၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းဈေးဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် ဝယ်ယူရန် ကျပ်ဘီလျံ ၂၀ အား နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ပြုရေး စီးပွားရေးရာကော်မတီသို့ တင်ပြထား

၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းဈေးဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် ဝယ်ယူရန် ကျပ်ဘီလျံ ၂၀ အား နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ပြုရေး စီးပွားရေးရာကော်မတီသို့ တင်ပြထား
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာလုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဇေယျာငြိမ်း)
Published 4 October 2020
နီလာ

၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းစျေးဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ငါးခုတွင် ဝယ်ယူရန် ကျပ်ဘီလျံ ၂၀ အား နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေမှ ထုတ်ယူသုံးစွဲခွင့်ပြုရေး ဦးဆောင်အဖွဲ့သို့ တင်ပြပြီး စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြထားကြောင်း လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

လယ်ယာထွက်ကုန်စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂ ရက်က Zoom Application ဖြင့် ကျင်းပခဲ့ရာတွင် ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွက် တင်ဒါစနစ်ဖြင့် အခြေခံစျေးနှုန်းအောက်ကျနေသည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် မိုးစပါးဝယ်ယူရေး ဆောင်ရွက်ခဲ့ရာတွင် ဝယ်ယူပြီးနောက် ပြင်ပပေါက်စျေးနှုန်းသည် အခြေခံစျေးနှုန်းအထက်တွင် ရှိသည်ကို တွေ့ရှိရ၍ မိမိတို့၏ဆောင်ရွက်မှုသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်သည်ဟု သုံးသပ်မိကြောင်း၊  ၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းပါစျေးနှုန်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်ငါးခုတွင် ဝယ်ယူရန်အတွက် ကျပ် ဘီလျံ ၂၀ အား နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ထုတ်ယူသုံးစွဲခွင့်ပြုနိုင်ရေး ဦးဆောင်အဖွဲ့သို့တင်ပြပြီး စီးပွားရေးရာကော်မတီသို့ ဆက်လက်တင်ပြပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

၂၀၁၉-၂၀၂၀ ခုနှစ်အတွက် စပါးများကို ဝယ်ယူခဲ့မှုအပေါ်အားသာချက်၊ အားနည်းချက်များကို သုံးသပ်နိုင်ရေးအတွက်လည်းကောင်း၊၂၀၂၀-၂၀၂၁ ခုနှစ်ထွက် စပါးများကို အခြေခံရည်ညွှန်းစပါးစျေးနှုန်းဖြင့် ဝယ်ယူသည့်အခါ ယခင်နှစ်များကဲ့သို့ အခက်အခဲများမဖြစ်ပေါ်စေရေးအတွက်  ဝယ်ယူမည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ အစည်းအဝေးတက်ရောက်လာသည့် လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေး အဖွဲ့ဝင်များ၊ စပါး၊ ဆန်ဝယ်ယူကြီးကြပ်မှုလုပ်ငန်းအဖွဲ့များ ၊အသင်းအဖွဲ့များမှ ၀ိုင်းဝန်းဆွေးနွေးပေးရန် ဒုတိယဝန်ကြီးက ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးများ၌ နိုင်ငံတော် ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းဒေသကြီးအတွက် ကျပ်ငါးဘီလျံ လျာထားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက ပြောကြားခဲ့သည်။

သတ်မှတ်ထားသော အခြေခံစပါးစျေးနှုန်းအောက် ကျဆင်းပါက နိုင်ငံတော်မှ စပါးဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံ လျာထားခဲ့သည်။

 တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ အဆိုပါစပါးဝယ်ယူ ဆောင်ရွက်ခြင်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများမှ စီမံဆောင်ရွက်မည် ဖြစ်သည်။ ထို့ကြောင့် စပါးဝယ်ယူပေးရန် လိုအပ် သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးရမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် မိုးစပါးနှင့် ၂၀၂၀ ခုနှစ် နွေစပါးကို အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် တင်းတစ်ရာလျှင် ကျပ်ငါးသိန်းအဖြစ် သတ်မှတ်ဝယ်ယူရမည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

အခြေခံစပါးစျေးနှုန်းသတ်မှတ်ရာတွင် စပါးအစိုဓာတ် ၁၄ ရာခိုင်နှုန်းနှင့် အဖျင်း အမှော်၊ ဖုန်၊ ခဲ၊ သဲကင်းစင်သည့် တစ်တင်း ၄၆ ပေါင်ရှိသော စပါးတင်းတစ်ရာကို ဆိုလိုခြင်းဖြစ်သည်။

စျေးကွက်အတွင်း အခြေခံစျေးနှုန်း ကျပ်ငါးသိန်းအထက်ရှိနေပါက စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူရန်နှင့် စျေးကွက်ပေါက်စျေးနှုန်းသည် အခြေခံစျေးနှုန်း ကျပ်ငါးသိန်းအောက် ကျဆင်းခဲ့ပါက အခြေခံစျေးနှုန်းအတိုင်း ဝယ်ယူရကြောင်း သိရသည်။

Most Read

Most Recent