COVID-19 ကူးစက်မှုများနေသည့် မြို့နယ်များကို Stay at Home အစီအစဉ်စတင်ရန် လုပ်သင့်ပြီလား

COVID-19 ကူးစက်မှုများနေသည့် မြို့နယ်များကို Stay at Home အစီအစဉ်စတင်ရန် လုပ်သင့်ပြီလား
Published 7 October 2020
ဇော်မင်းနိုင်

မြန်မာနိုင်ငံတွင် သြဂုတ် ၁၆ ရက်က စတင်ခဲ့သည့် COVID-19 ဒုတိယလှိုင်းမှာ အောက်တိုဘာ ၆ ရက်အထိ ကူးစက်ခံရသူ ၂၀၀၃၃ ဦးအထိရှိလာပြီး သေဆုံးသူမှာ ၄၇၁ ဦးအထိရှိလာပြီဖြစ်သည်။ ယင်းတို့အနက် ဆေးရုံမှ ဆင်းခွင့်ရသူ ဦးရေမှာ ၅၇၈၂ ဦးအထိရှိသဖြင့် လက်ရှိတွင် ဆေးရုံတက်ရောက် ကုသနေသူမှာ ၁၄၂၅၁ ဦးရှိသည်။

မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့ရာ ပထမလှိုင်းဟု ပညာရှင်များက သတ်မှတ်ထားသည့် ငါးလတာကာလအတွင်း COVID-19 ဖြစ်ပွားမှုမှာ ၃၇၀ ကျော်သာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းဟု ဆိုရမည့် သြဂုတ် ၁၆ ရက်မှ စတင်ကာ ရေတွက်ပါက တစ်လခွဲကျော် အကြာတွင် ဖြစ်ပွားမှုနှုန်းမှာ အဆငါးဆယ်ကျော် ခုန်တက်လာခြင်းဖြစ်သည်။ သေဆုံးမှုမှာလည်း ပထမလှိုင်းတွင် ခြောက်ဦးသာရှိခဲ့ရာမှ ဒုတိယလှိုင်း ဖြစ်ပွားနေဆဲ အချိန်မှာပင် သေဆုံးသူ ၄၇၁ ဦးအထိရှိရာ သေဆုံးနှုန်းမှာလည်း အဆ ၇၀ ကျော် ခုန်တက်လာခဲ့သည်ကို တွေ့ရသည်။

ရောဂါစတင် ဖြစ်ပွားခဲ့သည့် စစ်တွေမြို့ကို သြဂုတ် ၂၁ ရက်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်မှုကို ထိန်းချုပ်ရန် ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ပေ။ စစ်တွေမြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ရက်ပိုင်းအတွင်းမှာပင် COVID-19 မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း တစ်ခုလုံးကို ကူးစက်ခဲ့သည်။

ယင်းကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မောင်တောမြို့နယ်များတွင် Stay at Home အစီအစဉ် စတင်ကြောင်း အစိုးရက သတ်မှတ်ခဲ့သော်လည်း ရက်ပိုင်းအတွင်းမှာပင် ရခိုင်ပြည်နယ် တစ်ခုလုံးကို Stay at Home သတ်မှတ်ခဲ့ရသည်။

ရခိုင်ပြည်နယ်တွင် ကူးစက်ခံရသူများ မှာ သံဃာတော်များ၊ စစ်ဘေးရှောင်စခန်းများတွင် လုပ်ကိုင်နေသူများ၊ ဘဏ်ဝန်ထမ်း အစ ရှိသူများ ပါဝင်ခဲ့ရာ အခြေခံလူတန်းစားများ နှင့် အများဆုံးထိတွေ့သူများဖြစ်သည်ဟုဆို ရမည်ဖြစ်သည်။

ယင်းနောက်တွင် ရောဂါကုသသည့် ဆရာဝန်များ၊ သူနာပြုများပါ ပါဝင်လာရာ ဆေးဝန်ထမ်း လိုအပ်ချက်များ ရှိလာခဲ့သည်။

ယင်းကြောင့် ရခိုင်ပြည်နယ်တွင် မိမိဆန္ဒအလျောက် တာဝန်ထမ်းဆောင်မည့် ဆရာဝန်များ၊ သူနာပြုများကို ခေါ်ယူခဲ့ရပြီး အားဖြည့်ပေးခဲ့ရသည်။

ယင်းနောက် စစ်တွေ ကိုဗစ်ဒုတိယလှိုင်းမှာ ရန်ကုန်မြို့သို့ သြဂုတ်လကုန်ပိုင်းမှာပင် ရောက်ရှိလာခဲ့သည်။ ယင်းဒုတိယလှိုင်းမှာ ရခိုင်ပြည်နယ်မှ ပြန်လာသူများထံမှ ကူးစက်သည်ဟု ပထမပိုင်းတွင် ယူဆခဲ့သော်လည်း ရောဂါကူးစက်ခံရသူနှင့် ထိတွေ့မှုမရှိ၊ ပြည်ပမှ ပြန်လာသူမဟုတ်၊ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သူ မဟုတ်ဘဲ ကူးစက်ခံရသူများ ရှိလာခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့သည့် မြို့နယ်များမှာ သာကေတ၊ အင်းစိန်၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်တို့ဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှုမှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်။

ယင်းကြောင့် စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းရှိ သာကေတ၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့ကို Stay at Home အဖြစ် အစိုးရက သတ်မှတ်ခဲ့သည်။

သို့သော် ရောဂါကူးစက်ခံရသူ အရေအတွက်မှာ ကျဆင်းသွားခြင်း မရှိသေးဘဲ အခြားမြို့နယ်များတွင်ပါ ရောဂါကူးစက်ခံရသူ များလာခြင်းကြောင့် အခြားမြို့နယ်များကိုပါ Stay at Home အဖြစ် ထပ်မံသတ်မှတ်ခဲ့ရသည်။ စက်တင်ဘာ ၉ ရက်၌ မြို့နယ် ၂၁ မြို့နယ်ကို Stay at Home အဖြစ် ထပ်မံသတ်မှတ်ခဲ့ရာ ရန်ကုန်တိုင်းရှိ မြို့နယ် ၃၃ ခုနက် ၂၈ မြို့နယ်တွင် Stay at Home အစီအစဉ် အသက်ဝင်ခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် တစ်ဆင့်တိုးအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အရေးကြီးကိစ္စမှလွဲပြီး ရန်ကုန်တိုင်းပြင်ပသို့ ထွက်ခွာခြင်းမပြုရန် ရန်ကုန်တိုင်းအစိုးရက ထပ်မံသတ်မှတ်ခဲ့သည်။

ယင်းညမှာပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများ အားလုံး၏ နှလုံးသားမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းကို အသွားအလာ ကန့်သတ်မည်ဖြစ်ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

“ရောဂါအားလုံး ပြန့်ပွားသွားမယ်ဆိုရင် ကျွန်မတို့ လူ့အသိုင်းအဝန်းဟာ အများကြီး ထိခိုက်လာတဲ့အခါကျ တည်ငြိမ်မှုလည်း ရှိမှာမဟုတ်ပါဘူး။ အေးငြိမ်းမှုလည်းရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျွန်မတို့ကနေပြီးတော့ စည်းမျဉ်းစည်းကမ်း မလိုက်နာလျှင် သဘာဝဘေးအန္တရာယ် ဥပဒေအရ အရေးယူမယ်လို့ ပြောတာက သဘာဝဘေးအန္တရာယ် ဥပဒေဟာ ကူးစက်ရောဂါ ဥပဒေထက် ပိုပြီးတော့ ပြင်းထန်ပါတယ်။ ဒီလိုပဲ ပြင်းပြင်းထန်ထန်လုပ်နိုင်မှ ကျွန်မတို့ဟာ ထိထိရောက်ရောက် COVID ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မှာပါ” ဟုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ကိုဗစ်ဒုတိယလှိုင်းမှာ ကူးစက်မှု မြန်ဆန်သကဲ့သို့ ပြင်းထန်မှုမှာလည်း ပထမလှိုင်းထက်ပင် ပိုဆိုးနေသည်ကို ကိန်းဂဏန်း အချက်အလက်များအရ သိရသည်။

ရောဂါကူးစက်မှု များလာခြင်းကြောင့် ဖောင်ကြီးဆေးရုံ၊ ဝေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာပ ဆေးရုံများတွင် COVID-19 လက်ခံကုသနိုင်သည့် ရောဂါရှင် အရေအတွက် ပြည့်လုပြည့်ခင် အနေအထားအထိ ရောက်ရှိခဲ့သဖြင့် အခြားနေရာများတွင်ပါ ကိုဗစ်ကုသသည့် ဆေးရုံများကို တိုးချဲ့ခဲ့ရသည်။

ဒုတိယလှိုင်းတွင် ဆေးရုံတက်သူအရေ အတွက်ကို လျော့ချနိုင်ရန် ပေါ်လစီကိုလည်း ပြောင်းလဲခဲ့ရသည်။ ယခင်က ဆေးရုံတွင် တက်ရောက်ကုသရာ၌ နှစ်ကြိမ် Negative ပြသမှသာ ဆေးရုံမှ ဆင်းခွင့်ပြုခြင်းကြောင့် အချို့လူနာများမှာ ဆေးရုံတက်ရက် ၇၀၊ ၈၀ အထိ ကြာမြင့်ခဲ့သော်လည်း ရောဂါပိုး တွေ့ရှိသူ များလာပြီး နောက်တွင် တစ်ကြိမ် Negative ပြသပြီးပါက ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ရာ ဆေးရုံမှဆင်းခွင့်ရသူ အရေအတွက်မှာ ယခင်ထက် ပိုများလာခဲ့သည်။ အခြားတစ်ဘက်တွင်လည်း ရောဂါပိုး တွေ့ရှိသူ အရေအတွက်မှာ တစ်ရက်လျှင် တစ်ထောင်ကျော် တွေ့ရှိခဲ့သည့် နေ့များမှာလည်း ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့သည်။

ကိုရီးယားနိုင်ငံမှ Test Kit များဖြင့် စစ်ဆေးနိုင်ခြင်းကြောင့် ယခင်က ရောဂါပိုးစစ်နိုင်သည့် ဦးရေမှာ ၅၅၀၀ ခန့်သာရှိခဲ့သော်လည်း လက်ရှိတွင် တစ်ရက်လျှင် ရှစ်ထောင်ခန့်အထိ စစ်ဆေးနိုင်ခဲ့သည်ကို တွေ့ရသည်။

ဗီဇပြောင်း COVID-19 မှာ ကူးစက်မှုလည်း ပိုမိုမြန်ဆန်လာခဲ့ပြီး ရောဂါကူးစက် ခံရသူများမှာ ဖျားနာမှသာ စစ်ဆေးမှု ခံယူခြင်းကြောင့် ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သော်လည်း ဒုတိယလှိုင်းတွင်မူ ဖျားနာခြင်းထက် အနံ့ပျောက်ခြင်း၊ အရသာ ပျောက်ခြင်းများ ကြုံတွေ့လာခဲ့သည်။

“နောက်ပိုင်းမှာ မျိုးရိုးဗီဇ ပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စစဦးတွေ့တဲ့ GGG အမျိုးအစားကနေ AAC အမျိုးအစား တစ်ခုကို ပြောင်းသွားတာ ရှိပါတယ်။ အဲဒီလိုမျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်သွားရင် ဗိုင်းရပ်စ်က နည်းနည်းလေး ပိုးပျော့သွားတယ်။ အားပျော့သွားပြီးတော့ ပြင်းထန်မှု နည်းနည်းနည်းသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက နမူနာ ၁၀ ခုမှာ နှစ်ခုမှာပဲ အခုလို အားပျော့သွားတာကို တွေ့ရပါတယ်။ နောက်ပိုပြီးတော့ ထူးခြားတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုကတော့ နိုင်ငံတကာမှာလည်း အရမ်းစိတ်ဝင်စားနေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှု ဖြစ်ပါတယ်။ D 614 ကနေ G 614 ကို ပြောင်းသွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားကလည်း နောက်ပိုင်းကမ္ဘာမှာ တော်တော်လေး များလာပြီးတော့ ဒီလိုမျိုး ပြောင်းလဲသွားခြင်းကြောင့် ရောဂါကူးစက်နိုင်စွမ်းက ၁၀ ဆအထိ ပိုပြီးတော့ များပြားလာစေတယ်လို့ သုတေသနအရ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဆေးတဲ့ မျိုးရိုးဗီဇ ၁၀ ခုထဲမှာ ခြောက်ခုကဆိုရင် အခုလိုမျိုး D ကနေ G ကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်” ဟု ဆေးသုတေသန ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမြတ်ထွန်းညွန့်က ပြောကြားထားသည်။

ကိုဗစ်နှင့် Stay at Home

ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID-19 စတင်ဖြစ်ပွားသည့် အချိန်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့ကို Stay at Home အစီအစဉ် သတ်မှတ်ခဲ့ပြီး ဒုတိယလှိုင်းတွင်မူ ကိုကိုးကျွန်းမြို့နယ်မှအပ ကျန်မြို့နယ်များကို Stay at Home အစီအစဉ်ကို သတ်မှတ်ခဲ့သည်။ အလားတူ ရခိုင်ပြည်နယ် တစ်ခုလုံးကို သတ်မှတ်ခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၂၅ ရက်တွင် မန္တလေးတိုင်းဒေသကြီးရှိ မဟာအောင်မြေ၊ ချမ်းအေးသာစံနှင့် အမရပူရ မြို့နယ်များကို လည်းကောင်း၊ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် ဘီးလင်းမြို့နယ်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးရှိ ကဝ၊ သနပ်ပင်၊ ပဲခူးမြို့နယ်များကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ်၊ ဖျာပုံ၊ မအူပင်မြို့နယ်များကို လည်းကောင်း Stay at Home မြို့နယ်များအဖြစ် ထပ်မံသတ်မှတ်ခဲ့သည်။

Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့် မြို့နယ်များ အနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများ အနေဖြင့် အိမ်မှနေ၍ လုပ်ငန်းဆောင်ရွက်ရန်၊ မဖြစ်မနေ စျေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊ ဆေးရုံဆေးခန်းသွားလျှင် နှစ်ဦးသာ သွားရောက်ရန်၊ နေအိမ်မှပြင်ပသို့ သွားလာရာတွင် Mask တပ်ရန်၊ တာဝန်ထမ်းဆောင်မည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသည့် ယာဉ်များကိုသာ ရပ်ကွက်ကျော် သွားလာခွင့်ပြုရန် စသည့် စည်းကမ်းချက်များ ပါဝင်သည်။

ဒေသတွင်း ကူးစက်မှု များလာပြီဆိုပါက Stay at Home အစီအစဉ်ကို ချမှတ်ရမည်ဖြစ်ပြီး COVID-19 ကူးစက်ဗဟိုကော်မတီက သတ်မှတ်ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“အဓိကကတော့ ဒေသတွင်းကူးစက်မှု အနေအထားပေါ့။ ဒေသတွင်း ကူးစက်မှု အနေအထား များလာရင် လူတွေ ထိတွေ့မှုမရှိအောင် ဖြတ်တောက်ရတယ်။ ဒါကတော့ အခြေခံအကျဆုံး ရောဂါထိန်းချုပ်မှုပေါ့” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

Stay at Home အစီအစဉ်ကို သတ်မှတ်ရာတွင် ကျန်းမာရေး ရှုထောင့်ဘက်သာမက စီးပွားရေးနှင့် လူမှုရေး ရှုထောင့်ဘက်များမှလည်း စဉ်းစားပြီးမှသာ ချမှတ်ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“တစ်ဖက်မှာလည်း Stay at Home လုပ်လိုက်ခြင်းအားဖြင့် Stay at Home ကလူတွေ တခြားမြို့ကိုသွားရင် Quarantine ဝင်ရမယ်။ Stay at Home မြို့နယ်ကို တခြားမြို့နယ်ကလူတွေ လာဖို့မလွယ်ဘူး။ မြို့ကလူ တွေကလည်း တတ်နိုင်သမျှ အိမ်ထဲမှာနေရတယ်။ အခုရန်ကုန်တိုင်းမှာ လုပ်သလိုပေါ့။ ထွက်ဖို့ပြုဖို့ ဆိုရင်လည်း ရပ်ကွက်ထောက်ခံချက်တွေနဲ့ ထွက်ရတဲ့ အနေအထားပေါ့။ ဒါမျိုးတွေဖြစ်တော့ နောက်ဆက်တွဲက လူတွေရဲ့ အလုပ်အကိုင်၊ စားဝတ်နေရေး ဒါတွေအကုန်လုံးကို ထည့်တွက်ရတယ်။ အဲဒီတော့ Stay at Home ဆိုတာက ကျန်းမာရေး တစ်ခုတည်းနဲ့ ကြည့်လို့မရပြန်ဘူး။ ခုနက လူမှုရေး၊ စီးပွားရေး ထောင့်ပေါင်းစုံက ထုတ်ပြန်ရတော့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ မူဘောင်ထက်လည်း ကျော်တဲ့ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်အဆင့် အမျိုးသား ဗဟိုကော်မတီရဲ့ လမ်းညွန်ချက်ကို ခံယူပြီးမှ အတည်ပြုပေးတဲ့ မြို့နယ်တွေကို ကြေညာရတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

မန္တလေးတိုင်း ဒေသကြီးတွင်လည်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်များကို ဗဟိုအဆင့်က သတ်မှတ်ထားခြင်းဖြစ်ပြီး မည်သည့်အချက်များကြောင့် သတ်မှတ်သည် ဆိုခြင်းကို မသိကြောင်း မန္တလေးတိုင်း ဒေသကြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ သတင်းမှန် ပြန်ကြားရေးနှင့် သတင်းမှားများ ဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ရေး သတင်းစောင့်ကြည့်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

“Stay Home သတ်မှတ်ချက်ကို တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ပိုင်ခွင့်မှာ ပေးမထားပါဘူး။ တိုင်းဒေသကြီး အစိုးရ အနေနဲ့က မြို့နယ်တစ်ခုမှာ Semi-lockdown လို အခြား လုပ်ဆောင်မှုတွေတော့ သက်ဆိုင်ရာ ခရိုင် မြို့နယ်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်တယ်။ ဒီလိုမျိုး မန္တလေးမြို့နယ် သုံးမြို့နယ် Stay at Home လုပ်တယ် ဆိုတာက ဗဟိုမှာရှိတဲ့ အခြေခံတဲ့ အချက်အလက်စာရင်း ရှိမှာပေါ့” ဟု ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

ဗဟိုမှ သတ်မှတ်လိုက်သည့် Stay at Home မြို့နယ်များကို တိုင်းဒေသကြီး အစိုးရ အနေဖြင့် ရိက္ခာထောက်ပံ့ခြင်းများကို လုပ်ဆောင်ပေးနေသည်ဟု ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

လက်ရှိတွင် COVID-19 ကူးစက်မှုမှာ အရှိန်တန့်သွားခြင်း မရှိသေးဘဲ ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်သာမက အခြားသော တိုင်းဒေသကြီးများတွင်လည်း ကူးစက်မှု များပြားလာခဲ့သည်ကို တွေ့ရသည်။ (ရောဂါဖြစ်ပွား နေသည့် တိုင်းဒေသကြီး အချို့အား ဂရပ်ဖြင့် သီးခြားဖော်ပြ ထားပါသည်)

ဥပမာအနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါပိုးအများဆုံး တွေ့ရှိသည့် မြို့နယ်များဖြစ်သည့် ပုသိမ်၊ ဖျာပုံနှင့် မအူပင်မြို့နယ်များကိုသာ Stay at Home သတ်မှတ်ထားသော်လည်း အခြားမြို့နယ်များကိုမူ သတ်မှတ်ထားခြင်း မရှိသေးပေ။ ဘိုကလေး၊ ကျောင်းကုန်၊ ကန်ကြီးထောင့် စသည့်မြို့နယ်များတွင် ရောဂါပိုးတွေ့ရှိသူ အရေအတွက်မှာ ၁၀ ဦးအထက် ရှိသော်လည်း ယင်းမြို့နယ်များကို သတ်မှတ်ထားခြင်း မရှိပေ။

အလားတူ မန္တလေးတိုင်း ဒေသကြီးတွင်လည်း ရောဂါပိုး အများဆုံးတွေ့ရှိသည့် အောင်မြေသာဇံ၊ ချမ်းအေးသာစံနှင့် အမရပူရမြို့နယ်များကို Stay at Home သတ်မှတ်ထားသော်လည်း ပိုးတွေ့လူနာ အများဆုံးတွင် ပါဝင်သည့် မြင်းခြံ၊ မဟာအောင်မြေ၊ ညောင်ဦး၊ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန် အစရှိသည့် မြို့နယ်များကိုမူ သတ်မှတ်ထားခြင်း မရှှိပေ။

ပဲခူးတိုင်း ဒေသကြီးတွင်လည်း ကဝ၊ သနပ်ပင်၊ ပဲခူးမြို့နယ်များကို Stay at Home သတ်မှတ်ထားသော်လည်း ဇီးကုန်း၊ ပြည်၊ လက်ပံတန်း၊ သာယာဝတီ အစရှိသည့် မြို့နယ်များအား သတ်မှတ်ခြင်း မရှိသေးပေ။

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်မြို့ တွင်မူ ရောဂါပိုး ကူးစက်ခံရသူ ၁၅ ဦးရှိသည့်အနက် ရန်ကုန်မြို့မှ ပြန်လာသူ ခြောက်ဦးနှင့် မြိတ်မြို့၌ Positive တွေ့ရှိသူနှင့် ထိတွေ့၍ ကူးစက်ခံရသူ ရှစ်ဦးရှိသည်ကို တွေ့ရသည်။ ရောဂါပိုး အများဆုံး တွေ့ရှိသည့် ပုလောမြို့ နယ်မှာ ပိုးတွေ့ရှိသူ ၅၀ အထိရှိရာ ယင်းတို့အနက် ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသူ သံဃာ ၄၆ ပါးတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အလားတူ စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း ပိုးတွေ့လူနာ တွေ့ရှိမှု များလာသော်လည်း ယင်းတိုင်းဒေသကြီးတွင် Stay at Home အဖြစ် သတ်မှတ်ထားသည့် မြို့နယ်တစ်ခုမျှ မရှိချေ။ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကင်းစင်သည့် ဒေသမှာ ကယားပြည်နယ် တစ်ခုတည်းသာရှိသည်။

မြို့နယ်တစ်ခုတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ သုံးဦးအထက်ရှိလာပါက ယင်းမြို့နယ်အား Stay at Home အဖြစ် သတ်မှတ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။

“မြို့နယ်ထဲမှာ သုံးယောက်ကျော်ပြီးတော့ အစတုန်းကတည်းက သုံးယောက်ကျော်လို့ရှိရင် ကျွန်မတို့ Stay at Home လုပ်ပါတယ်” ဟု အောက်တိုဘာ ၂ ရက်တွင် ပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

သို့သော် အခြားပြည်နယ်နှင့် တိုင်းများရှိ အချို့မြို့နယ်များတွင် ပိုးတွေ့လူနာ သုံးဦးအထက် ရှိလာသော်လည်း Stay at Home အစီအစဉ်အား အကောင်အထည်ဖော်ခြင်း မရှိသေးပေ။

ကူးစက်မှုနှုန်း မြန်ဆန်နေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးမှာ လူတစ်ဦးနှင့် ထိတွေ့မှုကို ဖြတ်တောက်နိုင်မည် ဆိုပါက ရောဂါကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး ရောဂါကာကွယ်နည်း၏ အခြေခံအကျဆုံးနှင့် အထိရောက်ဆုံးနည်းမှာ Stay at Home သာဖြစ်သည်ဟု ဆေးပညာရှင်များက သုံးသပ်ပြောကြားထားသည်။

“ရောဂါရဲ့ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံးနည်းကတော့ အိမ်မှာနေခြင်းပဲ ဖြစ်တယ်။ လူတစ်ဦးနဲ့တစ်ဦး မထိတွေ့ခြင်းအားဖြင့် ရောဂါကွင်းဆက်တွေ ပြတ်တောက်သွားပြီးတော့ ရောဂါဖြစ်ပွားမှု တစ်ရှိန်ထိုး ကျဆင်းတယ်ဆိုတဲ့ အကျိုးကျေးဇူးကို ရမှာပေါ့” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

Stay at Home အစီအစဉ် သတ်မှတ်ရာတွင်လည်း ယင်းအစီအစဉ် ဖြစ်မြောက်စေရန် အစိုးရကလည်း လိုအပ်သည့် ရိက္ခာထောက်ပံ့မှု အစရှိသည်တို့ကို ပြင်ဆင်ထားရမည်ဖြစ်သည်။ ကိုဗစ်ပထမလှိုင်းတွင် သင်္ကြန်ကာလ ရုံးပိတ်ရက်များ ရှိခဲ့သည့်အချိန်နှင့် တိုက်ဆိုင်ခဲ့ခြင်းကြောင့် Stay at Home သတ်မှတ်ခဲ့ရာ ပြည်တွင်း ရောဂါကူးစက်မှု နည်းပါးသွားခဲ့သည်ကို တွေ့ရသည်။

ကိုဗစ်ဒုတိယလှိုင်းတွင်မူ အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပြည်တွင်းကူးစက်မှုများကို တွေ့ရှိလာရပြီး Stay at Home အစီအစဉ်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်သည်။ ရွေးကောက်ပွဲအတွက် လူစုလူဝေးဖြင့် မဲဆွယ်မှုများမှာလည်း ရောဂါကူးစက်စေရန် ဖိတ်ခေါ်နေသည့် အခြေအနေ ဖြစ်နေခြင်းကြောင့် ယင်းဖြစ်စဉ်များကိုလည်း တားဆီးရန် လိုအပ်လာပြီဖြစ်သည်။ နယ်မြို့များတွင် Stay at Home အစီအစဉ်ကို လုပ်ဆောင်မှု နှေးကွေးမည်ဆိုပါက မမြင်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အာဆီယံနိုင်ငံများတွင် ရောဂါကူးစက်ခံရမှု အများဆုံး နိုင်ငံများစာရင်း၌ ပါဝင်လာမည်ဖြစ်သည်။ လက်ရှိတွင်လည်း ရောဂါကူးစက်ခံရမှု စာရင်းတွင် နံပါတ် ၄ နေရာတွင်ရှိပြီး သေဆုံးမှုစာရင်းတွင် နံပါတ် ၃ အထိ ရောက်ရှိနေသည့် မြန်မာနိုင်ငံအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း လူသုံးဦးအထက် ရောဂါကူးစက်ခံရပါက Stay at Home အဖြစ် သတ်မှတ်မည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် လိုအပ်နေပြီဖြစ်သည်။

ဇော်မင်းနိုင်

Most Read

Most Recent