COVID-19 ရောဂါသက်ရောက်မှုကြောင့် ဝယ်လိုအားလျော့ကျလာပြီး သြဂုတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ကာလတူထက် မြင့်တက်ခဲ့သည့် စားသုံးသူစျေးဆနှုန်း

COVID-19 ရောဂါသက်ရောက်မှုကြောင့် ဝယ်လိုအားလျော့ကျလာပြီး သြဂုတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိကာ ယခင်နှစ်ကာလတူထက် မြင့်တက်ခဲ့သည့် စားသုံးသူစျေးဆနှုန်း
ရန်ကုန်မြို့ရှိ အသားနှင့် ငါးများရောင်းချသော စျေးရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
ရန်ကုန်မြို့ရှိ အသားနှင့် ငါးများရောင်းချသော စျေးရုံတစ်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 11 October 2020
နီလာ

COVID-19 ဖြစ်ပွားမှု ဒုတိယလှိုင်း၏သက်ရောက်မှုကို ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အမိန့်အမှတ် ၁၀၇/၂၀၂၀ ဖြင့် ထုတ်ပြန်သည့် Stay at Home အစီအစဉ်အရ ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများမှာ စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၇ ရက်အထိ ၁၄ ရက်ကြာ ယာယီရပ်နားခဲ့ရသည်။

ထို့နောက် အောက်တိုဘာ ၅ ရက်က အမိန့်အမှတ် ၁၁၃/၂၀၂၀ ထုတ်ပြန်ပြီး ကုန်ကြမ်းယူ၊ ကုန်ချောပေး (CMP) စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအား အောက်တိုဘာ ၈ ရက်မှ ၂၁ ရက်အထိ လုပ်ငန်းခွင်သွားရောက်ခွင့် မပြုကြောင်း ထပ်မံကြေညာခဲ့သဖြင့် အထည်ချုပ်စက်ရုံများအပါအဝင် စက်ရုံအလုပ်ရုံများ ယာယီရပ်နားထားရသည်။

COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ စက်တင်ဘာလကုန်မှစပြီး အလုပ်သမား လျှော့ချခြင်း၊ ယာယီပိတ်ခြင်းနှင့်အပြီး ပိတ်သိမ်းမည့်စက်ရုံ ၂၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

“ စက်ရုံကပိတ်သိမ်းဖို့ တင်ပြထားတာ ၂၂၃ ရုံရှိတယ်။ အဲဒါက ယာယီပိတ်တာ၊ အပြီးပိတ်တာရယ်၊  လုပ်သားအင်အားလျှော့တာပါတယ်။ အပြည့်အဝပိတ်သိမ်းမယ့် စက်ရုံ  ၅၃ ရုံ၊ အင်အားလျှော့စက်ရုံ ၁၄၆ ရုံ၊ ကျန်တာကတော့ ယာယီပိတ်တာ။ အဲဒါတွေက စက်တင်ဘာလကုန် ပိတ်သိမ်းဖို့တင်ပြထားတဲ့ စက်ရုံတွေ စာရင်းဖြစ်တယ်” ဟု ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဆိုသည်။

COVID-19 ဒုတိယလှိုင်းတွင် ရောဂါဖြစ်ပွားမှုနှင့် စီးပွားရေးသက်ရောက်မှုများအကြား လုပ်ငန်းရှင်များ၏ လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး၊ အလုပ်သမားများ အလုပ်အကိုင်တည်မြဲရေးနှင့် ပြည်သူအများစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။

သြဂုတ်လတွင် ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိ

၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခြောက်လဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ် (ခြောက်လဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများ မပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၁၁ ဒသမ ၉၆ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၁ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၅ ဒသမ ၂၃ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် စက်တင်ဘာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ) တစ်နှစ်တာ ကာလအတွင်း ဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ သြဂုတ်လတွင် ၁ ဒသမ ၈၄ ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၄၃ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ တစ်နှစ်ပျမ်းမျှ ၇ ဒသမ ၁၄ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၇၁ လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် သြဂုတ်မှ ၂၀၂၀  ပြည့်နှစ် သြဂုတ်လအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် သြဂုတ်လတွင် ၈ ဒသမ ၅၃ ရာခိုင်နှုန်းရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါသက်ရောက်မှုကြောင့် ဝယ်လိုအားလျော့ကျလာပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၆ ဒသမ ၄၃ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။

ငွေကြေးဖောင်းပွမှုသည် ကာလအတန်ကြာ အထွေထွေစျေးနှုန်း မြင့်တက်လာခြင်းဖြစ်ပြီး လူအများစားသုံးသည့် အခြေခံကုန်စည်များ၏ စျေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကို ငွေကြေးဖောင်းပွမှုရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။

အချိန်အတိုင်းအတာတစ်ခု၌ စီးပွားရေးရပ်ဝန်းအတွင်း ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၏ အထွေထွေစျေးနှုန်း မြင့်တက်လာသည့်အခါ တူညီသောငွေကြေးယူနစ်ဖြစ်သော်လည်း ပိုမိုနည်းပါးသော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုတို့ကိုသာ ဝယ်ယူနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးဖောင်းပွမှုသည် ငွေကြေး၏ဝယ်ယူနိုင်စွမ်း၊ ငွေကြေးယူနစ်၏ တန်ဖိုးကို လျော့ကျစေခြင်း ဖြစ်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာခြင်းကို ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate) ဟု ခေါ်ဆိုပြီး အထွေထွေစျေးနှုန်းအညွှန်း တစ်ရပ်ဖြင့် နှစ်စဉ်ရာခိုင်နှုန်းအပြောင်းအလဲကို ဖော်ပြကာ အဆိုပါအညွှန်းကို စားသုံးသူစျေးဆနှုန်း (CPI-Comsumer Price Index) ဟု ခေါ်ဆိုခြင်းဖြစ်သည်။

သြဂုတ်လတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၂ ဒသမ ၀၅ ရှိ

၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၂ ဒသမ ၀၅ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၁ ဒသမ ၈၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည်။

ယခင်လနှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် အစားအစာအုပ်စု၊ အဝတ်အထည်အုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု၊ အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် အုပ်စုနှင့် ကျန်းမာရေးအုပ်စု၊ သယ်ယူပို့ဆောင်ရေးအုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုနှင့် ပြင်ပအစားအသောက်အုပ်စုတို့ အနည်းငယ်မြင့်တက်လာပြီး အထွေထွေကုန်ပစ္စည်းအုပ်စုမှာ သိသာစွာမြင့်တက်ခဲ့သည်။ ပညာရေးအုပ်စုမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စုနှင့် ဆက်သွယ်ရေးအုပ်စုတို့မှာ ယခင်လထက် ကျဆင်းနေသည်။

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် သြဂုတ်လအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၇၄ ဒသမ ၇၁ ဖြစ်ပြီး အစားအစာမဟုတ်သောအုပ်စုအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ရှိသည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လတွင် အုပ်စုအားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၂ ဒသမ ၀၅ ဖြစ်ပြီး ယခင်လ၏ စားသုံးသူစျေးဆနှုန်း ၁၆၁ ဒသမ ၁၄ နှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၅၆ ရာခိုင်နှုန်းမြင့်တက်လာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်းတည်ငြိမ်မှုမရှိသည့် အစားအစာ အုပ်စုနှင့် လောင်စာဆီစျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် သြဂုတ်လ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၄၈ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၅ ဒသမ ၀၁ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၃၃ ရာခိုင်နှုန်း မြင့်တက်လာသည်။

စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် သြဂုတ်လ၏ စားသုံးသူစျေးဆနှုန်းမှာ ၁၆၂ ဒသမ ၀၅ ဖြစ်သဖြင့် ယခင်နှစ်အလားတူလ၏ အခြေအနေ ၁၅၉ ဒသမ ၁၂ နှင့်နှိုင်းယှဉ်ပါက ၁ ဒသမ ၈၄ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ်လ၏ Core CPI မှာ ၁၄၅ ဒသမ ၄၈ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ Core CPI အခြေအနေ ၁၃၈ ဒသမ ၂၆ နှင့် နှိုင်းယှဉ်ပါက ၅ ဒသမ ၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် သြဂုတ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ ဖြစ်ပေါ်ခဲ့သော စားသုံးသူစျေးဆနှုန်းများကို ကြည့်ပါက ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ကျဆင်းလျက်ရှိပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးတွင် မြင့်တက်မှုရှိနေသည်ကို တွေ့ရှိရသည်။ လအလိုက်ပြောင်းလဲမှု ရာခိုင်နှုန်းအနေဖြင့် ကရင်ပြည်နယ်တွင် ၁ ဒသမ ၄၂ ရာခိုင်နှုန်းဖြင့် အများဆုံးပြောင်းလဲမှုဖြစ်ပေါ်နေပြီး ချင်းပြည်နယ်တွင်  - ၀ ဒသမ ၅၈ ရာ ခိုင်နှုန်းဖြင့် အနည်းဆုံးပြောင်းလဲမှုဖြစ်ပေါ်ခဲ့သည်။

COVID-19 ကပ်ရောဂါကြောင့် မြန်မာ့စီပွားရေးတိုးတက်မှုနှုန်း ၀ ဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ဒေသတွင်း ရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေးထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်းဘဏ္ဍာရေးကဏ္ဍ မသေချာမှု၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ရွေးကောက်ပွဲအခြေအနေတို့ကြောင့် အန္တရာယ်စိန်ခေါ်မှုများ ရှိနေသေးကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

အခြားတစ်ဖက်တွင် မြန်မာနိုင်ငံအတွင်းသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ ဒေါ်လာ ၅ ဒသမ ၆၈ ဘီလျံသာ ဝင်ရောက်ခဲ့ပြီး COVID-19 ကြောင့် လျာထားချက် ပြည့်မီခြင်းမရှိခဲ့ပေ။ 

COVID-19 ရောဂါကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် စက်ရုံအလုပ်ရုံလုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည့်အတွက် အရှိန်ရနေသည့်လုပ်ငန်းများပင် ဆက်လက်လည်ပတ်ရန် အတော်အတန် ကြိုး စားရဦးမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် လုပ်ငန်းအများစုမှာအခက်အခဲများစွာ ရင်ဆိုင်နေရကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

Most Read

Most Recent