နိုင်ငံရေးအရ ကိုယ်စားပြုခွင့်နှင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖြေပေးပါ

နိုင်ငံရေးအရ ကိုယ်စားပြုခွင့်နှင့် နိုင်ငံသား အခွင့်အရေး မဆုံးရှုံးဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင် အဖြေပေးပါ
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်ကကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူ  ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်ကကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူ ပြည်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-စည်သာ)
Published 18 October 2020
ဆန်းမိုးထွန်း၊ စည်သူ

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ တိုင်းနှင့်ပြည်နယ်တစ်ခုလျှင် မဲဆန္ဒနယ် ၁၂ နယ်စီသတ်မှတ်၍ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်း သို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်နယ် ၆၄၄ နယ်နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်း သားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်အဖြစ် သတ် မှတ်ထားကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည်။

သို့သော် “၀” ဒေသရှိ မြို့နယ် ငါးမြို့ နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်မရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂ ရက်တွင် အရိပ်အမြွက် ပြောကြားခဲ့သည်။

“အဓိကကတော့ အရင်တုန်းက ၂၀၁၀ မှာလည်း မကျင်းပခဲ့ဖူးဘူး။ ၂၀၁၅ မှာလည်း မကျင်းပဖူးတဲ့ “၀” နယ်မြေပေါ့။ အဲဒီမှာ ငါးမြို့နယ်ပေါ့။ ဒါတွေရှိတယ်။ နောက် ရခိုင်က မဲဆန္ဒနယ်တချို့ပေါ့။ ဒါလေးတွေကတော့ တချို့နေရာတော့ လုံခြုံရေးရယူပြီး တော့ ကျင်းပနိုင်တဲ့အခြေအနေရှိတယ်။ တချို့နေရာကျတဲ့အခါကျတော့ မြို့နယ်တစ် ခုလုံးကို ကျင်းပနိုင်တဲ့ အခြေအနေမရှိဘူး။ မြို့နယ်မှာမှ နှစ်ခြမ်းရှိတာကို။ မဲဆန္ဒနယ် နှစ်ခုရှိတယ်၊ မြို့နယ်မှာ။ မဲဆန္ဒနယ်(၁)၊ မဲ ဆန္ဒနယ်(၂)။ အဲဒီတော့ မဲဆန္ဒနယ်(၁)မှာ တော့ ကျင်းပလို့ရတယ် စသည်ဖြင့်။ တချို့ နေရာမှာတော့ မြို့နယ်တော့ ကျင်းပလို့ရ တယ်။ သို့သော်လည်းပဲ ဒီကျေးရွာတွေ၊ ဒီ အုပ်စုတွေကတော့ ကျင်းပလို့မရဘူး။ ဒီလိုလေးတွေ ရှိတာပေါ့”ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် ရွေးကောက်ပွဲကျင်းပနိုင်ခြေ မရှိသည့် မဲဆန္ဒနယ်မြေများကို စိစစ်နေပြီး ရွေးကောက်ပွဲနှင့် နီးကပ်လာသည့်အချိန်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေများကို အောက်တိုဘာတွင် ကြေညာသွားရန်ရှိကြောင်း ဦးမြင့်နိုင်က ဆိုသည်။

 “မြို့နယ်တစ်ခုလုံး မကျင်းပနိုင်ဘူး။ ဒါမှမဟုတ်ရင် မြို့နယ်တစ်ခုအတွင်းမှာ မဲ ဆန္ဒနယ် တစ်ခုတော့ မကျင်းပနိုင်ဘူး။ ဒါမှ မဟုတ်ရင် မြို့နယ်တစ်ခု သို့မဟုတ် မဲဆန္ဒနယ်တစ်ခုအတွင်းမှာ ဘယ်ကျေးရွာအုပ်စု၊ ဘယ်ရပ်ကွက်ကတော့ မကျင်းပနိုင်ဘူး။ ဒါတွေကိုလည်း ကြိုပြီးတော့ ကြေညာသွားမယ်”ဟု ပြောကြားသည်။

အဆိုပါပွဲတွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်မြေ မည်မျှရှိမည်ကို ကော်မရှင်က ခန့်မှန်ထားကြောင်း မေး မြန်းရာတွင် “၀” ဒေသမှ ငါးမြို့နယ်နှင့် ရခိုင်ပြည်နယ်ထဲမှ နှစ်မြို့နယ်ခန့်သာရှိနိုင်ကြောင်း ဦးမြင့်နိုင်က ပြန်လည်ဖြေကြားခဲ့သည်။

 

မကျင်းပသည့် မဲဆန္ဒနယ်များ ကြေညာခြင်း

ရခိုင်မှမြို့နယ် ကိုးခုနှင့် ရှမ်းမှမြို့နယ် ခြောက်ခုရှိ မဲဆန္ဒနယ်အားလုံးအပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ခြောက်ခုရှိ နယ် မြေအချို့တွင် ရွေးကောက်ပွဲ မကျင်းပတော့ ကြောင်း ကော်မရှင်က အောက်တိုဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါကြေညာချက်များအရ ရခိုင်ပြည်နယ်တွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး စုစုပေါင်း ကိုးမြို့နယ်အပြင် ကျောက်ဖြူမြို့ နယ်မှ ရပ်ကွက်နှစ်ခု၊ ကျေးရွာအုပ်စု ၅၂ ခု၊ အမ်းမြို့နယ်မှ ရပ်ကွက် သုံးခု၊ ကျေးရွာအုပ်စု ၂၉ အုပ်စု၊ စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ် ကွက် ၁၀ ခု၊ ကျေးရွာအုပ်စု ၅၂ အုပ်စုတွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ကြောင်း ပါရှိသည်။

ထို့ပြင် ကချင်ပြည်နယ်အတွင်းရှိ ရွေး ကောက်ပွဲမကျင်းပမည့် နေရာများတွင် ခေါင်လန်ဖူးမြို့နယ်မှ ကျေးရွာအုပ်စု တစ် အုပ်စု၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ် စု ၃၀၊ မချမ်းဘောမြို့နယ်မှ  ကျေးရွာအုပ်စု ၁၅ စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု ၂၂ အုပ် စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု ၂၁ အုပ်စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု ကိုး အုပ်စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု ကိုး အုပ်စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု ရှစ်အုပ်စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စုနှစ် အုပ်စု၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၃ အုပ်စုနှင့် အင်ဂျန်းယန်မြို့နယ်မှ ကျေးရွာ အုပ်စု ခြောက်အုပ်စုပါဝင်ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

အလားတူ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့နယ်မှ ကျေးရွာအုပ်စု ခုနစ် ခု၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာအုပ် စု ကိုးစု၊ ဖာပွန်မြို့နယ်မှ ကျေးရွာအုပ်စု ၂၅ အုပ်စု၊ ဘားအံမြို့နယ်မှ ပျဉ်းမပင်ဆိပ်ကျေး ရွာအုပ်စု၊ သံတောင်ကြီးမြို့နယ်မှ ကျေးရွာ အုပ်စု ရှစ်အုပ်စုနှင့် မြဝတီမြို့နယ်မှ ကျေးရွာ အုပ်စု သုံးအုပ်စုမှာလည်း ရွေးကောက်ပွဲ မကျင်းပမည့်နယ်မြေတွင် ပါဝင်ခဲ့သည်။

မွန်ပြည်နယ်တွင် ဘီလင်းမြို့နယ်မှ ဘောနော်ခီးကျေးရွာအုပ်စုကိုလည်း ရွေး ကောက်ပွဲမကျင်းပမည့် နယ်မြေအဖြစ် ကော်မရှင်က သတ်မှတ်ခဲ့သည်။

ထို့အတူ ရှမ်းပြည်နယ်ရှိ မိုင်းလား၊ ပန် ဆန်း(ပန်းခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင် စသည့် စုစုပေါင်းခြောက်မြို့နယ် အပြင် ကျောက်မဲမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ အုပ်စု၊ နောင်ချိုမြို့နယ်မှ ဆိပ်ဖူးကျေးရွာ အုပ်စု၊ နမ့်ဆန်မြို့နယ်မှ ကျေးရွာအုပ်စု သုံး စု၊ မန်တုံမြို့နယ်မှ ကျေးရွာအုပ်စု နှစ်စု၊ မိုင်း ခတ်မြို့နယ်မှ ကျေးရွာအုပ်စု လေးအုပ်စု၊ မိုင်းယန်းမြို့နယ်မှ ရပ်ကွက်နှစ်ခုနှင့် ကျေး ရွာအုပ်စု ၁၃ အုပ်စု၊ မိုင်းဖြတ်မြို့နယ်မှ လုံ ကောင့်ကျေးရွာအုပ်စု၊ မိုင်းယောင်းမြို့နယ်မှ ကျေးရွာအုပ်စု ရှစ်စု၊ ကွတ်ခိုင်မြို့နယ်မှ ကျေးရွာအုပ်စု လေးစု၊ မူဆယ်မြို့နယ်မှ ရပ် ကွက်တစ်ခုနှင့် ကျေးရွာအုပ်စု ကိုးစု၊ မက် မန်းမြို့နယ်မှ ကျေးရွာအုပ်စု ၁၇ စု၊ မိုင်းတုံ မြို့နယ်မှ ကျေးရွာအုပ်စု သုံးစု၊ တန့်ယန်းမြို့ နယ်မှ ကျေးရွာအုပ်စု ၁၁ စု၊ လားရှိုးမြို့နယ်မှ ကျေးရွာအုပ်စု ခြောက်စု၊ ကွမ်းလုံမြို့နယ်မှ မန်ပြိန်းကျေးရွာအုပ်စု၊ ကုန်းကြမ်းမြို့နယ်မှ ဟုံအိုက်ကျေးရွာအုပ်စု၊ ဟိုပန်မြို့နယ်မှ  ရပ် ကွက် ငါးခုနှင့် ကျေးရွာအုပ်စု ၃၇ စုတို့တွင် လည်း ရွေးကောက်ပွဲကျင်းပမည်မဟုတ်ပေ။

ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေ များ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျောက် ကြီးမြို့နယ်မှ ကျေးရွာအုပ်စု ၁၂ စုနှင့် ရွှေ ကျင်မြို့နယ်မှ ကျေးရွာအုပ်စု ၃၀ တို့လည်း ပါဝင်သည်။

 

၀ိ၀ါဒ ကွဲပြားခဲ့သည့် ရခိုင်ပြည်နယ် မဲဆန္ဒအချို့

လက်ရှိတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ကပ် ရောဂါ ဒုတိယလှိုင်း ဖြစ်ပွားနေချိန်ဖြစ်သည်။ သြဂုတ် ၁၆ ရက်က ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် ဘဏ်ဝန်ထမ်းတစ်ဦးထံ၌  ကိုဗစ် ရောဂါပိုး စတင်တွေ့ရှိချိန်မှစ၍ ဒုတိယ လှိုင်းကူးစက်မှုနှုန်းသည် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home အစီအစဉ်တွင်ပါဝင်ကြောင်း အစိုးရက ကြေညာခဲ့သည်။ 

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) တို့ ၏ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ် မြို့ နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပရန် ဖြစ်နိုင်ခြင်းမရှိကြောင်း သုံးသပ်မှုများက ရှိခဲ့ သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့သည့် မဲဆန္ဒနယ်စာရင်းနှင့် နိုင်ငံ ရေးလေ့လာသူများ၏ တွက်ချက်မှုက အတော်ပင် ကွာဟလွန်းခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် မြို့နယ်တစ်ခုလုံး မကျင်းပမည့် မြို့နယ်ကိုးခု ပါဝင်လာသည်။ ရခိုင်ပြည်နယ် အတွင်းရှိ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက် တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦးမြို့နယ် တို့တွင် မြို့နယ်တစ်ခုလုံး ရွေးကောက်ပွဲ ကျင်းပရန်မရှိဟု ကော်မရှင်က ထုတ်ပြန်ခဲ့ သည့်အပေါ် ဌာနေ ရခိုင်တိုင်းရင်းသားပါတီ များအကြား ၀ိ၀ါဒကွဲပြားစရာများက ရှိခဲ့ သည်။

အဘယ်ကြောင့်ဆိုသော် ယင်းမြို့နယ် ကိုးမြို့နယ်စလုံးသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပခဲ့ သည့် မြို့နယ်များလည်းဖြစ်သည်။ ထို့ပြင် စစ်တွေ၊ တောင်ကုတ်၊ အမ်းနှင့် ကျောက်ဖြူ မြို့နယ်များရှိ ရပ်ကွက်၊ အုပ်စု ၁၅၂ ခုတွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ်ပေ။

ရခိုင်ပြည်နယ်တွင် မဲဆန္ဒနယ်ထက်ဝက်ကျော်၌ ရွေးကောက်ပွဲ မကျင်းပနိုင် သည့်အတွက် ပြည်သူကိုယ်စားပြုအားနည်း သည့် ရွေးကောက်ပွဲဖြစ်သွားနိုင်ကြောင်း မဲ ဆန္ဒနယ် ပယ်ဖျက်ခံရမှုတွင် ပါဝင်သည့် မြေ ပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လောင်း ရခိုင်အမျိုးသားပါတီ (ANP)မှ မူ ၀ါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးဖေသန်းက မှတ်ချက်ပြုသည်။

“ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ရခိုင်ပြည်နယ်မှာ တစ်ဝက်ကျော် မလုပ်နိုင် ဘူးဆိုတဲ့အခါမှာ ဒီရွေးကောက်ပွဲဟာ ပြည် သူကိုယ်စားပြု အားနည်းတဲ့ရွေးကောက်ပွဲ ဖြစ်သွားလိမ့်မယ်။ လွှတ်တော်တွေ၊ ပြည် နယ်အစိုးရတွေဖွဲ့စည်းရာမှာ ပြည်သူလူထု ကိုကိုယ်စားမပြုတဲ့ အစိုးရ၊ လွှတ်တော် ဖြစ်တာကြောင့် Mandate အားဖြင့် အားနည်းသွားမယ်”ဟု  ဦးဖေသန်းက ဆိုသည်။

 

၂၀၁၅ မဲရလဒ်ကို ခြေရာကောက်ကြည့်ခြင်း

ရွေးကောက်ပွဲကော်မရှင်က တစ်မြို့နယ်လုံးမကျင်းပဘဲ ရွှေ့ဆိုင်းခဲ့သည့် ရခိုင်ပြည်နယ် မြို့နယ်ကိုးမြို့နယ်တွင် ၂၀၁၅ ရွေး ကောက်ပွဲ မဲရလဒ်များအရ ဒေသခံတိုင်းရင်းသားပါတီက အနိုင်ရရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရလဒ်များအရ ယင်းကိုးမြို့နယ်ရှိ ပြည်သူ့ လွှတ်တော်နေရာတွင် ရခိုင်အမျိုးသားပါ တီ(ANP) က နေရာအားလုံးကို အနိုင်ရရှိခဲ့သည်။ ထို့ပြင် ယင်းကိုးမြို့နယ်၌ အမျိုးသား လွှတ်တော်နေရာတွင်လည်း ၂၀၁၅ ရွေး ကောက်ပွဲရလဒ်အရ ရခိုင်အမျိုးသားပါတီ (ANP)ကပင် အနိုင်ရရှိခဲ့သည်။

ထို့အတူ ပြည်နယ်လွှတ်တော် အမှတ် (၁)နှင့် (၂) အတွက် နေရာ ၁၈ နေရာတွင် လည်း ရခိုင်အမျိုးသားပါတီ (ANP) က ၁၆ နေရာအနိုင်ရရှိခဲ့ပြီး ကျန်နှစ်နေရာတွင် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိခဲ့သည်။

ထူးခြားချက်အနေဖြင့် ယင်းကိုးမြို့နယ် စလုံးတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရလဒ်များအရ ပြည်သူ့လွှတ်တော်၊ အမျိုး သားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့ ၌ လက်ရှိအာဏာရပါတီ NLD မှာ တစ်နေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။

ယင်းကိုးမြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းသည်  ရခိုင်အမျိုးသားပါတီ အနိုင်ခဲ့သည့်နေရာများကို တမင်သက်သက် ချန်ခဲ့သလားဟု သံသယဖြစ်မိကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း  ဦးထွန်းသာစိန်က ပြောကြားသည်။

“ကျွန်တော်တို့ပါတီက အနိုင်ရခဲ့တဲ့ မြို့ နယ်တွေကိုများ သက်သက်ချန်ခဲ့လားဆို တာ သံသယဖြစ်မိပါတယ်။ ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ထားတဲ့ကိစ္စကို ဆက် လုပ်ရမယ့် လမ်းစတောင် မမြင်သေးဘူး။ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုတော့ ကျွန်တော် တို့ကို အခြားမြို့နယ်၊ ပြည်နယ်နဲ့ မတူဘဲနဲ့ ကျွန်တော်တို့က နိုင်ငံသားဖြစ်ပေမဲ့ နိုင်ငံ သားအခွင့်အရေးကို မရဘူး။ ချိုးနှိမ်ခံရတယ် လို့ပဲ ခံစားရပါတယ်”ဟု ဦးထွန်းသာစိန်က ဆိုသည်။

ထို့အတူ ၂၀၁၅ ရွေးကောက်ပွဲတွင် ဌာ နေတိုင်းရင်းသားပါတီ၏ အောင်မြေဖြစ်ခဲ့ သည့် မြို့နယ်များတွင် ရွေးကောက်ပွဲမကျင်း ပခြင်းသည် ANP ပါတီ အနိုင်ရခဲ့သော နေရာများကို ပိတ်လိုက်သည်ဟု မြင်ကြောင်း ရခိုင်အမျိုးသားပါတီ(ANP)မှ ပေါက်တော မဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးက ပြော ကြားသည်။

“ရခိုင်အမျိုးသားပါတီ အောင်နိုင်တဲ့ နေရာတွေကို အဓိက ပိတ်လိုက်တာလို့ မြင် တယ်”ဟု ၎င်းက မှတ်ချက်ပြုသည်။

 

မြေပြင်အခြေအနေနှင့် ကွဲလွဲခြင်း

အဆိုပါကိုးမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသဖြင့် ကျင်းပခြင်းမပြုတော့ ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ထုတ် ပြန်ချက်နှင့်ပတ်သက်၍ အချို့မဲဆန္ဒနယ် မြေများမှာ မြေပြင်အနေအထားနှင့် ကွဲလွဲနေကြောင်း ဌာနေတိုင်းရင်းသားပါတီများက ထောက်ပြသည်။

“ဒီမြို့နယ်တွေမှာ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဌာနက လုံခြုံရေး မပေးနိုင်ဘူး။ လုံခြုံ မှုမရှိဘူး။ ပြီးတော့ တရားမျှတတဲ့ ရွေး ကောက်ပွဲ ဖြစ်မလာနိုင်ဘူးဆိုပြီး အကြောင်း ပြချက်တွေကြောင့် ကျွန်တော်တို့ မြို့နယ် တွေကို ထားခဲ့တယ်လို့ သိရပါတယ်။ ရွေး ကောက်ပွဲကျင်းပဖို့ မပါတဲ့ မြို့နယ်ကိုယ်စား ပြောချင်တာကတော့ ကျွန်တော်တို့ လွှတ်တော်နိုင်ငံရေးမှာပေ့ါနော်။ ဒေသကို ကိုယ် စားပြုပြီးတော့ ပြောမယ့် ဆိုမယ့် တောင်း မယ့် ကိုယ်စားလှယ်တွေ မရှိတော့ဘူးပေါ့ နော်။ မရှိတဲ့အတွက် ဒေသခံ မဲဆန္ဒရှင်ပြည် သူတွေအတွက် အများကြီး နစ်နာမှုရှိပါ တယ်။ ပြီးတော့ ပေါက်တောမြို့နယ်မှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ တစ်ကြိမ်တစ် ခါမှလည်း သေနတ်သံတွေ ဘာတွေ မကြားဖူးဘူး”ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ် စားလှယ်လောင်း ဦးထွန်းသာစိန်က ပြောကြားသည်။

ယင်းကိုးမြို့နယ်ထဲတွင် တိုက်ပွဲမဖြစ် သည့် မဲဆန္ဒနယ်မြေများလည်း ပါဝင်နေ သည့်အတွက် ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပြည်သူလူထုကို ပွင့်လင်းမြင်သာ စွာ ချပြရန်လိုကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က  တောင်းဆိုသည်။

“ဒီကိုးမြို့နယ်ထဲမှာ ပေါက်တောမြို့ နယ်ကကျတော့ သူကကျတော့ တိုက်ပွဲတစ်ခါမှလည်း မရှိဘူး။ အခု စစ်တွေကိုကျတော့ ထည့်သွင်းထားတယ်ပေ့ါလေ။ ပေါက်တော မြို့နယ်ကကျတော့ တိုက်ပွဲ လုံးဝမရှိခဲ့တဲ့ အတွက် ပေါက်တောမြို့နယ်ကို ဘာကြောင့် ရွေးကောက်ပွဲ မပြုလုပ်တဲ့စာရင်းထဲမှာ ပါ သွားတာကိုတော့ ပွင့်လင်းမြင်သာစွာ ပြည်သူလူထုကိုချပြဖို့ လိုအပ်တယ်လို့ ပြောချင် ပါတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာလောက်က မပါဘူးဆိုရင်တော့ ဘာပဲဖြစ်ဖြစ် UEC ရဲ့ ရွေးကောက်ပွဲဥပဒေကိုတော့ သူတို့အတိုင်း ကြေညာတယ်ပေ့ါ။ အခုက မောင်တော ဘက်မှာကျတော့လည်း တိုက်ပွဲဖြစ်တဲ့နေ ရာတော့မဟုတ်ဘူး။ ဘူးသီးတောင်ဘက် မှာတော့ ဖြစ်တယ်။ မောင်တောဘက်က လူဦးရေလည်း နည်းတော့ လုပ်ပေးမယ်ဆို ရင်လည်း လုပ်ပေးလို့ရပါတယ်။ ရွေး ကောက်ပွဲကော်မရှင်အနေနဲ့လည်း ဘာ ကြောင့် တိုက်ပွဲမဖြစ်တဲ့ နေရာတွေကို ရွေး ကောက်ပွဲ မလုပ်ရလဲဆိုတာကို ပွင့်လင်းမြင် သာစွာချပြပေးဖို့ တောင်းဆိုချင်ပါတယ်။ UEC က ဘာကို အကြောင်းပြမလဲဆိုတာ သိချင်တာ” ဟု ဒေါ်ခင်စောဝေက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြေပုံနှင့် ပေါက်တောကဲ့သို့ မြို့နယ်များကို ရွေး ကောက်ပွဲမဲဆန္ဒနယ်အဖြစ်မှ ချန်လှပ်ခြင်း က ANP ပါတီအနိုင်ရရှိနိုင်သောနေရာများ တွင် ရွေးကောက်ပွဲပြုလုပ်ရန် မလိုလားသည့် သဘောဟု ဦးဖေသန်းက ထောက်ပြသည်။

“ပေါက်တောမှာ တိုက်ပွဲဖြစ်တာလည်း မရှိဘူး။ ဒါကြောင့် နိုင်ငံရေးရဲ့အခြေအနေ မှန်ကို ကျွန်တော်တို့ စိုးရိမ်တယ်။ တည်ငြိမ် တဲ့ မြို့နယ်တစ်ခုကို နိုင်ငံရေးအခန်းကဏ္ဍကနေ ပယ်ထုတ်တယ်ဆိုတော့ စိတ်မကောင်း ဘူး။ နောက်ပြီး ရခိုင်အမျိုးသားပါတီအောင် နိုင်တဲ့နေရာတွေကို အဓိက ပိတ်လိုက်တာလို့ မြင်တယ်” ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ပေါက်တောမဲဆန္ဒနယ် အမှတ်(၂) ပြည် နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်ထွီးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မဲဆန္ဒနယ် အချို့ရှိသော်လည်း တိုက်ပွဲမဖြစ်ပွားသည့် မဲဆန္ဒနယ်များတွင်ပါ ရွေးကောက်ပွဲမကျင်း ပတော့သည့်အတွက် မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးရကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီမှ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးထွန်းလှက ဆို သည်။

 “ကျောက်တော်ဆိုရင် တိုက်ပွဲတွေဖြစ် နေတယ် ပြောလို့ရတယ်ပေ့ါနော်။ ပေါက် တောဆိုရင် တိုက်ပွဲဆိုလည်း မရှိသလောက် ရှားတယ်ပေါ့ဗျာ။ ဒီနေရာတွေမှာတော့ လုပ်သင့်တယ်လို့ ယူဆတယ်။ အခုလို ပိတ်ပင်ခံ လိုက်ရတော့ ဒေသခံတွေအနေနဲ့လည်းပိုပြီး စိုးရိမ်စရာတွေ ဖြစ်လာနိုင်တယ်ပေ့ါ။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ဒေသမှာ တိုက်ပွဲ များ ပိုပြင်းထန်လာမလားဆိုပြီးတော့ ဒါ ကြောင့်များ ရွေးကောက်ပွဲ မကျင်းပတာလား ဆိုပြီး စိုးရိမ်ကြောင့်ကြစိတ်တွေ ဖြစ်လာနိုင် တယ်။ ပြည်သူဆိုတာက ကိုယ်စားလှယ်ကို မျှော်လင့်နေတာပဲဗျ။ သူတို့ရဲ့ လိုအပ်ချက် တွေ ဒုက္ခတွေကို သူတို့ကိုယ်တိုင် ပြောဆိုနိုင် တာ မဟုတ်တဲ့အတွက် ကိုယ်စားလှယ်တွေ ကို အကူညီတောင်းကြတယ်ဗျ။ ဆိုတော့ အခုအချိန်မှာ ရွေးကောက်ပွဲ မကျင်းပဘူးဆို တော့ သူတို့အနေနဲ့ အလွန်တစ်ရာစိတ်မ ကောင်းဘူးဆိုတာ ကျွန်တော်တို့ကိုလည်း ဆက်သွယ်ပြီး ပြောတာတွေ ရှိပါတယ်။ ပြည် သူတွေအနေနဲ့ အခွင့်အရေးတွေ ဆုံးရှုံးရပါ တယ်”ဟု ဦးထွန်းလှက ပြောကြားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)ပါတီမှ ကျောက်ဖြူမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်ဌေးက “ကျွန်တော်ပြိုင်မယ့် ကျောက်ဖြူမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှာ မဲရုံ ၉၈ ရုံ ရှိ ပါတယ်။ အခု ၉၁ ရုံ ပါသွားတယ်။ အခု ကျွန် တော်က ခုနစ်ရုံပဲ ပြိုင်ရတော့မှာ။ ကျွန်တော် အနေနဲ့ ပြောရရင် ကျောက်ဖြူမြို့နယ် မဲဆန္ဒ နယ်အမှတ်(၁)မှာ ဆိုရင် မိုင်းဖောက်တဲ့ နေ ရာတွေလည်းရှိတယ်။ ဒါပေမဲ့ ဘာမှမဆိုင် တဲ့ အေးအေးချမ်းချမ်း နေရာတွေလည်း အများကြီးရှိတာပေ့ါနော်။ အဲဒီနေရာတွေ လည်း ပါသွားတာပေ့ါနော်။ ဒီအတွက် စိတ် မကောင်းပါဘူး။ အမိန့်ထုတ်တာတော့ ရွေး ကောက်ပွဲ ကော်မရှင်က ထုတ်တာပေ့ါနော်။ ဒါပေမဲ့ ရွေးကောက်ပွဲကော်မရှင်ကို ဖိအား ပေးတာ ရှိတာပေါ့နော်။ ဒီမိုကရေစီအမြင်နဲ့  ကြည့်ရင်တော့ တော်တော်လေး အရုပ်ဆိုး သွားတဲ့ သဘောတရားရှိတယ်”ဟု မှတ်ချက် ပြုသည်။

ရခိုင်အမျိုးသားပါတီသည် ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ရှိ မဲဆန္ဒနယ်အားလုံး တွင် ရွေးကောက်ပွဲယှဉ်ပြိုင်ရန် ကိုယ်စား လှယ်လောင်းစာရင်း တင်သွင်းထားပြီးဖြစ် သည်။

ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့ နယ်များတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အများ အပြား ပါဝင်ခဲ့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ထိုသို့ ကြေညာရန်အတွက် ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲထံ မေးမြန်းခဲ့ခြင်းမရှိ ကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးသူရိန်ထွဋ်က ပြောကြားသည်။  

“ဒါကတော့ ကျွန်တော်တို့ကို မေးတာ လည်းမရှိဘူး။ မြန်းတာလည်းမရှိဘူး။ ကျွန် တော်တို့ကတော့ ဂဃနဏ မသိဘူး။ သူတို့ မေးတာကို ကျွန်တော်တို့ ကြားတာကတော့ ပြည်ထဲရေးတို့၊ ကာကွယ်ရေးတို့၊ ပြည် ထောင်စုအစိုးရတို့ကို မေးတာ။ သူတို့ရဲ့ Recommend  အရပဲ ဖြစ်မယ်ထင်တယ်။ ကျွန် တော်တို့ဆီကနေ မသွားဘူး”ဟု ဦးသူရိန်ထွဋ်က ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် ရွေးကောက် ပွဲကျင်းပနိုင်ရန်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

 “ကျွန်တော်တို့ကတော့ ကိုယ့်ပြည်နယ် ထဲမှာ လုပ်ချင်တာပေါ့ဗျာ။ အကုန်လုံး အဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်တို့အလုပ် ကလည်း ရွေးကောက်ပွဲလုပ်နိုင်မှ လုပ်ငန်း အောင်မြင်တယ် ပြောနိုင်တာလေ။ အခုက ရွေးကောက်ပွဲမလုပ်နိုင်တော့ ကျွန်တော် တို့လည်း ဘယ်လိုပြောရမှန်းမသိဘူး”ဟု ၎င်းက ပြောကြားသည်။

 

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တိုက်ပွဲအရေအတွက် နှိုင်းယှဉ်ခြင်း

ရခိုင်ပြည်နယ်ရှိ တိုက်ပွဲမရှိသော မြို့ နယ်အချို့တွင် ရွေးကောက်ပွဲမပြုလုပ်ဘဲ တိုက်ပွဲအများဆုံးရှိသည့် ပလက်ဝမြို့နယ် တွင် ရွေးကောက်ပွဲလုပ်ဆောင်ခြင်းက  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်  မည်သည့်သတ်မှတ်ချက်များနှင့် ဆုံးဖြတ်သည်ကို ထုတ်ပြန်ပေးစေလိုကြောင်း ငြိမ်း ချမ်းရေးနှင့် လုံခြုံရေးကိစ္စများ စောင့်ကြည့် လေ့လာသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော MIPS အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက ၎င်း၏ Facebook စာ မျက်နှာတွင် အောက်တိုဘာ ၁၇ ရက်က ရေး သားထားသည်။

“ဒီမိုကရေစီစနစ်ကိုဖော်ဆောင်တဲ့နေ ရာမှာ ဘယ်ပါတီရွေးကောက်ပွဲ နိုင်တယ်၊ ရှုံး တယ်ဆိုတာက စနစ်ရဲ့သဘာဝပါ။ ပေးထား ချက်ပါ။ ဒါပေမဲ့ ရွေးကောက်ပွဲရဲ့ တရားမျှတ မှုအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ ရင် တကယ့် ပြည်သူမဲနဲ့ တက်လာတဲ့ ပါတီ အပေါ်မှာတောင် အရိပ်မည်းကြီးကပ်ပါ လာပါလိမ့်မယ်” ဟု ၎င်းက ပြောကြားသည်။

ဒေါက်တာမင်းဇော်ဦးကဲ့သို့ပင် တိုက်ပွဲ များ ဖြစ်ပွားနေသည့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်အနေဖြင့် ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ခဲ့သည့် ရွေးကောက်ပွဲ မကျင်းပ သော မဲဆန္ဒနယ်များစာရင်းတွင် မပါဝင်ခဲ့မှု အပေါ် တိုင်းရင်းသားပါတီများက ထောက်ပြမှုများ ရှိခဲ့သည်။

MIPS အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး၏ Facebook စာ မျက်နှာတွင် ဖော်ပြချက်များအရ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အတွင်း တိုက်ပွဲအရေအတွက် ၉၀ ရှိသော်လည်း ရွေးကောက်ပွဲ မကျင်းပသည့်မြို့နယ်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်က မသတ်မှတ်ခဲ့ပေ။

သို့သော် ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ပွဲလုံးဝမရှိခဲ့သည့် ပေါက်တောမြို့နယ်၊ တိုက်ပွဲ ၈၀ ရှိသည့် ရသေ့တောင်မြို့နယ်၊ တိုက်ပွဲ ၃၇ ပွဲရှိသည့် ဘူးသီးတောင်မြို့နယ်၊ တိုက်ပွဲ ကိုးပွဲသာရှိသည့် မောင်တောမြို့နယ်၊ တိုက် ပွဲ ၆၇ ပွဲ ရှိသည့် ကျောက်တော်မြို့နယ်၊ တိုက် ပွဲ ၅၂ ပွဲရှိသည့် မင်းပြားမြို့နယ်၊ တိုက်ပွဲ ၂၄ ပွဲရှိသည့် မြေပုံမြို့နယ်၊ တိုက်ပွဲ ၁၉ ပွဲရှိသည့် မြောက်ဦးမြို့နယ်တို့တွင် ရွေးကောက်ပွဲ မကျင်းပရန် ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ပွဲ လေးပွဲသာရှိသည့် ကျောက်ဖြူမြို့နယ်၊ တိုက်ပွဲ ၂၃ ပွဲ ရှိသည့် အမ်းမြို့နယ်၊ တိုက်ပွဲ သုံးပွဲ သာ ရှိသည့် စစ်တွေမြို့နယ်နှင့် တိုက်ပွဲတစ်ပွဲ ရှိသည့် တောင်ကုတ်မြို့နယ်ရှိ ကျေးရွာ အုပ်စုအချို့တွင်လည်း ရွေးကောက်ပွဲမကျင်းပရန် ကော်မရှင်က ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ချင်းပြည်နယ် ပလက်ဝမြို့ နယ်ထက် ၂၀၂၀ ပြည့်နှစ်အတွင်း တိုက်ပွဲ အရေအတွက် လျော့နည်းသည့် ရခိုင်ပြည် နယ်မှ မဲဆန္ဒနယ်အချို့တွင် ရွေးကောက်ပွဲ မကျင်းပသည့်အပေါ် ဌာနေတိုင်းရင်းသားပါတီများက မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

ထိုသို့ ဆုံးဖြတ်ခဲ့မှုအတွက် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်သည့်သတ်မှတ်ချက်များနှင့် လုပ်ဆောင်ခဲ့ကြောင်းကို မဲ ဆန္ဒရှင်ပြည်သူများအား ပွင့်လင်းမြင်သာစွာ ချပြသင့်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မ တီအဖွဲ့ဝင် ဦးစိန်ချစ်က ပြောကြားသည်။

 “ကျွန်တော့်အမြင်ပြောရရင် UEC ကို မေးချင်တာပါ။ ဘယ်လိုသတ်မှတ်ချက်တွေ နဲ့ ရွေးကောက်ပွဲ လုပ်မယ် မလုပ်ဘူးဆိုတာ ဆုံးဖြတ်တာလဲလို့ မေးချင်တယ်။ ကျွန်တော်တို့ရခိုင်မှာ ပေါက်တောမြို့နယ်ဆိုရင် သေ နတ်သံ တစ်ချက်မှ မကြားခဲ့ရဘူး။ ချင်းပြည် နယ်က ပလက်ဝဆိုရင် သေနတ်သံတွေ အရမ်းကြားခဲ့ရတဲ့နေရာဖြစ်တယ်။  နည်း နည်းလေး ဒွိဟဖြစ်စရာက တိုက်ပွဲဖြစ်နေတဲ့ အတွက်ကြောင့် ရွေးကောက်ပွဲ မကျင်းပဖို့ သတ်မှတ်တယ်ဆိုရင် ပေါက်တော ဘာဖြစ် လို့ ပါသွားလဲ။ ပလက်ဝ ဘာဖြစ်လို့ မပါလဲ။ ဒါတွေဟာ UEC ကို မေးခွန်းတွေ မေးရမယ့် အနေအထား ဖြစ်နေပြီထင်တယ်။ ဘယ်လို သတ်မှတ်ချက်တွေနဲ့ ရွေးကောက်ပွဲလုပ် မယ့် နေရာတွေကို သတ်မှတ်တယ်ဆိုတာကို အစိုးရကသော်လည်းကောင်း UEC က သော်လည်းကောင်း ပွင့်လင်းမြင်သာစွာ မဲ ဆန္ဒရှင် ပြည်သူတွေကို ချပြသင့်တယ်လို့ မြင်ပါတယ်”ဟု  ဦးစိန်ချစ်က ဆိုသည်။

ရှမ်းပြည်နယ်လည်း အလားတူ

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရှမ်းပြည်နယ်ရှိ မြို့နယ်အချို့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအချို့ကိုမဲဆန္ဒနယ်အဖြစ်မှ ပယ်ဖျက်မှုတွင်လည်းတိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် မဲဆန္ဒနယ်အချို့ ပါဝင်လျက်ရှိကြောင်း သိရသည်။

ကော်မရှင်၏ အောက်တိုဘာ ၁၆ ရက် ကြေညာချက်တွင် “၀”အဖွဲ့ (UWSA)ထိန်း ချုပ်ရာပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင် နှင့် မိုင်းလားအဖွဲ့ (NDAA) ၏ မိုင်းလားမြို့ နယ် အပါအဝင် မိုင်းကိုင်မြို့နယ်တို့ကို မြို့ နယ်အလိုက်ပယ်ဖျက်ခဲ့ပြီး မြို့နယ် ၁၇ မြို့ နယ်ရှိရပ်ကွက်၊ ကျေးရွာအုပ်စု ၁၄၀ ကို လည်း မဲဆန္ဒနယ်အဖြစ်မှ ပယ်ဖျက်ခဲ့သည်။

ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခြင်းသည် နယ်မြေလုံခြုံရေးကြောင့် ဖြစ်နိုင်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့် ဝင်းက ပြောကြားသည်။

သို့သော် မြေပြင်တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ရွေးကောက်ပွဲမကျင်းပရန် ဆုံး ဖြတ်ခဲ့သည့် ရွေးကောက်ပွဲကော်မရှင် အပေါ်တွင် ဌာနေတိုင်းရင်းသားများက ဝေ ဖန်မှုရှိခဲ့သည်။

ကော်မရှင်ထုတ်ပြန်ချက်တွင် မဲဆန္ဒ နယ်များပယ်ဖျက်သည့်အပေါ် လွတ်လပ်၊ မျှတသည့် ရွေးကောက်ပွဲကျင်းပရန် အခြေ အနေမရှိ၍ဟူ၍ အကြောင်းပြသော်လည်း မူဆယ်မြို့နယ်ရှိ တော်ရွက်ကျေးရွာအုပ်စု၊ လားရှိုးမြို့နယ်ရှိ မယ်ဟန်ကျေးရွာအုပ်စုနှင့် မိုင်းကိုင်မြို့နယ်တို့သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) တွဲဖက်အထွေထွေ အတွင်ရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ဆို သည်။

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ရွေးကောက်ပွဲ မကျင်းပရန် ဆုံးဖြတ်ခဲ့မှုကြောင့် ကော်မရှင် အပေါ်တွင် နားမလည်ဖြစ်ရကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ လားရှိုးမြို့နယ် ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်လောင်း စိုင်းဝမ်း လှိုင်းခမ်းက ပြောကြားသည်။

 “ကျွန်တော်တို့က ခရိုင်ကိုလည်း တိုက် ရိုက်ပြန်မေးကြည့်တာပေါ့လေ။ သူတို့လည်း တင်မထားဘူးပေါ့။ ပြီးတော့ စာရင်းမှာ ပါ လာတယ်ဆိုတော့လည်း ကျွန်တော်တို့လည်း နားမလည်ဘူး။ မယ်ဟန်ကျေးရွာလိုမျိုးဆို ဘာမှပြဿနာမှမရှိတာ။ဒါသက်သက်ညစ်တာလို့ပဲ ကျွန်တော်တို့က မြင်တာပေါ့။ မနိုင် မှာစိုးလို့သာ လုပ်တာလားပေါ့။ ကိုဗစ်ရော ဂါဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးနဲ့ မန္တလေးမြို့ တွေတောင်မှ ပိုအန္တရာယ်ရှိသေးတယ်။ အခုက တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်က ဘာ မှခိုင်လုံမှုမရှိဘူး။ မန်ကတ်ဒေသဆိုတဲ့ဟာ လည်း ကျွန်တော်တို့ စည်းရုံးရေးဆင်းခဲ့ တာပဲ။ ဘာမှတိုက်ပွဲတွေ ဘာတွေဖြစ်တဲ့နေ ရာလည်း မဟုတ်ဘူး။ မယ်ဟန်ဆိုရင် လား ရှိုးမြို့နား ကပ်လျက်ဗျာ။ အဲဒါ ကျွန်တော် တို့တောင် နားမလည်ဘူး။ မယ်ဟန်ဆိုတာ ကလည်း ကျွန်တော်တို့လည်း အင်အား အနည်းအကျဉ်းရှိတယ်။ NLD လည်း အင် အားရှိနေတာပဲ။ ဗဟို UEC က ထင်သလို လုပ်နေတယ်လို့ပဲ ကျွန်တော်တို့မြင်တယ်။ ပြည်နယ်၊ ခရိုင်အဆင့်တွေနဲ့ ညှိနှိုင်းမှုမရှိဘဲ နဲ့ မြေပုံပေါ်မှာပဲကြည့်ပြီး တွက်နေသလား လို့တောင် ယူဆရတယ်”ဟု စိုင်းဝမ်းလှိုင်းခမ်းက ဆိုသည်။

တည်ငြိမ်အေးချမ်းသည့် မူဆယ်မြို့ နယ် တော်ရွက်ရပ်ကွက်ကို ရွေးကောက်ပွဲ မကျင်းပရန် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အ နေဖြင့် ဖြေရှင်းချက်ပေးစေချင်ကြောင်း မူ ဆယ်မြို့နယ် တော်ရွက်ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးစိုင်းကျော်မြင့်က ပြောကြားသည်။

 “ပြည်ထောင်စုကော်မရှင်အနေနဲ့ ဘာ ကြောင့် မဲပေးခွင့်မရှိတာလဲဆိုတာ ကျွန် တော်တို့ကို ပွင့်ပွင့်လင်းလင်း ဖြေရှင်းချက် ပေးရမှာပေါ့။ ဘာကြောင့် ပိတ်လိုက်တာလဲ။  ကျွန်တော်တို့ရဲ့ ဒီလောက်တည်ငြိမ်အေး ချမ်းတဲ့ ရပ်ကွက်မှာ ဘာကြောင့်မဲပေးခွင့်မရှိ တာလဲဆိုတာကို တော်ရွက်ရပ်ကွက်ပြည်သူလူထုကို ဖြေရှင်းချက်ပေးရမှာပေါ့”ဟု ၎င်းက ဆိုသည်။

ရပ်ကွက်တစ်ခုတည်းကိုကွက်၍ ရွေး ကောက်ပွဲ မကျင်းပရန် ဆုံးဖြတ်ခဲ့သည့် အတွက် အ့ံအားသင့်ခဲ့ရပြီး မဲဆန္ဒရှင်ပြည်သူ များ၏ မဲပေးခွင့်မှာလည်း ဆုံးရှုံးရသည့် အတွက် စိတ်မကောင်းဖြစ်ရကြောင်း မူ ဆယ်မြို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ဥက္ကဋ္ဌ ဦးစိုင်းလှဖေက ဆိုသည်။

 “အမှန်က လုံခြုံရေးအရဆိုလည်း မြို့ ပေါ်က ရပ်ကွက်တစ်ခုဖြစ်နေတယ်။ နယ် မြေဒေသအရဆို ဘာပြဿနာမှမရှိတဲ့ နယ် မြေတစ်ခုပါ။ ကျန်းမာရေးအရဆိုလည်း ကိုဗစ်လူနာတွေလည်း မရှိပါဘူး။ အဲဒီလို မရှိတဲ့ကြားထဲက ရပ်ကွက်တစ်ခုတည်းကို ကွက်ပြီးတော့ ပယ်ဖျက်တယ်ဆိုတာလည်း အံ့သြတယ်။ ဝမ်းလည်းနည်းတယ်။ အဓိက က တော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးတော့ တအားကို ဆုံးရှုံးတယ်”ဟု ဦးစိုင်းလှဖေက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေစာရင်းတွင်  မူဆယ်မြို့နယ် တော်ရွက်ရပ် ကွက်အပါအဝင် ကွက်ခိုင်မှ ရပ်ကွက်ကျေး ရွာအုပ်စု လေးအုပ်စုနှင့်ပတ်သက်၍  မူဆယ် ခရိုင် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် သိရှိခြင်းမရှိဘဲ ယင်းနယ်မြေအားလုံးကို အစကတည်းက ရွေးကောက်ပွဲ ပြုလုပ်နိုင် ကြောင်း တင်ပြထားဟု မူဆယ်ခရိုင်ရွေး ကောက်ပွဲအရာရှိ ဦးအောင်ကျော်စိုးက ပြောကြားသည်။

 “ကျွန်တော်တို့ မူဆယ်ခရိုင်အနေနဲ့က တော့ မဲရုံအားလုံး ရပ်ကွက်ကျေးရွာအား လုံးကို ကျွန်တော်တို့က ရွေးကောက်ပွဲကျင်းပ ပေးနိုင်ပါတယ်လို့ ကျွန်တော်တို့က တင်ထား တယ်။ ပြည်‌ထောင်စုက ဒီကြေညာချက် ထွက်လာလို့ ကျွန်တော်တို့က အခုမှသိရတာ ပေါ့။ သိရတဲ့အချိန်မှာ မူဆယ်မြို့ပေါ် ရပ် ကွက်ကြီး တစ်ရပ်ကွက် ပါလာတယ်။ ကျန် တာကတော့ မဲဆန္ဒနယ်မြေ (၂) ပေါ့။ ကွတ် ခိုင်ဆိုရင်လည်း ရပ်ကွက်ကျေးရွာ လေးအုပ် စုပါလာတာလို့ သိရတဲ့အတွက် အောက်ခြေ မှာလည်း ရပ်ကွက်ကျေးရွာတွေမှာ အတွင်း ရေးမှူးတွေ အားလုံးကလည်း သူတို့ကျေးရွာ တွေမှာ မဲစာရင်းတွေလည်း ကပ်နိုင်တယ်။ မဲဆန္ဒရှင်အားလုံးကို မူဆယ်ခရိုင်တစ်ခုလုံး ကို ပေးနိုင်ဖို့ ကျွန်တော်တို့အားလုံး စီစဉ် ထားပြီးသား ဖြစ်တယ်။ အဲဒီလိုစီစဉ်ထား ပြီးတော့မှ ဒီလိုဖြစ်တာဆိုတော့ သူတို့ကျေး ရွာအုပ်စုတွေက ပြန်ပြီးတင်ပြလာတာဖြစ် တဲ့အတွက် ကျွန်တော်တို့ကလည်း အစည်း အဝေးထိုင်ပြီးတော့ ပြန်လည်တင်ပြဖို့ လုပ် ထားပါတယ်။ တနင်္လာနေ့မှာတော့ ပါတီ တွေကို အစည်းအဝေးခေါ်ပြီး ဒီအခြေအနေ လေးကို ရှင်းပြမှာပေါ့။ ဒါတွေက ကျွန်တော် တို့တင်ပြတဲ့ဟာတွေ မဟုတ်ဘူး။ ကျွန်တော် တို့ တင်ပြထားတာ အားလုံးကို ကျင်းပပေး နိုင်ပါတယ်ဆိုပြီး တင်ပြပေးထားတယ်။  ပါ တီတွေနဲ့ ဆွေးနွေးပြီးတော့မှ ရလဒ်တစ်ခု ထွက်လာပါ့မယ်”ဟု ဦးအောင်ကျော်စိုးက ဆိုသည်။

ကော်မရှင်ပယ်ဖျက်ခဲ့သည့် မဲဆန္ဒနယ် အများစုသည် တိုင်းရင်းသားပါတီများ အား ကောင်းသည့် မဲဆန္ဒနယ်များဖြစ်နေရာ မည် သည့်အကြောင်းပြချက်ဖြင့် အဆိုပါမဲဆန္ဒ နယ်များတွင် ရွေးကောက်ပွဲမကျင်းပရခြင်း ကို ကော်မရှင်အနေဖြင့် ရှင်းလင်းရန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တွဲဖက်အထွေထွေအတွင်ရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က တောင်းဆိုသည်။

 “ခြုံပြီးတော့ သုံးသပ်လိုက်တဲ့ အချိန်မှာ ပယ်ဖျက်လိုက်တဲ့ နေရာတော်တော်များများ က ပြည်မပါတီ မဟုတ်တဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားပါတီတွေ အားကောင်းတဲ့နေ ရာတွေချည်းပဲ ဖြစ်နေတယ်ဆိုတော့ ဒါက မပြေးသော် ကန်ရာရှိ သံသယဝင်စရာကိစ္စ တွေ။ ဆက်စပ်ပြီးစဉ်းစားရင်၊ စဉ်းစားရင် စဉ်းစားသလောက် သံသယဝင်လာနိုင်ခြေ ရှိတဲ့ကိစ္စတွေ ဖြစ်လာတယ်” ဟု ဦးစိုင်းကျော် ညွန့်က ပြောကြားသည်။

အဘယ်ကြောင့်ဆိုသော် ၂၀၂၀ ရွေး ကောက်ပွဲတွင် မကျင်းပဖြစ်တော့သည့် မိုင်းကိုင်မြို့နယ်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပခွင့်ရရှိခဲ့သည့် မြို့နယ်လည်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲ မဲရလဒ်များအရ မိုင်းကိုင်မြို့နယ်၏ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ် တော်နေရာများတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီက အနိုင် ရရှိခဲ့သည်။

ပုံမှန်အားဖြင့် မိုင်းလား၊ ပန်ဆန်း (ပန် ခမ်း)၊ နားဖန်း၊ မိုင်းမောနှင့် ပန်ဝိုင်မြို့နယ် များသည် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသည့် မြို့နယ်များဖြစ်သည်။ အဆိုပါ ငါးမြို့ နယ်နှင့်အတူ မိုင်းရှူးနှင့် ကျေးသီးမြို့နယ် များကိုလည်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်များက ထုတ်ပြန်လေ့ရှိသော်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်မူ ရွေးကောက်ပွဲကျင်းပ မည့် မြို့နယ်များ၌ မိုင်းရှူးနှင့် ကျေးသီးမြို့ နယ်ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲအမြဲကျင်းပခဲ့သည့် မိုင်းကိုင်မြို့နယ် မပါဝင်လာခြင်း အပေါ် ဌာနေတိုင်းရင်းသားပါတီများက အံ့သြသင့်ခဲ့ရသည်။ 

“အခုက ကိုယ့်ကိုယ်ကိုယ်လည်း ဒီမိုကရေစီအစိုးရလို့ ပြောနေတဲ့ ခေတ်ကြီးမှာ အဲဒီခေတ်ကြီးမှာရှိနေတဲ့ UEC က လွတ်လပ်၊ မျှတပါတယ်ဆိုတဲ့ UEC က အရင်တုန်းက မလုပ်နိုင်တဲ့ဟာကို အခုလုပ်နိုင်အောင် ကြိုးစားရမှာဖြစ်တယ်ပေ့ါ။ အဲဒီလို မဖြစ်ဘဲနဲ့ အရင်မလုပ်နိုင်ခဲ့တာတွေရော အခု ထပ်တိုးပြီးတော့တောင်မှ တချို့ဟာ တွေက အကြောင်းပြချက်တောင် စဉ်းစားလို့ မရတဲ့ဟာပေါ့။ အဲဒီလိုမျိုးတောင်မှ ပယ် ဖျက်တယ်ဆိုတော့ကာ ဒါက ကျွန်တော်တို့ သုံးသပ်ဖို့၊ ဆက်စပ်စဉ်းစားဖို့တောင် ခက် နေတဲ့ သဘောရှိပါတယ်” ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) တွဲဖက်အထွေထွေအတွင်ရေးမှူး (၁) ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

 “၀” လေးမြို့နယ်နှင့် မိုင်းလားမြို့နယ်မှ လွဲ၍ ကျန်မြို့နယ်အများစုတွင် SNLD ပါ တီဝင်ရောက်ယှဉ်ပြိုင်ထားပြီး မဲဆန္ဒနယ် အချို့ ပယ်ဖျက်ခြင်းကြောင့် ပါတီအပေါ် ထိ ခိုက်ခြင်းထက် နိုင်ငံသားများ၏ မဲပေးပိုင်ခွင့် ကို ကန့်သတ်ရာရောက်သည်ဟုသာ ၎င်းက မှတ်ချက်ပေးသည်။

 

ကချင်၊ ကရင်၊ မွန်နှင့် ပဲခူးတိုင်းအခြေအနေ

မြို့နယ်အလိုက် ပယ်ဖျက်ခံမှု မရှိသော်လည်း ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၁ မြို့နယ်မှ   ကျေးရွာအုပ်စု ၁၉၂ ခုကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒ နယ်စာရင်းမှ ပယ်ဖျက်ခံရသည်။

ကော်မရှင် ပယ်ဖျက်ထားသည့် မြို့ နယ် ၁၁ မြို့နယ်ရှိမဲဆန္ဒနယ်များသည်ယခင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒ နယ်များဖြစ်သော်လည်း လက်ရှိတွင် အချို့ သော မြို့နယ်များ ရွေးကောက်ပွဲကျင်းပနိုင်သည့် အနေအထားရှိကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီဒုတိယဥက္ကဋ္ဌ (၁) ကွမ်ဂေါင် အောင်ခမ်းက ပြောကြားသည်။

ယခင်ရွေးကောက်ပွဲနည်းတူ ခေါင်လန် ဖူး၊ ဆွမ်ပရာဘွမ်၊ မချမ်းဘော၊ မံစီ၊ မိုး မောက်၊ ရွှေကူ၊ ချီဖွေ၊ ဆော့လော်၊ တနိုင်း၊ ၀ိုင်းမော်၊ အင်းဂျန်းယန် စသည့် မြို့နယ်များ ရှိ ကျေးရွာအုပ်စု ၂၀၀ နီးပါးပယ်ဖျက်ခံရပြီး ယင်းမဲဆန္ဒနယ်အများစုသည် ဒေသခံပါတီ အားကောင်းသည့် မဲဆန္ဒနယ်များဖြစ် ကြောင်း ၎င်းက ဆိုသည်။

“NLD ဟာ ပြန်ပြီးမှ အာဏာရရှိရေး အတွက်ပဲ ကြိုးစားနေတဲ့ ပုံစံမျိုးဖြစ်တယ်။  တိုင်းရင်းသားတွေရဲ့ ပြန်လည်ပြန်သင့်မြတ်ရေး သူတို့အနေနဲ့ ဒါကိုခေါင်းထဲမှာ မထား ဘူး။ ငြိမ်းချမ်းရေးကိုလည်း ခေါင်းထဲမှာ မထားဘူး။ သူထားတာတော့ အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရရှိရေးပဲ။ ဒါပဲစဉ်း စားတဲ့ ပုံစံမျိုးနဲ့ လုပ်နေတယ်လို့ပဲ စွပ်စွဲချင် တယ်။ ဒီဟာတွေက လုံးဝမလုပ်သင့်တဲ့ အလုပ်တွေပဲ” ဟု ကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ မလုပ်နိုင်သည့် နယ်မြေများမှာ ကျေးရွာပျက်များ၊ စစ်ဘေးရှောင်ရွာများနှင့် ကချင်လက် နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေမှ ကျေးရွာအုပ်စုများဖြစ်ကြောင်း ကချင်ပြည် နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ဆို သည်။

 “ဒီနယ်မြေကကွာ အစကတည်းက အဲဒီထဲမှာ ၈၂ အုပ်စုလောက်က ကျေးရွာ အုပ်စုပျက်တွေ။ လူမနေဘူး။ သဘောက ပြည်ထဲရေးဝန်ကြီးဌာနကကိုက သူတို့ရဲ့ ရပ်ကွက်၊ မြို့၊ ပြည်နယ်ဖွဲ့စည်းမှုတွေ ရှိတယ် လေ။ အဲဒီအထဲမှာ အဲဒီရွာနာမည်တွေ ရှိနေ တယ်။ ဒါပေမဲ့ မြေပြင်မှာက အဲဒီရွာတွေက မရှိတော့ဘူး။ မြေပုံထဲမှာ နာမည်ပဲရှိတယ်။ လူမရှိတော့ဘူး။ ပြီးရင် သူတို့ ပြည်ထဲရေးဝန်ကြီးဌာနက မြို့ရွာများဖွဲ့စည်းမှု စာရင်းထဲမှာ အဲဒီကျေးရွာနာမည်တွေ ရှိနေတယ်။ သူတို့ လည်း ပယ်ဖျက်ဖို့တော့ လုပ်နေတာပေါ့ နော်။ မပြီးသေးတဲ့ အမှုတွဲတွေပေါ့။ အဲဒီနာမည်တွေက ပါနေတာ။ အဲဒါကြောင့်မို့လို့ လည်း သူတို့က မလုပ်နိုင်ဘူးလို့ ကြေညာ တာ။ ဒါကြောင့်မို့လို့ မလုပ်နိုင်ဘူးလို့ ပြော တာ။ တကယ်တမ်းတော့ လူကိုမရှိဘူး။ မနေ တော့ဘူး။ မြေပုံပေါ်မှာ နာမည်ပဲရှိတော့ တယ်။ အဲဒီလိုမျိုးတွေက ၈၀ ကျော်လောက် ပါတယ်”ဟု ဦးထွန်းအောင်ခိုင်က ပြောကြား သည်။

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် ကျေးရွာအုပ်စုပေါင်း ၁၉၂ စုပြီး ကျေးရွာအုပ်စုပျက် ၈၇ စု၊ KIA ထိန်းချုပ်နယ်မြေမှ ကျေးရွာအုပ်စု ၆၆ အုပ်စု၊ စစ်ဘေးရှောင်ရွာ ၁၉ အုပ်စု၊ လုံ ခြုံရေးအရ အခက်အခဲရှိသည့် အုပ်စု ၂၀  ပါဝင်နေကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ထိန်းချုပ်နယ်မြေတွင် ယခင် ကတည်းကပင် ရွေးကောက်ပွဲကျင်းပနိုင် ရေးအတွက် လူဦးရေစာရင်း ပြုစုခြင်းနှင့် မဲစာရင်း ပြုစုခြင်းများ ဆောင်ရွက်ထားခဲ့ ခြင်းမရှိသကဲ့သို့ ကော်မရှင်အဖွဲ့ခွဲများဖွဲ့ စည်းထားခဲ့ခြင်းမရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

“လက်နက်ကိုင် ထိန်းချုပ်နယ်မြေနဲ့ လုံခြုံရေး အခက်အခဲရှိတဲ့နေရာတွေလည်း မူလကတည်းက မဲဆန္ဒရှင်ကောက်ခံနိုင်တဲ့ နယ်မြေမဟုတ်လို့ ကျန်ခဲ့တာတွေပါ”ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကချင်ပြည်နယ်အတွင်းရွေး ကောက်ပွဲမကျင်းပနိုင်သည့် နေရာအချို့ကို ကြေညာခဲ့သော်လည်း မည်သို့မျှ ထိခိုက်မှု မရှိဘဲ နဂိုကတည်းကရွေးကောက်ပွဲကျင်းပ ရန် မဲစာရင်းပြုစုထားခြင်း၊ လူဦးရေစာရင်းကောက်ယူထားခြင်းများ အားလုံးသည် မကြာမီကျင်းပမည့် ရွေးကောက်ပွဲနှင့် တစ်ထပ်တည်းသာဖြစ်ကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေး မှူး ဦးထွန်းအောင်ခိုင်က ပြောကြားသည်။

ကရင်ပြည်နယ်ရှိ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ ဘားအံ၊ သံတောင်ကြီး၊ မြဝတီမြို့နယ်များရှိ ကျေးရွာ အုပ်စုအချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း ကော်မရှင်က အောက်တို ဘာ ၁၆ ရက်တွင် ကြေညာခဲ့သည်။  

ထို့အတူ ပဲခူးတိုင်းကျောက်ကြီးမြို့နယ် နှင့် ရွှေကျင်မြို့နယ်တို့ရှိကျေးရွာအုပ်စု ၄၂ စုတွင်လည်း ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာအုပ်စုတွင်လည်း  ရွေး ကောက်ပွဲကျင်းပနိုင်ခြင်းမရှိပေ။

ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာနှင့်ပတ်သက်ပြီး မွန်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးက “အဲဒီကျေးရွာက အရင်တုန်းက ပြည်ထဲရေး အမည်ပေါက်တော့မှန် ပါတယ်။ ဒါပေမဲ့ အဲဒီရွာက မြေပြင်ပေါ်မှာ ကို မရှိတာပါ။ အရင်တုန်းက ဘီးလင်းမြို ့ နယ်အတွင်းမှာ ကျေးရွာအုပ်စု ၅၆ အုပ်စု ရှိခဲ့တယ်။ ထွေအုပ်ကနေ ကျေးရွာအုပ်စု တွေကို ပြန်ဖွဲ့တဲ့အခါမှာ ၅၅ အုပ်စုပဲ ဖွဲ့စည်း လို့ရတော့တယ်။ အဲဒီ ဘောနော်ခီးကျေး ရွာက KNU မြေပုံထဲမှာက ဒုံသမိမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာဆိုတော့ ကရင်ပြည်နယ် အပိုင်ထဲမှာ ဖြစ်နေတယ်။ ကျွန်တော်တို့ ဘီးလင်းဘက်ခြမ်းက ရွာက ပျက်သွားတဲ့ သဘောပေါ့ဗျာ။ ပြည်ထဲရေးမှာက အမည်ရှိပြီးတော့ မြေပြင်မှာက ရွာကမရှိတော့ အခြေအနေပါ”ဟု ရှင်းပြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဘီးလင်းမြို့ နယ်အတွင်း ရွေးကောက်ပွဲမလုပ်နိုင်သည့် ကျေးရွာ ကိုးရွာခန့်ရှိကြောင်း၊ ၂၀၁၅ ရွေး ကောက်ပွဲတွင် ရွေးကောက်ပွဲမကျင်းပနိုင် သည့်ကျေးရွာ အနည်းငယ်လျော့လာ ကြောင်းနှင့် ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် ဘောနော်ခီးကျေးရွာအုပ်စု မပါဝင်လာခြင်း သည် ပြဿနာမရှိကြောင်း ၎င်းက ဆက် လက်ပြောကြားသည်။

“သက်ဆိုင်ရာပါတီအသီးသီးက ကိုယ် စားလှယ်လောင်းတွေအနေနဲ့က မဲဆန္ဒနယ် တွေကို ဆင်းပြီးစည်းရုံးရတာတွေရှိတယ်။ ဒါကို အစကတည်းက ရွေးကောက်ပွဲကျင်းပ လို့မရပါဘူးလို့ အချိန်မီကြေညာပေးခဲ့မယ် ဆိုရင် နိုင်ငံရေးပါတီတွေအတွက်ရော၊ ကိုယ်စားလှယ်လောင်းတွေအတွက်ပါ ကောင်းတယ်ပေါ့ဗျာ။ အခုက ရွေးကောက် ပွဲကျင်းပဖို ့ ရက်ပိုင်းလောက် အလိုကျမှ ဒီမဲ ဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲမကျင်းပ ပါဘူးဆိုပြီး ပြောလိုက်တဲ့အခါကျတော့ တစ်ဖက်က နိုင်ငံရေးပါတီတွေ၊ ကိုယ်စားလှယ် လောင်းတွေ အခက်အခဲတွေ တော်တော် ဖြစ်သွားမယ်။ ဒါလေးမြင်ပါတယ်”ဟု ဦးဝင်းမော်ဦးက ပြောကြားသည်။

 

ဘာတွေ ဆုံးရှုံးနစ်နာမလဲ

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နယ်မြေများ အဖြစ် ရှမ်းပြည်နယ်တွင် တစ်မြို့နယ်လုံး  မကျင်းပသည့် မြို့နယ် ခုနစ်မြို့နယ်နှင့် ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူး တိုင်းအတွင်းရှိ ကျေးရွာအုပ်စု ၄၅၃ အုပ်စု ရှိကြောင်း ၂၀၁၅ ရွေးကောက်ပွဲအစီရင်ခံ စာတွင် ဖော်ပြထားသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ၏ ထုတ်ပြန်ချက်အရ ၂၀၂၀ ရွေးကောက် ပွဲွတွင်မူ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေများအဖြစ် ရခိုင်ပြည်နယ်တွင် တစ် မြို့နယ်လုံးမကျင်းပသည့်မြို့နယ် ကိုးမြို့ နယ်နှင့် ရှမ်းပြည်နယ်တွင် တစ်မြို့နယ်လုံး မကျင်းပသည့် မြို့နယ် ခြောက်မြို့နယ်ရှိခဲ့ပြီး ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ ရပ်ကွက် ၂၃ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ၅၅၈ အုပ်စုရှိခဲ့သည်။

ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲထက်စာလျှင် ၂၀၂၀ ရွေးကောက်ပွဲ၌ တစ်မြို့နယ်လုံး ရွေးကောက်ပွဲမကျင်းပသည့် မြို့နယ် ရှစ်မြို့နယ်၊ ရပ်ကွက် ၂၃ ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၁၀၅ အုပ်စု ပိုလာခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် တွင် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် ကိုး မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပသဖြင့် ပြည်သူ့လွှတ်တော် ကိုးနေရာနှင့် အမျိုးသား လွှတ်တော်ခုနစ်နေရာ ဆုံးရှုံးသည့်အတွက် ပြည်ထောင်စုလွှတ်တော်တွင် ၁၆ နေရာ ဆုံးရှုံးမည်ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်၌ ရွေးကောက်ပွဲ မကျင်းပ သဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခြောက်နေရာ ဆုံးရှုံးသည့်အတွက် ရခိုင်နှင့် ရှမ်းပြည်နယ် နှစ်ခုပေါင်း ကိုယ်စားလှယ် ၂၂ နေရာ ဆုံးရှုံးမည့် အနေအထားပင်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် ၇၅ ရာခိုင်နှုန်းပြည့်မီရန် ရွေး ကောက်ခံကိုယ်စားလှယ် ၄၉၈ နေရာရှိရ မည့်အစား ၄၇၆ နေရာရှိသည့်အတွက် ၇၁ ဒသမ ၆၉ ရာခိုင်နှုန်းသာရှိမည် ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်တွင် ရွေး ကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ပြည့်မီမှသာ တပ်မတော်ထောက်ခံမှုကို မျှော်လင့်နိုင်မည်ဖြစ်သည့်အတွက် ဖွဲ့စည်း ပုံပြင်ဆင်ရေးအပါအဝင် အခြားသောကိစ္စ ရပ်များတွင် ရွေးကောက်ခံကိုယ်စားလှယ် ၇၁ ရာခိုင်နှုန်းကျော်သာ ရှိသောကြောင့် ပါ လီမန်ဘောင် ကျဉ်းလာသည့်အပေါ် စိတ်မသက်မသာဖြစ်မိသည်ဟု ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက အောက်တိုဘာ ၁၇ ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။

 “ပါတီဘောင်ကျယ်လာအောင် လုပ်ရင်း ပါလီမန်ဘောင် ကျဉ်းကျဉ်းလာတာကို စိတ်မသက်မသာနဲ့ မနေနိုင်လို့ရေးလိုက်ရပါ တယ်”ဟု ဦးကိုကိုကြီးက ဆိုသည်။

နောက်ထပ်ဆုံးရှုံးရမည့်သူမှာ မဲဆန္ဒ ရှင်ပြည်သူများပင်ဖြစ်သည်။  ၂၀၁၅ ရွေး ကောက်ပွဲကာလတွင် ရခိုင်ပြည်နယ်တစ်ခု လုံး၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၆၆၇၉၂ ဦး ရှိခဲ့သည်။ 

ရခိုင်ပြည်နယ်တွင် မြို့နယ်တစ်ခုလုံး တွင် ရွေးကောက်ပွဲကျင်းပမည် မဟုတ် ကြောင်း ကြေညာခဲ့သည့် မြို့နယ်ကိုးမြို့နယ် တွင် ၂၀၁၅ ရွေးကောက်ပွဲကာလက ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ ၈၁၇၅၂၆ ဦးရှိခဲ့သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ပေါက်တောမြို့နယ်၌ ၉၈၁၅၉ ဦး၊ ပုဏ္ဏား ကျွန်းမြို့နယ်၌ ၉၄၈၁၀ ဦး၊ ရသေ့တောင် မြို့နယ်၌ ၈၇၈၇၅ ဦး၊ ဘူးသီးတောင်မြို့ နယ်၌ ၃၆၀၆၉ ဦး၊ မောင်တောမြို့နယ်၌ ၂၄၀၀၈ ဦး၊ ကျောက်တော်မြို့နယ်၌ ၁၃၀၇၃၀ ဦး၊ မင်းပြားမြို့နယ်၌ ၁၁၇၃၁၈ ဦး၊ မြေပုံမြို့နယ်၌ ၈၇၁၁၁ ဦးနှင့် မြောက် ဦးမြို့နယ်၌ ၁၄၁၄၄၆ ဦးရှိသည်။

ထို့ကြောင့် ယင်းကိုးမြို့နယ်၌ ရွေး ကောက်ပွဲမကျင်းပဖြစ်လျှင် ရခိုင်ပြည်နယ်ရှိ မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်မှာ မဲပေးပိုင် ခွင့် ဆုံးရှုံးရမည့်အနေအထား ဖြစ်သည်။

“အဓိက ဘာပြဿနာ၊ ဘာအကြောင်း ပြချက်ခိုင်လုံမှုမရှိဘဲနဲ့ မဲပေးမယ့် ပြည်သူ တွေ အခွင့်အရေးဆုံးရှုံးတာ လုံးဝကို မဖြစ် သင့်တဲ့ကိစ္စပေါ့။ ဘယ်ပါတီကိုပဲ မဲပေးပေး ပါ။ ကျွန်တော်တို့ ဘာမှမပြောလိုပါဘူး။ ဒါ ပေမဲ့  ဒီမိုကရေစီနိုင်ငံမှာ မဲပေးဖို့လိုတယ်။ တခြားမြို့နယ်တွေက မဲပေးရပြီးတော့ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပြည်နယ်တွေမှာ မဲပေးခွင့်တွေ အများကြီး ဆုံးရှုံးရတာ ကျွန်တော်တို့ကတော့ လုံးဝကို ကန့်ကွက်တယ်။ ဒါလုံးဝကို မဖြစ်သင့်ဘူး။ လုံးဝမတရားဘူးလို့ ကျွန်တော်တို့ ပြောချင် ပါတယ်”ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ မှ လားရှိုးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း စိုင်းဝမ်းလှိုင်းခမ်းက ပြောကြားသည်။

လက်ရှိ ရွေးကောက်ပွဲမကျင်းပရန် ကြေညာထားသည့် မြို့နယ်များတွင် ဌာနေ တိုင်းရင်းသားပါတီများ အားကောင်းသည့် နေရာများဖြစ်ပြီး အာဏာရ NLD ပါတီ နှင့် အခြားအင်အားကြီးပါတီများ အနိုင်ရနိုင်ခြေ နည်းပါးသည့်အတွက် ရွေးကောက်ပွဲကော်မရှင်အပေါ် ဝေဖန်မှုများ မြင့်တက်နေသည့် အပြင် ရွေးကောက်ပွဲ တရားမျှတမှုအပေါ် တွင်လည်း မေးခွန်းထုတ်မှုများ ရှိနေသည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် တိုင်းရင်းသားပါတီများ၏ ရွေးကောက်ပွဲမှတစ်ဆင့် နိုင်ငံရေး အရ ကိုယ်စားပြုခွင့်နှင့် တိုင်းရင်းသားဒေသ က မဲဆန္ဒရှင်ပြည်သူများ နိုင်ငံသားအခွင့် အရေး မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရန်အတွက်  ရွေးကောက်ပွဲမကျင်းပဖြစ်သည့် မဲဆန္ဒ နယ်များကို ပြန်လည်စဉ်းစား၍ အချိန်မီ ပြင်ဆင်ပေးခြင်းဖြင့် တိုင်းရင်းသားပါတီများ၏ ရင်ထဲက ဆန္ဒအမှန်ကို ဖြည့်ဆည်းပေးရာ ရောက်ပေလိမ့်မည်။

 

Most Read

Most Recent