COVID ဒုတိယလှိုင်းတွင် အထိအရှ မခံသည့် လုပ်သားအင်အား အခြေပြု လုပ်ငန်းများ ပြိုလဲ သွားနိုင်မလား

COVID ဒုတိယလှိုင်းတွင် အထိအရှ မခံသည့် လုပ်သားအင်အား အခြေပြု လုပ်ငန်းများ ပြိုလဲ သွားနိုင်မလား
 ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 5 October 2020
နီလာ

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃ ရက် အထိ မြန်မာနိုင်ငံတွင် COVID-19  ဓာတ်ခွဲ အတည်ပြုလူနာ ၁၆၅၀၃ ဦးအထိရှိလာခဲ့ ပြီး သေဆုံးသူ ၃၇၁ ဦးအထိရှိလာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကူးစက်မှု တစ်ရှိန်ထိုးတက်လာသည့်အတွက် ရောဂါ ကူးစက်ပျံ့နှ့ံမှုကို ထိရောက်စွာ ထိန်းချုပ်နိုင် ရန် ပြည်သူများကို မိမိနေအိမ်တွင်နေထိုင် ရန် Stay at Home အစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီးတွင် ကိုကိုးကျွန်းအပ ကျန်မြို့နယ်များ အကျုံးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက် သည်။

အစိုးရဌာနများမှ နိုင်ငံဝန်ထမ်းများအနေဖြင့် နှစ်ပတ်ရုံးတက် နှစ်ပတ် အိမ်မှနေ၍   ရုံးလုပ်ငန်းများ ဆောင်ရွက်စေခဲ့သည်။ ပုဂ္ဂလိကလုပ်ငန်းများမှအချို့ကို Stay at Home အစီအစဉ်မှ ခြွင်းချက်၍ ခွင့်ပြုခဲ့ သည်။

ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက် သော လက်ခစားလုပ်ငန်း စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၇ ရက်အထိ လုပ်ငန်း ခွင်သွားရောက်ခွင့်မပြုရန် ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂၀ ရက်တွင်ထုတ်ပြန်ခဲ့ပြီး အ ဆိုပါအမိန့်သည် စက်တင်ဘာ ၂၁ ရက် နံနက် ၈ နာရီတွင် စတင်သက်ရောက်ခဲ့သည်။

‘‘အဓိကက Labour Intensile Industry ဖြစ်လို့ အားလုံးက ကိုဗစ်ဖြစ်ရင် ပျံ့နှံ့ လွယ်လို့ Tension ကိုလျှော့ချချင်လို့လုပ်တာ  ဖြစ်တဲ့အတွက် ပိတ်ပေးရမှာပါ။ပိတ်ပေးကြ ပါတယ်။ တစ်ခုပဲ လစာပေးဖို့ ခက်ကြမှာရ ယ်၊ အော်ဒါတွေပေးဖို့ သင်္ဘောတင်နောက် ကျမှာ၊ ကုန်ကြမ်းဝင်လာတဲ့အခါ ထုတ်မရ တာတွေဖြစ်လာနိုင်တယ်’’ဟု ရွှေလင်ပန်း စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေး မှူး ကိုနေလင်းဇင်က ပြောကြားသည်။

(၁)

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ငန်း ကဏ္ဍ Lockdown ချမှတ်မှုအစီအစဉ်သစ်ကြောင့် ပြင်းထန်စွာထိုးနှက်ခံခဲ့ရပြီး ကုန် ထုတ်လုပ်မှု ထိုးဆင်းကာ စက်ရုံများစွာပိတ်ခဲ့ ရ၍ အလုပ်နေရာများစွာ လျှော့ချခံရ ကြောင်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွက်ထုတ်ပြန်သော နစ်ကေးမြန်မာ့စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager’ Index) - ဝယ်ယူရေးမန်နေဂျာ များ၏အညွှန်းကိန်း) အရ သိရသည်။

စက်တင်ဘာစစ်တမ်းဒေတာအရ ကိုရို နာဗိုင်းရပ်စ် ကူးစက်မှုအရှိန်မြင့်လာမှုကို တိုက်ပွဲဝင်ရန် Lockdown အစီအစဉ်သစ် များစွာချမှတ်မှုကြောင့် မြန်မာနိုင်ငံ၏ထုတ် လုပ်ရေးကဏ္ဍမှာ ပြင်းထန်စွာထိုးနှက်ခံခဲ့ရသည်။

ရန်ကုန်တိုင်းအတွင်းရှိ အဓိကစက်မှု ဇုန်များအပါအဝင် စက်ရုံများ ယာယီပိတ်ခဲ့ ရမှုကြောင့် ထုတ်လုပ်မှုနှင့် အော်ဒါအသစ် များ နှစ်ရပ်စလုံး အရှိန်ဖြင့်ကျဆင်းခဲ့ပြီး အ လုပ်နေရာများလျှော့ချခံခဲ့ရပြန်သည်။ စက် တင်ဘာတွင် လုပ်ငန်းအခြေအနေများ ဆိုး ရွားလာမှုက ဇူလိုင်နှင့် သြဂုတ်လကြား နာ လန်ပြန်ထူမှုကာလတိုကို ရုတ်တရက်အဆုံး သတ်ပစ်လိုက်သည်။

စက်တင်ဘာတွင် မြန်မာ့ထုတ်လုပ်မှု PMI အညွှန်းမှာ ၃၅ ဒသမ ၉ သာရှိခဲ့ပြီး ယခင်လ ၅၃ ဒသမ ၂ မှ ထိုးဆင်းခဲ့ခြင်းဖြင့် ခြုံပြောရလျှင် ထုတ်လုပ်မှုအခြေအနေဆိုး ရွားစွာ ကျဆင်းမှုကို အချက်ပြနေသည်။ ၃၅ ဒသမ ၉ နှုန်းမှာ ၂၀၁၅ ဒီဇင်ဘာတွင်စတင် ခဲ့သည့် စစ်တမ်းတွင် ဒုတိယအနိမ့်ဆုံးဖြစ် ပြီး ဧပြီလ၂၉ ထက်သာ မြင့်သော်လည်း တစ် လအတွင်း PMI ကျဆင်းမှု ၁၇ ဒသမ ၃ နှုန်း မှာ မှတ်တမ်းသမိုင်းတွင် အများဆုံးဖြစ်ပြီး ဧပြီလကျဆင်းမှု ၁၆ ဒသမ ၃ ထက်ပင် များ ပြားခဲ့သည်။

PMI တွင် ပါဝင်သည့်အစိတ်အပိုင်း ငါးခုအနက် လေးခုမှာ စက်တင်ဘာတွင် အနုတ်လက္ခဏာသဘော သက်ရောက်ခဲ့ကြပြီး ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်တစ်ခုသာ ခြွင်းချက်ဖြစ်ခဲ့သည်။

ထုတ်လုပ်မှုနှင့် အော်ဒါသစ်နှစ်ရပ်စလုံး စစ်တမ်းသမိုင်းတွင် ဒုတိယအများဆုံးနှုန်း ဖြင့်ကျဆင်းခဲ့ပြီး သက်ဆိုင်ရာအညွှန်းများ မှာ တစ်လအတွင်း ၂၈ မှတ်ကျော် ကျဆင်း ခဲ့ခြင်းဖြင့် စံချိန်တင်ခဲ့သည်။ အလုပ်နေရာ များနှင့် သိုလှောင်ထားသည့် ဝယ်ကုန်များ စာရင်းမှာ သုံးလနှင့် ခြောက်လအတွင်း အမြန်ဆုံးနှုန်းဖြင့် အသီးသီးကျဆင်းခဲ့ကြ သည်။

ဗိုင်းရပ်စ် အရှိန်ရကူးစက်လာမှုကြောင့် အဓိကဒေသများရှိ စက်ရုံများကို ပိတ်ခဲ့ရ၍ ထုတ်လုပ်မှုမှာ စက်တင်ဘာတွင် ပြင်းထန် စွာကျဆင်းခဲ့ခြင်းဖြစ်သည်။

ကန့်သတ်ချက်အသစ်များကြောင့် အ ဆိုပါကာလတွင် ဝယ်လိုအားတန့်နေခဲ့ပြီး ဇွန်-သြဂုတ်ကာလအတွင်း ထုတ်လုပ်မှု အ သစ်တစ်ဖန် တိုးတက်လာခဲ့သည့်နောက် တွင် အလုပ်သစ်များ၏ပမာဏကျဆင်းခဲ့ရာ စစ်တမ်းသမိုင်းတွင် ဒုတိယအများဆုံးနှုန်း ဖြစ်လာသည်။

အလုပ်သစ်များ စက်တင်ဘာတွင် တစ် ဟုန်ထိုးကျဆင်းခဲ့ခြင်းနှင့်အတူ လက်ကျန် အလုပ်များပါ သုံးလအတွင်း အားအကောင်း ဆုံးနှုန်းဖြင့်ကျဆင်းခဲ့ပြီး ၁၂ လအတွင်းထုတ် လုပ်မှု မျှော်မှန်းချက်မှာ ဧပြီလမှစပြီး အား အနည်းဆုံးသို့လျှောဆင်းသွားသည်။ စက်ရုံ အများအပြားကို ပိတ်ခဲ့ရ၍ အလုပ်နေရာ များ တစ်ဟုန်ထိုးနိမ့်ကျသွားခဲ့ပြီး သြဂုတ်လ တွင် ခုနစ်လအတွင်း ဝန်ထမ်းဦးရေ ပထမ အကြိမ်တိုးလာမှုနောက်ပိုင်း ပြန်လည်ကျ ဆင်းသွားခြင်းဖြစ်သည်။ ကုမ္ပဏီ ၁၆ ရာခိုင် နှုန်းခန့်က လုပ်သားအင်အားကို လျှော့ချခဲ့ ကြရာ ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်မှ လွဲ၍ စစ်တမ်း၏မည်သည်ကာလထက်မဆို အများဆုံးဖြစ်ခဲ့သည်။

COVID-19 ရောဂါကူးစက်ပျံ့နှံမှု ကြောင့် ယင်းနှင့်ဆက်စပ်နေသော စီးပွားရေးအကျပ်အတည်းသည် ကြီးမားသောစိန် ခေါ်မှုများနှင့် မသိနိုင်မှုများစွာတို့ကို ထွက်ပေါ်လာစေခဲ့သည်။

(၂)

ယခုနှစ်ပိုင်းအတွင်း အထည်ချုပ်ပို့ကုန် ကဏ္ဍသည် မြန်မာနိုင်ငံ၏ပြည်ပပို့ကုန်များတွင် ထိပ်ဆုံးမှရပ်တည်နေသည့် ပို့ကုန်တစ် ခု ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည်လည်း အ ထည်ချုပ်လုပ်ငန်းများတွင်အများဆုံးဝင်     ရောက်လုပ်ကိုင်လျက်ရှိသည့်ကဏ္ဍဖြစ် သည်။ လက်ခစားစနစ်ဖြင့် လုပ်ကိုင်နေ သည့် မြန်မာ့အထည်ချုပ်ပို့ကုန်များကို ကို ရီးယား၊ ဂျပန်တို့အပြင်အီးယူမှအော်ဒါမှာယူမှု မြင့်တက်ခဲ့သည်။

အီးယူက မြန်မာနိုင်ငံအပေါ် GSP/EBA ခံစားခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လက ပြန် လည်ပေးအပ်ခဲ့သည်။ ထိုအတွက် အီးယူသို့ အထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့ပါက အထည်အမျိုးအစားပေါ် မူတည်၍ အခွန် ရှစ်ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းအထိ သက် သာမှုရှိခဲ့သည်။

အဆိုပါအခွင့်အရေးရရှိခဲ့သည့် ၂၀၁၃ ခုနှစ်ကစ၍ အီးယူသို့ အထည်ချုပ်တင်ပို့မှု မြင့်တက်လာခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အီးယူ သို့တင်ပို့သည် ပြည်ပသို့ အထည်ချုပ်(ချုပ် ပြီးအထည်) တင်ပို့မှုစုစုပေါင်း၏ ၅၅ ရာခိုင် နှုန်းအထိ ရှိလာခဲ့သည်။

၂၀၁၈ ခုနှစ်တွင် အထည်ချုပ် (ချုပ်ပြီး အထည်) အများဆုံးတင်ပို့ထားသည့် ၁၀ နိုင် ငံစာရင်းကိုလေ့လာကြည့်ပါက အီးယူအဖွဲ့ ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဒေါ် လာ သန်း ၉၃၀၊ ယူကေသို့ ဒေါ်လာ ၃၂၃ သန်း၊ စပိန်နိုင်ငံသို့ ဒေါ်လာ ၂၉၄ သန်း၊ ပြင် သစ်နိုင်ငံသို့ ဒေါ်လာ ၂၆၆ သန်း၊ ဒိန်းမတ် နိုင်ငံသို့ ဒေါ်လာ ၁၅၈ သန်း၊ အီတလီသို့ ဒေါ်လာ ၁၅၇ သန်း၊ နယ်သာလန်နိုင်ငံသို့ ဒေါ်လာ ၁၄၅ သန်းအထိ တင်ပို့ထားခြင်းဖြစ် သည်။

အများဆုံးတင်ပို့ထားသည့် ၁၀ နိုင်ငံအနက် ဂျပန်နိုင်ငံသို့ဒေါ်လာ ၈၃၄ သန်း၊ ကိုရီးယားနိုင်ငံသို့ ဒေါ်လာ ၃၉၉ သန်း၊ အမေရိကန်နိုင်ငံသို့ ဒေါ်လာ ၂၁၁ သန်း အထိ တင်ပို့ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့အ ထည်ချုပ် (ချုပ်ပြီးအထည်) တင်ပို့မှုကို လေ့လာကြည့်ပါက ၂၀၁၀ ပြည့်နှစ်၌ အထည် ချုပ်တင်ပို့မှုတွင် ဒေါ်လာ ၃၃၇ သန်းသာရှိ ခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သုံးဆအထိ မြင့် တက်လာခဲ့ပြီး ဒေါ် လာတစ်ဘီလျံနီးပါးအထိ ရောက်ရှိလာခဲ့ကြောင်း စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်တွင် ချုပ်ပြီးအထည် တင်ပို့မှုသည် ဒေါ်လာ ၁ ဒသမ ၄၆ ဘီလျံအ ထိရှိလာခဲ့ပြီး မြန်မာနိုင်ငံ၏စုစုပေါင်းပို့ကုန် တန်ဖိုး၏ ၁၀ ရာခိုင်နှုန်းရောက်ရှိလာသည် အထိ အထည်ချုပ်လုပ်ငန်းများ တစ်ရှိန်ထိုး တိုးတက်လာခဲ့သည်။ ပို့ကုန်စျေးကွက်တွင် လည်း အီးယူစျေးကွက်သို့တင်ပို့မှုမှာ ယခင် နှစ်များထက် ၂၀၁၅ ခုနှစ်တွင် ရာခိုင်နှုန်း ၈၀ အထိ မြင့်တက်လာခဲ့သည်။

မြန်မာနိုင်ငံ၏အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်းစသည်တို့အနက် CMP စနစ်ဖြင့် အထည်ချုပ်တင်ပို့မှုမှာ ပြည်ပတင် ပို့မှုအများဆုံးဖြစ်ပြီး ငါးနှစ်အတွင်း လေးဆကျော် တိုးမြှင့်တင်ပို့ထားသည်။ အထည်ချုပ် (ချုပ်ပြီးအထည်) သည် ပို့ကုန်ကဏ္ဍ၌ အတိုး တက်ဆုံးဖြစ်ခဲ့သည်။

အစိုးရသစ် စတင်တာဝန်ယူချိန်၌ CMP အထည်ချုပ်လုပ်ငန်းများ၏ ထုတ် လုပ်မှုတန်ဖိုးမှာ ဒေါ်လာသန်း ၅၀၀ နှင့် အလုပ်အကိုင် လေးသိန်းခန့် ဖန်တီးပေးနိုင် ခဲ့သည်။

CMP အထည်ချုပ်လုပ်ငန်းများ၏ထုတ်လုပ်မှုတန်ဖိုးသည် လေးနှစ်အတွင်း ၁၀ ဆတိုးတက်လာခဲ့ပြီး အစိုးရသက်တမ်း စတုတ္ထနှစ်တွင် ဒေါ်လာငါးဘီလျံခန့်အထိ တိုးတက်လာနိုင်မည့်အခြေအနေရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏စတုတ္ထတစ်နှစ်တာအတွင်း ဆောင်ရွက်မှု များနှင့်ပတ်သက်၍ နိုင်ငံပိုင်သတင်းစာများ နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားထား သည်။

လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားခြောက်သိန်းခန့်ကို အလုပ်အကိုင် ဖန်တီးပေးနိုင်ခဲ့သည်။ ယင်းအနက်  ၉၅ ရာခိုင်နှုန်းခန့်သည် အမျိုးသမီး များ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်ခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တို ဘာ ၁ ရက်မှ မတ် ၂၇ ရက်အထိ ပြည်ပသို့ အထည်ချုပ်တင်ပို့မှုမှာ ဒေါ်လာ ၂ ဒသမ ၃၆၆  ဘီလျံရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ကျော် ပိုမိုတင်ပို့ထား သည်။

‘‘ပုံမှန်ကလည်း CMP လုပ်ငန်းတွေက တောက်လျှောက် တိုးတက်နေတယ်။ နှစ်စဉ် နှစ်စဉ် တိုးတက်နေတဲ့ အခြေအနေမှာရှိ တယ်’’ ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

၂၀၁၈ ခုနှစ်က အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၆ ဘီလျံနီးပါးရ ရှိခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ အထည်ချုပ်ကဏ္ဍမှ ပို့ကုန်တန်ဖိုးဒေါ်လာ ၁၀ ဘီလျံရရှိရန် မျှော်မှန်းထားကြောင်း မြန် မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း မှ သိရသည်။

သို့သော် မြန်မာနိုင်ငံသည် လက်ခစားစနစ်ဖြင့် ချုပ်လုပ်ခြင်းဖြစ်ပြီး ချုပ်ခအနေဖြင့် ၁၀ ရာခိုင်နှုန်းခန့်သာရရှိသည်။

‘‘မြန်မာနိုင်ငံက ချုပ်ခကို ဝင်ငွေအနေနဲ့ရတာ။ ဒါကပျမ်းမျှအနေနဲ့ ပြောတာပါ။တချို့ဆို ရှစ်ရာခိုင်နှုန်းလောက်ပဲ ရတဲ့သူ တွေရှိတယ်။ တချို့ဆို ၁၂ အထိရတဲ့သူတွေရှိ တယ်။ High Value Price ဆိုနည်းနည်း ပိုရတာပေါ့။ အရည်အသွေးကောင်းပြီး သေချာချုပ်ထားတာကတော့ ၁၂ ရာခိုင်နှုန်းလောက်ရတယ်။ အရမ်းပေါပေါလောလော ကြီးနဲ့ သိန်းနဲ့ချီပြီးအပ်ပြီး ချုပ်ခအရမ်း နည်းတဲ့ဟာတွေက ရှစ်ရာခိုင် နှုန်းလောက်ပဲ ရတယ်။ ဒါကြောင့်မို့ ပျမ်းမျှကို  ၁၀ ရာခိုင်နှုန်း လို့ပြောတာဖြစ်ပါတယ်’’ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းအတွင်း ရေးမှူးဒေါ်ခိုင်ခိုင်နွယ်က ပြောကြားသည်။

(၃)

COVID-19 ရောဂါ တရုတ်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့သည့်ကာလအတွင်း  တရုတ်နိုင်ငံမှ ကုန်ကြမ်း အဓိကတင်သွင်းနေရသည့်  ပြည်တွင်း အထည်ချုပ်လုပ်ငန်းများအနေဖြင့်  အလုပ်လုပ်ချိန်၊ အလုပ်ရက်များ လျှော့ ချခြင်းနှင့် လုပ်ခလစာပေးရန် အခက်အခဲများရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က ကုန်သည် စက်မှုအသင်းချုပ်တွင် ပြုလုပ်ခဲ့ သည့် COVID-19 ကြောင့် ကုန်ကြမ်းပြတ်လပ်မှု အန္တရာယ်မှ ကျော်လွှားနိုင်ရန်အတွက် ဆွေးနွေးပွဲ အခမ်းအနားမှ သိရသည်။

တရုတ်နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် မြန်မာနိုင်ငံသို့ တင်ပို့မည့် ကုန်ကြမ်းများ မတင်ပို့နိုင်ဘဲ ကြန့်ကြာမှုနှင့်အခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါကာလအတွင်းက ပြည်တွင်းအထည်ချုပ်လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းမရရှိပါက လုပ်ငန်းများ ယာယီရပ်ဆိုင်းသွားနိုင်သည့် အခြေအနေနှင့်ရင်ဆိုင်ခဲ့ရသည်။

‘‘သူတို့မှန်းထားတာက ၂၀၂၀ ဧပြီလ ကုန်အထိပေါ့။ ကိုရီးယားဘက်ကလည်း မှန်းတယ်။ တရုတ်လုပ်ငန်းရှင်ဘက်ကလည်း မှန်းတယ်။ ဒီလိုယာယီဖြစ်တဲ့ဟာမျိုးကို အခုလောလောဆယ် အလုပ်ချိန်လျှော့ချခြင်း၊ အလုပ်လုပ်ရက် လျှော့ချခြင်းနဲ့အဆင်ပြေ လိမ့်မယ်လို့ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက မျှော်လင့်ပါတယ်။ အဲဒီလိုမပြေခဲ့ ရင် လုပ်သားအင်အား လျှော့ချမယ်။ လုပ်သားအင်အား လျှော့ချလို့မှ COVID-19 က ကာဘာမဖြစ်နိုင်သေးဘူး။ ကုန်ကြမ်း မရောက်သေးဘူးဆိုရင် ယာယီပိတ်ပါမယ်’’ ဟု အထက်ပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောကြားသည်။

ယင်းနောက်ပိုင်း လေကြောင်းဖြင့် ကုန်ကြမ်းတင်သွင်းခွင့်ရရှိခဲ့သဖြင့် အထည်ချုပ်လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ခဲ့သည်။ အထည်ချုပ်လုပ်ငန်းများတွင် လက်ရှိ လည်ပတ်နေသည့် အထည်ချုပ်လုပ်မှုမှာ ကို ဗစ်မဖြစ်ခင်ကာလ မှာယူထားသည့်အော်ဒါ အမှာစာများကို ချုပ်လုပ်နေခြင်းဖြစ်သည်။

သြဂုတ်လလယ်ခန့်တွင်မူ ကိုဗစ်ဒုတိယလှိုင်းဟုဆိုရမည့် COVID-19 ကူးစက်ခံရမှု ပြန်လည်မြင့်တက်လာခဲ့ရာ COVID -19 ကြောင့် မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းများတွင် အပ်ထည် အော်ဒါမှာယူမှု မရှိသလောက် နည်းပါးလာခဲ့ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။

လတ်တလောတွင်လည်း အစိုးရ၏ ကိုဗစ်တားဆီးနိုင်ရေးအစီအစဉ်အရ  စက်ရုံများ နှစ်ပတ်ပိတ်ထားရသည့်ကာလ ဖြစ်သည်။

‘‘CMP လုပ်ငန်းတွေနဲ့ပတ်သက်ရင် အခုက ဘာမှလုပ်လို့မရတဲ့ အခြေအနေပါ။ အချို့လုပ်လက်စဟာလေးတွေ နားထားရ တာပေါ့။ အချို့သော ဝယ်လက်တွေလည်း သူတို့လည်း ဒီမှာဖြစ်နေတာတွေသိတော့ သိတာပေါ့လေ။ ဒါပေမဲ့ သူတို့ကလည်း ဟို မှာ ခရစ္စမတ်အမီ ရောင်းရမှာလေ။ ပို့ရမယ့် ရက်ကလည်း ပြောရမယ်ဆိုရင် သင်္ဘော တင်တာနဲ့ သူတို့ဆီအရောက်ဆိုရင် အနည်း ဆုံး တစ်လခွဲလောက်တော့ကြာတာပေါ့။တစ်လခွဲကြာရင် အခုအောက်တိုဘာမှာပေါ့။ ၇ ရက်နေ့ပြန်ဖွင့်ရင် တင်ဖြစ်ရင် ဥပမာ ၁၀ ရက်နေ့လောက် တင်ဖြစ်ရင် နောက်ထပ် ၄၅  ရက် ပေါင်းလိုက်ရင် သူတို့ဟိုမှာ ရောင်း ချိန်က မမီတော့ဘူးလေ။ ဆိပ်ကမ်းရောက်မယ်။ ပစ္စည်းရွေး ဘာညာနဲ့ ပွဲတော်ရက်ကို မမီတော့ဘူးပေါ့နော်။ အဲဒါ ဝယ်တဲ့ သူတွေ အနေနဲ့ဆုံးရှုံးတာပေါ့နော်။ဘာဖြစ်လို့လဲဆိုရင် သူတို့က CMP အပ်သလို ဒီမှာ  ကပ်ရော ဂါ ကြောင့် ပိတ်လိုက်ရတော့ ဘာမှလုပ်လို့မရ တော့ဘူး။ သူတို့နစ်နာတဲ့ အတွက်ကြောင့် ဘာဖြစ်လာနိုင်လဲဆိုတော့ နောက်ပိုင်းကျ ရင် အော်ဒါတွေကတော့ တော်တော်လေး နည်းသွားနိုင်ပါတယ်’’ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ အကြံပေး ဦးအောင်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံအချို့ တွင်လည်း လုပ်သားအင်အား အခြေပြု အထည်ချုပ်လုပ်ငန်းများ အဓိက လုပ်ကိုင်နေ ခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံက အော်ဒါမှာယူ နေသည့်နိုင်ငံများမှာ အဆိုပါနိုင်ငံများသို့  ပြောင်းရွှေ့သွားနိုင်သည့် အခြေအနေများနှင့် လည်း ရင်ဆိုင်နေရသည်။

‘‘ဘာဖြစ်လို့လဲဆိုရင် သူတို့ကတော့ ရွေးချယ်စရာ နိုင်ငံတွေရှိတယ်။ဥပမာ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်တို့ ၊ ကမ္ဘောဒီးယားတို့၊ ဘင်္ဂလားဒေ့ရှ်တို့ကိုလည်း ရွှေ့သွားနိုင်တာပေါ့နော်။ ဒါကလည်း ဖောက် သည်တွေရွှေ့သွားတော့ ဆုံးရှုံးမှုတစ်ခုဖြစ်သွားတာပေါ့။ အဲဒီဆုံးရှုံးမှုက နောက်ပိုင်း မှာ အော်ဒါနည်းသွားနိုင်တယ်။ နောက်တစ်ခါ လုပ်ငန်းတွေက ထိခိုက်လာမယ်’’ဟု ဦး အောင်ဝင်းက သုံးသပ်ပြောကြားသည်။

‘‘အထည်ချုပ်က အရှေ့တောင်အာရှ နိုင်ငံမှာ သူတို့ရွေးချယ်စရာက အာဆီယံ နိုင်ငံတွေထဲမှာ လေး၊ ငါးနိုင်ငံလောက်သူတို့ ရွေးလို့ရတာပေါ့နော်။ အခြားအာဖရိကနိုင်ငံတွေကိုလည်း သွားလို့ရတယ်။ အထည်ချုပ် တဲ့နိုင်ငံက နိုင်ငံပေါင်း ၂၀၊ ၃၀ လောက်ကို သူတို့က ရွေးလို့ရတယ်။ မြန်မာနိုင်ငံအနေနဲ့   ပြိုင်ပြီး သူတို့ဆီက အော်ဒါရအောင် ယူရတဲ့ အခါကျတော့ ဒီဘက်ကလိုက်နာမှု အားနည်းတဲ့အခါ အော်ဒါက ကိုယ့်ဆီရောက် လာမယ့်ဟာတွေက ရောက်မလာဘူးဖြစ် သွားတတ်တယ်’’ဟု အထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

ယင်း၏နောက်ဆက်တွဲအနေဖြင့် စက်ရုံအလုပ်ရုံများ ရပ်နားရခြင်း၊အလုပ်သမား အလုပ်အကိုင်ဆုံးရှုံးခြင်းများ ကြုံတွေ့လာနိုင်သည်။

ကုလသမဂ္ဂ၏ အလုပ်သမားရေးရာ အေဂျင်စီဖြစ်သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် အလုပ်အကိုင်ဆုံးရှုံးမှု သည် ယခင်ထင်ထားသည်ထက် ပိုမိုဆိုးရွားနေပြီး အလုပ်အကိုင် သန်းချီဆုံးရှုံးမှုနှင့်အတူ အလုပ်သမားများ၏ ဝင်ငွေကျဆင်းမှုသည် အလွန်အမင်း ကြီးမားနေကြောင်း စက်တင်ဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

(၄)

COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၌ ယခုလကုန်မှစပြီး အလုပ်သမား လျှော့ချခြင်း၊ ယာယီပိတ်ခြင်း နှင့် အပြီးပိတ်သိမ်းမည့်စက်ရုံ ၂၂၀ ကျော် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ ၂၃ ရက်က ပြောကြားသည်။

‘‘စက်ရုံကပိတ်သိမ်းဖို့ တင်ပြထားတာ ၂၂၃ ရုံရှိတယ်။ အဲဒါက ယာယီပိတ်တာ၊ အပြီးပိတ်တာရယ်၊ လုပ်သားအင်အား လျှော့တာပါတယ်။ အပြည့်အဝ ပိတ်သိမ်း မယ့်စက်ရုံ ၅၃ ရုံ၊အင်အားလျှော့စက်ရုံ ၁၄၆ ရုံ၊ ကျန်တာကတော့ ယာယီပိတ်တာ။ အဲဒါ တွေက ဒီလကုန်ပိတ်သိမ်းဖို့တင်ပြထားတဲ့ စက်ရုံတွေစာရင်းဖြစ်တယ်’’ဟု ဝန်ကြီးဒေါ် မိုးမိုးစုကြည်က ပြောကြားသည်။

‘‘အလုပ်သမား စုစုပေါင်းအရတော့ ၄၀၀၀၀ ကျော်လောက် ဆက်ပြီးတော့ အလုပ်လက်မဲ့ဖြစ်သွားမယ့် အနေအထားလို့ ကျွန်တော်တို့ သုံးသပ်လို့ရတယ်။ ဒါက Informal Sector တွေမပါသေးဘူး။ Formal Sector တွေပဲရှိတယ်။ အဲဒီတော့ ကျွန်တော် တို့က ဒီInformal Sector တွေကိုပါ ထည့် တွက်မယ်ဆိုရင် အနည်းဆုံးတော့ အလုပ်သမား သိန်းဂဏန်းဝန်းကျင်ခန့်လောက် တော့ အလုပ်လက်မဲ့ ဖြစ်သွားမယ့်အနေအထားလို့ သုံးသပ်ရမယ်ခင်ဗျ’’ဟု မြန်မာနိုင်ငံ စက်မှုလက်မှု နှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်း စုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS) အထွေထွေအတွင်းရေးမှူး ဦးသက်နှင်းအောင်က ပြောကြားသည်။

သို့သော်လည်း Stat at Home ကာလ တွင် မဖြစ်မနေ ဖွင့်လှစ်ရမည့်လုပ်ငန်းအမျိုး အစားများမှလွဲ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးမှပြည်သူများကို လုပ်ငန်းခွင်သို့ သွားရောက်ခွင့်မပြုကြောင်း ကြေညာထားသည့်အတွက် ထိုကာလအတွင်း အလုပ်သမားများအတွက် လုပ်ခလစာ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ထား သည်။

‘‘ကျန်းမာရေးအရ ဒီစက်ရုံတွေပိတ်ရတာကို လူတိုင်းနားလည်ပါတယ်။ ဒါပေမဲ့ နားမလည်တာက အစာအိမ်ပေါ့နော်။ အစာအိမ်နဲ့လူတွေရဲ့ ဝင်ငွေပေါ့နော်။ တချို့ကျ တော့ ဝန်ထမ်းတွေအတွက် ရုံးတွေက အ နည်းဆုံး သူတို့က  လစာရဲ့တစ်ဝက်လောက် ဒါမှမဟုတ် ရာခိုင်နှုန်း ၆ဝလောက် သို့မဟုတ် ၇၅ ရာခိုင်နှုန်းလောက်ပေးပြီး Work from Home လုပ်ခိုင်းလို့ရတယ်။ တစ်နေ့ လုပ်မှတစ်နေ့စားရတဲ့ ခေါင်းရွက်ဗျပ်ထိုးတို့ အခြားအောက်ခြေမှာရှိတဲ့အခြေခံပြည်သူ ကကျတော့ ပြဿနာရှိတယ်။ သူတို့က ပုံမှန် ဝင်ငွေရှိတာမဟုတ်ဘူး။ တစ်နေ့လုပ်မှတစ် နေ့စားရတာ။ အဲဒီအချိန်မှာ ငွေချေးဖို့ဆို တာလည်း ခက်တယ်။ ဒါကိုအစိုးရက ဘယ်လို ဖြေရှင်းမလဲ’’ဟု ရွှေလင်ပန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူးကိုနေလင်း ဇင်က ဆိုသည်။

ထို့ပြင် ကျန်းမာရေးအရ ရောဂါကူး စက်မှုထိန်းသိမ်းနိုင်ရန် စက်ရုံအလုပ်ရုံများ  ယာယီပိတ်ထားလိုပါက ကြိုတင်စီစဉ်ရန် လို အပ်ကြောင်း၊ ရုတ်တရက်စက်ရုံများ နှစ်ပတ် ပိတ်လိုက်သည့်အတွက် အော်ဒါအမှာစာ များဖြင့် လုပ်ကိုင်ရသည့်လုပ်ငန်းများတွင် အခက်အခဲများစွာရှိခဲ့သည်ဟုသိရသည်။

‘‘နောက်တစ်ခုက Lockdown လုပ်မယ်ဆိုရင် ကြိုစီစဉ်ဖို့လိုတာပေါ့။ ကြိုမစီစဉ် ပဲ ချက်ချင်းကြီးလုပ်လိုက်တဲ့အခါကျတော့  အရာရာက Contingency Plan အတိုင်း မလာဘူးလေ။ အမှန်က Plan A ၊Plan B ဆိုပြီး သွားသင့်တာပေါ့နော်။ အခုလက်ရှိ Lockdown လုပ်လိုက်တဲ့အချိန်မှာ အမှန် အတိုင်းပြောရရင် ဆန်၊ ဆီ၊ ဆားဝေမယ်ဆို လည်းဝေ၊ မဝေရင်လည်း ပိုက်ဆံဝေမယ်ဆို လည်းဝေပေါ့နော်။ အခုချိန်အထိ နှစ်ပတ်သ ာ Lockdown လုပ်လိုက်တယ်။အစိုးရက  ဘယ်ဟာ ဘယ်လောက် ခံစားခွင့်ပေးမယ် ဘာညာဆိုတာက ဘာမှမပါဘူး။ ဒီအပေါ် မှာ ပြည်သူတစ်ယောက်အနေနဲ့အားမရဘူး။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဆိုရင်  ပိုမိုရှင်းလင်းပြီးတော့ လွယ်ကူတဲ့စနစ်ဖြစ် ဖို့ လိုတယ်။ ပြည်သူတွေတင်မဟုတ်ဘူး။ လုပ် ငန်းရှင်တွေမှာလည်း အကုန်လုံးအခက်အခဲ တွေဖြစ်နေကြတယ်။ ရပ်လိုက်တဲ့အတွက် ကျွန်တော်တို့အလုပ်လုပ်လို့မရဘူး။ အလုပ် လုပ်မရတော့ လစာပေးဖို့အခက်အခဲရှိ တယ်’’ဟု ကိုနေလင်းဇင်က ဆက်လက်ပြော ကြားသည်။

အခြားတစ်ဖက်တွင် အစိုးရဘက်က  COVID-19 ကြောင့်ထိခိုက်ခဲ့သည့်လုပ် ငန်းများကို ကုစားနိုင်ရန် ချေးငွေများထုတ် ချေးပေးခဲ့ရာ ဦးစားပေးချေးငွေထုတ်ပေးသည့် ကဏ္ဍများတွင်  CMP အထည်ချုပ် လုပ်ငန်းများ ပါဝင်ခဲ့သည်။

သို့သော် ချေးငွေထက် အထည်ချုပ် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် အော်ဒါမှာယူမှုများဖြင့် အလုပ်ပေးနိုင်ရန်ကို သာ လုပ်ငန်းရှင်များက မျှော်လင့်ကြောင်း  သိရသည်။

COVID-19 ကပ်ရောဂါကြောင့် မြန် မာ့စီပွားရေးတိုးတက်မှုနှုန်း သုညဒသမ ၅ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းခဲ့ပြီး ဒေသတွင်း ရောဂါကူးစက်မှုလှိုင်းအသစ်၊ ကမ္ဘာ့စီးပွားရေး ထိခိုက်မှုကြာရှည်ခြင်း၊ ပြည်တွင်း ဘဏ္ဍာရေးကဏ္ဍ မသေချာမှု၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာရွေးကောက်ပွဲ အခြေအနေတို့ကြောင့် အန္တရာယ်စိန်ခေါ်မှု များရှိနေသေးကြောင်း ကမ္ဘာ့ဘဏ်က ဆို သည်။

စက်ရုံအလုပ်ရုံလုပ်ငန်းများ ရပ်ဆိုင်း လိုက်ရသည့်အတွက် အရှိန်ရနေသည့် လုပ်ငန်းများ အရှိန်သေကာ မည်သည့်အချိန်မှပြန် လည်လည်ပတ်နိုင်မည် မသိနိုင်ကြောင်း၊ အရှိန်ပြန်ရရန်ပင် အတော်အတန် ကြိုးစား ရဦးမည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

အထူးသဖြင့် CMP အထည်ချုပ်ကဏ္ဍ တွင် နောက်ထပ်နှစ်လခန့်အကြာတွင် အော်ဒါမရှိတော့ပါက ရပ်တည်ရန် ခက်ခဲ  နေသည်။

COVID-19 ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် ကျန်းမာရေးအရ ရောဂါကူးစက်မှု နှုန်းတစ်ရက်ထက်တစ်ရက် မြင့်တက်ကာ သေဆုံးနှုန်းမြင့်တက်လာခြင်းကို ထိန်းသိမ်း နေရသည်။ အခြားတစ်ဖက်တွင်လည်း ပထမ လှိုင်းထက် ရိုက်ခတ်မှုပိုကြီးသည့် ကိုဗစ်ဒုတိ ယလှိုင်းကြောင့် စီးပွားရေးလုပ်ငန်းအများစု မှာ လုပ်ငန်းယိုင်နဲ့လာကာ ရပ်တည်ရန် ခက် ခဲလာသည်။အချို့မှာ ပြိုလဲသွားသည်။ အထိ အရှမခံသည့် လုပ်ငန်းအများစုမှာ ပြိုလဲသွား ကြောင်း၊  စက်မှုဇုန်လုပ်ငန်းရှင်များက ပြော ကြားသည်။

စီးပွားရေးလုပ်ငန်းများ ရှင်သန်မှသာ ဝန်ထမ်းများနှင့်ယင်းကဏ္ဍများရှိအလုပ်သ မားများကို အလုပ်အကိုင်ပေးနိုင်မည်ဖြစ် သည်။

ပြည်သူများ၏ စီးပွားရေး လုပ်ငန်းများ ပြိုလဲခြင်းသည် နိုင်ငံ့စီးပွားရေး ပြိုလဲခြင်း ဖြစ်သဖြင့် စီးပွားရေးကျဆင်းမှု ထိန်းသိမ်းရေးတို့အတွက် အရေးပေါ်လုပ်ဆောင်မှုများ လုပ်ဆောင်ရန်နှင့် လျင်မြန်ထိရောက်သည့် တုံ့ပြန်မှု ကျားကန်ပေးမှုများ လိုအပ်နေပြီ ဖြစ်သည်။                                                   

 

 

Most Read

Most Recent