ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit များဖြင့် စစ်ဆေးခြင်းနှင့် ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်သည့် ပြဿနာ

ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား Test Kit များဖြင့် စစ်ဆေးခြင်းနှင့် ကုန်စည်စီးဆင်းမှုကို အဟန့်အတားဖြစ်စေနိုင်သည့် ပြဿနာ
နေပြည်တော်အဝင် ရေနီမြို့ဘက်ခြမ်းတွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်ကို တွေ့ရစဉ်
နေပြည်တော်အဝင် ရေနီမြို့ဘက်ခြမ်းတွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်ကို တွေ့ရစဉ်
Published 4 October 2020
သတင်းအဖွဲ့

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပျံ့နှ့ံမှု ဒုတိယလှိုင်းကြောင့် တိုင်းဒေသကြီး တစ်ခုနှင့် တစ်ခုအကြား ပြည်နယ်တစ်ခုနှင့် တစ်ခုအကြား သွားလာခြင်းများကို ကန့်သတ်လာခဲ့သည်။

သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ်မှ စတင်ပျံ့နှံ့ခဲ့သည့် COVID-19 ဒုတိယလှိုင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ရက်ပိုင်းအတွင်းမှာပင် ပျံ့နှံ့ခဲ့သည်။

ယင်းနောက်တွင် မြန်မာနိုင်ငံ၏အဓိက စီးပွားရေးမြို့တော်တစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါပိုး ပျံ့နှံ့မှုမှာ မြင့်တက်လာခဲ့ပြီး လက်ရှိတွင်လည်း ရန်ကုန်တိုင်းဒေသကြီးမှာ ရောဂါပိုး အများဆုံးဖြစ်ပွားနေသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။

ရောဂါပိုးပျံ့နှံ့မှု အများဆုံးဖြစ်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် အခြားပြည်နယ်နှင့် တိုင်းများသို့ သွားလာခွင့်အား စက်တင်ဘာလလယ်ပိုင်းတွင် စတင်ကန့်သတ်လာခဲ့ပြီးနောက် အခြားသောပြည်နယ်နှင့် တိုင်းများမှာလည်း COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် အဝင်အထွက်များကို စက်တင်ဘာလကုန်ပိုင်းတွင် ကန့်သတ်လာခဲ့သည်။

ယင်းသို့ တိုင်းနှင့် ပြည်နယ်များမှ အဝင်များကို ကန့်သတ်လိုက်ခြင်းကြောင့် အခက်အခဲအများဆုံး ရင်ဆိုင်ရသူများမှာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများဖြစ်သည်ဟု ဆိုနိုင်သည်။

သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ်၌ စတင်ပြီး တစ်ကျော့ပြန် ဖြစ်ပွားလာသည့်အချိန်တွင် ရခိုင်ပြည်နယ်သို့ လာရောက်သည့် မော်တော်ယာဉ်များနှင့် ရခိုင်ပြည်နယ်မှတစ်ဆင့် လာရောက်သည့် ကုန်တင်ယာဉ်များကို အဝင် အခြားပြည်နယ်နှင့် တိုင်းများက အဝင်အထွက်ပိတ်ခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်သို့ ပို့ဆောင်နေသည့် စားသောက်ကုန်ပစ္စည်းများနှင့် ရခိုင်ပြည်နယ်မှ ပို့ဆောင်နေသည့် ရေထွက်ကုန်ပစ္စည်းများ တင်ဆောင်သည့ ်ကုန်တင်ယာဉ်များကို ပိတ်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီးမှ အခြားပြည်နယ်နှင့် တိုင်းများမှ ဝင်ထွက်သွားလာခြင်းကို ကန့်သတ်ခဲ့သည်။

COVID-19 ရောဂါပိုးပျံ့နှံ့မှု အများဆုံးဖြစ်ပွားခဲ့သည့် စက်တင်ဘာလလယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမှ လာရောက်သည့်ကုန်တင်ယာဉ်များအား အခြားပြည်နယ်နှင့် တိုင်းများမှ အဝင်အထွက်များကို ပိတ်ခဲ့သည်။ သက်ဆိုင်ရာတိုင်းဒေသကြီးများမှ အစိုးရများက ဒေသန္တရအမိန့်များ ထုတ်ပြန်ကာ တားဆီးခဲ့ခြင်းဖြစ်သည်။

ယင်းသို့တားဆီးရာတွင် အမိန့်များကို သက်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးအသင်းများသို့ အချိန်မီ အကြောင်းကြားမှု မရှိခြင်းကြောင့် ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်အချို့မှာ အခက်တွေ့ခဲ့ခြင်းများ ရှိခဲ့သည်။

“ အဓိကက သတင်းကို အချိန် မီမသိရတာ တော်တော်ဆိုးတယ်။ မြို့အဝင်ဂိတ်ရောက်တော့မှ ဝင်ခွင့်မရဘူးဆိုတာ သိရတယ်။ ဟိုထောက်ခံစာတောင်း ဒီထောက်ခံစာတောင်းနဲ့ဆိုတော့ ဘယ်လိုမှယူလို့လည်း မရဘူး” ဟု ပဲခူးမြို့တွင် နေထိုင်သည့် ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

မြို့အဝင်ဂိတ်များတွင် သက်ဆိုင်ရာအာဏာပိုင်များက တောင်းဆိုသည့် ထောက်ခံချက်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပေးထားသည့် နှစ်ပတ်အတွင်း COVID-19 ပိုး ရှိ မရှိ ထုတ်ပေးထားသည့် ထောက်ခံချက်ဖြစ်ပြီး ယင်းထောက်ခံချက်ကို မည်သည့်နေရာတွင်ယူရမည်ကို ယာဉ်မောင်းများက သိရှိခြင်းမရှိချေ။

“ ဂိတ်ရောက်တော့မှ COVID-19 ရောဂါပိုး ရှိ မရှိ ထောက်ခံစာ တောင်းတယ်။ ဘယ်သူ့ဆီက ယူရမလဲဆိုတာတော့ သေသေချာချာ မပြောနိုင်ဘူး” ဟု အဆိုပါယာဉ်မောင်းက ပြောကြားသည်။

နှစ်ပတ်အတွင်း COVID-19 ရောဂါပိုး ရှိ မရှိ ထောက်ခံချက်ပါမှသာ ဝင်ရောက်ခွင့်ပြုမည်ဆိုသည့် ထုတ်ပြန်ချက်ကြောင့် အောက်တိုဘာ ၁ ရက်မှ စတင်ပြီး မန္တလေးတိုင်းဒေသကြီးသို့ ဝင်ရောက်သည့် ကုန်တင်မော်တော်ယာဉ်များ၊ နေပြည်တော်သို့ ဝင်ရောက်သည့် ကုန်တင်မော်တော်ယာဉ်များနှင့် ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်မည့် ကုန်တင်မော်တော်ယာဉ်များ ပိတ်မိမှုဖြစ်ပွားခဲ့ပြီး အစီးရေ ရာဂဏန်းခန့်ရှိသည်။

ကုန်တင်ယာဉ်များမှတစ်ဆင့် COVID-19 ရောဂါကူးစက်မှု မရှိစေရေးအတွက် မန္တလေးတိုင်းအတွင်းသို့ ဝင်ရောက်မည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် အောက်တိုဘာ ၁ ရက်မှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှစ်ပတ်အတွင်း ထုတ်ပေးသည့် COVID-19 ရောဂါပိုး မရှိကြောင်း ထောက်ခံစာပါရှိမှသာ တိုင်းဒေသကြီးအတွင်း ဖြတ်သန်းဝင်ရောက်ခွင့်ပြုမည်ဟု စက်တင်ဘာ ၂၉ ရက်တွင် မန္တလေးတိုင်းအစိုးရအဖွဲ့ ထုတ်ပြန်ခဲ့ရာ ရောဂါပိုးကင်းရှင်းကြောင်း မစစ်ဆေးရသေးသည့် ကုန်တင်ယာဉ်ပေါင်း ၃၀၀ ကျော်မှာ အောက်တိုဘာ ၁ ရက်တွင် ရမည်းသင်း စစ်ဆေးရေးဂိတ်၌ ပိတ်မိခဲ့သည်။

အလားတူ နေပြည်တော်သို့ ဝင်ရောက်မည့် ကုန်တင်မော်တော်ယာဉ်များကိုလည်း ရောဂါပိုး ရှိ မရှိ စစ်ဆေးထားသည့် ထောက်ခံစာ တောင်းခံခြင်းကြောင့် နေပြည်တော်အဝင် ရေနီမြို့ဘက်အခြမ်းတွင် ကုန်တင်မော်တော်ယာဉ် ရာနှင့်ချီကာ ပိတ်မိခဲ့သည်။

ထို့ပြင် ရှမ်းပြည်နယ်အတွင်း ဝင်ရောက်သည့် ကုန်တင်မော်တော်ယာဉ်များကိုလည်း COVID-19 ရောဂါပိုး ရှိ မရှိ ထောက်ခံစာ တောင်းခံခြင်းကြောင့် ပြင်ဦးလွင်နှင့် နောင်ချိုမြို့ကြားရှိ ဘန့်ဘွေးတိုးဂိတ်အနီးတွင် ကုန်တင်ယာဉ်အစီးရေ ၃၀၀ ခန့် အောက်တိုဘာ ၁ ရက်မှစတင်ကာ ပိတ်မိခဲ့သည်။

မန္တလေးမြို့အဝင် ရမည်းသင်းဂိတ်တွင် ဝင်ထွက်ခွင့်မရှိသဖြင့် ရပ်တန့်ထားခဲ့ရသည့် ကုန်တင်ယာဉ်မောင်းများနှင့် သက်ဆိုင်ရာ အာဏာပိုင်များ အချေအတင်ဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအချို့ သဘာဝဘေးအန္တရာယ် ဥပဒေနှင့် အမှုဖွင့် အရေးယူခံခဲ့ရသည်။

ယာဉ်မောင်းတချို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကို ဆောင်ရွက်နေသည့်အဖွဲ့အား နှောင့်ယှက်ဟန့်တားပြောဆိုပြီး ကားစက်သံကိုဆူညံအောင် ပြုလုပ်ခြင်း၊ အကြောင်းမဲ့ဟွန်းတီးခြင်းများ ပြုလုပ်ကာ ခွင့်ပြုချက်မရှိဘဲ အတင်းတိုးထွက်မောင်းနှင်ခဲ့ရာ အဆိုပါယာဉ်များကို တားဆီးနိုင်ရန် မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဆောင်ရွက်ခဲ့ရသည်။

မောင်းနှင်သွားသော ကုန်တင်ယာဉ်များကို ရမည်းသင်းမြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအနီးရှိ ယုဇနတိုးဂိတ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ကျန်းမာရေးထောက်ခံစာနှင့် သဲကွဲစစ်ဆေးရေးဂိတ်၏ ယာဉ်ဖြတ်သန်းခွင့်လက်မှတ် မပါရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမောင်မောင်အေးက ပြောကြားသည်။

“ ဖြတ်သန်းခွင့်မပြုဘူးဆိုတာ ဗဟိုက ထုတ်ပြန်ထားတာရှိတယ်။ ကုန်ကားတွေက ကျန်းမာရေးဝန်ကြီးဌာနက နှစ်ပတ်အတွင်း စစ်ဆေးထားတဲ့အဖြေယူပြီးမှ ယာဉ်မောင်းယာဉ်နောက်လိုက်တွေ သွားခွင့်ပြုမယ်ဆိုတာ ရှိတယ်။ အောက်တိုဘာ ၁ ရက်ကစပြီးတော့ အကျုံးဝင်တယ်။ ရမည်းသင်းမြို့အဝင်မှာ တာဝန်ရှိသူတွေက စစ်တယ်။ ကားသမားတွေက သူတို့က ရန်ကုန်ကနေ စစ်မလာဘူးတဲ့။ စစ်မယ်ဆိုရင်လည်း ဘယ်လောက်ကြာမှာလဲ။ မလုပ်နိုင်ဘူးလို့ပြောတယ်။ စီမံခန့်ခွဲမှုညံ့တယ်လို့လည်း ပြောဆိုပြီး ကားတွေ ဟွန်းတီးပြီး ထွက်သွားတာ။ ရှေ့က တိုးဂိတ်မှာ စောင့်ဖမ်းတာ ခြောက်ယောက်မိတယ်။ ကျန်တဲ့သူတွေကိုလည်း ဖမ်းဖို့လုပ်နေတယ်” ဟု မန္တလေးတိုင်း ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ပြောကြားသည်။

အလားတူ ရှမ်းပြည်နယ်သို့ ဝင်ရောက်မည့် ကုန်တင်မော်တော်ယာဉ်များမှာ ပြင်ဦးလွင်နှင့် နောင်ချိုမြို့ကြားရှိ ဘန့်ဘွေးတိုးဂိတ်အနီးတွင် အောက်တိုဘာ ၁ ရက်မှစပြီး ရပ်တန့်စောင့်ဆိုင်းရခြင်းဖြစ်ကာ စားသောက်ရေးအတွက် ခက်ခဲမှုနှင့် ကုန်စည်ရက်လွန်မှုများ ဖြစ်ပေါ်ခဲ့သည်။

ပိတ်မိနေသည့် မော်တော်ယာဉ်မောင်းများအား နောင်ချိုမြို့ဒေသခံများက အစားအသောက်များ ဝေငှခဲ့ရသည်။

“ ကားတွေက အရမ်းပိတ်နေတယ်။ ကုန်တင်ကားတွေကတော့ စောင့်နေတာ ဒီနေ့နဲ့ဆို သုံးရက်လောက်ရှိပြီပေါ့။ ငါးရှဥ့်ကားတွေ၊ ကဏန်းကားတွေ၊ ငှက်ပျောသီးကားတွေလည်း အကုန်ပါတယ်။ အခုသူတို့အတွက် အခက်အခဲဖြစ်နေတယ်။ နောင်ချို မြို့နယ်အတွင်းက ပရဟိတတွေ အလှူရှင်တွေရဲ့ ထမင်းထုပ်တွေဝေတာနဲ့ သူတို့တွေ စားနေရတယ်။ အပြင်ထွက်ဝယ်ဖို့က တော်တော်ဝေးတယ်” ဟု နောင်ချိုမြို့ဒေသခံ ကိုမျိုးသန့်အောင်က ပြောကြားသည်။

ယင်းသို့ ကုန်တင်မော်တော်ယာဉ်များ ပိတ်မိမှုကြောင့် ယာဉ်မောင်းများကို ကိုရီးယားနိုင်ငံမှ မှာယူထားသည့် COVID-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးသည့် Test Kit များဖြင့် စစ်ဆေးခြင်းများကို စတင်လုပ်ဆောင်ခဲ့သည်။

မန္တလေးမြို့အဝင် ကုန်တင်ကားသမားများအား အောက်တိုဘာ ၂ ရက်က စစ်ဆေးနေစဉ်

မန္တလေးတိုင်းဒေသကြီးတွင် အောက်တိုဘာ ၂ ရက်မှ စတင်ပြီး Test Kit များဖြင့် COVID-19 ရောဂါပိုး ရှိ မရှိ နှစ်ရက်အတွင်း လူဦးရေ ၆၀၀ ကျော် စစ်ဆေးခဲ့ရာ ယင်းထဲမှ ယာဉ်မောင်းခုနစ်ဦးတွင် ပိုးတွေ့ရှိခဲ့သည်။

“ ပင်းတယက တစ်ဦးနဲ့ မိတ္ထီလာက တစ်ဦး၊ ရန်ကုန်လှည်းကူးက တစ်ဦးမှာ ရောဂါပိုးတွေ့ပါတယ်။ ဒီနေ့လက်ရှိအချိန်အထိ သုံးဦး ပိုးတွေ့ပါတယ်။ လက်ရှိအချိန်ထိ မနေ့ကနဲ့ ပေါင်းရင် လူဦးရေ ၆၀၀ ကျော် စစ်ဆေးပြီး ကုန်တင်ကားပေါင်း ၃၀၀ ကျော် စေလွှတ်​​ပေးပြီးဖြစ်ပါတယ်” ဟု ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းဟန်က ပြောကြားသည်။

ယင်းသို့ ကုန်တင်ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို COVID-19 စစ်ဆေးပေးခြင်းမှာ လိုအပ်ကြောင်း၊ သို့သော် ယာဉ်မောင်းအချို့မှာ မည်သို့စစ်ဆေးမည်ကို မသိရှိရသေးကြောင်း၊ အရေးယူခံရသည့် ယာဉ်မောင်းများကို ပြစ်ဒဏ်ချမှတ်မှုအပေါ်တွင် ပြန်လည်သုံးသပ်သင့်ကြောင်း မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးကျော်သူရက ပြောကြားသည်။

“ လမ်းပေါ်ရောက်နေတဲ့ ကုန်တင်ကားသမားတွေကို အခမဲ့ ကနဦး စီစဉ်တာဆိုတော့ တကယ်လိုအပ်ပါတယ်။ ကျွန်တော်တို့ ကားဝင်းထဲက ကားတွေမထွက်ရသေးတာ​တွေလည်း ရှိသေးတယ်။ ကျန်းမာရေး ထောက်ခံစာ မပါလို့ ရပ်ထားတဲ့ကားတွေရှိတယ်။ ကျွန်တော်တို့ စာရင်းကောက်ထားတဲ့ ၅၀၀ လောက်ရှိတယ်။ တကယ်တမ်း ကောက်ခံမယ်ဆို ၁၀၀၀ လောက်ရှိတယ်။ ကျွန်တော်တို့ဆီ ဘယ်အချိန်လာစစ်မယ်ဆိုတာ တိတိကျကျ မပြောနိုင်သေးဘူး။ ကျွန်တော်တို့ ယခုစည်းကမ်းကို လိုက်နာဖို့ ကျွန်တော်တို့နည်း ကျွန်တော်တို့ဟန်နဲ့ ကြိုးစားဆောင်ရွက်တာပါ။ ၀ိုင်းဝန်းဆောင်ရွက်တာပါ။ တချို့ ကားသမားတွေဆို ကျန်းမာရေးထောက်ခံချက် စစ်ဖို့အတွက် လိုက်မေးနေရတာတွေရှိတယ်။ အရင်ရက်တွေက သက်ဆိုင်ရာဌာနတွေမှာ လိုက်မေးနေတာတွေ ရှိပါတယ်။ ရမည်းသင်းမှာ ကားသမားတွေ ပြစ်ဒဏ်ချမှုအပေါ်မှာ ပြန်သုံးသပ်သင့်ပါတယ်” ဟု မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဦးကျော်သူရက ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် ပိတ်မိနေသည့် ကုန်တင်ယာဉ်မောင်းနှင်သူများကိုလည်း Test Kit ဖြင့် စစ်ဆေးမှုကို အောက်တိုဘာ ၃ ရက်တွင် စတင်စစ်ဆေးနေကြောင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က ပြောကြားသည်။

“ ဘန့်ဘွေးမှာတော့ လူဦးရေ ၅၀၀ လောက်ရှိမယ်။ အခု Test Kit နဲ့ စစစ်ဆေးနေပါပြီ။ ကျောက်မဲလည်း စစ်ဆေးပေးနေပါပြီ။ ဒီနေ့ လူဦးရေ ၅၀၀ လောက်အထိ စစ်နိုင်မယ်။ နောက်ရက်တွေမှာ မူဆယ်၊ ကွမ်းလုံ၊ ချင်းရွှေဟော်ဘက်က ပိတ်မိနေတဲ့ကားတွေကို စစ်ပါမယ်” ဟု ဒေါက်တာတင်မောင်ညွန့်က ပြောကြားသည်။

ယင်းသို့စစ်ဆေးရာတွင် ပိုးတွေ့လူနာများရှိပါက နောင်ချိုဆေးရုံနှင့် ကျောက်မဲဆေးရုံသို့ တင်ပို့မည်ဖြစ်သည်။

“ ကျွန်တော်ကားကတော့ အောက်တိုဘာ ၁ ရက်ကတည်းက စစောင့်နေရတာပါ။ အဆင်မပြေတာကတော့ အခုကြေညာချက်ထုတ်၊ အခုဂိတ်တွေ ပိတ်တာတော့ အဆင်မပြေဘူးပေါ့။ ကုန်စည်စီးဆင်းမှုတွေလည်း အကုန်နှောင့်နှေးကုန်တာပေါ့။ ကုန်စည်စီးဆင်းမှု နှောင့်နှေးရင် ကုန်စျေးနှုန်းကလည်း တက်လာနိုင်တယ်လေ။ အခြေခံလူတန်းစားတွေ ထိခိုက်နိုင်တာပေါ့။ ကားဆရာတစ်ယောက်အနေနဲ့ COVID-19 ကို စစ်ဆေးပေးတာတော့ ကျေးဇူးတင်ပါတယ်။ ဖြစ်စေချင်တာကတော့ တိုင်းနဲ့ပြည်နယ်တွေမှာ ညွှန်ကြားချက်တွေ သတ်မှတ်ချက်တွေ တစ်ပုံစံတည်း ဖြစ်စေချင်တာပေါ့။ ဒီတိုင်းကတစ်မျိုး ဟိုပြည်နယ်ကတစ်မျိုး အဲဒီလိုမျိုးဆိုတော့ ကျွန်တော်တို့ ယာဉ်မောင်းတွေမှာတော့ အခက်အခဲတွေ ကြုံရတာပေါ့” ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ယာဉ်မောင်းများကို Test kid များဖြင့် စစ်ဆေးမှုမှာ စတင်လုပ်ဆောင်နေပြီး ကုန်တင်ယာဉ်များ ပိတ်မိမှု မရှိစေရန်နှင့် အခြေခံစားသောက်ကုန်များ ပြတ်လတ်မှု မရှိစေရန် လုပ်ဆောင်လျက်ရှိသည်။

သို့သော် ကုန်တင်ယာဉ်အချို့မှာမူ ပိတ်မိသည့်အခြေအနေတွင် ရှိနေပြီး တိကျမှုမရှိသည့် အမိန့် ကြေညာချက်များကြောင့် အခက်တွေ့နေကြောင်း ကုန်တင်ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပိုင်ရှင်များက ပြောကြားသည်။

“ အမိန့်ကို တခြားမှာ တစ်ခုထုတ်တယ်။ တခြားမှာ တစ်ခုထုတ်တယ်။ အဲဒါက ဘယ်လိုမှအဆင်မပြေဘူး။ ဒီကြားထဲမှာက အရင်ကလို ကုန်စည်ပို့ဆောင်မှုက သိပ်မသွက်တော့ ဝင်ငွေမကောင်းတော့ဘူး” ဟု ပဲခူးမြို့မှ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောကြားသည်။

ကုန်တင်ယာဉ်မောင်းနှင်သူများမှာ ခေါက်ကြေးများနှင့် မောင်းနှင်နေရခြင်းဖြစ်ပြီး ယာဉ်ပိုင်ရှင်မှ ၆၅ ရာခိုင်နှုန်း၊ ယာဉ်မောင်းမှ ရာခိုင်နှုန်း ၂၀ နှင့် ယာဉ်နောက်လိုက်မှ ၁၅ ရာခိုင်နှုန်း ခွဲဝေယူရသည်ဟု အဆိုပါယာဉ်မောင်းက ပြောကြားသည်။

“ ကျွန်တော်မောင်းတဲ့ ကားကတော့ ပိုင်ရှင်က ၆၅၊ ကျွန်တော်က ၂၀။ နောက်လိုက်ကတော့ ၁၅ ပေါ့။ လိုင်းတစ်ခုနဲ့တစ်ခုတော့ မတူဘူး။ တချို့က တစ်ကြောင်းကို ဘယ်လောက်ဆိုတာ အပြတ်ယူကြတာလည်း ရှိတယ်” ဟု အဆိုပါယာဉ်မောင်းက ပြောကြားသည်။

ယခုကာလတွင် ကပ်ရောဂါကြောင့် ယာဉ်ပိုင်ရှင်များမှာလည်း နာမည်သာရှိပြီး ရပ်တည်နိုင်ရန် ရုန်းကန်နေရသည်ဟု ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ နာမည်သာရှိတာ။ ဟန်ကိုယ့်ဖို့ဆိုတဲ့ သဘောနဲ့ရပ်တည်နေရတယ်။ ဟိုးတစ်ရက်ကဆိုရင် ကျွန်တော့် ယာဉ်မောင်းလာတယ်။ နေ့လည်စားစရာမရှိလို့။ ကျွေးလိုက်ရတယ်။ ကျွေးရတာက ပြဿနာမဟုတ်ဘူး။ ဒါပေမဲ့ ရေရှည်ကျရင် ကိုယ်လည်း အလုပ်အကိုင်မကောင်း သူလည်းမကောင်းဘူးဆိုရင် ဘယ်သူ့ကိုမှ ကယ်နိုင်မှာ မဟုတ်တော့ဘူး” ဟု ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ကပ်ရောဂါကာလအတွင်း ကုန်စည်စီးဆင်းနိုင်မှသာ ရိက္ခာပြတ်လပ်မှုနှင့် မကြုံတွေ့နိုင်မည်ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီး၏ မတူညီသည့် သတ်မှတ်ချက်များကြောင့် ကုန်စည်စီးဆင်းမှုကို အဟန့်အတား ဖြစ်စေနိုင်သည်။

“ သတ်မှတ်ချက်ကို တစ်ခုတည်းဖြစ်စေချင်တယ်။ အဲဒါမှ လုပ်လို့ကိုင်လို့ရမှာ။ အခုက တစ်မြို့က သတ်မှတ်တာတစ်ခု။ တစ်မြို့က သတ်မှတ်တာတစ်ခုဆို အလုပ်လုပ်ရတာဘယ်လိုမှ အဆင်မပြေဘူး” ဟု အဆိုပါ ယာဉ်ပိုင်ရှင်က ပြောကြားသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Test Kid များဖြင့် ကုန်တင်ယာဉ်မောင်းများကို စစ်ဆေးနေပြီး ယင်းသို့လုပ်ဆောင်ချက်မှာ ကုန်စည်စီးဆင်းရေးအတွက် မည်မျှအထောက်အကူပြုမည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

Most Read

Most Recent