COVID-19 ကုသရေးဌာနများနှင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်

COVID-19 ကုသရေးဌာနများနှင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်
ရန်ကုန်ဆေးရုံကြီးရှေ့တွင် အောက်တိုဘာ ၁ ရက် ညပိုင်းက လူနာတင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်ဆေးရုံကြီးရှေ့တွင် အောက်တိုဘာ ၁ ရက် ညပိုင်းက လူနာတင်ယာဉ်များကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 11 October 2020
အိသဥ္ဇာကျော်

ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကုသရေးဌာန(ဖောင်ကြီး)၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီးတို့တွင် အဓိကထားရှိကုသခဲ့ပြီး ဗဟိုအဆင့်ဆေးရုံကြီးများတွင်လည်း ကုသပေးလျက် ရှိသည်။ နောက်ပိုင်းကာလများတွင် တိုးမြင့်လာသည့် လူနာဦးရေနှင့် ခုတင်လိုအပ်ချက်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီနှင့် ပုဂ္ဂလိကအလှူရှင်များ ပူးပေါင်း၍ COVID-19 ကုသရေး စင်တာများ တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေး စင်တာရှစ်ခုတွင် လူနာ ၈၀၀၀ ကျော် တက်ရောက်ကုသနေပြီး တိုးချဲ့ပြင်ဆင်နေသည့် စင်တာလေးခုရှိရာ ထိုနေရာများတွင် လူနာ ၃၅၀၀ ကျော် ထပ်မံလက်ခံနိုင်ရန် ပြင်ဆင်နေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

“ ရန်ကုန်မှာ အခုဖွင့်လှစ်ထားတဲ့ ဆေးကုသရေးစင်တာ ရှစ်ခုမှာ လူနာ ၆၇၀၀ ကျော်ကို လက်ခံကုသနေပါတယ်။ နောက်ထပ်ပြီးတော့ တိုးချဲ့ပြင်ဆင်နေတဲ့ COVID စင်တာလေးခုမှာ လူနာ ၃၅၀၀ ကျော် လက်ခံနိုင်အောင် ဆောင်ရွက်နေပါတယ်။ အားလုံးပေါင်းလိုက်ရင် လူနာတစ်သောင်းကျော်ကို လက်ခံကုသနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲဒီအထဲမှာ အထူးကြပ်မတ်ကုသနိုင်တဲ့ လူနာခုတင် ၁၂၀ ကျော် လက်ခံနိုင်အောင် ကျွန်တော်တို့ ဆောင်ရွက်ထားပြီးဖြစ်ပါတယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောကြားထားသည်။

လက်ရှိ အခြေအနေအရ COVID-19 ကုသရေးဌာန (ဖောင်ကြီး)၊ ဝေဘာဂီအထူးကုဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံကြီးတို့တွင် COVID-19 ပြင်းထန်လူနာများကို ဆေးရုံတင်ကုသနေပြီး အခြား ရောဂါလက္ခဏာမပြသူများ၊ ရောဂါလက္ခဏာအသင့်အတင့်နှင့် အခြေအနေကောင်းသော ပိုးတွေ့လူနာများကိုမူ COVID-19 ကုသရေးစင်တာများတွင် ထားရှိကုသပေးလျက်ရှိသည်ဟုလည်း သိရသည်။

ဝန်နှင့်အားမမျှဖြစ်နေသည့် ပြည်သူ့ဆေးရုံကြီးများ

ဗဟိုအဆင့် ပြည်သူ့ဆေးကြီးများတွင်မူ မြို့နယ်များရှိ ဖျားနာကုဆေးခန်း Fever Clinic များမှ လွှဲပြောင်းလာသော အသက်ရှူမဝသောလူနာများ၊ အနံ့မရဖျားနာလူနာများ၊ နောက်ခံရောဂါရှိသော ပိုးတွေ့လူနာများကို ကုသပေးနေရာ ထိုဆေးရုံကြီးများသို့ နေ့စဉ်လွှဲပြောင်းလာသော လူနာ ရာနှင့်ချီ ရှိနေသည်။

ထိုဆေးရုံကြီးများသည် နိုင်ငံတစ်ဝှမ်းမှ လူနာများ လာရောက်ကုသမှုခံယူနေသော ဆေးရုံကြီးများဖြစ်၍ ပုံမှန်အချိန်၌ပင် လူနာများပြားမှုရှိပြီး ယခုကဲ့သို့ ကပ်ရောဂါ ကာလမျိုး၌ ဆေးရုံကြီးများတွင် လူနာများ ပြည့်လျှံကာ မနိုင်ဝန်ထမ်းနေရသည့် အခြေအနေတွင်ရှိနေသည်။ လက်ရှိ COVID လူနာ အဆမတန် များပြားနေခြင်းကြောင့် ဆေးရုံကြီးများရှိ ပြင်ပလူနာဌာနများ၊ High Dependency Unit နှင့် Intensive Care Unit (အထူးကြပ်မတ်ကုသဆောင်) တို့တွင် လူနာဝင်ဆံ့မှု အခြေအနေထက် ကျော်လွန်နေပြီး COVID-19 သံသယလက္ခဏာရှိသည့် လူနာအများအပြား လာရောက်ပြသလျက်ရှိသဖြင့် ဆရာဝန်များ၊ သူနာပြုများနှင့် အခြားသော ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းတာ ဝန်ပိနေသည့် အခြေအနေတွင် ရှိနေသည်ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ အကြီးတန်းဆရာဝန်ကြီးတစ်ဦးက ဆိုသည်။

“ ရန်ကုန်ဆေးရုံကြီးကို COVID သံသယနဲ့လာပြသတဲ့ သူက နေ့တိုင်း တစ်နေ့ကို လူနာ ၂၀၀ နီးပါးရှိတယ်။ အဲဒီအထဲမှာ ပိုးတွေ့လူနာ တစ်နေ့ တစ်နေ့ ၅၀ နဲ့ ၁၀၀ ကြားရှိတယ်။ အရင်ကဆို ဒီထက်များတယ်။ အနံ့ပျောက်လူနာတွေချည်း များခဲ့တာ။ အခုနောက်ပိုင်း မြို့နယ်တွေမှာ Anosmia စင်တာတွေ ဖွင့်လိုက်တော့ အနံ့ပျောက်လူနာတွေ နည်းနည်း နည်းသွားပေမဲ့ ဥပမာအနံ့မရဘူး ဖျားတယ်။ အနံ့မရဘူး နောက်ခံရောဂါရှိတဲ့ လူနာ၊ ဖျားနာချောင်းဆိုးရင်ကျပ်စတဲ့ လက္ခဏာနှစ်ခု၊ သုံးခုတွဲနေတဲ့ လူနာမျိုးတွေကိုတော့ ဆေးရုံမှာ တင်ကုရတယ်။ အခုဆို အသက်ရှူကျပ်လို့ လာပြတဲ့လူနာတွေလည်း များနေတော့ အောက်ဆီဂျင် လိုအပ်ချက်တွေရှိနေတာပေါ့” ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ချုပ်ရေးပိုင်းမှ အကြီးတန်း ဆရာဝန်ကြီးတစ်ဦးက ဆိုသည်။

ရန်ကုန်ဆေးရုံကြီး အပါအဝင် ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံကြီးများတွင် လူနာနှင့် ခုတင် မလောက်ငမှုများ ဖြစ်ပွားနေပြီး PPE ဝတ်စုံ၊ နှာခေါင်းစည်းများနှင့် ဆေးဝါးအချို့ လိုအပ်နေသည်ဟုလည်း ဆေးရုံအချို့တွင် တက်ရောက်ကုသနေသူများနှင့် အလှူရှင်အချို့၏ ပြောကြားချက်အရ သိရသည်။

ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ အလုပ်ဝန်ပိနေမှု အခြေအနေနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ နည်းပညာကူညီပံ့ပိုး အားဖြည့်ပေးရေး အဖွဲ့ဝင်၊ ကူးစက်ရောဂါ ဗေဒအကြံပေးပညာရှင်၊ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းက “အခု ကျန်းမာရေးဝန်ထမ်းတွေက တအားပင်ပန်းနေပြီ။ ဒီမှာရုတ်တရက်ကြီး လူနာအများကြီး အချိန်တိုတိုကာလအတွင်းမှာ Case တွေ တအားများလာတဲ့အတွက်ကြောင့် ပင်ပန်းနေတယ်။ နောက်လူနာတွေကလည်း ရောဂါအသစ်ဖြစ်နေတဲ့အတွက်ကြောင့် ဆေးရုံဆေးခန်းတွေကို တအားအားကိုးကြတယ်။ ဒီအခါမှာ ဆေးရုံဆေးခန်းတွေမှာတော့ လူနာများမှာပဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်းပဲ နဂိုကတည်းက ပြောထားတယ်။ မြန်မာနိုင်ငံတင် မဟုတ်ဘူး။ အာဆီယံနိုင်ငံတွေ အားလုံးမှာ ဆရာဝန်၊ ဆရာမနဲ့ သူနာပြု ဆရာမတွေရဲ့ လူတစ်သိန်းမှာ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေက ထပ်ပြီးမြှင့်တင်ဖို့ လိုနေသေးတယ်ဆိုတာကို ပြောထားတယ်။ မြန်မာနိုင်ငံကလည်း ဒီအခြေအနေအတိုင်းပဲ။ ကျွန်တော်တို့ ၂၀၁၃၊ ၂၀၁၄ ကိန်းဂဏန်းတွေအရဆိုရင် လူတစ်သိန်းမှာ ဆရာဝန်က ၆၀ လောက်ပဲရှိတာကနေ အဲဒီ အခြေအနေအရ သက်ဆိုင်ရာအစိုးရတွေက ဒီနေရာတွေက လူ့စွမ်းအားအရင်းအမြစ်တွေ တိုးချဲ့ရမယ့်နေရာတွေအဖြစ် သတ်မှတ်ပြီးလုပ်တော့ အခုဆိုရင် အရင်ကထက် အဆလေး၊ ငါးဆလောက်ကို တက်နေတဲ့ အနေအထားရှိတယ်။ အထူးသဖြင့် ရန်ကုန်လို နေရာမျိုးမှာတော့ ဒီကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့သူက တခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ ယှဉ်ရင် မြင့်တယ်။ ဒါပေမဲ့လည်းပဲ ဒါသည် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုဖြစ်နေတဲ့အခါမှာ လုံလောက်မှု ရှိနိုင်ပေမဲ့ ဒီလိုမျိုး ရုတ်တရက်ကပ်ရောဂါ အခြေအနေကြောင့် လူနာမြင့်တက်နေတဲ့ အချိန်မျိုးမှာတော့ ဘယ်နိုင်ငံမှာမှ ပြည့်စုံတယ်ဆိုတာမရှိဘူး” ဟု ပြောကြားသည်။

ယခု COVID-19 ဒုတိယလှိုင်းဖြစ်ပွားမှုတွင် ယခင်ပထမလှိုင်းထက် ပိုမိုပြင်းထန်ပြီး ပိုးတွေ့လူနာဦးရေမှာလည်း နေ့စဉ်များပြားလာရာ ရန်ကုန်တိုင်းဒေသကြီးရှိ ဆေးရုံအချို့တွင် လူနာနှင့် ခုတင် မလောက်ငမှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် လူနာများပြားနေပြီး လူနာလက်ခံနိုင်မှုပမာဏထက် ကျော်လွန်နေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီး အပါအဝင် ဆေးရုံကြီး လေးရုံကို တိုးချဲ့ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ဆိုသည်။

“ အခု ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီးကို ကြည့်ပြီးတော့ ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို အဆင့်မြှင့်တိုးချဲ့နိုင်ဖို့ရယ်၊ ရန်ကုန်ဆေးရုံကြီး အရှေ့မှာရှိတဲ့ သမိုင်းဝင်အဆောက်အအုံကြီးမှာလည်း လူနာတွေကို အောက်ဆီဂျင်ကုသမှုတွေ ပေးနိုင်ဖို့ ကျွန်တော်တို့ အရေးပေါ် အထူးကြပ်မတ်ကုသမှုတွေ ပေးနိုင်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေတယ်။ ရန်ကုန်ဆေးရုံကြီး ပင်မဆောင်မှာ ကျွန်တော်တို့ အောက်ဆီဂျင် ကုသမှုပေးနိုင်တဲ့နေရာ ၃၀၀ ကျော်တပ်ဆင်ဖို့ရယ် ICU ခုတင် ၃၀ ထည့်ဖို့ရယ် ပြင်နေပါတယ်။  နောက် ရန်ကုန်ဆေးရုံကြီးက အရေးပေါ်မှာလူနာတွေ နေရထိုင်ရအဆင်မပြေဖြစ်နေတာကို အဆင်အပြေဆုံးဖြစ်အောင် အရေးပေါ်ဌာနမှာလည်း တိုးချဲ့အဆောက်အအုံတစ်ခု အမြန်ဆုံးဆောက်လုပ်ပြီးတော့ သက်သောင့်သက်သာနဲ့ နေနိုင်အောင် လေအေးစက်တွေ တပ်ဆင်ထားတဲ့ စနစ်တကျ PPE ဝတ်နိုင်ချွတ်နိုင်တဲ့ ရေချိုးခန်း၊ အိမ်သာတွေ လူနာအားလုံးအတွက် ပြည့်စုံအောင် ဖန်တီးပေးဖို့အတွက် ပြင်ဆင်နေတယ်။ ဒါလည်းပဲ ကျွန်တော်တို့အတွက် တကယ့်လိုအပ်ချက်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အလားတူပဲ ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်မှုနဲ့ မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးရယ်၊ သင်္ဃန်းကျွန်းဆေးရုံကြီးရယ်ကိုလည်း ပြုပြင်ဆောင်ရွက်နေပါတယ်” ဟု ပါမောက္ခဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

Eleven Media Group ရှစ်ထပ်ရုံးအဆောက်အအုံသို့ ရောက်ရှိလာသော သူနာပြုနှင့် စေတနာ့ဝန်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

တိုးချဲ့နေသည့် COVID-19 ကုသရေးစင်တာများ

နေ့စဉ် တိုးမြင့်လာသည့် ပိုးတွေ့လူနာများကို လက်ခံကုသနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိဖွင့်လှစ်ကုသပေးနေသည့် COVID-19 ကုသရေးစင်တာများအပြင် ထပ်တိုးဖွင့်လှစ်ရန် ပြင်ဆင်နေသည့် စင်တာများလည်း ရှိနေသည်။ 

ထိုအထဲတွင် တစ်ခုအပါအဝင် ဖြစ်သည့် COVID-19 ကုသရေးဌာန (မရမ်းကုန်း) အင်းလျားစင်တာကို Yangon Convention Center ခန်းမ၌ တည်ဆောက်နေပြီး COVID-19 ပိုးတွေ့လူနာများအား လက်ခံကုသပေးမည့် ခုတင် ၅၀၀ ဆံ့ စင်တာအဖြစ် တည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုအချိန်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ အောက်တိုဘာ ၁၀ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ လူနာများ လက်ခံကုသနိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။ 

အဆိုပါ စင်တာတွင် ဆရာဝန် ဆရာမ အင်အား ၈၀၊ သူနာပြု ၅၀ ခန့် အပါအဝင် စေတနာ့ဝန်ထမ်း အများအပြားဖြင့် ဆောင်ရွက်မည်ဖြစ်သည်ဟုလည်း သိရသည်။

အလားတူ  ဗိုလ်တထောင်မြို့နယ်ရှိ Time City Center တွင် ခုတင် ၃၀၀ ခန့်ပါဝင်သည့် COVID-19 ကုသရေးဌာန (ဗိုလ်တထောင်) တည်ဆောက်နေပြီး အောက်တိုဘာလ တတိယပတ်တွင် ဖွင့်လှစ်နိုင်ရန် လျာထားလုပ်ဆောင်လျက်ရှိကာ Time City Center ကို ရန်ကုန်အရှေ့ပိုင်းဆေးရုံ (ဂန္ဒီဆေးရုံ) ၏ စီမံခန့်ခွဲမှုအောက်တွင် ထားရှိဆောင်ရွက်မည်ဖြစ်သည်ဟု အဆိုပါစင်တာ၏ တွဲဖက်တာဝန်ခံဆရာဝန် ဒေါက်တာမိုးနေမင်းက ပြောကြားသည်။

“ စင်တာအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပါမောက္ခချုပ် ဆရာကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယပါချုပ် ဆရာမ မငြိမ်း (ဆေး-၁) တို့က ရှာပေးတယ်။ စင်တာကို ကြီးကြပ်ကွပ်ကဲမယ့် ဆေးရုံအုပ် တစ်ယောက်။ ဒါကလည်း နယ်ကဆရာဝန်လည်း ဖြစ်ချင်ဖြစ်မယ်။ ရန်ကုန်မြို့ထဲမှာ ရှိတဲ့ သက်ဆိုင်ရာအစိုးရဌာနက ဆေးရုံအုပ်တွေလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ အခု ကျွန်တော်တို့ စင်တာအတွက် နေပြည်တော်က သူနာပြုတွေ ၁၀ ယောက် နောက်နှစ်ရက်သုံးရက်နေရင်လာမယ်။ စင်တာမှာ လိုအပ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို သက်ဆိုင်ရာအစိုးရဌာနတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ပေးနေတယ်လို့ သိရတယ်။ ရန်ကုန်ကရရင် ရန်ကုန်ယူတယ်။ များသောအားဖြင့် နယ်က ယူတာလည်းများတယ်။ ဘာလို့လဲ ဆိုတော့ ရန်ကုန်ကသိတဲ့အတိုင်း ကျန်းမာရေးဝန်ထမ်းတွေ အားလုံးက မရှိသလောက် နည်းနေတယ်ဆိုတော့။ ကျန်းမာရေးဝန်ထမ်း HR လိုအပ်ချက်က အခုအရမ်းများနေတော့ တော်တော်ရှာရတယ်လို့လည်း သိရပါတယ်” ဟု COVID-19 ကုသရေးဌာန (ဗိုလ်တထောင်) စင်တာ၏ တွဲဖက်တာဝန်ခံဆရာဝန် ဒေါက်တာမိုးနေမင်းက ပြောကြားသည်။

COVID-19 ကုသရေးဌာန (ဗိုလ်တထောင်) တွင် ကျန်းမာရေး ဝန်ထမ်းအင်အားအနေဖြင့် ရန်ကင်းကလေးဆေးရုံမှ ဆေးရုံအုပ်တစ်ဦး အပါအဝင် ဗိုလ်တထောင် Fever Clinic မှ ဆရာဝန်များ၊ အစိုးရဆေးရုံများမှ ဆရာဝန်အချို့လည်း အားဖြည့်လုပ်ဆောင်သွားရန်ရှိပြီး ဆရာဝန်၊ သူနာပြုနှင့် စေတနာ့ဝန်ထမ်းအင်အား ၁၀၀ ခန့်ဖြင့် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။        

ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်ကို မည်သို့ ဖြည့်တင်းနေသနည်း

လက်ရှိ COVID-19 ကုသရေးဌာန ၊ စင်တာများတွင် လိုအပ်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဖြည့်ဆည်းရန် မြန်မာနိုင်ငံဆရာဝန်အသင်းမှ အထွေထွေရောဂါကုဆရာဝန်များ၊ အသင်းဝင်ဆရာဝန်ငယ်များ၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ သူနာပြုသင်တန်းကျောင်းများမှ သူနာပြုများ၊ သင်တန်းသား၊ သင်တန်းသူများဖြင့် အင်အားဖြည့်တင်း ဆောင်ရွက်နေသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးသို့ တိုင်းဒေသကြီးပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းအင်အား ရာနှင့်ချီ အားဖြည့်ဆောင်ရွက်နေပြီး အထူးတာဝန်ထမ်းဆောင်ကြမည့် တိုင်းဒေသကြီးပြည်နယ်များမှ ကျန်းမာရေးဝန်ထမ်းများကို ၎င်းတို့ ကျွမ်းကျင်ရာ နယ်ပယ်နှင့် ဆန္ဒပြုချက်များအပေါ် မူတည်ကာ COVID-19 ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် တာဝန်ခွဲဝေချထားပေးသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။ 

“COVID ကုသရေးစင်တာတွေမှာ လိုအပ်တဲ့ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ဆေးရုံကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးက ဆေးရုံကြီးတွေ၊ ဆေးတက္ကသိုလ်တွေနဲ့ ဆေးဘက်နှီးနွယ် တက္ကသိုလ်တွေက အထူးကုဆရာဝန်တွေ၊ လက်ထောက်ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျွမ်းကျင်ဝန်ထမ်းတွေ၊ အခြေခံကျန်းမာရေး ပညာရှင်တွေကို ခေါ်ယူပြီးတော့ တာဝန်ပေးဆောင်ရွက်နေပါတယ်။ ဒါ့အပြင် တပ်မတော်ဆေးတပ်ဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၊ မြန်မာနိုင်ငံသူနာပြုသားဖွားအသင်း၊ ပုဂ္ဂလိကဆေးရုံများအသင်းတွေက ကျန်းမာရေးဝန်ထမ်းတွေအပြင် လူမှုရေးအသင်းအဖွဲ့တွေ၊ စေတနာ့ဝန်ထမ်းတွေကိုပါ အားလုံးစုစည်းပြီးတော့ တာဝန်ပေးဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နဲ့တကွ အစိုးရအဖွဲ့နဲ့လည်း နေ့စဉ်ညှိနှိုင်းပေါင်းစပ်ပြီးတော့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလျက်ရှိပါတယ်။ COVID ကုသရေးစင်တာတွေမှာ လူအင်အား ပစ္စည်းအင်အား လိုအပ်ချက်တွေကိုရရှိအောင် ပေါင်းစပ်ပြီး ဖြေရှင်းပေးနေပါတယ်” ဟု ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

ကျန်းမာရေးဝန်ထမ်းအင်အား လိုအပ်ချက်ကြောင့် COVID-19 ကုသရေးဌာနများ ထပ်မံတိုးချဲ့ရန် သင့်၊ မသင့် အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြထားကြောင်း အောက်တိုဘာ ၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် လက်ရှိဆောင်ရွက်နေသည့် COVID-19 ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများအား ဆန်းစစ်သုံးသပ်မှုအစည်းအဝေးပွဲမှ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဆေးသုတေသနဦးစီးဌာနမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 လူနာများ ထားရှိရန် လူနာဆောင်နှင့် အထူးကြပ်မတ်ကုသဆောင်များ ပြင်ဆင်ပြီးစီးမှု အခြေအနေနှင့်  Portable X-ray စက်များ လိုအပ်မှု၊ လူနာများ၏ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်သွင်းရန် စီစဉ်ထားရှိမှု၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်က ရန်ကုန်တိုင်းအတွင်းရှိ ဆေးရုံများနှင့် ကုသရေးဌာနများတွင် ပြင်ဆင်ထားရှိမှုများ၊ လူ့စွမ်းအား အရင်းအမြစ်အကန့်အသတ်ရှိမှု၊ COVID-19 ကုသရေးဌာနများ ယခုထက် ထပ်မံတိုးချဲ့သင့် မသင့်၊ ဆေးရုံနှင့် အသွားအလာကန့်သတ်ရာနေရာများမှ အချက်အလက်များကို ကွန်ပျူတာစနစ်ဖြင့် ဖြည့်စွက်ပေးရန်အတွက် စေတနာ့ဝန်ထမ်းများနှင့် ချိတ်ဆက်ထားရှိမှု၊ ကျန်းမာရေးဝန်ထမ်းများကို အသက်ရှူစက် အသုံးပြုမှုမွမ်းမံသင်တန်းနှင့် PPE စနစ်တကျ ဝတ်ဆင်အသုံးပြုမှုမွမ်းမံ သင်တန်းများ ပေးအပ်မှု စသည့်ကိစ္စများကို ဆွေးနွေးတင်ပြထားသည်။

ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရပ်ပိုင်းဆိုင်ရာ ကိုက်ညီဆီလျော်မှုသာမက ကပ်ရောဂါဗေဒ သဘောတရား၊ အရင်းအမြစ်များ ရရှိမှု အခြေအနေနှင့် လက်တွေ့လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြရန်နှင့် ယခုကဲ့သို့ ကပ်ရောဂါဖြစ်စဉ်တွင် လုပ်ငန်းအလိုက် မည်သူက ဆောင်ရွက်သည် ဖြစ်စေ ပြည်သူများ အကျိုးအတွက်ဟူသော တူညီသည့် ဦးတည်ချက်တစ်ခုအတွက် ဆောင်ရွက်နေကြခြင်းဖြစ်သည်ဟု သဘောထားကာ သတင်းအချက်အလက်များ မျှဝေခြင်း၊ စနစ်တကျ ချိန်သားကိုက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ကြရန် ပြောကြားထားသည်။                         

Most Read

Most Recent