမ်ရှိခဲ့ ပြီး လူ ၂၃၂ ကို ဖမ်းဆီးခဲ့ကြောင်း တူနီးရှား အရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။

တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုနှင့် ပတ်သက်၍ ပိတ်ပင်မှုများ ပြုလုပ်မှုများနှင့် ပတ်သက်၍ တိုးမြှင့်လုပ်ဆောင်ရန်အတွက် ဥရောပနိုင်ငံမှ ကိုယ်စးလှယ်အဖွဲ့တစ်ဖွဲ့ သည် ကြာသပတေးနေ့က မော်ရိုကိုနိုင်ငံသို့ ရောက်ရှိခဲ့သည်။ တရားမဝင်ရောက်ရှိလာ သော ရွှေ့ပြောင်းအခြေချသူများ တားဆီး ရေးသည် စပိန်နိုင်ငံနှင့် အီတလီနိုင်ငံများအ တွက် ခေါင်းခဲနေရသည့် ပြဿနာတစ်ခု ဖြစ် သည်။ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်စ် နှင့် အီတလီပြည်ထဲရေးဝန်ကြီး လူစီယာ မော်ဂျီဆီသည် အောက်တိုဘာတွင် အယ်ဂျီး ရီးယားသို့ ရောက်ရှိပြီး တရားမဝင် ဒုက္ခသည် များအရေးကို ဆွေးနွေးခဲ့ကြသည်။ ရွှေ့ ပြောင်းဒုက္ခသည်များအရေးနှင့်ပတ်သက် ၍ ပြတ်ပြတ်သားသား လုပ်ဆောင်ရန် အီတ လီနိုင်ငံက တူနီးရှားနိုင်ငံကို သတိပေးခဲ့ သည်။ ၂၀၁၁ ခုနှစ်မှစ၍ တူနီးရှားနိုင်ငံမှ ထွက်ခွာလာကြသော ရွှေ့ပြောင်းဒုက္ခသည် ဦးရေသည် ယခုနှစ် နွေရာသီတွင် မထင် မှတ်နိုင်အောင် မြင့်တက်လာသည်။

ဥရောပတိုက်သို့ တရားမဝင် ရောက်ရှိ လာသူများကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များက တင်းတင်းကျပ်ကျပ် ကိုင်တွယ်နေမှု များကြောင့် ယခုအခါတွင် ၉၅ ရာခိုင်နှုန်းထိ လျှော့ချလာနိုင်ခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ် ကဆိုလျှင် ဥရောပနိုင်ငံများသို့ တရားမဝင် ရွှေ့ပြောင်းအခြေချသူ ဦးရေသည် စံချိန်တင် မြင့်တက်ခဲ့ကြောင်း နယ်စပ်ထိန်းသိမ်း စောင့်ရှောက်ရေးအေဂျင်စီ (Frontex) က ထုတ်ဖော်ခဲ့သည်။

သို့သော် မြောက်အာဖရိကတိုက်နိုင်ငံ များ၏ စီးပွာရေးသိသိသာသာ ကျဆင်းနေမှု များကြောင့် ပြည်တွင်းမှနေ၍ ပြည်ပနိုင်ငံ များသို့ တရားမဝင် ထွက်ခွာသူ အရေအတွက် ပိုမြင့်တက်လျက်ရှိသည်။ စစ်ပွဲဒဏ်ခံနေရ သော လစ်ဗျားနိုင်ငံမှ ပြည်သူများသာလျှင် မကဘဲ မြောက်အာဖရိကတိုက်ရှိ အယ်ဂျီး ရီးယား၊ မော်ရိုကိုနှင့် တူနီးရှားနိုင်ငံရှိ ဆင်းရဲ မွဲတေမှုဒဏ် ခံနေရသူများလည်း ရွှေ့ပြောင်း ဒုက္ခသည်များထဲတွင် ပါဝင်နေသည်။

ပြည်သူများ နိုင်ငံကို စွန့်ခွာထွက်ပြေး ရသည့်အကြောင်းမှာ အစိုးရအပေါ် ယုံ ကြည်မှု ကင်းမဲ့လာခြင်း၊ စီးပွားရေးအကျပ် အတည်းများကို ခံနိုင်မှုမရှိခြင်းတို့ကြောင့်  ဖြစ်ကြောင်း အီဗန်မာတင်က သုံးသပ်ထား သည်။ အီဗန်မာတင်သည် စပိန်နိုင်ငံသား တစ်ဦးဖြစ်ပြီး ရွှေ့ပြောင်းဒုက္ခသည်များနှင့် ပတ်သက်၍ ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။

“အယ်ဂျီးရီးယားနိုင်ငံမှာ ပြည်သူတွေ နိုင်ငံကနေ ထွက်ခွာခဲ့ရတဲ့အကြောင်းက နိုင်ငံရေးပြောင်းလဲမှုဟာ မအောင်မြင်လို့ ဖြစ်ပါတယ်။ တူနီးရှားပြည်သူတွေကတော့ နိုင်ငံရေးနဲ့ စီးပွားရေးဟာ ဘယ်လိုမှ မကောင်း တော့ဘူးလို့ သိထားတဲ့အတွက်ကြောင့် ဖြစ် ပါတယ်”  ဟု အီဗန်မာတင်က သုံးသပ်လိုက် သည်။

အာရပ်ကမ္ဘာကြီးတွင် လူငယ်လူရွယ် များသည် မိမိတို့၏ ဘဝသည် ဘာမှအဓိပ္ပာယ် မရှိဟု ယူဆလာကြသည်ဟု အာရပ်လူငယ် များနှင့် ပတ်သက်၍ သုတေသနပြုနေသည့် ASDAABCW က ထုတ်ပြန်ခဲ့သည်။

“အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖ ရိကတွင်ရှိနေကြသော အာရပ်လူငယ်လူရွယ် သန်းနှစ်ရာခန့်သည် မိမိတို့ နေထိုင်ကြသည့် နိုင်ငံများမှ စွန့်ခွာရန် ဆန္ဒရှိနေကြ ကြောင်း၊ သူတို့တတွေ ရင်ဆိုင်နေရသော စီးပွားရေးအကျပ်အတည်းနှင့် အစိုးရအဖွဲ့ တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော အကျင့်ပျက်ခြစားမှုများကို သည်းခံနိုင်ခြင်း မရှိတော့ကြောင်း အစီရင်ခံစာတွင် ဖော်ပြ ထားသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွား မှုကြောင့် သုံးပုံတစ်ပုံခန့်သည် နေရပ်များကို စွန့်ခွာဖွယ်ရှိကြောင်းလည်း ထည့်သွင်းဖော် ပြထားသည်။

အထူးသဖြင့် MENA နိုင်ငံများဖြစ်ကြ သော အယ်ဂျီးရီးယား၊ ဘာရိန်း၊ အီဂျစ်၊ အီရန်၊ အီရတ်၊ အစ္စရေး၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ လစ်ဗျား၊ မော်ရိုကို၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ဆီးရီးယား၊ တူနီးရှား၊ ယူအေအီးနှင့် ယီမင်နိုင်ငံများသည် ကမ္ဘာပေါ်တွင် အလုပ်လက်မဲ့ လူငယ်လူရွယ် အများဆုံး ဖြစ်ကြောင်း နိုင်ငံတကာ အလုပ်သမားအဖွဲ့က ထုတ်ပြန်ထားသည်။

အာရပ် လူငယ်လူရွယ်များ အဓိက ရင် ဆိုင်နေရသော ပြဿနာမှာ အလုပ်လက်မဲ့ ဖြစ်နေခြင်းဖြစ်သည်။ သူတို့တတွေသည် ရိုးရာအစဉ်အလာအလုပ်များကို လုပ်ကိုင် လိုခြင်းမရှိတော့ပေ။ ဤကဲ့သို့ စီးပွားရေး ကျပ်တည်းမှု ရင်ဆိုင်နေရချိန်တွင် ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားလာ ခြင်းကြောင့် ဘဝရပ်တည်ရေးနှင့် အသက် ရှင်သန်နိုင်ရေးတို့မှာ ပိုခက်ခဲလာနေသည်။

မော်ရိုကိုနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ကာကွယ်ရေး အစီအစဉ် အဖြစ် Lockdown ကို လနှင့်ချီ လုပ်ဆောင် ခဲ့သည်။ ထို့ကြောင့် စီးပွားရေး ပိုထိခိုက်ခဲ့ပြီး ပြည်သူများအား ဆင်းရဲမွဲတေမှု ပိုဖြစ်စေခဲ့ သည်။ ဤသို့ဖြင့် သာမန်လက်လုပ်လက်စား များသာမဘဲ ပညာတတ်များ၊ လူလတ်တန်း စားများပါ တိုင်းပြည်မှ ထွက်ခွာရန် ကြိုးပမ်း လာခဲ့ကြသည်။

“တူနီးရှားနိုင်ငံမှာလည်း နိုင်ငံကို စွန့် ခွာတဲ့ လူတွေ အရမ်းများနေပါတယ်။ စွန့်ခွာ တဲ့ လူတွေထဲမှာ ဘွဲ့ရပညာတတ်တွေ ပါဝင် နေပါတယ်။ သူတို့တတွေဟာ အလုပ်လက်မဲ့ တွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဘယ်နေ့ အလုပ်ပြုတ်မလဲဆိုတာကို စိုးရိမ်နေကြတဲ့ လူတွေဖြစ်ပါတယ်” ဟု ရွမ်ဒါဟီတင်အေမော် က ပြောကြားလိုက်သည်။ သူသည် တူနီးရှား နိုင်ငံ စီးပွားရေးနှင့် လူမှုရေး တရားမျှတမှု ဖိုရမ်မှ တာဝန်ရှိသူတစ်ဦးဖြစ်သည်။

အယ်ဂျီးရီးယားအစိုးရက ကိုရိုနာဗိုင်း ရပ်စ် တားဆီးရေးအတွက် နယ်စပ်များ ပိတ် ပစ်ခဲ့သည်။ လူငယ်များက နိုင်ငံရေးပြုပြင် ပြောင်းလဲမှု မည်သည့်နည်းနှင့်မျှ မဖြစ်နိုင် တော့ဟု ခံစားလာရသည်။ ထိုအခါ နိုင်ငံကို စွန့်ခွာရန် နည်းလမ်းကိုသာ ရွေးချယ်ဖို့ ဆုံး ဖြတ်လိုက်သည်။ နိုင်ငံ၏ အနာဂတ် အလားအလာ လုံးဝမကောင်းနိုင်တော့သဖြင့် တိုင်း ပြည်မှ ထွက်ခွာသူများ ပိုများလာသည်။ ၁၀ ရက်အတွင်း ရေကြောင်းမှ တရားမဝင် ထွက်ခွာသူ ၁၂၀၀ ခန့်ကို ဆိပ်ကမ်းရဲများက ဖမ်း ဆီးခဲ့သည်။

ဥရောပသမဂ္ဂက နယ်စပ်များကို တရားမဝင် ရွှေ့ပြောင်းလာသူများ မဝင်နိုင်ရေး တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေချိန်တွင် သက်ဆိုင်ရာနိုင်ငံများမှ ဒုက္ခဆင်းရဲနှင့် ကြုံ နေရသူများသည်ကား နိုင်ငံမှ ဖြစ်သည့် နည်းနှင့် ထွက်ခွာရေးကို ကြိုးပမ်းလျက်ရှိကြသည်။ သူတို့အဖို့ရာ သေဘေးကို မမှုဘဲ စွန့်စွန့်စားစား ထွက်ပြေးနေကြခြင်းပင် ဖြစ်သည်။

 

Most Read

Most Recent