အကျပ်အတည်းကြားမှ ရွှေရှာကြသူများ

အကျပ်အတည်းကြားမှ ရွှေရှာကြသူများ
ဂျာကာတာတွင် အမျိုးသားတစ်ဦးက မြစ်အတွင်းရှိ အိမ်သုံးစွန့်ပစ်ပလတ်စတစ်များအား လိုက်လံကောက်ယူနေပုံကို စက်တင်ဘာ ၂၃ ရက် တွေ့ရစဉ် (Photo: AFP)
ဂျာကာတာတွင် အမျိုးသားတစ်ဦးက မြစ်အတွင်းရှိ အိမ်သုံးစွန့်ပစ်ပလတ်စတစ်များအား လိုက်လံကောက်ယူနေပုံကို စက်တင်ဘာ ၂၃ ရက် တွေ့ရစဉ် (Photo: AFP)
Published 27 September 2020
မြတ်သစ်

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းတွင် စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် အောက်ခြေလူတန်းစားများသည် စီးပွားရေး အကျပ်အတည်းဒဏ်ကို ပိုခံစားနေ ကြရသည်။ စီးပွားရေးအကျပ်အတည်းဒဏ်ကို မခံနိုင်ကြသူများသည် ထွက်ပေါက်အနေဖြင့် တရားမဝင်နည်းလမ်းဖြင့် လုပ်ကိုင်ရမည်ကို ဝန်လေးခြင်းမရှိကြတော့ပေ။ သူတို့ အတွက် ထွက်ပေါက်တစ်ခုက တရားမဝင် ရွှေတွင်းများသို့ သွားရောက်ပြီး ရွှေတူးသည့် အလုပ်တွေကို လုပ်ကိုင်နေကြသည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး ကပ်ဆိုက်လာကြချိန်တွင် ကမ္ဘာအရပ်ရပ်ရှိ စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံကြသူများသည် ရွှေဝယ်ယူ သိုလှောင်မှုတွေ ပြုလုပ်နေ ကြသည်။ ရွှေစျေးနှုန်း မတည်ငြိမ်အောင် စျေးကစားနေကြသည်။ ဤနည်းဖြင့် သူတို့ တစ်တွေသည် စီးပွားရေးလုပ်နေကြသည်။ ပြီးခဲ့သည့်လက ရွှေတစ်အောင်စ ဒေါ်လာ နှစ်ထောင် စံချိန်တင်မြင့်တက်စေခဲ့သည်။

ရွှေစျေးကောင်းလာခြင်းနှင့်အတူ ဝယ်လိုအား မြင့်တက်လာခြင်းတို့ကြောင့် သဘာဝ သယံဇာတ ကြွယ်ဝသော အင်ဒိုနီးရှားနိုင်ငံတွင် ရွှေတူးဖော်ခြင်း၊ ရှာဖွေခြင်းတွေကို ပိုမို ပြုလုပ်လာနေကြသည်။ စီးပွားရေးကျပ် တည်းမှုဒဏ်ခံနေရသော အလုပ်သမားများသည် တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများကို အန္တရာယ်များမမှုဘဲ လုပ်ကိုင်နေကြသည်။ တရားမဝင် ရွှေတူးဖော်မှုကြောင့် ဖမ်း ဆီးခံရမည့် ဘေးကိုလည်း မမှုကြတော့။ ပြဒါး ဓာတ်အဆိပ်သင့်မှာကိုလည်း မကြောက်တော့။

ကလေးနှစ်ယောက်ဖခင်ဖြစ်သူ မူစတာဖာသည် တခြားသော ရွှေရှာသူရာပေါင်း များစွာနှင့်အတူ ပါပူအာခရိုင်တွင် တရားမဝင် ရွှေတူးဖော်မှုတွေကို ပြုလုပ်နေသည်။ ပါပူ အာခရိုင်ရှိ အမေရိကန်အခြေစိုက် Grasberg မိုင်းလုပ်ငန်းတည်ရှိရာနှင့် မလှမ်းမကမ်းမှာ ရှိသော မြစ်အတွင်းမှ ရွှေတုံးရွှေစတွေကို ရှာဖွေနေသည်။ သူတို့တတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံဖမ်းဆီးနေကြသဖြင့် ရှောင်ပုန်းနေကြရသည်။ တာဝန်ရှိသူတွေ မရှိတော့ဘူးဆိုလျှင် သူတို့တစ်တွေ ရောက်ရှိပြီး ရှာဖွေမှုတွေ ပြုလုပ်ကြသည်။ တရားမဝင် ရွှေရှာဖွေသူများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များသည် စိန်ပြေးတမ်းကစားသည့် အဖြစ်မျိုးနှင့် တူနေသည်။

တစ်နေ့မှာတော့ မြစ်ထဲ ရွှေကျင်ရင်း ရွံ့နွံ့များကြားထဲမှ ရွှေတစ်ဂရမ်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ရလာသော ရွှေကို ဒေသခံ ကုန်သည်တစ်ဦးထံ ရောင်းချခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသုံး ရူပီးယား ရှစ်သိန်း (၅၅ ဒေါ်လာ) ရရှိခဲ့သည်။ ဤငွေကြေးသည် ဆင်းရဲမွဲတေသော ဒေသတွင် နေထိုင်သူများအတွက် မနည်းလှသော ငွေပမာဏဖြစ်သည်။ မိုင်း လုပ်ငန်းရှင်များသည် အဆိပ်သင့်သော ပြဒါး ကို အသုံးမပြုကြောင်း မူစတာဖာက ပြော ကြားခဲ့သည်။ သို့သော် မိမိကဲ့သို့ တရားမဝင် ရွှေရှာဖွေသူများသည် တခြားအန္တရာယ်များ မှောင်ခိုတိုက်ခိုက်ခံရမှုရှိနေကြောင်း မူစ တာဖာက ပြောသည်။

တရားမဝ် ရွှေရှာနေသူများ အဓိက ရင် ဆိုင်ရမည့်အရေးက အာဏာပိုင်များ၏ ဖမ်း ဆီးခံရမည့် အနေအထားဖြစ်သည်။ ထို့ပြင် အသက်အန္တရာယ်ဘေးနှင့် ကြုံတွေ့နိုင် သည့် ဖြစ်ရပ်ကတော့ လုံခြုံရေးတာဝန်ယူ ထားသော လက်နက်ကိုင်တပ်ဖွဲ့များနှင့် လွတ်လပ်ရေးရယူရန်အတွက် လက်နက် ကိုင် သူပုန်တပ်ဖွဲ့များ၏ တိုက်ပွဲများဖြစ် သည်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ဖျားဒေသ တွင် အစိုးရတပ်နှင့် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေ ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကျော်ကြာခဲ့ပြီ ဖြစ်သည်။

“ကျွန်တော်တို့တစ်တွေ တိုက်ပွဲတွေ ကြားရှိတဲ့နေရာကို ရောက်နေကြရတာက ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ဖြစ်ပါတယ်။ စားဝတ်နေရေး အခက်အခဲကြုံလာတော့ အသက်ကို မငဲ့နိုင်တော့ဘူး။ တခြားလုပ် စရာ အလုပ်လည်းမရှိဘူး။ ရွှေစျေးက လည်း ကောင်းနေတော့ ရွှေရှာတဲ့ အလုပ်ကိုပဲ လုပ် ရတာဖြစ်ပါတယ်” ဟု မူစတာဖာက ပြောပြသည်။

အစိုးရလုံခြုံရေးတပ်များ၏ ဖမ်းဆီးခံရမည့် အန္တရာယ်ကို ရင်ဆိုင်နေရမည်ကို သူတို့တစ်တွေ သိထားကြပေမဲ့ သူတို့တွေ တခြားဘာမှ ရွေးချယ်စရာ နည်းလမ်းမရှိ တော့။ သူတို့ မိသားစုစားဝတ်နေရေးပြဿနာကို တစ်နည်းနှင့်မဟုတ် တစ်နည်းဖြင့် အဖြေရှာရတော့မည်ဖြစ်သည်။

တရားမဝင် ရွှေရှာဖွေခြင်းသည် ကိုရို နာဗိုင်းရပ်စ်ဖြစ်နိုင်ခြေရှိနေသည်။ ထို့ပြင် တခြား ကူးစက်ရောဂါများ ဖြစ်နိုင်ခြေလည်း ရှိသည်။ တရားမဝင် ရွှေရှာနေသူများသည် မိုင်းတွင်းနှင့် မလှမ်းမကမ်းတွင်ရှိသော မြစ် ရေထဲမှာ ရှာဖွေနေရခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကျန်းမာရေး ထိခိုက် မယ်ဆိုတာ သိပါတယ်။ ကျွန်တော်လိုပဲ တခြားလူတွေ အသားရေမှာ ကူးစက်ရောဂါ ကူးခံနေကြပါတယ်။ ဒါပေမဲ့ ကံကောင်းတာ တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရတာ ပဲဖြစ်ပါတယ်” ဟု မူစတာဖာက ထုတ်ဖော် ပြောကြားလိုက်သည်။

ဘော်နီယိုကျွန်းရှိ ကာလီမန်တန် အနောက်ဘက် ကီလိုမီတာထောင်ပေါင်း များစွာဝေးသော အရပ်ဒေသတွင် ရဲများ သည် တရားမဝင် ရွှေရှာဖွေနေသူ လေးရာ ကို ဖမ်းဆီးခဲ့သည်။ တရားမဝင် ရွှေရှာဖွေမှု ကြောင့် ထောင်ဒဏ် ၁၅ နှစ်ထိ ကျခံရမည့် အနေအထားရှိနေသည်။ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောများ ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက တရား မဝင် ရွှေရှာသူများအနေဖြင့် ပြဒါးဆိပ်သင့် မည့် အန္တရာယ်ရင်ဆိုင်ရနိုင်ကြောင်း ထုတ် ဖော်ပြောကြားလိုက်သည်။ ယခုလို လူလေး ရာ ဖမ်းဆီးခံရခြင်းကို ကြည့်ခြင်းအားဖြင့် တရားမဝင် ရွှေရှာသူဦးရေ မြင့်တက်နေ သည်ကို တွေ့မြင်နိုင်ကြောင်း ယင်းတာဝန် ရှိ ပုဂ္ဂိုလ်က မှတ်ချက်ချလိုက်သည်။

 AFP)

အင်ဒိုနီးရှားနိုင်ငံတွင် တရားမဝင် ရွှေ ရှာဖွေရေး ပြုလုပ်သူများ များပြားလာသည်။  လူဦးရေ ထူထပ်သော ဂျာဗားကျွန်းနှင့် ဝေးလံခေါင်သီသော ဆမ်ဘာဝါကျွန်းများ တွင်လည်း တရားမဝင် ရွှေရှာဖွေမှုတွေ မြင့် တက်လာလျက်ရှိသည်။

“ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားနေ ချိန်မှာ ရွှေစျေးက မြင့်တက်လာတယ်။ ဒါ ကြောင့်လည်း တရားမဝင် ရွှေရှာဖွေ တူး ဖော်မှု မြင့်တက်လာတာဟု အစိုးရတာဝန်ရှိ သူတစ်ဦးက ပြောကြားခဲ့သည်။ အစိုးရတာ ဝန်ရှိသူက ပြည်သူလူလု၏ စားဝတ်နေရေး ပြဿနာကြောင့် ယခုလို တရားမဝင် ရွှေ ရှာဖွေနေရသည် ” ဟု မပြောဆိုသည့်အပြင် ထိုသို့ တရားမဝင်ရွှေ့ရှာဖွေနေသူများသည် သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူများ အဖြစ် စွပ်စွဲလိုက်သည်။

သို့သော် သဘာဝပတ်ဝန်းကျင်တွင် ထိန်းသိမ်းရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူ ရမ်ဘီကဝမ်ကမူ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြောင့် စီးပွားရေးအကျပ်အတည်း ရင်ဆိုင် နေမှုကြောင့် ပြည်သူလူထုသည် တရားမဝင် နည်းလမ်းဖြင့် ရွှေရှာဖွေနေရခြင်းမျှသာဖြစ် ကြောင်း သုံးသပ်ပြခဲ့သည်။

တကယ်တမ်းကျတော့ အင်ဒိုနီးရှား နိုင်ငံတွင် အသေးစားမိုင်းလုပ်ငန်း လုပ်ကိုင် ခွင့်ရထားသူ တစ်သန်းခန့်ရှိနေသည်။ ကိုရို နာဗိုင်းရပ်စ် ကူးစက်မှုမရှိစေရန်အတွက် တားမြစ်ကန့်သတ်ချက်တွေ ရှိိနေသည့်ကြား ထဲမှ လိုင်စင်မရှိသော မိုင်းလုပ်ငန်းရှင်တချို့ သည် နိုင်ငံတွင်းမှ ရွှေ့ပြောင်းလုပ်သားတွေ ကို မိုင်းလုပ်ငန်းများတွင် အသုံးပြုပြီး ရွှေရှာ ဖွေရေးလုပ်ငန်းများ လုပ်နေကြပြီး သူတို့ တတွေကို အစိုးရက ဘာမှ အရေးမယူဘဲ ထားရှိနေကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားက ပြောကြားခဲ့သည်။

 

Most Read

Most Recent