စံနှုန်းငါးရပ်နဲ့မညီတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင် ...

စံနှုန်းငါးရပ်နဲ့မညီတဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ရင် ...
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးကြမည့် ပြည်သူများအား တွေ့ရစဉ်
၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့ မဲရုံတစ်ရုံ၌ ဆန္ဒမဲပေးကြမည့် ပြည်သူများအား တွေ့ရစဉ်
Published 12 October 2020
ဆန်းမိုးထွန်း၊ နရီမင်း

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ရွေးကောက်ပွဲကို စံနှုန်းငါးရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်ကြောင်း ကတိပြုထားသည်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အများယုံကြည်မှုရှိစေခြင်း၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေခြင်းဆိုသည့် စံနှုန်းငါးချက်နှင့်အညီ ကျင်းပသွားမည်ဟု ၎င်းက ပြောဆိုထားခြင်းဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင်  ကျင်းပမည်ဖြစ်ကြောင်း ကော်မရှင်က ကြေညာထားသည့်အတွက် လက်ရှိဆောင်းပါးရေးသားချိန်တွင် ရွေးကောက်ပွဲကျင်းပရန် အချိန်အားဖြင့် တစ်လခန့်သာ လိုတော့သည်။

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ပြောထားသည့် စံနှုန်းငါးရပ်ဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ဖွယ် ရှိ၊ မရှိ ဆန်းစစ်ရမည့် အခြေအနေများက ဖြစ်ပေါ်ခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲနီးကပ်လာချိန်တွင် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆောင် ရွက်ချက်များနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်းများအကြား တွင် ဝေဖန်မှုများက မြင့်တက်လာသော ကြောင့်ဖြစ်သည်။

(၁) လွတ်လပ်ခြင်း

လွတ်လပ်ခြင်းဟုဆိုရာတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ လွတ်လပ်စွာ မဲဆွယ်စည်းရုံး ဟောပြောခွင့်ဆိုသည့် အချက်တစ်ချက်လည်း အပါအဝင်ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက်တွင် ၂၀၁၀ ရွေးကောက်ပွဲ၊ အရပ်သားအစိုးရ လက်ထက်တွင် ၂၀၁၅ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီအစိုးရဟု ကြွေးကြော််ထားသည့် NLD အစိုးရလက်ထက်တွင် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပတော့မည်ဖြစ်သည်။

ဒီမိုကရေစီအစိုးရအဖြစ် ခံယူထားသည့် NLD အစိုးရလက်ထက်တွင် ခန့်အပ် တာဝန်ပေးခြင်းခံထားရသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးဟောပြောခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများ၏ ဝေဖန်ထောက်ပြမှုကို ကြုံခဲ့ရသည်။

နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီများ မဲဆွယ်ဟောပြောမည့် ဟောပြောချက်များ ကို ကော်မရှင်က ဆင်ဆာလုပ်သည့်အတွက် ယင်းအစီအစဉ်တွင် ပါဝင်ခြင်းမရှိသည့် ပါတီများလည်း ရှိလာသည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ၏ မဲ ဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကော်မရှင်က ခွင့်ပြု ထားသည်။

နိုင်ငံရေးပါတီများအနေဖြင့် ပါတီစုံဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရန် မိမိတို့ပါတီ၏ မူဝါဒ သဘောထား၊ လုပ်ငန်းစဉ်တို့ကို နိုင်ငံပိုင်ရေ ဒီယိုနှင့် ရုပ်သံအစီအစဉ်များမှ ဟောပြော တင်ပြချက်များကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ခွင့်ပြုပေးရန် စီစဉ် ထားကြောင်း ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၂၃ ရက်က ကြေညာသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများက ဟောပြောတင်ပြလိုသည့်စာမူကို လိုအပ်သလို စိစစ်ပြီး ခွင့်ပြု မိန့်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည်ပြင် ဆင်ရေးသားစေပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း ပြုမည်ဟု ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များမှ ဟောပြောတင်ပြရာတွင် တားမြစ်ချက် ကိုး ချက်ကိုလိုက်နာရန် ဖော်ပြခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြားမှ ဟောပြောခွင့်ရသည့်အတွက် နိုင်ငံရေးပါတီငယ်များ နှင့် ပါတီအသစ်များအပြင် COVID-19 ကပ်ရောဂါကြောင့် Stay at Home အစီအ စဉ်တွင်ပါဝင်သည့် ပြည်နယ်နှင့် တိုင်းမှ ပါတီများအတွက် ပြည်သူများကို တိုက်ရိုက် ဟောပြောခွင့်ရရန် အခွင့်အရေးရှိလာခဲ့ သည်။ သို့သော် နိုင်ငံရေးပါတီအချို့၏ဟော ပြောချက်ပါ အချက်အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ခဲ့ သည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဖြတ်တောက်မှုကို ခံခဲ့ရသည့် နိုင်ငံရေးပါတီအရေအတွက် ၁၀ ပါတီရှိလာ ပြီ ဖြစ်သည်။ ကော်မရှင်၏ ဖြတ်တောက်ခြင်း ခံရသည့် ပါတီအရေအတွက်ကို ၂၀၂၀ ရွေး ကောက်ပွဲဝင်ပြိုင်မည့်ပါတီ ၉၂ ပါတီနှင့် တွက်ချက်မည်ဆိုပါက ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းခန့် ရှိလာပြီဖြစ်သည်။

နိုင်ငံပိုင် ရေဒီယိုနှင့် ရုပ်မြင်သံကြား တွင်ထုတ်လွှင့်မည့် ဟောပြောချက်များကို ကော်မရှင်၏ ဖြတ်တောက်ခြင်းခံခဲ့ရသည့် နိုင်ငံရေးပါတီများမှာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)၊ ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ် (ALP)၊ ကရင် အမျိုးသားပါတီ (KNP)၊ ထားဝယ်တိုင်းရင်း သားများပါတီ (ဗဟို)နှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်သည်။

ထိုသို့ ဟောပြောချက်စာသား ဖြတ် တောက်ခံခဲ့ရသည့် ၁၀ ပါတီအနက် ငါးပါ တီမှာမူ နိုင်ငံပိုင်ရေဒီယိုနှင့် ရုပ်မြင်သံကြား တွင် ဟောပြောခြင်းမပြုတော့ကြောင်း ဆုံး ဖြတ်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ (UNDP)၊ ပြည်သူ့ပါတီ (PP)၊ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)နှင့် ဓနုအမျိုးသားများအဖွဲ့ချုပ်ပါတီ(DNOP)တို့က ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီ(ANP)၊ ရခိုင်ဒီမို ကရေစီအဖွဲ့ချုပ် (ALP)၊ ကရင်အမျိုးသား ပါတီ (KNP)၊ ထားဝယ်တိုင်းရင်းသားများပါ တီနှင့် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ ဖြိုးတိုးတက်ရေးပါတီတို့မှာ မဲဆွယ်မိန့်ခွန်းပါ အချက်အချို့ကို ဖြတ်တောက်ခံရသော် လည်း နိုင်ငံပိုင် ရေဒီယို၊ ရုပ်သံနှင့် သတင်း စာများတွင် ဟောပြောခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံပိုင်ရုပ်သံတွင် နိုင်ငံရေးပါတီ အချို့၏ မဲဆွယ်မိန့်ခွန်းပါ အချက်များကို ဆင်ဆာဖြတ်တောက်နေသည့်အပေါ် နိုင်ငံ ရေးအသိုင်းအဝိုင်းကြားတွင် ဝေဖန်မှုများ မြင့်တက်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၆ (က) တွင် နိုင်ငံရေးပါတီတစ်ရပ်သည် နိုင်ငံတော်အတွင်း ဥပဒေနှင့်အညီ လွတ် လပ်စွာစည်းရုံးခွင့်ရှိသည်ဟု ပြဋ္ဌာန်းထား သည်။

လက်ရှိတွင် ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေသည့်အတွက် လွတ်လပ်စွာ ရေး သား၊ ထုတ်ဖော်၊ ပြောဆိုပိုင်ခွင့်ရှိပြီး အဆိုပါ အခွင့်အရေးများကို လိုက်လံပိတ်ပင်ခြင်း အပေါ် ကော်မရှင်အနေဖြင့် ဆင်ခြင်သုံး သပ်ရန် ဦးဒေးဗစ်လှမြင့်က တိုက်တွန်း သည်။

“လျှောက်နေတဲ့လမ်းက ဒီမိုကရေစီ လမ်းကိုလျှောက်နေတာ။ ရွေးကောက်ပွဲက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ။ လုပ်နေတာက တည်းဖြတ်တဲ့ အလုပ်ကိုလုပ်နေတော့ သွားနေတဲ့လမ်းကြောင်းနဲ့ ကော် မရှင်လုပ်ရပ်နဲ့က တလွဲကြီး ဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။

ကော်မရှင်ဘက်က ထိုသို့ ဖြတ်တောက် လိုက်ခြင်းသည် စာပေစိစစ်ရေးခေတ်က သတင်းစာ၊ ဂျာနယ်များကိုချပေးသည့် ပုံစံ မျိုးဖြစ်နေပြီး ကော်မရှင်ဘက်က ညှိနှိုင်းခြင်း မျိုးမရှိကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီ တွဲဖက်အတွင်းရေးမှူး (၂) ဦးသူရိန် လှိုင်က မှတ်ချက်ပြုသည်။

“အရင်က စာပေစိစစ်ရေးခေတ်က သတင်းစာ၊ ဂျာနယ်တွေကို ချပေးသလိုမျိုး ပုံစံပဲ။ အဲဒီပုံစံမျိုးနဲ့ ချပေးလာတာပေါ့နော်။ ဒီကိစ္စတွေမှာ ဖြုတ်ထားတဲ့ဟာတွေ၊ ပယ် ထားတဲ့ဟာတွေ မပြောရဘူး။ တကယ်လို့ ပို ပြီးပြောလာတာကိုတွေ့ရင် ဒါကို လွှင့်မပေး တော့ဘူးဆိုပြီး ပြောထားပြီးသား။ အသွား အပြန် ညှိရတာမျိုးတော့ မရှိဘူး။ ဒါမပါရ ဘူး။ ပိုပါလာရင် မလွှင့်တော့ဘူးဆိုပြီး တန်း ပြောထားပြီးသား” ဟု ဦးသူရိန်လှိုင်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ဦးတင်အေး ကော်မရှင်လက်ထက်က ဟောပြောခွင့်ရခဲ့သည့် အကြောင်းအရာအချို့ကို ပြည်သူရွေး ကောက်တင်မြှောက်ထားသည့် NLD အစိုး ရ၏ ရွေးကောက်ပွဲကော်မရှင်လက်ထက်တွင် နိုင်ငံရေးပါတီအချို့ ပြောခွင့်မရသည့်အတွက် ဒီမိုကရေစီနှင့်လွတ်လပ်ခွင့်အတွက် မေးစရာဖြစ်လာကြောင်း နိုင်ငံရေးလေ့လာ သူများက မှတ်ချက်ပြုသည်။

“နိုင်ငံရေးအရ ပြောဆိုမယ့်စကားတွေကို လွတ်လွတ်လပ်လပ် ပြောဆိုခွင့်တွေ ဆုံးရှုံးတယ်လို့ အဲဒီလိုယူဆလို့ရနိုင်တယ်။ ပြီးရင် ရွေးကောက်ပွဲကော်မရှင်က ဘာပဲပြောပြော ပြည်သူ့အစိုးရလက်ထက်မှာ ပိုပြီးတင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိုပြီးတင်းကျပ်မှုတွေ လုပ်လာတယ်လို့ ခံစားမိတယ်” ဟု ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ၏ နိုင်ငံပိုင်ရုပ်သံမှ မဲဆွယ်ဟောပြောချက်များကို ဆင်ဆာဖြတ်တောက်ခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ထိခိုက်စေကြောင်း အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခက ထောက်ပြသည်။

“ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေး ပါတီတွေရဲ့ နိုင်ငံပိုင်ရုပ်သံကနေ မဲဆွယ်ဟောပြောချက်တွေကို ဆင်ဆာဖြတ်တောက်နေတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အကြီးအကျယ်ထိခိုက်စေပါတယ်။ တရားဝင်နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကိုတောင် အာမခံ မပေးနိုင်ရင် သာမန်အဖွဲ့အစည်း၊ သာမန်ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဟာ ပိုပြီးအလှမ်းဝေးသွားနိုင်ပါတယ်” ဟု မောင်ဆောင်းခက ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများက ဟောပြော တင်ပြလိုသည့်စာမူကို လိုအပ်သလို စိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ပြန်လည် ပြင်ဆင်ရေးသားစေပြီး ခွင့်ပြုမိန့်ထုတ်ပေး ခြင်းပြုမည်ဟု တရားဝင်ကြေညာ၍ လုပ် ဆောင်သည်ဆိုသော်လည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ဆိုလျှင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ များ၏ ပြောဆိုစည်းရုံးခွင့်ကိုလည်း လွတ်လပ်ခွင့် ပေး၊ မပေး မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ထောက်ပြသည်။

“၂၀၂၀ ရွေးကောက်ပွဲဆိုတာ ဒီမိုက ရေစီအကူးအပြောင်းခေတ်နဲ့ ပြည်သူရွေး ချယ်ထားတဲ့ အစိုးရခေတ်မှာ ပြုလုပ်တဲ့ရွေး ကောက်ပွဲ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ အရင်ရွေးကောက်ပွဲများထက် ပိုပြီးတော့ သန့်ရှင်းတဲ့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမဲ့ အခု လို ရွေးကောက်ပွဲကော်မရှင်ရဲ့ဆင်ဆာဆိုတာက ကျွန်တော်တို့ မျှော်လင့်ထားတဲ့ သန့် ရှင်းတဲ့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဆိုတာ မဖြစ်တော့ဘူးလို့ မီးမောင်းထိုးပြ လိုက်တဲ့ ဖြစ်ရပ်ဖြစ်တယ်လို့ ရှုမြင်မိပါတယ်။ ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကို လည်း ပျက်ပြယ်သွားစေပါတယ်။ တကယ် တော့ နိုင်ငံရေးပါတီများဟာ သူတို့ရဲ့အမြင်၊ ပေါ်လစီတွေကို လွတ်လပ်စွာချပြခွင့် ရရှိရ ပါမယ်”ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း တွဲဖက်အတွင်း ရေးမှူး ဦးဘိုကြည်က မှတ်ချက်ပြုသည်။

(၂) တရားမျှတခြင်း

တရားမျှတခြင်းဟုဆိုရာတွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဝင် ရောက်ယှဉ်ပြိုင်ကြသည့် နိုင်ငံရေးပါတီ ၉၂ အနေဖြင့် တရားမျှတစွာ ယှဉ်ပြိုင်ခွင့်ရှိ မရှိ ဆိုသည့်အချက်မှာလည်း အဓိကအချက် အ နေဖြင့် ပါဝင်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၉၂ ပါတီမှ ကိုယ်စားလှယ် လောင်းနှင့် တစ်သီးပုဂ္ဂလလွှတ်တော်ကိုယ် စားလှယ်လောင်း ၆ç၉၀၀ ကျော် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

လက်ရှိတွင် နိုင်ငံရေးပါတီများ၏ မဲ ဆွယ်စည်းရုံးခွင့်ကို စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကော်မရှင်က ဇူလိုင် ၁ ရက်တွင် ကြေညာခဲ့သည်။

အဆိုပါ ကြေညာချက်နှင့်အတူ ရွေး ကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်း များ၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ၊ စု ဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခွင့် များ အသိပေးကြေညာချက်ကို ကော်မရှင်က တစ်ဆက်တည်း ထုတ်ပြန်သည်။

အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင် မည့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ အခြေ ခံဥပဒေအရ ပေးထားသည့် ရွေးကောက်ခံ ပိုင်ခွင့် မဆုံးရှုံးစေရန် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးများ လုပ်ဆောင်နိုင် သည်ဟု ပါရှိသည်။

ထိုသို့ ကော်မရှင်ကြေညာချက်အပြီး နောက်တစ်ရက်တွင် အာဏာရအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အထူးကြေညာချက် တစ်စောင် ထုတ်ပြန်သည်။

ပြည်ထောင်စုအဖွဲ့အစည်းဝင်များ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ဆောင်ရွက်ခွင့်ရှိကြောင်း ကြေညာချက်အရ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒု တိယဥက္ကဋ္ဌ (၁) ဦးဝင်းမြင့်တို့ ပါတီစည်းရုံး ရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု NLD ပါတီက အသိပေးခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေအရ အထွေထွေရွေးကောက်ပွဲယှဉ်ပြိုင်မည့် အခြားသော ကိုယ်စားလှယ်လောင်းများ မဲ ဆွယ်ခွင့်မရမီ ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေး ဆောင်ရွက်ခွင့်ရှိနေခြင်းဖြစ်သည်။

သို့သော် မည်မျှပင် ဥပဒေနှင့် ညီညွတ် သည်ဖြစ်စေ ရွေးကောက်ပွဲမတိုင်မီ လေးလ အလိုကတည်းက ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်အချို့ ပါတီလုပ်ငန်း ပြန်လည်ဆောင် ရွက်ခွင့်ရခြင်းအပေါ် အငြင်းပွားမှုများ ရှိခဲ့ သည်။

“ဝန်ကြီးတွေမှ လုပ်နိုင်တယ်။ အစိုးရ တွေမှ လုပ်နိုင်တယ်ဆိုတဲ့ဟာမျိုးကျတော့ တရားမျှတမှု မရှိပါဘူး။ ကျွန်တော်တို့ ဒါကို လုံးဝ မလိုလားပါဘူး။ ရွေးကောက်ပွဲက တရားမျှတပြီး လွတ်လွတ်လပ်လပ် ဖြစ်စေ ချင်တယ်ဆိုရင်တော့ အကုန်လုံးက လုပ်ခွင့် ရှိရမယ်”ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်ခမ်းက မှတ်ချက် ပြုသည်။

အစိုးရအဖွဲ့ဝင်များ ပါတီဆောင်ရွက် ခွင့်ရှိခြင်းက၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ထည့်သွင်းစဉ်းစားခြင်းမရှိမှသာ အပြည့် အဝ မှန်ကန်မည်ဟု နိုင်ငံရေး လေ့လာသူ များက ထောက်ပြကြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နှင့် ပုဒ်မ ၂၃၂ (ဋ) တို့အရ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတများသည် ရာထူး သက်တမ်းအတွင်း ပါတီလုပ်ငန်းဆောင်ရွက် ခြင်းမပြုရဟု ဖော်ပြပါရှိသည်။

“ဖွဲ့စည်းပုံပြဋ္ဌာန်းချက်များအရ ရာထူး သက်တမ်းကာလအတွင်းမှာ ပါတီလုပ်ငန်း များ ပါဝင်ဆောင်ရွက်ခွင့် မရှိတာတော့ အမှန်ပါပဲ။ ဖွဲ့စည်းပုံဥပဒေကို မကျေနပ် ရင်တော့ ပြင်နိုင်အောင် ပြင်ကြပေ့ါ။  မပြင် နိုင်သေးခင်တော့ တည်ဆဲဥပဒေကို လေး စားလိုက်နာရမယ့် တာဝန်ရှိပါတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြော ကြားသည်။

သို့သော် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပ ဒေပုဒ်မ ၇ (ခ) တွင် ပြည်ထောင်စုအစိုးရအဖွဲ့ ဝင်များ အထွေထွေရွေးကောက်ပွဲ ယှဉ်ပြိုင် မည်ဆိုလျှင် အခြေခံဥပဒေပါ ရွေးကောက်ခံ ပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ပါတီစည်းရုံး ရေး၊ နယ်မြေစည်းရုံးရေး လုပ်ဆောင်ခွင့်ရှိ သည့်အချက်ကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကိုးကားထုတ်ပြန်ခြင်းဖြစ် သည်။

ပင်မဥပဒေဖြစ်သည့် ဖွဲ့စည်းပုံ အခြေ ခံဥပဒေနှင့် အခြားသော သက်ဆိုင်ရာဥပဒေ များကြား ဒွိဟဖြစ်စရာ အငြင်းပွားစရာ အချက်အချို့ရှိနေခြင်းဖြစ်သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ (SNLD) ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကမူ ပင်မအခြေခံဥပဒေကို မည်သည့် ဥပဒေကမှ လွှမ်းမိုး၍မရကြောင်း မှတ်ချက် ပြုသည်။

ဦးလှသိန်း ကော်မရှင်၏ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ ပါတီစည်းရုံးခွင့်၊ နယ်မြေစည်းရုံးခွင့်နှင့် စပ်လျဉ်းသည့် ကြေညာချက်သည် ယခင် ဦးတင်အေး ကော်မရှင် ထုတ်ပြန်စဉ်က ပုဒ်မများအတိုင်း ကွဲပြားမှု မရှိခဲ့ပေ။

သို့သော် လွန်ခဲ့သည့် ငါးနှစ်ခန့်ကနိုင်ငံရေးဖြစ်စဉ်နှင့် လက်ရှိရွေးကောက်ပွဲ အကြို ကာလ နိုင်ငံရေးဖြစ်စဉ်ကြားတွင် ကွဲပြားမှု အချို့ရှိပြီး COVID-19 ကာကွယ်ထိန်း ချုပ်ရေးအတွက် ထုတ်ပြန်ထားသည့် ညွှန် ကြားချက်၊ အမိန့်အချို့က အခြားနိုင်ငံရေး ပါတီများအတွက် အကန့်အသတ်ရှိနေသည် ဟု နိုင်ငံရေးလေ့လာသူအချို့က ထောက် ပြသည်။

ထိုအချိန်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီအနေ ဖြင့် ပထမဆုုံးထုတ်ပြန်ခဲ့သည့် ပြည်သူသို့ ပန်ကြားချက်တွင် လူစုလူဝေးဖြင့် အခမ်း အနားများ၊ ပွဲလမ်းသဘင်များ ပြုလုပ်ခြင်းကို ရပ်ဆိုင်းထားရန် ပါရှိသည်။

ထိုစဉ်က COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ထုတ် ပြန်လိုက်သည့်ထုတ်ပြန်ချက်ကြောင့် နိုင်ငံ ရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာပြင်ဆင်ရေးကို လူငါးဦးအောက် လုပ်ဆောင် ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများအတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် အာဏာရပါတီမှ ခေါင်းဆောင်အချို့ရရှိသည့် အခွင့်အရေးမျိုး အခြားသောရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများလည်း ရရှိသင့်သည်ဟု ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)၌ ဝင်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

“NLD ပါတီက ပါတီတွင်း စည်းရုံးရေး လုပ်နိုင်သလို တခြားပါတီများလည်း ပါတီ တွင်းစည်းရုံးရေးကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်တဲ့ အခြေအနေမျိုးကို ကော် မရှင်က ဖန်တီးပေးဖို့လိုသလို ဦးဆောင်ပါတီ ဖြစ်တဲ့ NLD  ပါတီကလည်း အားပေးဖို့ လိုတယ်” ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ထိုစဉ်က သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေး ဆောင်ရွက်မည်ဆို ခြင်းသည် ပါတီရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်သည့် သဘောဆန်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြန် လည်သုံးသပ်သင့်ကြောင်း နိုင်ငံရေးပါတီ များက ​အကြံပြုမှုများရှိခဲ့သည်။

ယင်းဖြစ်စဉ်သည် ဥပဒေအားနည်းချက်ကိုအသုံးချပြီး နိုင်ငံရေးအသာစီးရရှိရန် ဆောင်ရွက်ခြင်းဖြစ်သလို နိုင်ငံရေးကျင့်ဝတ်ဆိုင်ရာ ပြဿနာရပ်လည်း ဖြစ်သည်ဟု ဒေါက်တာညိုညိုသင်းက သုံးသပ်ပြောကြားသည်။

“အရပ်သားအစိုးရကိုယ်တိုင်က နိုင်ငံရေး ကျင့်ဝတ်ကို မစောင့်ထိန်းဘဲနဲ့ တရား ဥပဒေနဲ့ညီတဲ့ တရားမမျှတမှုကို ဖန်တီးတယ်ဆိုရင် တကယ်လို့များ နောင်မှာ ဒီနိုင်ငံမှာ အရပ်သားအစိုးရ  မရှိလာတဲ့အခါမျိုးမှာ ဆိုရင် တခြားသော အစိုးရတွေက ဒီထက်ပိုကြီးမားတဲ့ မတရားမှုတွေကို ကျူးလွန်လာအောင် လမ်းခင်းပေးလိုက်သလို ဖြစ်နေ လိမ့်မယ်”ဟု ၎င်းက ဆိုသည်။  

(၃) ပွင့်လင်းမြင်သာမှုရှိခြင်း

ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၏ စံနှုန်းငါးချက်တွင်ပါရှိသည့် ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်၍လည်း ရွေးကောက်ပွဲကော်မရှင်အပေါ် မေးခွန်းထုတ်မှုများရှိခဲ့သည်။

ယင်းကိစ္စမှာ ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်မည့် အရပ်ဘက်အဖွဲ့အစည်းများနှင့်ပတ်သက်၍ ရွေးကောက်ပွဲလေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ထုတ်ပြန်ရာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဇူလိုင် ၇ ရက် နေ့စွဲဖြင့် ကြေညာလိုက်သည့် UEC ၏ ကြေညာချက်တွင် မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲစာရင်းပြုစုခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း၊ ကြေညာခြင်းနှင့် ရွေးကောက်ပွဲ ကိုယ်စားလှယ် ခန့်ထားခြင်း၊ ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အတည်ပြုကြေညာခြင်း စသည်တို့ကို လေ့လာနိုင်ကြောင်း ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းများ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်စာရင်း ပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကုန်ကျစရိတ်များ လေ့လာခြင်းတို့ကိုလည်း ပြုလုပ်နိုင်ကြောင်း UEC က ထုတ်ပြန်သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲ လေ့လာသူများ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များတွင် လေ့လာသူများအတွက် အရေးပါသည့် ရွေးကောက်ပွဲဥပဒေ၊ နည်း ဥပဒေ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များကို စောင့်ကြည့်လေ့လာနိုင်ခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်းကို စောင့်ကြည့် လေ့လာနိုင်ခြင်းနှင့် ရွေးကောက်ပွဲကန့် ကွက်လွှာအမှုများ စစ်ဆေးခြင်းနှင့် ဆုံးဖြတ် ခြင်းတို့ကို စောင့်ကြည့်လေ့လာနိုင်ခြင်း စသည့် အချက်သုံးချက် မပါဝင်ပေ။

ထို့ကြောင့် နိုင်ငံရေး လေ့လာသူနှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဦးလှသိန်းကော်မရှင်၏ ထုတ်ပြန်ချက်တွင် ယခင် ဦးတင်အေးကော်မရှင် တာဝန်ယူစဉ်က ကြေညာခဲ့သော ထုတ်ပြန်ချက်၌ ပါဝင်သည့် အချက်သုံးချက် ချန်လှပ်ခံထားရသည့်အပေါ် ဝေဖန်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါအချက်များသည် ယခင်အထွေ ထွေရွေးကောက်ပွဲနှင့် ၂၀၁၇၊ ၂၀၁၈ ကြား ဖြတ်ရွေးကောက်ပွဲတို့တွင်ရရှိခဲ့၍ လက်ရှိ ကော်မရှင်၏ ထုတ်ပြန်ချက်သည် ပွင့်လင်း မြင်သာမှု နောက်ပြန်ဆုတ်သွားသည်ဟု သုံးသပ်နိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

“ရွေးကောက်ပွဲရဲ့ ပွင့်လင်းမြင်သာမှုလို့ ပြောတဲ့အခါမှာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲနှောင်း ပိုင်းကာလ အဲဒီ Process တွေအားလုံးကို ကြည့်ခွင့်ပေးရမယ်။ ဒါမှ ပွင့်လင်းမြင်သာ တယ်ပြောရမယ်။ အခုကျတော့ ရွေးကောက် ပွဲအကြိုကာလမှာလည်း တချို့ဟာတွေ ကြည့်လို့မရတော့ဘူး။ ရွေးကောက်ပွဲကာလ မှာလည်း ကြည့်လို့မရတာတွေရှိတယ်။ ရွေးကောက်ပွဲနှောင်းပိုင်းမှာလည်း ကြည့်လို့မရ တာရှိတယ်”ဟု ကိုစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ယခုကဲ့သို့ ရွေးကောက်ပွဲနီးကပ်ပြီး နိုင်ငံရေးအကဲဆတ်ချိန်တွင် ရွေးကောက်ပွဲ ဖြစ်စဉ်ဆိုင်ရာ အကြောင်းအရာအချို့ စောင့်ကြည့်ခွင့်လျှော့ချခံရမှုသည် ရွေး ကောက်ပွဲဖြစ်စဉ်အတွက် အရေးကြီးကိစ္စ ရပ်ဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုသည်။

ယင်းအချက်များလျှော့ချလိုက်သည့်အတွက် နိုင်ငံတကာနှင့် ပြည်တွင်းမဲဆန္ဒ ရှင်များအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ် ပေါ်တွင် ယုံကြည်မှုလျော့ကျနိုင်ကြောင်း  မြန်မာနိုင်ငံ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ဖြစ်ပေါ်လာရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (MYNFREL) Program Manager ကိုမင်းသုနောင်က ဆို သည်။

“ဒီအချက်တွေ လျော့သွားတဲ့အခါကျ တော့ စောင့်ကြည့်တဲ့အခါမှာ ကန့်သတ် သလို ဖြစ်တာပေါ့။ အဓိကကတော့ ရွေး ကောက်ပွဲနှောင်းပိုင်း အမှုအခင်းတွေ စောင့် ကြည့်ဖို့အချက်က ပြုတ်သွားတာပေါ့။ ထည့် မရေးထားတဲ့အတွက် စောင့်ကြည့်လို့မရတဲ့ သဘောလားပေါ့။ ကျွန်တော်တို့အတွက်တော့ အကန့်အသတ် တော်တော်ဖြစ်သွားတယ်။ ရွေးကောက်ပွဲဖြစ်စဉ်အပေါ်မှာ လူတွေရဲ့ယုံကြည်မှုကို ပိုပြီးတော့ ထိခိုက် တယ်။ ယုံကြည်မှု လျော့လာစေတယ်။ ဒီလို မျိုးတွေဖြစ်သွားတာက နိုင်ငံတကာကရော ပြီးတော့ ပြည်တွင်းက မဲဆန္ဒရှင်တွေရော ရွေးကောက်ပွဲဖြစ်စဉ်အပေါ်မှာ ယုံကြည်မှု ကို လျော့ကျစေတယ်” ဟု ကိုမင်းသုနောင်က ပြောကြားသည်။

ကော်မရှင်၏ ထုတ်ပြန်ချက်တွင် မပါဝင်ခဲ့သည့် နောက်ဆုံးအချက်မှာ ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုများ စစ်ဆေး ခြင်းနှင့် ဆုံးဖြတ်ခြင်းပင် ဖြစ်သည်။ ယင်းအချက် မပါလာသည့်အပေါ်တွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက် အဖွဲ့ အစည်းများက နဂိုအတိုင်း ပြန်လည်ခွင့်ပြုပေးရန် ဆန္ဒရှိနေကြသည်။

“ရွေးကောက်ပွဲရလဒ်တွေကို ကန့် ကွက်တာရှိရင် နေပြည်တော်မှာ ခုံရုံးဖွဲ့တာ ပေါ့။ အဲဒီလိုမျိုး ခုံရုံးဖွဲ့တယ်ဆိုရင် သွား လေ့လာလို့ရတယ်ပေါ့။ အခုက အဲဒီအချက် ပြုတ်သွားတော့ အဲဒီအခွင့်အရေး ရမရ မသေချာဘူးပေ့ါ။ တစ်ခုရှိတာတော့ ပြီးသွား ရင် ရွေးကော်က သူတို့ဝက်ဘ်ဆိုက်မှာ တင် ပေးတာတော့ ရှိပါတယ်။ ဒါပေမဲ့ လေ့လာ ချင်တဲ့အဖွဲ့တွေ ရှိနေရင်တော့ ပိုကောင်း တာပေါ့”ဟု New Myanmar Foundation ၏ ရွေးကောက်ပွဲဆိုင်ရာ အကြံပေး ဒေါ်မြ နန္ဒာသင်းက ဆိုသည်။ 

သို့သော် မဲဆန္ဒရှင် အချက်အလက်၊ ရွေးကောက်ပွဲကန့်ကွက်လွှာများ စစ်ဆေး ဆုံးဖြတ်ခြင်းအပါအဝင် လုပ်ငန်းစဉ်အချို့ ရွေးကောက်ပွဲလေ့လာသူများ စောင့်ကြည့် ခွင့်တွင် ပါဝင်လာခြင်း မရှိသော်လည်း နဂို မူလအတိုင်း စောင့်ကြည့်ခွင့်ရမည်ဟု ဇူလိုင် ၁၇ ရက်ကနေပြည်တော် Grand Amara Hotel ၌ကျင်းပသည့်  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်အဖွဲ့အစည်းများတွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“သူတို့ပြောတဲ့အချက်က ဥပဒေမူ ဘောင်တွေဆိုတာက စောင့်ကြည့်လေ့လာတဲ့ ကာလကျမှ ကြည့်စရာမလိုဘူး။ အချိန် မရွေးစောင့်ကြည့်လို့ရတယ်။ အချိန်မရွေး သုံးသပ်နေလို့ ရတယ်။ ဒါကြောင့်မို့  ဒီဟာကို တကူးတက မထည့်တော့ဘဲနဲ့ ဖြုတ်ပစ်လိုက် တဲ့သဘောမျိုး အကြောင်းပြချက်မျိုး ရှင်း လင်းတယ်”ဟု PACE အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က  ပြောကြား သည်။

ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်မည့် အရပ်ဘက် အဖွဲ့အစည်းများအား လေ့လာစောင့်ကြည့် သည့်လုပ်ငန်းစဉ်တွင် မပါဝင်ခဲ့သော အဓိ ကအရေးကြီးသည့် အချက်အချို့ကို နဂိုမူလ အတိုင်း စောင့်ကြည့်ခွင့်ပြုမည်ဟု အာမခံ ချက်ပေးခဲ့သော်လည်း လက်တွေ့တွင်မူ အရပ်ဘက်အဖွဲ့အစည်းများ စောင့်ကြည့် ခွင့်မရခဲ့ပေ။

ထိုသို့စောင့်ကြည့်ခွင့်မရခဲ့သည့် အရပ်ဘက်အဖွဲ့အစည်းများအနက် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၇ ၊ ၂၀၁၈ ကြား ဖြတ်ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့ လာခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) ကို အသင်းအဖွဲ့ မှတ်ပုံတင်မရှိခြင်း၊ နိုင်ငံတကာ ရန်ပုံငွေ လက်ခံခြင်း စသည့် အကြောင်းပြချက်များ ဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ စောင့် ကြည့်လေ့လာခွင့်ကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ပယ်ချခဲ့သည်ဟု (PACE) က သြဂုတ် ၁၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို ငြင်းဆန်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့ဟာ အသင်းအဖွဲ့ မှတ်ပုံတင် မရှိဘူး။ အသင်းအဖွဲ့မှတ်ပုံတင်မရှိတဲ့ အ တွက်ကြောင့် စောင့်ကြည့်လေ့လာခွင့် မပေး ဘူးဆိုတဲ့ သဘောပါပဲ။ အကြမ်းဖျင်း ယေဘုယျအားဖြင့် ပြောမယ်ဆိုရင်” ဟု PACE အ ဖွဲ့  အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာ မြင့်က ပြောကြားသည်။

ယခုနှစ် အစောပိုင်းတွင် PACE ကို ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းအဖြစ် အသင်းအဖွဲ့မှတ်ပုံတင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထောက်ခံချက် တောင်းခံသော်လည်း ကော်မရှင်ကို ပူးပေါင်းကူညီသည့် အဖွဲ့အစည်းမဟုတ်ဘဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းဆို သည့် အကြောင်းပြချက်ဖြင့် ထောက်ခံချက် ပေးရန် ငြင်းဆန်ခံရသည်ဟု PACE အဖွဲ့ က ဆိုသည်။

ထိုသို့ အသင်းအဖွဲ့မှတ်ပုံတင်နိုင်ရေးအတွက် ထောက်ခံချက်ပေးရန် ငြင်းဆန်သော်လည်း အသင်းအဖွဲ့မှတ်ပုံတင် မရှိ၊ နိုင် ငံတကာရန်ပုံငွေများလက်ခံသည့် အကြောင်း ပြချက်ဖြင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာခွင့်လျှောက်ထားခြင်းကို ကော်မရှင်က ငြင်းဆန်ပြန်သည်ဟု PACE အဖွဲ့၏ ထုတ် ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို လေ့လာခွင့် စတင်လျှောက်ထားနိုင်ကြောင်း ကော်မရှင် က ဇူလိုင် ၇ ရက်တွင် ကြေညာပြီးနောက် ဇူ လိုင် ၁၄ ရက်တွင် PACE က လေ့လာခွင့် လျှောက်ထားခဲ့ပြီး လေ့လာခွင့်မပြုနိုင်ကြောင်းကို ကော်မရှင်က ဇူလိုင် ၃၀ ရက် တွင် ပြန်လည်အကြောင်းပြန်ခဲ့ခြင်းဖြစ် သည်။

ဇူလိုင် ၃၀ ရက် နေ့စွဲဖြင့် PACE အဖွဲ့ ထံပေးပို့ခဲ့သည့် ကော်မရှင်၏အကြောင်း ကြားစာတွင် “ရွေးကောက်ပွဲလေ့လာခွင့် ပြုရန်အတွက် အသိအမှတ်ပြုလွှာထုတ်ပေး နိုင်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့ပါသည်”ဟု ရေးထားသည်။ ကော်မရှင်က PACE အဖွဲ့ အား “အသိအမှတ်ပြုလွှာ”ထုတ်မပေးခြင်း သည် နောက်တစ်ဆင့်ဖြစ်သည့် အဖွဲ့ကိုယ် စား လေ့လာစောင့်ကြည့်ခွင့် မပေးနိုင်ရန် ကြိုတင်တားမြစ် ပိတ်ပင်လိုက်သည့် သ ဘောမျိုး ဖြစ်ခဲ့သည်။

အဆိုပါလုပ်ရပ်သည် ယခင် စစ်ခေါင်း ဆောင်ဟောင်း ဦးတင်အေးကော်မရှင်လက် ထက်ကပင် မလုပ်ခဲ့သည့်အလုပ်ကို အရပ် သားကော်မရှင်လက်ထက်တွင် ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

အဆိုပါလုပ်ရပ်နှင့်ပတ်သက်၍ အရပ် ဘက်အဖွဲ့အစည်း ၄၀၀ ကျော်က ကော်မရှင် အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲလွတ်လပ်၍ တရားမျှတမှုရှိကြောင်း အာမခံရန်နှင့် ရွေး ကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းများအား ကန့်သတ်ပိတ်ပင်မှုများကို ပြန်လည်သုံးသပ် ပြင်ဆင်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှား မှုအဖွဲ့(PACE) ကို ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် လေ့လာစောင့်ကြည့်ခွင့် ပိတ် ပင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်အပြီးတွင် အဖွဲ့အ စည်း ၄၀၀ ကျော်က တောင်းဆိုခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ကော်မရှင်အနေဖြင့် PACE အဖွဲ့အား ရွေးကောက်ပွဲလေ့လာ ခွင့်ကို ပြန်လည်ခွင့်ပြုပေးခဲ့သည်။

ထို့ကြောင့် ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်သည့် အရပ်ဘက်အဖွဲ့အစည်း များ၏ လုပ်ငန်းစဉ်များတွင် ကန့်သတ်ချက် များရှိသည့်အတွက် ကော်မရှင်၏ ပွင့်လင်း မြင်သာမှုအပေါ် အရပ်ဘက်အဖွဲ့အစည်း များက မေးခွန်းထုတ်မှုများရှိခဲ့သည်။

(၄) အများယုံကြည်မှုရှိစေခြင်း

အများယုံကြည်မှုရှိစေခြင်းဆိုသည့် ကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲကော်မ ရှင်၏ ရက် ၉၀ ပြင်ဆင်ချက်အပေါ်တိုင်းရင်း သားပါတီအများစုက သဘောထားကွဲလွဲမှု ကြီးကြီးမားမားရှိခဲ့သည့်အတွက် ယင်းက လည်း မေးခွန်းထုတ်စရာကောင်းနေသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ် တော်တို့၏ ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်ထားသည့် ဥပဒေကြမ်း များကို လွှတ်တော်ကိုယ်စားလှယ်များ လေ့ လာနိုင်ရန် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက် နေ့စွဲဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖြန့်ဝေခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲနည်းဥပဒေ ပြင်ဆင်ချက်များထဲတွင် နိုင်ငံသားတစ်ဦး၏ ဆန္ဒမဲပေးပိုင်ခွင့်နှင့်သက်ဆိုင်သည့် ပုဒ်မပြင်ဆင် ချက်အပေါ် တိုင်းရင်းသားနိုင်ငံရေးပါတီ များ သတိပြုမိခဲ့သည်။ အဆိုပါ ပုဒ်မမှာ ပုဒ်မ ၁၀ ဖြစ်ပြီး မြန်မာပြည်တွင်း ရွှေ့ပြောင်းနေ ထိုင်သူ၊ ရွှေ့ပြောင်း လုပ်သားများ ဆန္ဒမဲပေး နိုင်ရေး ရည်ရွယ်သည့်ပုဒ်မဖြစ်သည်။

၂၀၁၀ ပြည့်နှစ် မတ် ၁၇ ရက်က အသက်ဝင်ခဲ့သည့် ရွေးကောက်ပွဲနည်းဥပ ဒေ ပုဒ်မ ၁၀ တွင် မဲဆန္ဒနယ်ပြင်ပရောက်ရှိ နေပြီး မိမိနေရပ်သို့ အကြောင်းအမျိုးမျိုး ကြောင့် ပြန်လည်မဲမပေးလိုသည့် မဲဆန္ဒရှင် များအနေဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ် အတွင်း မဲပေးလိုလျှင် အနည်းဆုံး ရက် ပေါင်း ၁၈၀ (တစ်နည်း ခြောက်လ) နေထိုင် ပြီးဖြစ်ရမည်ဟု  ပြဋ္ဌာန်းထားသည်။

သို့သော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်ရန် အဆိုပြုထားသည့် နည်းဥပဒေ ပြင်ဆင်ချက်တွင်မူ ရက် ၉၀ နေ ထိုင်ရုံမျှဖြင့် မိမိရောက်ရှိရာ မဲဆန္ဒနယ် မြေအတွင်း မဲပေးနိုင်မည်ဖြစ်သည်။

ရက် ၁၈၀ မှ ရက် ၉၀ လျှော့ချသည့် နည်းဥပဒေပြင်ဆင်ချက်သည် မဲဆန္ဒရှင်များ ပြားသည့် မဲဆန္ဒနယ်များတွင် ကြီးမားသည့် သက်ရောက်မှု မရှိနိုင်သော်လည်း မဲဆန္ဒရှင် နည်းပါးသည့် ပြည်နယ်မဲဆန္ဒနယ်များတွင် အငြင်းပွားစရာကိစ္စရပ်များဖြစ်လာမည်ကို စိုးရိမ်မှုရှိကြောင်း တိုင်းရင်းသားပါတီအချို့ နှင့် လေ့လာစောင့်ကြည့်သူတို့က ပြောကြား သည်။

“တချို့ဒေသတွေမှာ မဲကွာဟချက်က လေး၊ ငါးရာ၊ တစ်ထောင်။ အဲဒီလောက်ပဲရှိ တယ်။ အဲဒီလောက်ပဲရှိတဲ့အခါကျရင် ဒီရဲ့ သတ်မှတ်ချက်က ရက်တိုတောင်းတဲ့အတွက် ဥပမာစိုက်ပျိုးရေး ကုမ္ပဏီတွေရှိတဲ့ ဧရိယာ တွေ၊ သတ္တုကုမ္ပဏီတွေရှိတဲ့ ဧရိယာတွေ၊ နောက်တစ်ခါ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရှိတဲ့ မဲဆန္ဒနယ်တွေမှာ တစ်ဖက်က လုပ်ငန်း ရှင်တွေက အလုပ်သမားတွေ အများကြီး ခေါ်လာပြီးမှ မဲပေးခိုင်းလိုက်ရင် ဒေသခံ တိုင်းရင်းသားပါတီတွေအတွက် အများကြီး နစ်နာနိုင်တယ်”ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ မိုင်းရှူးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောကြားသည်။

တိုင်းရင်းသားပါတီများအနေဖြင့် နည်း ဥပဒေပြင်ဆင်ချက်ကို စိုးရိမ်မှုများရှိနေ သည့်အပြင် မူလပြဋ္ဌာန်းချက်ကို နှစ်သက် ခြင်း မရှိခဲ့ပေ။ ရွှေ့ပြောင်းမဲဆန္ဒရှင်များအနေဖြင့် မူရင်းမဲဆန္ဒနယ်သို့ ပြန်လည်မဲပေး ခြင်းနှင့် ကြိုတင်မဲပေးခြင်းကိုသာ တိုင်းရင်း သားပါတီများက အရင်ကတည်းက လိုလား ခဲ့ခြင်းဖြစ်သည်။

“ဒေသခံတွေ ရွေးချယ်တာနဲ့ မူရင်းမဲ ဆန္ဒနယ်က အဝေးရောက်မဲဆန္ဒရှင်များ ရွေး ချယ်တာ မတူကွဲပြားရင် ဒေသခံတွေမှာ နစ် နာဆုံးရှုံးမှု ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ အ ကောင်းဆုံးကတော့ ကိုယ့်ရဲ့ဒေသမှာ မဲပေး တာကောင်းတယ်။ ပြန်ပြီး မဲပေးနိုင်လည်း ပေး။ ဒါမှမဟုတ် အခက်အခဲရှိရင် ကြိုတင် မဲပေး။ ဒါအကောင်းဆုံးပဲ”ဟု ကချင်ပြည် နယ် ပြည်သူ့ပါတီဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြောကြားသည်။

ရွှေ့ပြောင်းလုပ်သားများ မူလမဲဆန္ဒ နယ်မှ ကိုယ်စားလှယ်လောင်းကို ဆန္ဒမဲပေး နိုင်မည့်နည်းလမ်းများ ဖော်ဆောင်ပေးရန် ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံ ရေးပါတီများတွေ့ဆုံစဉ် တောင်းဆိုခဲ့ကြ သည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော် မရှင်၏ နည်းဥပဒေပြင်ဆင်ချက်မှာ ယင်း တောင်းဆိုချက်များအပေါ် ထည့်သွင်းစဉ်း စားခြင်း ရှိ၊ မရှိကိုမူ မေးခွန်းထုတ်ရဖွယ်ရှိဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအ တွင်းရေးမှူး (၁) နိုင်လယိတမက ပြောကြား သည်။

“ပြည်ပရောက်နေတဲ့ ရွှေ့ပြောင်းလုပ် သားတွေကိုတောင်မှ ကြိုတင်မဲပေးဖို့ စီစဉ် နိုင်သေးတာပဲ။ ဆိုတော့ ပြည်တွင်းရွှေ့ပြောင်း လုပ်သားတွေကိုလည်း မူလဒေသမှာ အရွေး ခံတဲ့ကိုယ်စားလှယ်တွေကို ကြိုတင်မဲပေးနိုင် ဖို့ စီစဉ်သင့်တယ်”ဟု ၎င်းက ထောက်ပြ သည်။

ရွှေ့ပြောင်းလုပ်သားများနှင့် ယာယီ ရွှေ့ပြောင်းသူများအတွက် နိုင်ငံရေးအခွင့် အလမ်းကို ၎င်း၏ မူရင်းဒေသ၌သာ အ ကောင်အထည်ဖော်သင့်ပြီး ခေတ္တရောက်ရှိ ရာ ဒေသအတွက် နိုင်ငံရေးအဆုံးအဖြတ် ပေးခိုင်းခြင်းမှာ ဒေသခံများ၏ နိုင်ငံရေး အခွင့်အလမ်းကို စွက်ဖက်ကျူးကျော်ခွင့်ပေး ခြင်းဟု သုံးသပ်ကြောင်း ကချင်အမျိုးသား ကွန်ဂရက်ပါတီက ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် သဘောထားထုတ်ပြန်သည်။

တိုင်းရင်းသားပါတီအများစုက ကန့် ကွက်မှုများရှိခဲ့သော်လည်း NLD လွှတ်တော် ကိုယ်စားလှယ် အများစုရှိနေသည့် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုခဲ့သည့်အတွက် ကော်မရှင်အ ပေါ်တွင် နိုင်ငံရေးလေ့လာသူများ၏ ဝေဖန် မှုများက ပြင်းပြင်းထန်ထန် ရှိခဲ့သည်။

(၅) ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေခြင်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲသည် အရောင်အသွေးစုံသည့် ရွေးကောက်ပွဲဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ အနီနှင့် အစိမ်း နှစ်ခုတည်း ပြိုင်ဆိုင်ရမည့် ရွေး ကောက်ပွဲမျိုး မဟုတ်တော့ပေ။

ပြည်မတွင် လူထုစိတ်ဝင်စားမှုမြင့် သည့် နိုင်ငံရေးပါတီအသစ်များ ပေါ်ပေါက် လာသကဲ့သို့ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားပါတီများက ပါတီအချင်းချင်း ပေါင်း၍ ပြင်ဆင်မှု အားကောင်းလာခဲ့သည့် အတွက် ၂၀၂၀ ရွေးကောက်ပွဲသည် ရောင်စုံ ပါတီများဖြင့် ရွေးချယ်စရာများပြားသည့် ရွေးကောက်ပွဲဖြစ်သည်။

သို့သော် လက်ရှိတွင် မြန်မာနိုင်ငံ၌ ကို ဗစ်ဒုတိယလှိုင်းဖြစ်ပွားနေချိန်ဖြစ်သည်။ ကို ဗစ် ဒုတိယလှိုင်းအတွင်း ရန်ကုန်နှင့် ရခိုင်တို့ မှာ အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံ တွင် ကိုဗစ်ပထမလှိုင်းအဖြစ် ချင်းပြည်နယ်မှ လူနာတစ်ဦးကို မတ် ၂၃ ရက်တွင် စတင် တွေ့ရှိခဲ့သည်။

ပထမလှိုင်းကာလအတွင်း ကူးစက်ခံ ရသူများမှာ ရောဂါရှိသူနှင့်ထိတွေ့ခဲ့သူနှင့် ကိုဗစ်ဖြစ်ပွားရာနိုင်ငံများမှ ပြန်လာသူများ တွင်သာ တွေ့ရှိခဲ့သည်။ ပထမလှိုင်း လေးလ ကျော်အတွင်း ၃၇၀ ကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူမှာလည်း ခြောက်ဦးသာ ရှိခဲ့ သည်။ 

မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း သည် ရခိုင်ပြည်နယ်မှ စတင်ခဲ့သည်။ သြ ဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ ဘဏ်ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိရာက ဒုတိယလှိုင်းဖြစ်ပွားခဲ့ ခြင်း ဖြစ်သည်။ ဒုတိယလှိုင်းဖြစ်ပွားပြီးနှစ်လ နီးပါးအကြာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ အောက်တိုဘာ ၁၀ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ ၂၆ç၀၆၄ ကျော်ရှိပြီး သေဆုံးလူနာ ၅၉၈ ဦးအထိ မြင့်တက်ခဲ့ သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါကူးစက် မှုသည် ကယားပြည်နယ်မှလွဲ၍ ကျန်သည့် တိုင်းနှင့်ပြည်နယ်အသီးသီးသို့ ပျံ့နှံ့နေပြီဖြစ် သည်။

ကိုဗစ်ပထမလှိုင်းတွင် မတ်လမှ စတင် ၍ အစိုးရက လူစုဝေးခြင်းနှင့် အခမ်းအနား များ ကျင်းပခြင်းကို တားမြစ်ခဲ့ပြီး ပိုမိုတိကျ သည့်အမိန့်တစ်ရပ်အဖြစ် ဧပြီလတွင် လူငါး ဦးနှင့်အထက် စုဝေးခြင်းကို တားမြစ်ခဲ့သည်။ လက်ရှိတွင် နိုင်ငံရေးပါတီများ၏ မဲဆွယ် စည်းရုံးခွင့် စက်တင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၆ ရက်အထိ ကော်မရှင်က ခွင့်ပြုပေးထား သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကလည်း မဲဆွယ်မည့်သူများကို မော်တော်ယာဉ်တစ်စီးတင်ဆောင်နိုင်သည့် လူဦး ရေပမာဏ၏ ထက်ဝက်ခန့်သာ တင်ဆောင် သွားရန်၊ နှာခေါင်းစည်းနှင့် မျက်နှာအကာ တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေ ခွာရန်၊ လူ ၅၀ ဦးထက်ပိုမစုဝေးရန် စသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာရန် စက် တင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။

COVID-19 ရောဂါပိုး တွေ့ရှိမှု ကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်အားလုံးကို Stay at Home အစီအစဉ်တွင် အကျုံးဝင် ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ‌ဌာနက အမိန့်ထုတ်ပြန်ထားသည်။

ထို့သို့ Stay at Home ကြေညာထားသည့်မြို့နယ်များနှင့်ပတ်သက်၍ ရွေးကောက် ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း မဲဆွယ် စည်းရုံးခြင်း၊ အိမ်တိုင်ရာရောက်မဲဆွယ်စည်း ရုံးခြင်း လုပ်ငန်းများ လုံးဝ(လုံးဝ) ဆောင် ရွက်ခြင်းမပြုရန် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စက်တင်ဘာ ၇ ရက်တွင် ကြေညာထားသည်။

မဲဆွယ်ကာလအတွင်း ကိုဗစ်ကပ်ရော ဂါကာကွယ်ရေး စည်းကမ်းချက်များကြောင့် နိုင်ငံရေးပါတီအများစုမှာ မဲဆွယ်စည်းရုံး ရာ၌ အခက်အခဲများရှိနေသည်။

လက်ရှိမဲဆွယ်စည်းရုံးရေးကာလတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို Stay at Home ကြေညာထားသောကြောင့် လွှတ် တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမိတ် ဆက်ခြင်းများ လုပ်ခွင့်မရသဖြင့် အခက်ခဲများရှိကြောင်း ပြည်သူ့ရှေ့ဆောင် ပါတီ(PPP) ဥက္ကဋ္ဌ ဒေါက်တာသက်သက် ခိုင်က ပြောကြားသည်။

“အဓိကကတော့ Door to Door မသွားရတော့ ပြည်သူလူထုနဲ့ ကိုယ်စားလှယ်လောင်းတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံနှုတ်ဆက်တာ၊ စကားပြောတာ။ ဒါလေးတွေ လုပ်ခွင့်မရဘူး။ အဲဒါကတော့ အခက်အခဲတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ ဆိုရှယ်မီဒီယာ သုံးတယ်။ Billboard ထောင် တာတို့တွေ လုပ်ပါတယ်။ စက်တင်ဘာ ၁၉ ရက်အထိတော့ ကားစတစ်ကာတွေနဲ့ လှည့် လည်တာလုပ်ပါတယ်။ အခုချိန်မှာတော့ ကားစတစ်ကာ ကပ်တာရပ်ထားပါတယ်”ဟု ဒေါက်တာသက်သက်ခိုင်က ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် (SNLD) ပါတီကမူ ကိုဗစ်ကပ်ရောဂါကြောင့် လူထုကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ဆင်းပြီး ထိတွေ့ခွင့်မရသည့်အတွက် ကော်မတီမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် မဲဆွယ်စည်းရုံးရေးဗဟိုကော်မတီကို ဖွဲ့စည်း ခဲ့ကြောင်း SNLD ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

“အဓိကက ရွေးကောက်ပွဲ အောင်နိုင် ရေးပေါ့နော်။ အခုက COVID-19 ကြောင့် မို့ လူထုကြားထဲကို ကျယ်ကျယ်ပြန့်ပြန့် ဆင်းပြီး ထိတွေ့လို့မရဘူး။ အဲဒီအခါကျတော့ တခြားနည်းလမ်းနဲ့ ဘယ်လို ချဉ်းကပ်ရင် အဆင်ပြေမလဲဆိုတာကို ကော်မတီတွေက နေတစ်ဆင့် ကျွန်တော်တို့ ဘယ်လိုမျိုး အချင်းချင်း ချိတ်ဆက်ပြီး လုပ်နိုင်မလဲဆိုတာ စဉ်းစားရင်း ဒီကော်မတီကို ဖွဲ့စည်းတာပါ”ဟု  ဦးစိုင်းလိတ်က ဆိုသည်။

မဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုဗစ်ကန့်သတ်ချက်များကြောင့် တွင်တွင်ကျယ်ကျယ် မဲဆွယ်နိုင်ခြင်းမရှိကြောင်း နာဂအမျိုးသားပါတီ (NNP) ဗဟိုအထွေ ထွေ အတွင်းရေးမှူးချုပ် ထောင်းမကူရီက ပြောကြားသည်။

“ကျွန်တော်တို့ပါတီက မဲဆွယ်တဲ့အခါ မှာ COVID-19 ကြောင့်ခက်ခဲမှုရှိတယ်။ ဒါပေမဲ့လည်း ပြည်သူတွေရဲ့ထောက်ခံမှု ကတော့ ကျွန်တော်တို့အတွက် အဆင်ပြေ တယ်။ မဲဆွယ်စည်းရုံးရေး မဟုတ်ဘဲနဲ့ COVID-19 ကိစ္စကိုပဲ ဦးစားပေးတဲ့ ပုံစံမျိုး ကို ရောက်သွားတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလက ရက်ပေါင်း ၆၀ ပဲပေးထားတော့ ကျွန်တော် တို့မှာ အခက်အခဲအများကြီးရှိတယ်။ ဒီကာ လမှာ ကန့်သတ်ချက်တွေကြောင့် အရင်က လိုတော့ တွင်တွင်ကျယ်ကျယ် မဲဆွယ်နိုင်တဲ့ အနေအထားမျိုးတော့မရှိဘူး”ဟု ၎င်းင်းက ပြောကြားသည်။

ထို့အတူ COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသောကာလဖြစ်သည့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းရာတွင် အခက်အခဲများ တွေ့ကြုံနေရကြောင်း မွန်ညီညွတ်ရေး ပါတီမှ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမင်းထွန်းက ပြောကြားသည်။

“စည်းရုံးရေးဆင်းတဲ့အခါမှာ တွေ့ကြုံရတာက ကျိုက်ထိုမြို့ပေါ်က ပြည်သူတွေဆို ရင် အပြင်သိပ်မထွက်ကြတော့ဘူး။ ကျေးရွာတွေကိုသွားရင်လည်း ပါတီမိတ်ဆက်လုပ်ဖို့ အတွက်ကို သက်ဆိုင်ရာကျေးရွာက ရာအိမ်မှူးတွေကို အကူအညီတောင်းပြီးတော့မှ ပြည်သူ လေး၊ ငါး၊ ၁၀ ယောက်လောက် စုပေးဖို ့ပြောဆိုပြီးတော့မှ ကျွန်တော်တို့က စည်းရုံးရတာတွေရှိပါတယ်။ တချို့ရွာတွေ ကျတော့ ပေးမဝင်တာတွေရှိတယ်။ ဂိတ်တွေ ထားပြီး တားထားတာတွေရှိပါတယ်။ ဘယ်ပါတီကိုမှ ပေးမဝင်ဘူးဆိုပြီး ပြောတာတွေလည်း ရှိပါတယ်” ဟု ဦးဝင်းမင်းထွန်းက ပြောကြားသည်။

အဆိုးဆုံးမှာ ရခိုင်ပြည်နယ်ဖြစ်သည်။ ရခိုင်ပြည်နယ်သည် ကိုဗစ်ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းကဲ့သို့ပင် အထိအနာဆုံးပြည်နယ်လည်း ဖြစ်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးကို Stay at Home အစီအစဉ် တွင်ပါဝင်ကြောင်း အစိုးရက အမိန့်ထုတ် ပြန်ထားသည်။

ရခိုင်ပြည်နယ်သည် COVID-19 ဒဏ်ကိုသာမက စစ်ပွဲဒဏ်ကိုလည်း ခံစားနေရပြီး ပြည်သူများအတွက် သတင်းအချက်အလက် လျင်လျင်မြန်မြန်မရောက်ရှိသည့် ကိစ္စမှာလည်း အခက်အခဲတစ်ခု ဖြစ်သည် ဟု ရခိုင်အမျိုးသားပါတီမှ ဒေါ်ခင်စောဝေ က ဆိုသည်။

“အရေးအကြီးဆုံးအချက်က တိုက်ပွဲဖြစ်နေတဲ့ ရသေ့တောင်နဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွေမှာ အင်တာနက်က 2G လောက်ပဲ ရတယ်။ အခု မြန်မာပြည် ဘက်မှာက 4G ရနေတော့ အကုန်လုံးက Facebook  လိုမျိုး အွန်လိုင်းမီဒီယာကနေ တင်လို့ရတယ်။ မဲဆွယ်လို့ရတယ်။ ဒီဘက် က ကိုယ်စားလှယ်လောင်းတွေက  အဲဒီအခွင့် အရေး ဆုံးရှုံးနေတယ်” ဟု ၎င်းက ပြောကြားသည်။

မဲဆွယ်ကာလကို စက်တင်ဘာ ၈ ရက် က စတင်ရန် ခွင့်ပြုထားသော်လည်း အချိန် တစ်လပြည့်သည်အထိ မိမိ၏မဲဆန္ဒနယ်ကို မရောက်သေးသည့် ကိုယ်စားလှယ်လောင်း များ ရခိုင်ပြည်နယ်တွင် ရှိနေသည်။

တရားလွှတ်တော်ရှေ့နေ ဦးတင်ညို သည် ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြု၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားလွှတ် တော် ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ် သည်။

၎င်းဝင်ပြိုင်မည့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၁၁)တွင် ဂွမြို့နှင့် သံတွဲ မြို့ပါဝင်သည်။ ရခိုင်ပြည်နယ်တစ်ခုလုံး Stay at Home ကြေညာထားသည့်အတွက် အောင်နိုင်ရေးဆိုင်းဘုတ် ထူခြင်းနှင့် ပန်းဖ လက်ဝေခြင်းတို့ကိုသာ ပြုလုပ်နိုင်ကြောင်း ဦးတင်ညိုက ဆိုသည်။

စက်တင်ဘာ ၈ ရက်က မဲဆွယ်စည်း ရုံးခွင့်ရသော်လည်း ကိုဗစ်ကန့်သတ်ချက် များကြောင့် ၎င်းင်းအနေဖြင့် သံတွဲမြို့သို့ သွား ရောက်၍ မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိသေး ကြောင်း ဦးတင်ညိုက ပြောကြားသည်။

“ကျွန်တော်ဆိုရင် သံတွဲနဲ့ ဂွနှစ်မြို့နယ် ပါတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းပါ။ သံတွဲက မြို့နယ်လည်း မြို့နယ် ကြီး။ လူဦးရေလည်း များတယ်။ ကျွန်တော် ဆိုရင် သံတွဲကို ညအိပ်ညနေသွားလို့မရဘူး။ ဘာလို့လဲဆိုတော့ မြို့နယ်ကူးမယ်ဆိုရင် သံ တွဲမှာက ၂၁ ရက် Quarantine ဝင်ရမယ်။ အဲဒါကြောင့် ကျွန်တော်က အခုလောလော ဆယ် သံတွဲမြို့ကို တစ်ခေါက်မှ မရောက်နိုင်သေးဘူး။ မဲဆွယ်စည်းရုံးရေးနဲ့ပတ်သက်လို့ သံတွဲမှာ ဘာမှကို မလုပ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။

ထိုသို့သောအခြေအနေများကြောင့် ကိုယ်စားလှယ်လောင်းများအနေဖြင့် မဲဆန္ဒ ရှင်ပြည်သူများအား မျက်နှာပြရန်လိုပြီး ပြည်သူများက မဲပေးရမည့် ကိုယ်စားလှယ်လောင်း၏ မျက်နှာကို မြင်ဖူးခြင်းမရှိပါက လွတ်လပ်မျှတသည့်ရွေးကောက်ပွဲဖြစ်လိမ့်မည်မဟုတ်ကြောင်း ဦးတင်ညိုက ဆက် လက်ပြောကြားသည်။ 

“ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်းများတဲ့နေ ရာတွေမှာတော့ တင်းကျပ်တယ်ဆိုတာ မမှားပါဘူး။ ကျွန်တော်တို့ ဂွမြို့နယ်မှာဆိုရင် ရောဂါဖြစ်တဲ့သူတစ်ယောက်မှ မရှိတော့ ဘူး။ သံတွဲမှာဆိုရင်လည်း ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးရှိတာပေါ့။ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီ သွား သင့်သွားထိုက်တဲ့နေရာလေးတွေကို သွား လာခွင့်ရမှသာလျှင် မဲဆန္ဒရှင်ပြည်သူတွေ အရှေ့ကိုတော့ အနည်းဆုံးမျက်နှာပြဖို့တော့ လိုတယ်လို့ ကျွန်တော်မြင်တယ်။ ကိုယ့်ကို မဲ ပေးမယ့် မဲဆန္ဒရှင်ပြည်သူတွေက ကိုယ်စား လှယ်လောင်းကိုတောင် မမြင်ဖူးဘူးဆိုရင် တော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ် လိမ့်မယ်လို့ ကျွန်တော်ကတော့ မထင်ဘူး” ဟု ၎င်းက ဆိုသည်။

ထိုသို့ မဲဆွယ်ကာလအတွင်း အခက် အခဲများနှင့် အကန့်အသတ်များကြောင့် အဆင်မပြေမှုများရှိလာသည့်အတွက် နိုင်ငံ ရေးပါတီများက ရွေးကောက်ပွဲကို နောက် ဆုတ်ပေးရန် ကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့၍ တောင်းဆိုထားကြသည်။

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့ လျက်ရှိ၍ ရွေးကောက်ပွဲကို ကာလတစ်ခု အထိ ရွှေ့ဆိုင်းသင့်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက (DPNS) က စက် တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာပေး ပို့တောင်းဆိုသည်။

မဲဆွယ်စည်းရုံးရေးကာလ ဖြစ်သော် လည်း Stay at Home သတ်မှတ်သည့် မြို့ နယ်များတွင် မဲဆွယ်စည်းရုံးခွင့် မရရှိသည့် အခက်အခဲများနှင့် ကျန်းမာရေး အကန့် အသတ်များအောက်တွင် ပြည်သူများအနေ ဖြင့် နိုင်ငံရေးပါတီများ၏ မဲဆွယ်မှုကို စိတ် ဝင်စားမှု အားနည်းနိုင်သောကြောင့် ရွေး ကောက်ပွဲရွှေ့ဆိုင်းရန် တောင်းဆိုခြင်းဖြစ် ကြောင်း ယင်းပါတီ တွဲဖက်အထွေထွေအ တွင်းရေးမှူး (၁) ဒေါ်နှင်းနှင်းမွှေးက မှတ် ချက်ပြုသည်။

“မဲဆွယ်စည်းရုံးမယ့်ကာလမှာ မဲဆွယ် ဖို့ မဖြစ်နိုင်တဲ့ အခြေအနေက ကျွန်မတို့ အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ လူ အား၊ ငွေအား စသဖြင့် အရင်းအမြစ်များတဲ့ ပါတီကြီးအတွက်က သိပ်ပြဿနာမရှိပေမဲ့ အရင်းအမြစ်နည်းပါးတဲ့ ပါတီတွေအတွက် တော်တော်ကို စိန်ခေါ်မှုကြီးမားပြီးတော့ နစ်နာမှုတွေ ဖြစ်လာနိုင်တယ်”ဟု ဒေါ်နှင်း နှင်းမွှေးက ပြောကြားသည်။

လက်ရှိတွင် ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၏ နေ့စဉ်ဓာတ်ခွဲအတည် ပြုလူနာတစ်ထောင်ရှိနေပြီး သေဆုံးမှာ လည်း နေ့စဉ်နီးပါးရှိနေသည်။ ထိုသို့ကပ် ရောဂါ ပျံ့နှံ့မှုနှုန်း ပြင်းထန်နေသည့်အတွက် အခြေအနေတစ်ခုအထိ ဦးစားပေးဆောင် ရွက်သင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

“ကိုဗစ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့ အခြေ အနေတစ်ခုအထိ ဦးစားပေးပြီး ဆောင်ရွက် သင့်တယ်။ လိုအပ်ရင် ရွေးကောက်ပွဲ ရွှေ့ ဆိုင်းသင့်တယ်”ဟု ဦးကိုကိုကြီးက ဆိုသည်။

ပြည်သူ့ပါတီအနေဖြင့်  COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေများကြောင့် လာမည့် ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန် ပိုင်းအထိ ရွှေ့ဆိုင်းသင့်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အိတ် ဖွင့်ပေးစာပေးပို့ထားသည်။

ရွေးကောက်ပွဲရွေ့ဆိုင်းစေချင်သည့် အချက်နှစ်ချက်ရှိပြီး နံပါတ်(၁) အချက်သည် လွတ်လပ်ပြီး တရားမျှတသည်ရွေးကောက်ပွဲဖြစ်စေချင်ကြောင်းနှင့် နံပါတ်(၂) အချက် မှာ နိုင်ငံရေး မတည်မငြိမ် မဖြစ်စေချင်သည့် အတွက်ဖြစ်ကြောင်း ပြည်သူ့ရှေ့ဆောင်ပါ တီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြော ကြားသည်။

“ရွေးကောက်ပွဲဘာလို့ ရွှေ့ဆိုင်းစေချင် တာလဲဆိုတော့ အချက်နှစ်ချက်ကြောင့်ပါ။ နံပါတ်(၁)အချက်က လွတ်လပ်ပြီး တရား မျှတတဲ့ရွေးကောက်ပွဲ ဖြစ်စေချင်တယ်။ အဲ ဒီလိုဖြစ်ဖို့အတွက် ပါတီဝင်တွေ၊ ပါတီတွေ၊ ပြီးလို့ရှိရင် ကိုယ်စားလှယ်လောင်းတွေကနေ ကျွန်မတို့ လွတ်လွတ်လပ်မဲဆွယ်စည်းရုံးတာ ဖြစ်ရမယ်။ အဲဒါမှ ပြည်သူလူထုကလည်း သတင်းအချက်အလက် သိပြီးတော့မှ တကယ်အသည်းကြား မဲတစ်ပြားကို ဆုံး ဖြတ်နိုင်မှာဖြစ်တယ်။ ဒုတိယတစ်ခုက နိုင်ငံ ရေး မတည်မငြိမ်လည်း မဖြစ်စေချင်ဘူး။ လွှတ်တော်က အချိန်တန်ရင် သက်တမ်းကုန် မယ်။ အစိုးရကလည်း အချိန်တန်သက်တမ်း ကုန်မယ်။ ကိုဗစ်ကို စောင့်ရင်းစောင့်ရင်းနဲ့ အစိုးရနဲ့ လွှတ်တော်သက်တမ်းကုန်တဲ့အချိန် မှာ နောက်လွှတ်တော်၊ နောက်အစိုးရမလာ နိုင်ဘူးဆိုရင် ကြားဖြတ်အစိုးရတက်မယ်။ ဒါမျိုးအခြေအနေကိုလည်း မလိုလားဘူး။ မလိုလားတဲ့ Date ကို အတိအကျနဲ့ နောက် ဆုံး ၂၀၂၀ ဒီဇင်ဘာ ၂၇ ရက်နေ့ တနင်္ဂနွေ နေ့ပေါ့။ အဲဒီလိုမျိုးရွေးလိုက်တယ်ဆိုရင် ဒီ ကြားထဲမှာ ကိုဗစ်ကို ကာကွယ်ထိန်းချုပ်တာ လုပ်ပြီးရင် အဲဒီအချိန်ထိ ရွေးကောက်ပွဲကို နောက်ဆုတ်လို့ရတယ်”ဟု ၎င်းက ဆိုသည်။

ဒေါက်တာသက်သက်ခိုင်၏ ပြည်သူ့ ရှေ့ဆောင်ပါတီမှာလည်း COVID-19 ကူး စက်ပြန့်ပွားမှု အခြေအနေများကြောင့် လာ မည့် ရွေးကောက်ပွဲကို ဒီဇင်ဘာလကုန်ပိုင်း အထိ ရွှေ့ဆိုင်းသင့်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့ထားသည့် ပါတီဖြစ်သည်။

ထို့ပြင် အတိုက်အခံပါတီကြီးဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကလည်း ၎င်းင်း၏ မိတ်ဖက်ပါတီများ ပါဝင် သည့် အိတ်ဖွင့်ပေးစာကို ရွေးကောက်ပွဲ ကော်မရှင်ထံ ပေးပို့ခဲ့သည်။ အဆိုပါအိတ် ဖွင့်ပေးစာတွင် ကော်မရှင်အနေဖြင့်  COVID-19 ကူးစက်ပြန့်ပွားမှု အခြေအနေ များကြောင့် လာမည့် ရွေးကောက်ပွဲရွှေ့ ဆိုင်းရန် တောင်းဆိုထားခြင်း ဖြစ်သည်။

ထိုသို့တောင်းဆိုမှုများရှိသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲကို ရွှေ့မည်မဟုတ်ကြောင်း အခိုင်အမာပြောကြားထားသည်။ အကယ် ၍ COVID ကူးစက်မှု များပြားလာပြီး ရွေး ကောက်ပွဲ ရွှေ့ဆိုင်းရမည့် အခြေအနေရှိ လျှင် ရွေးကောက်ပွဲကျင်းပရန် တစ်လဝန်း ကျင်အလိုမှသာ အသိပေးမည့် သဘောရှိနေ သည်။

ရွှေ့ဖို့အကြောင်း အခုထက်ထိ မရှိ သေးဘူးပေါ့။ ရွှေ့ရင် ကျွန်တော်တို့ အောက် တိုဘာလလောက်မှာ ကြိုပြီးတော့ ပြောမှာ ပေါ့။ (ပိုးရှိသူတွေ) များများလာတယ်ဆို တာကလည်း စစ်တွေနဲ့ ရန်ကုန်ပေါ့နော်။ တခြားနေရာတွေ ဒီလောက် မရှိသေးပါဘူး။ ရွှေ့ဖို့ရှိတယ်ဆိုရင်လည်း ခါတိုင်းကတော့ အောက်တိုဘာလမှ ကြိုပြီး အသိပေးတာ ပေါ့”ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က စက်တင်ဘာ ၂ ရက် နေပြည်တော် ကော်မ ရှင်ရုံး၌ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်ကလည်း ရွေးကောက်ပွဲ သည် COVID-19 နှင့် တန်းတူအရေးကြီး ကြောင်း စက်တင်ဘာ ၂၉ ရက်က ပြောကြား ထားသည်။

“ရွေးကောက်ပွဲတွေဆိုတာလည်း  COVID-19 နဲ့ တန်းတူအရေးကြီးတယ်။တန်းတူထက်တောင်မှ ပိုတယ်လို့တောင် ဆို လို့ရပါတယ်။ ဘာလို့လဲဆိုတော့ COVID-19 ဆိုတာ အခုလက်ရှိ ကျွန်မတို့အနေနဲ့ ကာကွယ်ဆေးပေါ်တာနဲ့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်မယ်လို့ ကျွန်မတို့ မျှော်လင့် ထားတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၂၀၂၀ ရွေး​ကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ ၃၇ သန်းခန့်ရှိပြီး မဲရုံ ၄၀,၀၀၀ ခန့် အသုံးပြုသွားမည်ဟု ရွေးကောက်ပွဲကော် မရှင်က မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါမဖြစ်ပွားမီ ယခုနှစ်အတွင်း ကြေ ညာခဲ့ဖူးသည်။

ကော်မရှင်အနေဖြင့် မဖြစ်မနေ ရွေးကောက်ပွဲကို လုပ်မည်ဆိုပါက ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်း ကျ မကျ မည်သို့ အာမခံ၍ လုပ်ဆောင်မည်ဆို သည့်ကိစ္စက စိတ်ဝင်စားဖို့ကောင်းသည်။

ကိုဗစ်ရောဂါ ကူးစက်မှုသည် ယခုလို နိုဝင်ဘာလအထိ ဆက်လက် မြင့်တက်နေမည်ဆိုပါက Stay at Home မြို့နယ်များရှိ မဲဆန္ဒရှင်များအနေဖြင့် မဲထွက်ပေးနိုင်မည်လားဆိုသည်ကို စဉ်းစားရမည်ဖြစ် သည့်အပြင် Quarantine ဝင်နေသူများ၏ မဲပေးခွင့်ကိုလည်း မည်သို့လုပ်ဆောင်မည်အစရှိသည်တို့မှာလည်း စဉ်းစားဖွယ်ရာ ပင်ဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲနေ့တွင် မဲလာပေးသူ မဲဆန္ဒရှင်များ၊ မဲရုံးမှူး၊ မဲရုံစောင့် များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း များ အစရှိသူ အားလုံး ကိုဗစ်ရောဂါ မကူး စက်ရေးအတွက် ကော်မရှင်အနေဖြင့် အစီအမံများ ချမှတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

လူစုလူဝေး အယောက် ၅၀ ထက်မပို ရဟု အစိုးရက သတ်မှတ်ထားသည့်အတွက် မဲပေးမည့်နေ့တွင် အစုလိုက် အပြုံလိုက် ထွက်လာနိုင်သည့် လူအုပ်ကြီးကို မည်သို့ ကိုင်တွယ်မည်ဆိုသည်ကလည်း စဉ်းစား စရာပင်။ ကိုယ်တိုင်ပိုးရှိမှန်း မသိသူတစ် ဦးက လူအုပ်ကြီးထဲ ပါလာမည်ဆိုလျှင် ထပ် ဆင့်ကူးသူများကို မည်သို့ရှာဖွေရန် စီမံထား သနည်း။ ရွေးကောက်ပွဲကျင်းပမည့် နိုဝင် ဘာလ ၈ ရက်တွင် ညနေ ၄ နာရီ နောက်ဆုံး မဲပေးရမည်ဖြစ်သောကြောင့် စိုးရိမ်ဖွယ် လူစုလူဝေးမဖြစ်ရန်အတွက် ကော်မရှင် အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ထားမှသာ အခြေအနေဟန်နိုင်မည့် အနေ အထားဖြစ်သည်။

ကော်မရှင်၏ ဆောင်ရွက်ချက်များကိုကြည့်ပါက မဲရုံပရိဝုဏ်ကို လူစုလူဝေး မဖြစ်ရန် ချဲ့ထားခြင်း၊ မဲရုံအရေအတွက် တိုးထားခြင်း၊ မဲရုံပရိဝုဏ်အတွင်း နှာခေါင်းစည်းနှင့် လက်ဆေးရည်များ ထားရှိထားခြင်း စသည့်အချက်များက လူစုလူဝေးမဖြစ် စေရန်နှင့် ကပ်ရောဂါကူးစက်မှု မရှိစေရန် အတွက် ဆောင်ရွက်ထားသည်ကို တွေ့ရ သည်။ သို့သော် ထိုမျှလောက်ဖြင့် မဲဆန္ဒရှင် များ၏ ရင်ထဲက ကြောက်စိတ်ကို ပျောက် ပျက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မထင်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင်  မဲ​ပေးပိုင်ခွင့်ရှိသူ ၃၄ ဒသမ၄ သန်းတွင် ဆန္ဒမဲပေးသူ ၆၉ ရာခိုင်နှုန်းရှိခဲ့သည်။ သို့ သော် ၂၀၁၅ အလွန်တွင် ကျင်းပသည့် ၂၀၁၇ နှင့် ၂၀၁၈ ကြားဖြတ်ရွေးကောက် ပွဲနှစ်ခုတွင် မဲရုံများသို့ လာရောက်မဲပေးသူ ၃၇ ရာခိုင်နှုန်းနှင့် ၄၂ ရာခိုင်နှုန်းသာရှိ ခဲ့သည်။

ထို့ကြောင့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အနေဖြင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပမည် ဆိုပါက ဥက္ကဋ္ဌ ဦးလှသိန်း ကတိပြုထားသည့်  ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ် ထပ်တည်းကျ မကျကို ဆက်လက်စောင့် ကြည့်ရမည်ဖြစ်ပေသည်။

နိုင်ငံတကာ ရွေးကောက်ပွဲများ

ခေတ်သစ်ကိုယ်စားပြု ဒီမိုကရေစီတစ် ရပ် မှန်ကန်စွာ အလုပ်ဖြစ်ရေးတွင် ပုံမှန် ကျင်းပသည့် ရွေးကောက်ပွဲများက အခြေခံ ကျသည်။ ရွေးကောက်ပွဲများသည် လေးနှစ် သို့မဟုတ် ငါးနှစ်ကြာပြီးနောက် မဲဆန္ဒရှင် ပြည်သူများအနေဖြင့် Mandate (အများ၏ ထောက်ခံမှုအရ ရရှိသော လုပ်ပိုင်ခွင့်အာ ဏာ) ကို ဆက်လက်ပေးအပ်ခြင်း သို့မဟုတ် ဟန့်တားပိတ်ဆို့ခြင်းတို့ဖြင့် ပြည်သူ့ကိုယ် စားလှယ်များ၏ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်ပြောဆိုခွင့်ရသည့် ကျင့်သုံးစရာ တစ်ခုတည်းသော အခွင့်အလမ်း ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲနှစ်အတွင်း COVID-19 ကဲ့သို့ ထိန်းချုပ်ရခက်ခဲနေသည့် ကပ် ရောဂါ ဖြစ်ပွားနေချိန်၌ မည်ကဲ့သို့ ပြုလုပ်ရ မည်နည်း။

ပြည်သူတို့၏ ကျန်းမာရေးကို ကာ ကွယ်စောင့်ရှောက်ရင်း ဒီမိုကရေစီ၏ ကျန်း မာရေးကို မည်သို့မည်ပုံ ထိန်းသိမ်းစောင့် ရှောက်မည်နည်းဟူသည် အစိုးရအဖွဲ့များ အတွက် ခေါင်းစားစရာဖြစ်သည်။

ရွေးကောက်ပွဲကျင်းပရန် စိန်ခေါ်မှုအချို့

ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်လိုသည့် နိုင်ငံများ အနေဖြင့် ရင်ဆိုင်ကြုံတွေ့ရနိုင်သော အ ဓိက စိန်ခေါ်မှုအချို့ ရှိသည်။ ၎င်းတို့မှာ -

မဲဆွယ်ခြင်း - ရွေးကောက်ပွဲများ၏ ထင်ရှားသော အမှတ်သညာ ဖြစ်သည့် ကြီး မားသော လူထုစုဝေးမှုများကို ဗိုင်းရပ်စ်ပိုး အကြီးအကျယ် ကူးစက်ပျံ့နှံ့နိုင်သည့် အန္တ ရာယ်အကြား စွန့်စားမှသာ ဖြစ်နိုင်ပေလိမ့် မည်။ လူကိုယ်တိုင် မဟုတ်ဘဲ လူမှုမီဒီယာ သို့မဟုတ် ပုံနှိပ်မီဒီယာများမှတစ်ဆင့် ပြု လုပ်သည့် Virtual Campaigning များနှင့် ရေဒီယို/ရုပ်မြင်သံကြားတို့မှ မဲဆွယ်မှုများနှင့်ပင် ကျေနပ်ကြရတော့မည်ဖြစ်သည်။ ယင်းတို့သည် ကုန်ကျစရိတ် များပြားမည်ဖြစ် သောကြောင့် ကုန်ကျစရိတ် မတတ်နိုင်သူ များကို ဖယ်ထုတ်ရာကျပြီး ဘဏ္ဍာရေးနှင့် နည်းပညာ သုံးစွဲနိုင်သူများအား အသာရ သွားစေနိုင်သည်။

တစ်အိမ်တက်ဆင်း မဲဆွယ်ခြင်း - ယင်းသည်လည်း အလားတူစွာပင် သက် ဆိုင်ရာနိုင်ငံ၏ ရောဂါ ဖြစ်ပွားမှုနှုန်းအပေါ် မလွှဲမရှောင်သာ မူတည်နေပြီး အန္တရာယ် လည်း များနိုင်သည်။ အီရန်နိုင်ငံတွင် နိုင်ငံ ရေးသမားများအကြား ရောဂါကူးစက်ခံရမှု နှုန်း မြင့်မားရခြင်းမှာ ၎င်းတို့၏ ရွေးကောက် ပွဲကာလအတွင်း မဲဆန္ဒရှင်များနှင့် ထိတွေ့ခဲ့ ရမှုများ၏ ရလဒ်ကြောင့်ဟု ဆိုကြသည်။

မဲရုံများ - မဲရုံစောင့်ရန် ဝန်ထမ်းများကို ရှာဖွေရေးသည် ပို၍ပို၍ ခက်ခဲလာခြင်းနှင့် အတူ မဲရုံ များအပေါ်လည်း ရိုက်ခတ်၍ လာ နိုင်သည်။ ၂၀၂၀ ခုနှစ် ဝှစ်ကွန်ဆင်ပြည် နယ် ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ရွေးပွဲ၌ မဲရုံစောင့်ဝန်ထမ်းများ ရုတ်တရက် ပြတ်လပ်မှုကြောင့် မီဝူကီးမြို့တွင် ပုံမှန်အ တိုင်း မဲရုံ ၁၈၀ ခုအစား ငါးခုသာ ထားရှိရ သည်။ ထို့ကြောင့် လူတန်းရှည်ကြီးများ တန်း စီစောင့်ဆိုင်းရသဖြင့် ရောဂါကူးစက်ပျံ့နှံ့ နိုင်သည့် အန္တရာယ် ပို၍များလေသည်။

ရွေးကောက်ပွဲစီမံခန့်ခွဲရေးအဖွဲ့များ၏ ကြိုတင်ပြင်ဆင်မှု - ရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းသည် လှုပ်ရှားသွားလာမှုနှင့် ထိ တွေ့မှုများကို ကန့်သတ်ထိန်းချုပ်ထားသည့် နေရာများ၌ အတိုင်းအဆမရှိ ပိုမိုခက်ခဲပေ လိမ့်မည်။ မဲပေးသူများ၏ ကျန်းမာရေး အန္တရာယ်အတွက် စွန့်စားမှုမလုပ်ဘဲ သို့မ ဟုတ် မဲပေးပိုင်ခွင့်ကို မလျှော့ချဘဲ COVID-19 ကာလအတွင်း ရွေး ကောက်ပွဲကျင်းပရန် လိုအပ်သည့် အုပ်ချုပ်ရေးဆိုင်ရာနှင့် ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းများကို တိုး၍ ပြင်ဆင်ရန် ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအ ဖွဲ့အများစုအတွက် ဖြစ်နိုင်ဖွယ်မရှိခြင်းက ပို၍အရေးကြီးသည်။

ရွေးကောက်ပွဲကျင်းပသည့် နိုင်ငံများ

နိုင်ငံအနည်းငယ်ခန့်က ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ရွေးကောက်ပွဲများ ကျင်းပနှင့်ခဲ့ပြီးဖြစ်သည်။ ယင်းတို့တွင် မာလီ၊ တောင်ကိုရီးယားနှင့် အမေရိကန်ပြည် ထောင်စု (ဝှစ်ကွန်ဆင်ပြည်နယ်) တို့ ပါဝင် သည်။

သို့သော် အချို့သော သာဓက များအရ COVID-19ရောဂါကူးစက်ပျံ့နှံ့မှု၏ အ ရိပ်မိုးမှုအောက်တွင် ကျင်းပခဲ့ရသည့် ယင်း ရွေးကောက်ပွဲများသည် နိုင်ငံသားများ၏ မဲပေးရန် အခြေခံအခွင့်အလမ်းကို လျော့ကျ စေခဲ့သည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ။

မာလီနိုင်ငံတွင် အကြမ်းဖက်မှုနှင့် ရွေးကောက်ပွဲများ မရှိသည့် ကာလလွန်စွာ ရှည်ကြာခဲ့မှုတို့အပါအဝင် စိန်ခေါ်မှု တစ်သီတစ်တန်းကြီးထဲသို့ COVID-19 ပြဿနာ က ဖြည့်စွက်ပါဝင်ခဲ့ခြင်းဖြစ်သည်။ အကျိုး ရလဒ်အဖြစ် လူအများစု နေအိမ်တွင်း၌သာ နေထိုင်ရန် ရွေးချယ်ခဲ့မှုနှင့်အတူ ယင်း စိုးရိမ်ဖွယ်ရာ အပေါင်းအစုကြီးက မာလီ နိုင်ငံသားတို့၏ မဲပေးရွေးချယ်မှု ကျင့်သုံးပိုင်ခွင့်အပေါ် မကောင်းသော ရိုက်ခတ်ချက် ကြီးမားခဲ့သည်။ မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများ၏ ၃၆ ရာခိုင်နှုန်းသာ  မဲပေးခဲ့ကြသည်။ ယင်းသည် မဲဆန္ဒရှင်ပြည်သူ အများစုအား မဲပေးပိုင်ခွင့် ရုပ်သိမ်းလိုက်သကဲ့သို့ ဖြစ်စေသည်။

စီးပွားရေး ပိုမိုဖွံ့ဖြိုးသည့်နိုင်ငံများ

စီးပွားရေး ပိုမိုဖွံ့ဖြိုးသည့် နိုင်ငံများ၌ပင်လျှင် အလားတူဖြစ်ခဲ့ သည်။ ရွှေ့ဆိုင်းရန် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဆုံးဖြတ်ချက်အား တရားရုံးက ပြန်လည်ပြောင်းလဲခဲ့ပြီး နောက် ကျင်းပခဲ့သည့် ဝှစ်ကိုဆင်ပြည်နယ် ရွေးကောက်ပွဲများ၌ မဲပေးသူအရေအတွက် သိသိသာသာ ကျဆင်းခဲ့သည်ကို တွေ့ရှိရသည်။

အကျိုးရလဒ်အနေဖြင့် လူကိုယ်တိုင် လာရောက်ခြင်းမဟုတ်သည့် မဲပေးမှုများ စံချိန်တင်မြင့် တက်ခဲ့ခြင်းမှာ ပို၍ အရေးပါပုံ ရသည်။ ကိုယ်တိုင်လာရောက်ခြင်း မဟုတ် သည့် မဲပေးမှုများဟူသည် စာပို့စနစ် သို့မ ဟုတ် အွန်လိုင်းမှတစ်ဆင့် မဲပေးမှုများနှင့် ကိုယ်စားမဲပေးမှုများကို ဆိုလိုသည်။ ယင်း သည် ၂၀၁၆ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းသာ ရှိရာမှ ယခု ၂၀၂၀ ပြည့်နှစ်တွင် (ခန့်မှန်း) ရာခိုင်နှုန်း ၈၀ အထိ ရှိလာခြင်းဖြစ်သည်။ လူအများ နေအိမ်တွင်း၌သာ နေထိုင်ကြ သည့်အခါ စာပို့ဝန်ဆောင်မှုစနစ်နှင့် အင် တာနက်ကဲ့သို့သော နည်းပညာကို အသုံးပြု နိုင်မှုက ရွေးကောက်ပွဲအတွက် ကြိုတင်လို အပ်ချက် ဖြစ်လာသည်။ နိုင်ငံအများအ ပြားတွင် ဆက်သွယ်ရေးအကန့်အသတ်ရှိ နေမှုတစ်ခုတည်းကပင် အသက်အန္တရာယ် ဖြင့် စွန့်စားလျက် လူကိုယ်တိုင် လာရောက် မဲမပေးလိုသူများအား အလိုအလျောက် မဲပေးပိုင်ခွင့် ရုပ်သိမ်းခံလိုက်ရသူများ ဖြစ် သွားစေခဲ့သည်။

တောင်ကိုရီးယားတွင် အစောပိုင်း မဲ ပေးမှုများကို စတင်သည့်အခါ ရောဂါကာ ကွယ်ရေးဝတ်စုံများ၊ လက်ဆေးရည်များနှင့် Social Distancing တို့ကို မဲရုံများတွင် တွေ့မြင်ရသည်။ ရွေးကောက်ပွဲများအား ယင်းကဲ့သို့ စနစ်တကျ လုပ်နိုင်မည့်နိုင်ငံ များများစားစား မရှိနိုင်ပါ။

အရှေ့တောင်အာရှနိုင်ငံအချို့

အင်ဒိုနီးရှား - ၂၀၂၀ အင်ဒိုနီးရှား ဒေသဆိုင်ရာ ရွေးကောက်ပွဲများကို စက်တင်ဘာ ၂၃ ရက်တွင် ကျင်းပရန် စီစဉ်ထား သော်လည်း ရွှေ့ဆိုင်းခဲ့ပြီး အင်ဒိုနီးရှား အထွေထွေရွေးကောက်ပွဲကော်မရှင်က အ စောဆုံးအဖြစ် ဒီဇင်ဘာ ၉ ရက်ကျမှသာ ကျင်းပရန် အဆိုပြုခဲ့သည်။ ယင်းအဆိုပြု ချက်ကို ပြည်သူ့ကိုယ်စားလှယ်များကောင် စီက အတည်ပြုခဲ့ပြီးနောက် သမ္မတ ဂျိုကို ဝီဒိုဒိုက မေ ၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့ သည်။ ရွေးကောက်ပွဲများအတွက် အစော ပိုင်းတွင် ဘတ်ဂျက်ချထားခဲ့သည့် အမေရိ ကန်ဒေါ်လာ သန်း ၅၅၀ ကိုလည်း ကပ်ရောဂါကို စီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ရေးအတွက် ပြန်လည်ချထားပေးခဲ့သည်။

ဖိလစ်ပိုင် - ဖိလစ်ပိုင်နိုင်ငံ၌ COVID-19 ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံးတွင် မဲဆန္ဒရှင်များ မှတ်ပုံတင်မှုကို ရွေးကောက် ပွဲကော်မရှင်က မတ် ၁၀ ရက်တွင် လကုန် အထိ ရွှေ့ဆိုင်းခဲ့သည်။ ယင်း နောက် မှတ်ပုံ တင်ခြင်းကို ၂၀၂၁ ခု နှစ် ဇန်နဝါရီ ၂၀ ရက် မှသာ စတင်မည်ဖြစ်ပြီး စက်တင်ဘာ ၃၀ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားသည်။ ၎င်းင်း အပြင် ရွှေ့ဆိုင်းမှုအား ဧပြီလကုန်အထိ ထပ်မံသက်တမ်းတိုးခဲ့ပြန်သည်။ မဲပေးခွင့် လက်မှတ်များ ထုတ်ပေးခြင်းကိုလည်း ထပ်မံ ရွှေ့ဆိုင်းခဲ့ပြီး ပြန်လည်အသိပေးသွားမည် ဟု ဆိုသည်။  ဖိလစ်ပိုင်နိုင်ငံတွင် တစ်နိုင်ငံ လုံးအတိုင်းအတာ ဖြင့် ရွေးကောက်ပွဲများကို ၂၀၂၂ ခု နှစ် မေလ၌ ကျင်းပရန် စီစဉ်ထား သည်။

ပလာဝမ်ပြည်နယ်ကို ပိုမို သေးငယ်သည့် ပြည်နယ်သုံးခုအ ဖြစ် ပိုင်းခြားရေးနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲကိုလည်း ၂၀၂၀ ပြည့်နှစ် မေလတွင် ပြုလုပ်ရန် စီစဉ် ထားပြီးမှ COVID-19 ကပ်ရော ဂါကြောင့် ကြန့်ကြာခဲ့ရသည်။ ပြည်နယ်၏ ဒေသဆိုင် ရာ လွှတ်တော် သည် အထူးအစည်းအဝေး တစ်ရပ်ကို ခေါ်ယူခဲ့ပြီး ၎င်းင်းတို့၏ ပြည်နယ် အုပ်ချုပ်ရေးမှူးအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို လူထုဆန္ဒခံယူပွဲ ရွှေ့ဆိုင်းရေး အတွက် တောင်းဆိုခိုင်းရန် ခွင့်ပြုသည့် ဆုံး ဖြတ်ချက်တစ်ရပ်အား အတည်ပြုသွားဖွယ် ရှိသည်။

စင်ကာပူ - ၂၀၂၀ စင်ကာပူ ရွေး ကောက်ပွဲကို ဇူလိုင် ၁၀ ရက်တွင် ကျင်းပခဲ့ပြီး စင်ကာပူနိုင်ငံသားများက နှာခေါင်းစည်း တပ်၊ လက်အိတ်ဝတ်  ဆန္ဒမဲပေးခဲ့ကြသည်။ ကပ်ရောဂါကြောင့် စင်ကာပူစီးပွားရေးမှာ အဆိုးဆုံးအခြေအနေသို့ ဦးတည်နေပြီး အ လုပ်အကိုင် တည်မြဲရေးက ရွေးကောက်ပွဲ အတွက် အရေးပါခဲ့သည်။

မဲရုံတာဝန်ရှိသူများက မဲပေးသူများကို အပူချိန် စစ်ဆေးခြင်းနှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ မဲပေးရေး စည်းကမ်းများအား လိုက်နာ ခြင်း ရှိ၊ မရှိ ကြပ်မတ်ခဲ့ပြီး လူစုလူ ဝေး မဖြစ်စေရန် သက်ကြီး ပိုင်းများအတွက်  နံနက်ပိုင်း မဲပေးချိန်ကို  သီးသန့်ထားရှိခဲ့ သည်။

 စင်ကာပူနိုင်ငံတွင် အောက်တိုဘာ ၁၀ ရက်ညပိုင်းအထိ COVID-19ရောဂါ ကူးစက်ခံရသူပေါင်း ၅၇ç ၈၆၆ ဦး ရှိသော် လည်း သေဆုံးသူ ၂၇ ဦးသာ ရှိသည်။ (မြန် မာနိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၂၆ç၀၆၄ ဦးနှင့် သေဆုံးသူ ၅၉၈ ဦး ရှိသည်)။

ရွေးကောက်ပွဲများ ကျင်းပခြင်းမှနေ၍ အန္တရာယ်များစွာ ထွက်ပေါ်လာခြင်းနှင့် အတူ ကိုရိုနာကပ်ရောဂါဘေးကြီး အဆုံး သတ်ချိန်အထိ ရွေးကောက်ပွဲများကို ရွှေ့ ဆိုင်းထားသင့်သည်သာ ဖြစ်၏။ သို့သော် ယင်းကဲ့သို့သော တုံ့ပြန်ချက်မျိုးသည်လည်း ပြည်သူလူထုနှင့် ပတ်သက်၍လည်းကောင်း၊ ခေါင်းဆောင်မှုနှင့်ပတ်သက်၍လည်း ကောင်း သူ့ပြဿနာနှင့်သူ ရှိသည်သာ ဖြစ် ၏။ ယင်းပြဿနာများမှာ အောက်ပါအတိုင်း ဖြစ်သည်။

Mandate  (အများ၏ထောက်ခံမှုအရ ရရှိသော လုပ်ပိုင်ခွင့် အာဏာ) - ကိုယ် စား လှယ်များအနေဖြင့် ၎င်းင်းတို့၏ ရွေးကောက် တင်မြှောက်ခံသက်တမ်းကို ကျော်လွန်သွား ပါက အစိုးရအဖွဲ့အနေဖြင့် တရားမဝင် တော့ဟု ဆိုရမည်သာ ဖြစ်သည်။

ဒီမိုကရေစီအခွင့်အရေး - ကမ္ဘာတစ် လွှားရှိ အစိုးရအဖွဲ့များစွာ တို့ သုံးစွဲခဲ့သည့် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ ချက်များသည် ရွေးကောက်ပွဲများအား အ ဆက်မပြတ် ဖျက်သိမ်းနေရခြင်း သို့မဟုတ် ရွှေ့ဆိုင်းနေရခြင်းတို့ကြောင့် အာဏာဆုံး ရှုံးမည့် အန္တ ရာယ်အတွက် ပုံမှန်မဟုတ်သည့် ကြိုတင်ကာကွယ်မှုတစ်ရပ် ဖြစ်စေနိုင် သည်။ အချိန်အကန့်အသတ်မရှိ အမိန့် ကြော်ငြာစာများဖြင့် အုပ်ချုပ်ရန် ဗစ်တာ အော်ဘန်းအား အာဏာပေးအပ်သည့် ဆုံး ဖြတ်ချက်တစ်ရပ်ကို ဟန်ဂေရီနိုင်ငံ၌ အ တည်ပြုခဲ့ခြင်းက သာဓကတစ်ရပ် ဖြစ်သည်။

အန္တရာယ်ရှိသည့် လုပ်ထုံးလုပ်နည်း - ယင်းသည် အထူးသဖြင့် အာဏာကို ဆက် လက်ဆုပ်ကိုင်ထားရန် ကြိုးပမ်းနေသည့် အ စိုးရအဖွဲ့များ ရှိနေသည့် နိုင်ငံများ၌ ဒီမိုက ရေစီအတွက် အန္တရာယ်ကြီးသည့် လုပ် ထုံးလုပ်နည်းတစ်ရပ် ဖြစ်သည်။

အဖြေရှာမရပြီလော

ယင်းပြဿနာ၌ အရာအားလုံးအ တွက် အဆင်ပြေနိုင်မည့် အဖြေကား မရှိ ပေ။ သို့သော် ဆုံးဖြတ်ချက်တိုင်းအနေဖြင့် ဒီမိုကရေစီကိုသာ ဗဟိုပြုရမည်ဖြစ်သည်။ ကပ်ရောဂါက လူသားတို့၏ နေ့ စဉ်ပုံမှန် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ပုံကို ထိ ခိုက်စေခဲ့ပြီးသည်၏နောက်ဝယ် လူသားတို့ ၏ ဒီမိုကရေစီကိုလည်း ထိခိုက်စေလိမ့်မည် သာ ဖြစ်သည်။ သို့သော် လူသားတို့အနေဖြင့် ယင်းထိခိုက်စေမှု အားအနည်းဆုံးသို့ လျှော့ ချနိုင်အောင် ကြိုးပမ်းရမည်ဖြစ်သည်။

နိုင်ငံအသီးသီးအနေဖြင့် မဲဆန္ဒရှင် ပြည်သူများ၏ ကျန်းမာရေးနှင့် မဲပေးပိုင်ခွင့် နှစ်ရပ်စလုံးကို ထိန်းသိမ်းကာကွယ်စောင့် ရှောက်ရင်း မိမိနိုင်ငံ၏ အခြေနေအရပ်ရပ် နှင့်တကွ ရွေးကောက်ပွဲများ ကျင်းပနိုင်စွမ်း ကို ချိန်ဆစဉ်းစားရမည်ဖြစ်သည်။ မဲဆန္ဒ ရှင်ပြည်သူများ၏ ကျန်းမာရေးနှင့် မဲပေးပိုင် ခွင့် နှစ်ရပ်စလုံးက အရေးကြီးပြီး တောင်ကို ရီးယား ရွေးကောက်ပွဲများကဲ့သို့ ပြုလုပ်နိုင် စွမ်းမရှိသည့် နိုင်ငံများအနေဖြင့် ရွှေ့ဆိုင်း ခြင်းကဲ့သို့သော အခြားနည်းလမ်းများကို စဉ်းစားရမည်သာဖြစ်သည်။

အီသီယိုးပီးယားနိုင်ငံတွင် အတိုက်အ ခံပါတီများအား ပိုမိုကျယ်ပြန့်သည့် နိုင်ငံ ရေးအရ ပါဝင်နိုင်မှု ကို အာမခံခဲ့မှုနှင့်အတူ ယင်းနှင့်ပတ်သက်၍ အများသဘောတူညီ မှုရရှိရန် ကြိုးပမ်းခဲ့သည်။ ယင်းနောက် ကပ် ရောဂါအား ထိန်းချုပ်နိုင်လျှင်နိုင်ချင်း ရွေး ကောက်ပွဲများကို ကျင်းပရမည် ဖြစ်သည်။

ရွေးကောက်ပွဲများကို လုံးဝ ဖျက်သိမ်း ခြင်းမှာမူ ဒီမိုကရေစီအတွက် စက်ဆုပ်ရွံရှာ ဖွယ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ ပြုလုပ်ရန် မသင့်ပေ။ လူသားတို့အနေဖြင့် ကပ်ရောဂါ ၏ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်သကဲ့သို့ မိမိတို့၏ အခြေခံလူ့အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုလည်း အဆုံးရှုံးခံနိုင်မည် မဟုတ်ပါ။   

Most Read

Most Recent