တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆို

တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆို
Published 10 October 2020

တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ကြား တိုက်ပွဲများကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး ရှမ်းပြည်နယ်အစိုးရက တာဝန်ယူဖြေရှင်းပေးရန် ကျောက်မဲ မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပုံဝိုးဒေသတွင် တပ်မတော်နှင့် RCSS/SSA တပ်ဖွဲ့တို့ စက်တင်ဘာ ၃၀ ရက်မှ စတင်ခဲ့သော တိုက်ပွဲကြောင့် လူဦးရေ ၃၀၀၀ ကျော် လူဦးရေသုံးထောင်ကျော်တို့သည် ထွက်ပြေးတိမ်းရှောင်နေရပြီး ထိခိုက်ဒဏ်ရာရရှိခြင်း၊ အိုးအိမ် ပစ္စည်းများပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ခံစားနေရကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည်များသည် ဘုန်းတော်ကြီးကျောင်း ခုနစ် နေရာတွင် စုဝေးတိမ်းရှောင်နေရပြီး ပတ်ဝန်းကျင်မြို့နယ်များရှိ ပရဟိတအဖွဲ့၊ စေတနာရှင်များ ၏ လှူဒါန်းမှုဖြင့် ရပ်တည်နေရပြီး၊ လိုအပ်ချက် များစွာ ရှိနေကြောင်းသိရသည်။

ထိုအခြေအနေတွင် ကျောက်မဲဒေသအတွင်း တိုက်ပွဲကြောင့် ပြည်သူလူထု အခြေခံလူ့အခွင့်အရေး မဆုံးရှုံးစေရေး အတွက် ရှမ်းပြည်နယ်အစိုးရမှ တာဝန်ယူဖြေရှင်းပေးပါရန် တောင်းဆိုကြောင်း ကျောက်မဲမြို့နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ် လေးဦးတို့က လက်မှတ်ရေးထိုး၍ ရှမ်းပြည်နယ်အစိုးရ ထံသို့ အောက်တိုဘာ ၁၀ ရက်တွင် စာတင်ပြထားကြောင်း သိရသည်။

“မနေ့က ရက်စွဲနဲ့ရိုက်လိုက်တာ၊ ဒီနေ့ပဲ ပို့လိုက်တာပေ့ါ။ အဓိကတော့ စစ်ပွဲဖြစ်နေတာ တစ်ပတ်ကျော်သွားပြီ။ အစိုးရက မသိသလို မကြားသလို ဖြစ်နေတာပေ့ါ။ ရွှေလီဘက်မှာ NLD အင်အားပြတာ တစ်ခါထဲ ပြဿနာဖြစ်တာ တစ်ခါထဲ ရှင်းပေးလိုက်တာလေ။ ကျောက်မဲမှာ လူပေါင်း သုံးထောင်ကျော်လောက် သူတို့ ရဲ့ အခြေခံလူ့အခွင့်အရေးပေါ့။ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ပစ္စည်းတွေ ပျက်စီးသလို ဒဏ်ရာရမှုတွေ ဖြစ်နေတယ်။ အစိုးရကနေ ကာကွယ်စောင့်ရှောက်ဖို့လိုတာပေ့ါ။ တိုက်တွန်းတောင်းဆိုတဲ့သဘောပေ့ါ။ လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ အလှူခံဌာနဖွင့်ပြီးတော့ ရုံးမှာထိုင်ပြီး လက်ခံသလို စိုင်းထွန်းဝင်း က နေ့တိုင်း သွားနေတယ်။ ပါတီလူကြီးကနေ စာထွက်ဖို့ လိုတယ်လို့ ဆိုလို့လေ၊ အစိုးရကနေ သမ္မတကို အကြောင်းကြား၊ သမ္မတကနေ ဒီစစ်ပွဲကိုချက်ချင်းရပ်ပါလို့ လုပ်လို့ရတယ်လို့ မြင်တယ်လေ။ သမ္မတ က ပြောမယ်ဆိုရင်တော့ စစ်တပ်ပိုင်းကလည်း လိုက်နာဖို့လိုတယ်လေ။ ခုလောလောဆယ် မသိသလိုဖြစ်နေတော့ စာထွက်တဲ့ သဘောပါပဲ။ အဓိကတော့ စားဝတ်နေရေးပဲပေ့ါ။ သူက လူဦးရေများများ လာတာ လူဦးရေသုံးထောင်ကျော် သွားတာပေ့ါ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်။ ရွေးကောက်ပွဲလည်း ရှိနေတာ တစ်လလောက်ပဲလိုတယ်။ သက်ဆိုင်ရာတွေ လည်း သိရှိသွားအောင် ဖြေရှင်းနိုင်အောင်ပေ့ါ။ ကျောက်မဲမြို့ပေါ်လာတဲ့သူတွေကတော့ ဆွေမျိုးတွေဆီလာတယ်။ ဘုန်းကြီးကျောင်းမှာ ရောက်နေတာ ၇ နေရာရှိတယ်။ လူဦးရေ သုံးထောင်ကျော်တယ် ” ဟု ကျောက်မဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ပြောကြားသည်။

Most Read

Most Recent