ဖားကန့်ဒေသက သိန်းနှင့်ချီ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ဆုံးရှုံးတော့မှာလား

ဖားကန့်ဒေသက သိန်းနှင့်ချီ ရွှေ့ပြောင်းအလုပ်သမားများ မဲပေးခွင့်ဆုံးရှုံးတော့မှာလား
ဖားကန့်ဒေသ  လုပ်ကွက်တစ်နေရာတွင် ရေမဆေးကျောက်ရှာဖွေနေသည်ကို တွေ့ရစဉ်
ဖားကန့်ဒေသ လုပ်ကွက်တစ်နေရာတွင် ရေမဆေးကျောက်ရှာဖွေနေသည်ကို တွေ့ရစဉ်
Published 5 October 2020
ဆန်းမိုးထွန်း၊ စစ်ကိုနိုင်ထွန်း

(၁)

ဖားကန့်ဟုဆိုလျှင် ကျောက်စိမ်းမှော်အဖြစ် ရှုမြင်ကြသည်။ ဖားကန့်တွင် ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရှိသည့်အတွက် ကျောက်စိမ်းမှော်မြို့တော်အဖြစ် ထင်ရှားသည်။

ဖားကန့်မြို့ကို ၁၈၃၂ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ယခုမြို့နေရာ၌ အောင်မင်္ဂလာရွာကို ရှမ်းလူမျိုးများက စတင်တည် ထောင်ခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။ အဆိုပါရွာမြောက်ဘက်ရှိ မျောက်ဖြူချောင်း ပေါက်ဝအထက်၌ တောင်ကြီးပြိုကျခြင်း အစွဲပြု၍ ဖာကန့်ဟု ခေါ်တွင်ခဲ့သည်။

‘ဖာ’ဆိုသည်မှာ တောင်ဟု အဓိပ္ပာယ် ရပြီး ‘ကန့်’ဆိုသည်မှာ ပြိုကျခြင်းဟု အဓိပ္ပာယ်ရသည်။ ကာလရွေ့လျားပြောင်းလဲ လာသည်နှင့်အမျှ ဖားကန့်ဟု ခေါ်တွင်လာခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၉၅ ခု နှစ်တွင် ဖားကန့်ကျေးရွာကို ဖားကန့်မြို့အဖြစ် တိုးမြှင့်ဖွဲ့စည်းခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ကာမိုင်းမြို့နယ်အစား ဖားကန့်မြို့နယ်အဖြစ် ပြောင်းလဲဖွဲ့စည်း၍ ဌာနဆိုင်ရာရုံးများကိုလည်း ကာမိုင်းမှ ဖားကန့်သို့ ပြောင်းရွှေ့ ရုံးစိုက်ခဲ့သည်။

ဖားကန့်မြို့နယ်သည် ကချင်ပြည်နယ် မိုးညှင်းခရိုင်တွင်တည်ရှိပြီး မြို့အကျယ် အဝန်းမှာ ၂၃၃၉ စတုရန်းမိုင်ရှိသည်။ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးနယ်မြေဖွဲ့စည်းမှုတွင် မြို့နယ်တစ်မြို့နယ်၊ မြို့တစ်မြို့၊ ရပ် ကွက်ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၅ အုပ်စုနှင့် ကျေးရွာပေါင်း ၅၄ ရွာ ရှိသည်။

ဖားကန့်မြို့တွင် တိုင်းရင်းသားလူမျိုးအများစုနေထိုင်ပြီး လူဦးရေမှာ ၁၃၀၀၀၀ ကျော်ရှိကြောင်း ကချင်ပြည်နယ် မိုးညှင်း ခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၁၉ ဖားကန့်မြို့ နယ်ဒေသဆိုင်ရာ အချက်အလက်များစာအုပ်တွင် ဖော်ပြထားသည်။

စုစုပေါင်း လူဦးရေ၏ ထက်ဝက်နီးပါး မှာ ကချင်လူမျိုးများဖြစ်ပြီး ခြောက်သောင်း ကျော်ရှိသည်။ ဒုတိယ လူဦးရေအများဆုံး နေထိုင်သည့်လူမျိုးမှာ ရှမ်းလူမျိုးဖြစ်ပြီး လူ ဦးရေ ၃၈၀၀၀ ကျော် ရှိသည်။ တတိယနှင့် စတုတ္ထအများဆုံးနေထိုင်သည့် လူမျိုးမှာ ဗမာနှင့် ချင်းလူမျိုးတို့ ဖြစ်ကြသည်။

သို့သော် မြေပြင်အခြေအနေတွင်မူ ဖားကန့်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ခြောက်ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၁ အုပ်စု၊ ပြည်ထဲရေးအမည်ပေါက်ကျေးရွာ ၁၃၄ ရွာ နှင့် ပြည်ထဲရေး အမည်မပေါက်သည့် ကျေး ရွာ ၂၂ ရွာရှိကြောင်း စုံစမ်းသိရှိရသည်။ အတည်ပြုအိမ်ထောင်စု တစ်သောင်းကျော် တွင် လူဦးရေ တစ်သိန်းတစ်သောင်းကျော် ရှိပြီး ယာယီအိမ်ထောင်စု ၂၉၀၀၀ ကျော်ရှိ ကြောင်း သိရသည်။

၂၀၂၀ တွင် ဖားကန့်မြို့နယ်တစ်ခုလုံး၏ လူဦးရေမှာ အိမ်ထောင်စုစာရင်းများအရ သုံးသိန်းဝန်းကျင်ခန့်ရှိပြီး ရွှေ့ပြောင်းလုပ် သားများကိုပါ ထည့်တွက်မည်ဆိုပါက လူဦးရေ လေးသိန်းခွဲခန့်ရှိကြောင်း ခန့်မှန်းထားသည်။

(၂)

ဖားကန့်သည့် ကချင်လက်နက်ကိုင် အဖွဲ့(KIA) စိုးမိုးရာ နယ်မြေဖြစ်သလို အစိုးရနှင့် တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် ရှိသော နယ်မြေလည်း ဖြစ်သည်။

ထို့ကြောင့် ဖားကန့်ဒေသတွင် အနိုင်ရ ပါတီ၏ အစိုးရ၊ မြန်မာ့တပ်မတော်အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့(KIA) အစိုးရဆို ပြီး အစိုးရသုံးရပ် အုပ်ချုပ်နေသည်ဟုပင် ခေါ်ဆိုရမည်ဖြစ်ကြောင်း ဒေသခံများက ပြောကြားလေ့ရှိသည်။

ဖားကန့်သည့် ငြိမ်းချမ်းရေးရပြီးသည့် အဖြူရောင်နယ်မြေလည်းမဟုတ်၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် အနက်ရောင် နယ်မြေလည်း မဟုတ်သည့်အတွက် အညိုရောင်နယ်မြေဟု ဒေသခံများက သမုတ် ထားသည်။

အဆိုပါ အညိုရောင်နယ်မြေသည် ကမ္ဘာကျော်ကျောက်စိမ်းထွက်ရှိရာ ဒေသလည်းဖြစ်သည့်အတွက် နိုင်ငံတော်က ကျောက်တူးဖော်ရေးလုပ်ကွက်များကို တရားဝင်ချ ပေးထားသည့် ကုမ္ပဏီများလည်း ရှိနေသည်။

နဝတ၊ နအဖ အစိုးရ လက်ထက်တွင် ကျောက်တူးဖော်ရေးကုမ္ပဏီများကို အလုံး အရင်းဖြင့် ဝင်ရောက်ခွင့်ပြုခဲ့သည်။ အကျိုး ဆက်အနေဖြင့် လက်ရှိတွင် ဖားကန့်ဒေသ၌ မိုးထိုးနေသည့် မြေစာပုံကြီးများ၊ နက်ရှိုင်းလှ သည့် ရေကန်ကြီးများက အကျည်းတန်စွာ နေရာယူထားကြသည်။

NLD အစိုးရလက်ထက် ပြီးခဲ့သည့် နှစ်နှစ်အတွင်း သက်တမ်းကုန်သွားသည့် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီ ၃၄၉ ခု ရှိပြီး ဖားကန့်မှော်ဒေသတွင် စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်သွားခဲ့သည့် ကုမ္ပဏီစုစုပေါင်း ၅၀၀ ကျော်ရှိနိုင် ကြောင်း စုံစမ်းသိရှိရသည်။

နိုင်ငံတော်နှင့် အကျိုးတူလုပ်ကွက်များ တွင် နေ့စဉ်ကျောက်တူးဖော်ထုတ်လုပ်ဆောင်ရွက်နေသည့် ကုမ္ပဏီ ၆၉ ခုကြောင်း ကချင်ပြည်နယ် မိုးညှင်းခရိုင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ဝေသည့် ၂၀၁၉ ဖားကန့်မြို့နယ် ဒေသဆိုင်ရာအချက် အလက်များစာအုပ်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်တွင်မူ ကျောက်စိမ်းတူး ဖော်ခွင့်ရှိသည့် သက်တမ်းကျန်ကုမ္ပဏီ ၇၄ ခုနှင့် နိုင်ငံတော်နှင့် အကျိုးတူ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီ သုံးခုရှိသည့်အတွက် ကုမ္ပဏီစုစုပေါင်း ၇၇ ခု ကျန်ရှိနေသေးသည်။

(၃)

ဖားကန့်သည် ရေမဆေးတို့အတွက် လတ်ဆတ်သည့်အိပ်မက်ဖြစ်သည်။ ပုပ်သိုး မသွားသည့် မျှော်လင့်ချက်တို့ဖြင့် တစ်နေ ဝင်တစ်နေထွက် အသက်ရှင်သန်နေရသည့် မြို့လည်း ဖြစ်သည်။ 

ထို့ကြောင့် မြန်မာနိုင်ငံ၏ အနယ်နယ် အရပ်ရပ်မှနေ၍ လောပန်းလောင်းအိပ်မက် ကိုထမ်းပြီး ရေမဆေးလုပ်ကိုင်လိုသူများ ဖား ကန့်သို့ ရောက်ရှိလာကြသည်။

ဖားကန့်ဒေသ၌ စွန့်စားလုပ်ကိုင်လိုသူ၊ သူဌေးဖြစ်လိုသူ၊ အရင်းအနှီးရလိုသူ စသည့် ရည်ရွယ်ချက်များဖြင့် ဒေသမျိုးစုံမှလူများက ဖားကန့်တွင် ရေမဆေးအဖြစ် လာရောက် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ရေမဆေးဟုခေါ်သော လူတန်းစားသည် ဖားကန့်မှော်ဒေသတွင် ထင်ရှားသည့် အမှတ်အသားတစ်ခုဖြစ်သည်။ ရေမဆေး ဆိုသည်မှာ ကျောက်တူးဖော်ရေးကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံများတွင် ကျောက်ရှာသူ များကို ဆိုလိုခြင်းဖြစ်သည်။

ဖားကန့်တွင် ရေမဆေး သုံးမျိုးရှိသည်။ ပထမတစ်မျိုးသည် ကိုယ့်စရိတ်ကိုယ်စား၍ ကိုယ်ရကိုယ်ယူ ရေမဆေး ဖြစ်သည်။ ၎င်းတို့သည် လေးငါးဦးခန့် အုပ်စုဖွဲ့၍ နေတတ်ကြသည်။

နောက်တစ်မျိုးမှာ လောပန်းနှင့် ဖြစ် သည်။ လောပန်းက နေစရိတ်၊ စားစရိတ် ထုတ်ပေးထားပြီး ကျောက်ရလာလျှင် တစ်ယောက်တစ်ဝက် ခွဲယူကြသည်။ နောက်ဆုံး တစ်မျိုးက ရွှေ့ပြောင်းရေမဆေးဖြစ်ပြီး ကိုယ့်စရိတ်ကိုယ်စား၍ ကျောက်ရှာဖွေတတ်သည့် အမျိုးအစားပင် ဖြစ်သည်။

ဖားကန့်တွင် ရေမဆေးသမားများ မည်မျှရှိသည်ကို အတိအကျ မသိနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရေမဆေးသမား အနေဖြင့် ဖာကန့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသည့်အပြင် ကုမ္ပဏီများ ၏ စွန့်ပစ်မြေစာပုံများတွင်လည်း တဲထိုး၍ နေထိုင်ကြသူများလည်း ရှိသည့်အတွက် ကျောက်စိမ်းတူးဖော်သည့် ရာသီအချိန်တွင် ရေမဆေးသမား သိန်းနှင့်ချီရှိနိုင်ကြောင်းသာ ခန့်မှန်းနိုင်သည်။ 

ဖားကန့်တွင် နေထိုင်သည့်လူများကို အမျိုးအစားခွဲခြားကြည့်မည်ဆိုလျှင် ဒေသ တွင်း အခြေချနေထိုင်သော အိမ်ထောင်စု တရားဝင်ရှိသူများ၊ အခြားအရပ်ဒေသမှ ဖားကန့်သို့ လာရောက်လုပ်ကိုင်ရာတွင် မှတ်ပုံ တင်သာရှိသည့် ရွှေ့ပြောင်းအလုပ်သမား များ၊ ဘိုးဘွားစဉ်ဆက်ကတည်းက ဖားကန့် ၌နေထိုင်ခဲ့ပြီး အိမ်ထောင်စုမရှိ မှတ်ပုံတင် မရှိသေးသည့် ဌာနေတိုင်းရင်းသားများနှင့် မှတ်ပုံတင်လက်ဝယ်မရှိသော ရေမဆေး ကျောက်ရှာသူများနှင့် ရွှေ့ပြောင်းအလုပ်သမားများဟူ၍ တွေ့နိုင်သည်။

(၄)

လာမည့် နိုင်ဝင်ဘာ ၈ ရက်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကိုကျင်းပ မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ကြေညာထားသည်။

မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ မဲစာရင်းတွင်ပါဝင်ရန် ပုံစံ - ၃ (က) ဖြင့် လျှောက်ထားနိုင်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁ ရက်တွင် ကြေ ညာခဲ့သည်။

သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများ၏ နည်းဥပဒေ ၁၀ ပါ ပြ ဋ္ဌာန်းချက်များအရ အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏အမြဲ တမ်းနေရပ်သို့ သွားရောက်ပြီး မဲပေးလိုခြင်း မရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒ နယ်တွင် ရွေးကောက်ခံသော လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင် ခွင့်ရရှိစေရေးအတွက် မဲစာရင်းတွင်ပါဝင် စေရန် ဆောင်နိုင်သည့်အချက်များကို ဖော် ပြထားသည်။

(က)  ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ နယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံ ချက်ကိုလည်းကောင်း၊ အလုပ်သမားဖြစ်ပါ က သက်ဆိုင်ရာလုပ်ငန်းရှင် သို့မဟုတ် လုပ် ငန်းရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်ကို လည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ် တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံ ချက်ဖြင့် မဲစာရင်း၌ မိမိတို့၏ အမည်ကိုထည့် သွင်းပေးရန်၊  ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ ရက်ပေါင်း ၃၀ ထက် နောက်မကျ စေဘဲ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ - ၃(က)ဖြင့် လျှောက်ထားရန်၊ ထိုသို့လျှောက်ထားရာ ၌ တောင်းဆိုသူတင်ပြရမည့် အထောက်အ ထားနေရာတွင် တောင်းဆိုသူ တင်ပြလို သည့် စာရွက်စာတမ်းများ၊ သက်သေအ ထောက်အထားများနှင့်အတူ မိမိတို့၏ အမြဲ တမ်းနေရပ်တွင် ပါဝင်သည့် မဲစာရင်းအမှတ် စဉ်ကို ဖြည့်သွင်းတင်ပြရန်တို့ဖြစ်သည်။

(ခ) အပိုဒ်ခွဲ (က) အရ လျှောက်ထား သည့်အခါ ယင်းတို့သည် မဲဆန္ဒရှင်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီပါက သက်ဆိုင်ရာ ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ချက်များနှင့်အညီဆောင်ရွက်၍ မဲစာရင်းတွင် အမည်ထည့်သွင်းပေးမည်ဖြစ် သည်။

(ဂ) ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် အပိုဒ်ခွဲ (ခ) အရ မဲစာ ရင်းတွင် အမည်ထည့်သွင်းခံရသူ၏ အမည် ကို အမြဲတမ်းနေရပ်၏ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းမှ ပယ်ဖျက်နိုင်ရေး အတွက် မိမိ၏ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြရမည်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက လည်း ထိုတင်ပြချက်ကို လိုအပ်သလိုဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ နေ ရင်းဒေသရှိ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ - ၃(ခ) သုံးစောင်ဖြင့် အမြန်ဆုံး ဆက်လက် အကြောင်းကြားသွားမည် ဖြစ်သည်။

၂။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပ မည်ဖြစ်၍ အနည်းဆုံးရက်ပေါင်း ၉၀ ထက် မနည်း မဲဆန္ဒ နယ်ပြင်ပရောက်မဲဆန္ဒရှင်များ သည် စက်တင်ဘာ ၁၇ ရက်မှစတင်၍ သက် ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ - ၃ (က) ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားနိုင် သည့် နောက်ဆုံးနေ့ရက်မှာ အောက်တိုဘာ ၁၀ ရက်ဖြစ်ကြောင်း ရွေးကောက်ပွဲကော် မရှင်က ထုတ်ပြန်ခဲ့သည်။

ကော်မရှင်၏ ထုတ်ပြန်ချက်အရ ဖားကန့်တွင် လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများ၊ ရေမဆေးသမားများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ရက်ပေါင်း ၉၀ ထက်မနည်း နေ ထိုင်ထားပါက ယင်းဒေသတွင် မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။

သို့သော် ကုမ္ပဏီဝန်ထမ်းများနှင့် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ယင်းကိစ္စကို အလွယ် တကူဆောင်ရွက်နိုင်သော်လည်း လူဦးရေ သိန်းချီရှိသည့် တစ်နေ့လုပ်မှ တစ်နေ့စား ရွှေ့ပြောင်းလုပ်သားများနှင့် ရေမဆေး သမားများမှာမူ ပုံစံ - ၃ (က) လျှောက်ထား ရန်ကိစ္စက လွယ်ကူမည်မဟုတ်ပေ။

ထိုသို့ မလွယ်ကူခြင်းထက် ရက်ပေါင်း ၉၀ နှင့်အထက် နေထိုင်ရုံဖြင့် အဆိုပါဒေသ တွင် ပုံစံ - ၃(က)လျှောက်၍ မဲပေးခွင့်ရရန်တောင်းဆိုနိုင်သည်ကို သိန်းနှင့်ချီသော ရွှေ့ ပြောင်းလုပ်သားများနှင့် ရေမဆေးသမား များထဲ၌ မသိသူများပင် ရှိနေသည်။

အသက် ၃၂ နှစ်အရွယ် ရေမဆေးသမား ကိုနန်းသူတစ်ယောက် လာမည့်ရွေးကောက်ပွဲတွင် မဲပေးရန် စိတ်အားထက်သန် နေသည်။

သူ့အနေဖြင့် တစ်ကြိမ်တစ်ခါမျှ မဲမ ပေးဖူးသေးဘဲ ဖားကန့်တွင် ရေမဆေးအလုပ် လုပ်ကိုင်ရင်းနေလာခဲ့သည်မှာ  ခုနစ်နှစ်ခန့် ရှိပြီဖြစ်သည်။ သို့သော် သူ့အနေဖြင့် မဲပေး ချင်သော်လည်း မည်သို့မဲပေးရမည်ကို မသိသေးပေ။ မဲစာရင်းကြည့်ရှုခြင်း၊ မဲစာရင်း တွင် သူ၏နာမည် ပါမပါ၊ မပါလျှင် မည်သို့ လျှောက်ထားရမည်ကိုလည်း သူမသိ။ သူ့ အနေဖြင့် မွေးရပ်မြေသို့ မပြန်ဖြစ်သည်မှာ ခုနစ်နှစ်ရှိပြီဖြစ်သည့်အတွက် ယင်းကိစ္စ များက အလှမ်းဝေးလွန်းသည်။

ဖားကန့်တွင် နေထိုင်သည်မှာ ခုနစ်နှစ် ခန့်ရှိပြီဖြစ်သည့်အတွက် ပုံစံ - ၃(က) ဖြင့် လျှောက်၍ မဲပေးခွင့်ရရန် တောင်းဆိုလို့ရ သည်ကို သိပါသလားဟု မေးမြန်းသော် လည်း ဖြေနိုင်ခြင်းမရှိချေ။

‘‘မဲပေးဖို့ ဘယ်လိုပေးရမယ်ဆိုတာမသိ သေးဘူး။ စာသိပ်မတတ်တော့ ကြောက်မိတာ အမှန်ပဲ’’ဟု ထွယ်ဆန်ယန်ကွက်သစ် အနီးမှ ရေမဆေးသမား ကိုနန်းသူက ပြောကြားသည်။

ကိုနန်းသူလိုပင် မှော်ထဲ၌ ပျံကျစျေး သည်ဘဝဖြင့် ရုန်းကန်လှုပ်ရှားနေရသည့် မငွေမြင့်ကလည်း နေရပ်ပြန် မဲမပေးနိုင်လျှင် လက်ရှိဒေသ၌ ပုံစံ - ၃(က) ဖြင့် လျှောက်၍ မဲပေးခွင့်တောင်းဆိုနိုင်ကြောင်းကို သိရှိခြင်း မရှိပေ။

‘‘ကိုယ်တိုင်က နေရာတကာလှည့်ပြီး စျေးရောင်းငွေရှာနေရလို့ ပေးချင်ပေမဲ့မပေး ဖြစ်လောက်ဘူး ထင်တယ်။ တကယ်တော့ မဲပေးခွင့်ရရင် ပေးချင်တယ်။ ရွာမှာတော့ မဲစာရင်း ကျွန်မနာမည်ပါတယ် ပြောတယ်။ ဒါပေမဲ့ ဒီမှာရှိတော့ ရွာပြန်ပြီး မဲထည့်လို့မှ မရတာ။ ကျွန်မ ဖားကန့်မှာ ဘယ်လို မဲပေး နိုင်မယ်ဆိုတာ မသိဘူး’’ဟု မငွေမြင့်က ဖြေ ကြားသည်။

တစ်နေ့လုပ်မှ တစ်နေ့စားနေရသည့် အခြေခံလူတန်းသား သိန်းနှင့်ချီသော ရွှေ့ ပြောင်းလုပ်သားများတွင် ကိုနန်းသူနှင့် မငွေ မြင့်တို့ကဲ့သို့ ရွေးကောက်ပွဲ ဗဟုသုတမရှိ သူများ မည်မျှရှိမည်ကို ခန့်မှန်း၍မရနိုင်ပေ။

(၅)

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါ ဒုတိယလှိုင်း၏ အပြင်းထန် ဆုံးကာလကို ကျော်ဖြတ်နေရသည့် အချိန် လည်းဖြစ်သည်။ လက်ရှိတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုဒဏ်ကို ဖားကန့်ဒေသလည်း ခံနေရသည်။

ဖားကန့်တွင် COVID-19 ရောဂါ ကူး စက်ခံရသူ ၃၆ ဦးရှိသည့်အတွက် တစ်မြို့ နယ်လုံးကို Stay at Home ကြေညာထားသည်။ COVID -19 ကာလအတွင်း ဖား ကန့်မြို့နယ်တစ်ခုလုံး Stay at Home ကြေ ညာထားသည့်အတွက် သိန်းနှင့်ချီသော ရွှေ့ ပြောင်းလုပ်သားများမှာ မဲပေးခွင့်ဆုံးရှုံးနိုင်ဖွယ်ရှိနေသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်မည့် အခြေခံမဲဆန္ဒရှင်စာရင်း ကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများတွင် နှစ်ပတ်တာ ကြေညာခဲ့ သည်။

ထိုသို့ကြေညာရာတွင် မဲစာရင်းတွင် အမည်စာရင်း မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲ စာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုနိုင်ပြီး မဲစာရင်းတွင် မပါဝင်သင့် သူများ ပါဝင်နေလျှင် ပုံစံ (၄) ဖြင့် ကန့်ကွက် ရန်နှင့် မဲစာရင်းပါအချက်အလက်များ မှား ယွင်းနေလျှင် ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ထုတ်ပြန်ထား သည်။ ရွေးကောက်ပွဲကော်မရှင်၏ ပထမ အကြိမ် မဲစာရင်းကြေညာချက်အရ ဖား ကန့်မြို့နယ်တွင် မဲဆန္ဒရှင် ၁၆၃၀၀၀ ကျော် ရှိကြောင်း ဖားကန့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ထံမှ သတင်းရရှိသည်။

‘‘ဖားကန့်မြို့နယ်မှာ အခုထိ မဲစာရင်း မှာ ကြေညာထားတဲ့စာရင်းဟာ မဲပေးမယ့်သူ ၁၆၃၀၀၀ ကျော်ရှိပါတယ်။ ပုံစံ (၃-က) နဲ့ လျှောက်ထားမယ့် အရေအတွက်ကတော့ များနိုင်ပါတယ်။ ဒါပေမဲ့ ကာယကံရှင်တွေက လျှောက်ထားမှသာ သိရမှာ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်မှာတော့ (၃-က) နဲ့ လျှောက် ထားတဲ့ အရေအတွက်ကတော့ အများဆုံးက တော့ ရေမဆေးကျောက်ရှာသူတွေ အများ ဆုံးပဲ။ နောက်ပြီးတော့ သူတို့နဲ့ ဆက်စပ်နေ တဲ့ စျေးရောင်းတဲ့သူတွေ၊ ကုမ္ပဏီဝန်ထမ်း တွေနဲ့ တာဝန်လာထမ်းဆောင်နေတဲ့ ဌာန ဆိုင်ရာက နိုင်ငံတော်ဝန်ထမ်းတွေ၊ နောက် ပြီးတော့ စစ်တပ်၊ ရဲ၊ တိုက်ခိုက်ရေး အထူး ရဲတပ်ရင်းတွေကနေ ပြီးတော့ ရွေးကောက်ပွဲ မှာ မဲပေးမယ်ဆိုရင် ပုံစံ (၃-က) နဲ့ လာ ရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်’’ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်က ပြောကြားသည်။

ပထမအကြိမ်မဲစာရင်းတွင် မပါဝင်သူ များ ဒုတိယအကြိမ်မဲစာရင်းတွင် ပါဝင်နိုင် ရန်လိုအပ်သည့် ပုံစံများကို ရပ်ကွက်၊ ကျေး ရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး များတွင် အခမဲ့ရယူပြီး ဖြည့်စွက်ပြင်ဆင်ခြင်း များလုပ်ဆောင်ရန် ကော်မရှင်က တိုက်တွန်း ထားသည်။

သို့သော် ဒုတိယအကြိမ် မဲစာရင်းကြေညာမည့်အချိန်တွင် Stay at Home အစီ အစဉ်ကြောင့် ပုံစံ (၃) လာရောက်လျှောက် ထားသူများအနေဖြင့် အခက်အခဲရှိနိုင်သည့် အပြင် ပုံစံ (၃-က) ဖြည့်သွင်းရာတွင်လည်း မှတ်ပုံတင်မိတ္တူ (သို့မဟုတ်) မူလနေရပ်မှ သန်းခေါင်စာရင်း တင်ပြရမည်ဖြစ်သော ကြောင့် ခက်ခက်ခဲခဲလျှောက်ထားရမည့် အခြေအနေမျိုးဖြစ်နေကြောင်း ဖားကန့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသိန်းဟန်က ဆက်လက်ပြော ကြားသည်။

‘‘အခုကတော့ ကျွန်တော်တို့ ဖားကန့်မြို့ကို Stay at Home ဆိုပြီးတော့မှ COVID-19 နဲ့ပတ်သက်ပြီး ရောဂါဖြစ်တဲ့ လူတွေများနေလို့ စည်းကမ်းတွေ သတ်မှတ်ထားပါတယ်။ ပြည်သူတွေက အပြင်ကိုထွက် ခွင့်ရဖို့ တစ်ရက်မှာ တစ်အိမ်တစ်ယောက်ကို သာ ခွင့်ပြုထားတယ်။ ပြည်သူတွေက ဒီကာ လကြီးမှာ ကျန်းမာရေးအတွက် ပူပင်ရ တယ်။ ငွေရေးကြေးရေးအတွက် ပူပင်ရ တယ်။ အဲဒီအခါကျတော့ သူတို့မှာ (၃-က) လျှောက်ဖို့အတွက်ကို စိတ်ဝင်စားဖို့တော့ လျှော့ကျနေမှာဖြစ်ပါတယ်။ နောက်တစ်ခု က (၃-က) လျှောက်မယ်ဆိုရင်လည်း သူတို့ ဟာ (၃-က) ပုံစံကို ဖြည့်ရမယ်။ မှတ်ပုံတင် မိတ္တူ (သို့မဟုတ်) မူလရှိတဲ့နေရပ်က သန်း ခေါင်စာရင်းမိတ္တူ တင်ပြရမယ်။ နောက် ပြီးတော့ မူလနေခဲ့တဲ့ ဇာတိအရပ်ဒေသက မဲစာရင်းနံပါတ်ကိုလည်း တင်ပြရမှာ ဖြစ်ပါ တယ်။ အဲဒီတော့ အင်မတန်မှကို ခက်ခက် ခဲခဲလျှောက်ထားရမယ့် အခြေအနေ ဖြစ်နေ တယ်။ အဲဒီတော့ ဒီကာလမှာတော့ (၃-က) နဲ့ လျှောက်ထားမယ့် လူဟာ ၂၀၁၅ တုန်းက ရှိခဲ့တဲ့ အရေအတွက် ငါးသောင်းပတ်ချာ လည်လောက်တော့ မရှိနိုင်ဘူးလို့ ယူဆပါ တယ်။ ဖားကန့်ဟာ နယ်မြေကျယ်ပြန့်တယ်။ အခုချိန်ဟာ ကပ်ရောဂါကာလဖြစ်နေတဲ့ အခါကျတော့ ဂိတ်တွေလည်း ပိတ်ထားတာ ဖြစ်တယ်။ တကယ်လို့ ဒီမှာရှိတဲ့ ပြည်သူတစ် ယောက်ဟာ (၃-က) လုပ်ဖို့ဆိုခဲ့ရင် လက် မှတ်ထိုးရမှာကတော့ အုပ်ချုပ်ရေးရုံးတွေက ထိုးရမှာဖြစ်တယ်။ ၂၀၁၅ တုန်းက ကျွန် တော်တို့ (၃-က) ပေးထားတဲ့ သက်တမ်း ကုန်ခါနီးမှာ သောင်းနဲ့ချီပြီးတော့ တက်လာ ခဲ့တယ်။ အဲဒီအခါကျတော့ ကျွန်တော်တို့မှာ မဲစာရင်းကို ကွန်ပျူတာထဲကို ရိုက်သွင်းတဲ့ အခါ အခက်ခဲတွေ ဖြစ်ခဲ့ပါတယ်’’ဟု ဒေါက် တာသိန်းဟန်က ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖားကန့် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ ရုံးအဖွဲ့မှူး ဦးခင်မောင်ချင်းက ‘‘ကျွန်တော် တို့ ကြုံနေရတဲ့ လက်ရှိ (၃-က) ဒီမှာလည်း ရွှေ့ပြောင်းလုပ်သားတွေများတော့ (၃-က) ဟာ တော်တော်လေးကို အရေးပါနေသလို အခက်အခဲလည်း ရှိပါတယ်။ အုပ်စုတွေဖြစ် တဲ့ ဆိပ်မူတို့၊ လုံးခင်တို့ လူနေသိပ်သည်းတဲ့ နေရာတွေဆို (၃-က) နဲ့ လျှောက်တဲ့သူဟာ ထောင်ချီပြီးတော့ ရှိတယ်။ ဆိပ်မူမှာဆို လည်း အခုလက်ရှိ စာရင်းအရကို ကျွန်တော် တို့ပြုစုထားတာ ထောင်ဂဏန်းရှိတယ်။ လွတ်နေတာတွေလည်း အများကြီး။ လုံးခင်း အုပ်စုမှာလည်း ဒီတိုင်းပဲ ၁၅၀၀ ၊ ၂၀၀၀ လောက် ပြုစုထားပြီးပြီ။ ဘာအခက်အခဲ တွေ့လဲဆိုတော့ (၃-က) လျှောက်တဲ့ ပြည် သူတစ်ယောက်ဟာ အုပ်ချုပ်ရေးမှူးဆီကို ကိုယ်တိုင်လာရမယ်ဆိုတဲ့ ညွှန်ကြားချက်က အခက်အခဲဖြစ်နေတယ်။ တချို့တွေကျ တော့လည်း နယ်မြေကျယ်ပြန့်တော့ အုပ်ချုပ် ရေးမှူးတွေဆီလာဖို့ အခက်အခဲရှိနေတယ်။ ပြီးတော့ ရုံးတွေကိုလာဖို့ ကြောက်တဲ့ ရောဂါ ပေါ့’’ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

ယင်းကိစ္စကို ကချင်ပြည်နယ် ပြည်သူ့ ပါတီ (KSPP) အနေဖြင့် မြေပြင်ဆင်း၍ ကူ ညီဖြေရှင်းပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေ ချိန်တွင် အစိုးရက ဖားကန့်မြို့နယ်ကို Stay at Home ကြေညာလိုက်သည့်အတွက် လုပ် ဆောင်ပေး၍ မရတော့ကြောင်း ကချင်ပြည် နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဦးဘရန်ရှောင်က ပြောကြားသည်။

‘‘ကျွန်တော်တို့ပုံစံ (၃-က) ဖြည့်ဖို့ အစီ အစဉ်ကတော့ သူ့ရဲ့ကာလ အချိန်ရောက် တဲ့အခါမှာ အားလုံးဘယ်နေရာတွေမှာ ရွှေ့ ပြောင်းအလုပ်သမားများသလဲ။ တချို့နေ ရာတွေမှာကျ နဂိုကတည်းက နေနေတဲ့သူ တွေရှိတယ်။ သို့သော်လည်းပဲ မဲစာရင်းမှာ မပါတဲ့အတွက် သူတို့ဘယ်မှာနေကြသလဲ။ စုံစမ်းထားတဲ့အတွက် ကျွန်တော်တို့ပါတီက လူငယ်အင်အားနဲ့ မိတ္တူစက်နဲ့ သွားပြီးတော့ မှ အားလုံးဆောင်ရွက်ဖို့ အစီအစဉ်တွေရှိပါ တယ်။ သို့သော် COVID-19 ရောဂါကြောင့် နိုင်ငံတော်အနေနဲ့ Stay at Home လုပ်လိုက်တော့ သွားလာလို့မရတော့ အဆက်အသွယ်ပြတ်ကုန်တယ်။ ဘာမှလုပ်ပေးလို့ မရ တော့ဘူး’’ဟု ဦးဘရန်ရှောင်က ဆိုသည်။

ဖားကန့်ဒေသရှိ သိန်းနှင့်ချီသည့် ရွှေ့ပြောင်းအလုပ်သမားများအတွက်တော့ မြွေပူရာ ကင်းမှောက်ဆိုသလို ဘူးလေးရာ ဖရုံ ဆင့်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် ဒုတိယအကြိမ်မဲစာရင်းကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ နှစ်ပတ်ကြာ ကြေညာနေပြီဖြစ်သည်။ ယခုထုတ်ပြန်လိုက် သည့် မဲစာရင်းသည် လာမည့်ရွေးကောက်ပွဲ တွင် မဲပေးခွင့်ရရန် နောက်ဆုံးလျှောက် ထားရမည့် အခွင့်အရေးလည်း ဖြစ်သည်။

သို့သော် ပုံစံ-၃(က)ဖြင့် လျှောက်ထား ခွင့်ကို စက်တင်ဘာ ၁၇ ရက်မှ အောက်တို ဘာ ၁၀ ရက်အထိသာ သတ်မှတ်ထားသည့် အတွက် လက်ရှိဆောင်းပါးနေသားနေချိန် တွင် သက်တမ်းကုန်ဆုံးရန် ခြောက်ရက်သာ လိုတော့သည်။

အဆိုပါ ခြောက်ရက်အတွင်း ဖားကန့် မြို့နယ်အတွင်းရှိ သိန်းနှင့်ချီသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ပုံစံ-၃(က)ဖြင့် လျှောက်ထားမည်ဆိုလျှင် အဆင်ပြေနိုင် လိမ့်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဖားကန့်မြို့ နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် အရာရှိ နှစ်ဦးနှင့် ဝန်ထမ်းနှစ်ဦးသာရှိခြင်း၊ COVID-19 ကာလ Stay at Home ကြေညာထားသည့်အတွက် လူစုလူဝေးဖြင့် အပြင်သို့ ထွက်ခွင့်မရခြင်း စသည့်အချက် များကြောင့် ဖားကန့်မြို့နယ်အတွင်းရှိ သိန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမား များမှာ မဲပေးခွင့်ဆုံးရှုံးရန် ဖြစ်နိုင်ခြေများ သည့် အနေအထားတွင် ရှိနေသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) ဥက္ကဋ္ဌ ဦးဘရန်ရှောင်က ‘‘ပြည်သူကိုယ်တိုင်ကလည်း အပြင်ထွက်ခွင့်မရ။ ကျွန်တော်တို့က သွားမယ်ဆိုလည်း မလွယ်ကူတဲ့အခြေအနေ ရှိတော့ ဒီရောဂါကြောင့် နိုင်ငံသားအများ အပြား မဲပေးနိုင်မဲ့အခွင့်အရေးကနေ ဆုံးရှုံး မှာဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါ တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတစ်ယောက်ဟာ မဲပေးကို ပေးရပါမယ်။ ဒါသူ့ရဲ့ နိုင်ငံသားအခွင့်အရေးဖြစ်တယ်။ နိုင်ငံသား တွေအနေနဲ့လည်း ကိုယ်ဆန္ဒရှိတဲ့ပါတီကို မဲပေးနိုင်ခွင့်ဆုံးရှုံးတော့မှာလို့ ကျွန်တော်မြင် တယ်။ မဲပေးနိုင်တဲ့ ပြည်သူတွေတင် ဆုံးရှုံးတာ မဟုတ်ဘူး။ ကျွန်တော်တို့ ပါတီများ အတွက်လည်း ဆုံးရှုံးတာဖြစ်တယ်’’ဟု ပြော ကြားသည်။       

 

 

Most Read

Most Recent