အသွင်ပြောင်း ကိုဗစ်နဲ့ အနံ့ပျောက်သူများလာတဲ့ ရန်ကုန်

အသွင်ပြောင်း ကိုဗစ်နဲ့ အနံ့ပျောက်သူများလာတဲ့ ရန်ကုန်
COVID-19 ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရန် နမူနာရယူနေသည့် ကျန်းမာရေးဝန်ထမ်းအချို့ကို တွေ့ရစဉ်
COVID-19 ဓာတ်ခွဲစစ်ဆေးမှုပြုလုပ်ရန် နမူနာရယူနေသည့် ကျန်းမာရေးဝန်ထမ်းအချို့ကို တွေ့ရစဉ်
Published 27 September 2020
ဇော်မင်းနိုင်

မတ် ၂၃ ရက်က COVID-19 ရောဂါကူးစက်ခံရသူ စတင်တွေ့ရှိခဲ့ရာမှ မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားလာခဲ့သည့်ကာလသည် ခြောက်လကျော်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

COVID-19 ပထမလှိုင်းဟု ပညာရှင်များက သုံးသပ်ထားသည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ရောဂါပိုးတွေ့ရှိမှုမှာ ငြိမ်သက်ခဲ့သော်လည်း သြဂုတ် ၁၆ ရက်တွင် ရခိုင်ပြည်နယ်မှ စတင်ကာ ရောဂါပိုးကူးစက်မှု ပြန်လည်ဖြစ်ပွားလာခဲ့သည်။ ရခိုင်ပြည်နယ်တွင် ကူးစက်မှု တစ်ရှိန်ထိုးမြင့်တက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ၏ အဓိကမြို့တော်ရန်ကုန်မြို့တွင် စက်တင်ဘာမှ စတင်ကာ ကူးစက်မှု မြင့်တက်လာခဲ့သည်။

ရန်ကုန်တိုင်းအတွင်း ကူးစက်မှု စတင်ဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ သာကေတ၊ အင်းစိန်၊ တောင်ဥက္ကလာပနှင့် သင်္ဃန်းကျွန်းမြို့နယ်များဖြစ်ပြီး ရောဂါပိုးတွေ့ရှိမှုမှာ တစ်ရှိန်ထိုး မြင့်တက်လာခဲ့သည်ဟု ဆိုနိုင်သည်။

ယင်းကြောင့် စက်တင်ဘာ ၁ ရက်တွင် ရန်ကုန်တိုင်းရှိ သာကေတ၊ တောင်ဥက္ကလာပ၊ အင်းစိန်၊ လှိုင်၊ မြောက်ဥက္ကလာပ၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ်တို့ကို Stay at Home အဖြစ် သတ်မှတ်ကြောင်း ပြည်ထောင်စုအစိုးရက သတ်မှတ်ခဲ့သည်။

သို့သော် ရောဂါကူးစက်ခံရသူအရေအတွက် ပိုတိုးလာပြီးနောက်တွင် စက်တင်ဘာ ၉ ရက်၌ မြို့နယ် ၂၁ မြို့ကို Stay at Home အဖြစ် ထပ်မံသတ်မှတ်ခဲ့ရာ ရန်ကုန်တိုင်း ရှိမြို့နယ် ၃၃ ခုအနက် ၂၈ မြို့နယ်တွင် Stay at Home အစီအစဉ် အသက်ဝင်ခဲ့ခြင်းဖြစ်သည်။

ယင်းနောက်တစ်ဆင့်တိုးအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် ကျန်းမာရေးနှင့် အရေးကြီးကိစ္စမှ လွဲပြီး ရန်ကုန်တိုင်းပြင်ပသို့ ထွက်ခွာခြင်း မပြုရန် တိုင်းအစိုးရက ထပ်မံသတ်မှတ်ခဲ့သည်။

ယင်းညမှာပင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအားလုံး၏ နှလုံးသားမြို့တော်ဖြစ်သည့် ရန်ကုန်တိုင်းကို အသွားအလာ ကန့်သတ်မည်ဖြစ်ပြီး ထုတ်ပြန်ထားသည့် စည်းကမ်းများကို မလိုက်နာပါက ဥပဒေအရ အရေးယူမည်ဟု နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

COVID-19 ဒုတိယလှိုင်းတွင် ကူးစက်မှုမှာ မြင့်တက်လာခဲ့သကဲ့သို့ ရောဂါ၏ သွင်ပြင်လက္ခဏာများမှာလည်း ပြောင်းလဲလာခဲ့သည်ဟု မြန်မာနိုင်ငံဆေးပညာရှင်များက ပြောကြားထားသည်။

ဗီဇပြောင်း COVID-19 မှာ ကူးစက်မှုလည်း ပိုမိုမြန်ဆန်လာခဲ့ပြီး ရောဂါကူးစက်ခံရသူများမှာ ဖျားနာမှသာ စစ်ဆေးမှုခံယူခြင်းကြောင့် ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သော်လည်း ဒုတိယလှိုင်းတွင်မူ ဖျားနာခြင်းထက် အနံ့ပျောက်ခြင်း၊ အရသာပျောက်ခြင်းများ ကြုံတွေ့လာခဲ့သည်။

“ နောက်ပိုင်းမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စစဦးတွေ့တဲ့ GGG အမျိုးအစားကနေ AAC အမျိုးအစားတစ်ခုကို ပြောင်းသွားတာ ရှိပါတယ်။ အဲဒီလိုမျိုးရိုး ဗီဇပြောင်းလဲမှုဖြစ်သွားရင် ဗိုင်းရပ်စ်က နည်းနည်းလေး ပိုးပျော့သွားတယ်။ အားပျော့သွားပြီးတော့ ပြင်းထန်မှုနည်းနည်းနည်းသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက နမူနာ ၁၀ ခုမှာ နှစ်ခုမှာပဲ အခုလိုအားပျော့သွားတာကို တွေ့ရပါတယ်။ နောက်ပိုပြီးတော့ ထူးခြားတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကတော့ နိုင်ငံတကာမှာလည်း အရမ်းစိတ်ဝင်စားနေတဲ့ မျိုးရိုးဗီဇ ပြောင်းလဲမှုဖြစ်ပါတယ်။ D614 ကနေ G614 ကို ပြောင်းသွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားကလည်း နောက်ပိုင်းကမ္ဘာမှာ တော်တော်လေး များလာပြီးတော့ ဒီလိုမျိုးပြောင်းလဲသွားခြင်းကြောင့် ရောဂါကူးစက်နိုင်စွမ်းက ၁၀ ဆအထိ ပိုပြီးတော့ များပြားလာစေတယ်လို့ သုတေသနအရ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဆေးတဲ့မျိုးရိုးဗီဇ ၁၀ ခုထဲမှာ ခြောက်ခုကဆိုရင် အခုလိုမျိုး D ကနေ G ကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်” ဟု ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမြတ်ထွန်းညွန့်က ပြောကြားထားသည်။

ဒုတိယလှိုင်းတွင် ကိုဗစ်ကူးစက်ခံရမှု အများဆုံး တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်အထိ စာရင်းအရ ကူးစက်ခံရသူ ၆၆၃၇ ဦးရေအထိရှိသည်။ မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ ရက် ညပိုင်းအထိ ရောဂါပိုးကူးစက်ခံရသူပေါင်း ၉၉၉၁ ဦး ရှိသဖြင့် တစ်ဝက်ကျော်မှာ ရန်ကုန်တိုင်းမှ ဖြစ်နေသည်ကို တွေ့ရသည်။

ယင်းကြောင့် လက်ရှိအခြေအနေများအရ ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာ များပြားလာနေသည်ကို သိသိသာသာတွေ့ရှိနိုင်ပြီး စက်တင်ဘာ ၂၄ ရက်တွင် ပြုလုပ်သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြုလုပ်သည့် အစည်းအဝေးတွင်လည်း ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိ ကျန်းမာရေးဝန်ထမ်းများက ပြည်ထောင်စုဝန်ကြီးအား အခြေအနေများကို တင်ပြခဲ့သည်။ ယင်းတို့အနက် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနံ့ပျောက်ဆုံးသူ များပြားလာသည့်အခြေအနေကို တင်ပြခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးကလည်း  မြန်မာနိုင်ငံတွင်တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာများအနက် လတ်တလောအနံ့မရရှိခြင်း လက္ခဏာရှိသူ ရာခိုင်နှုန်းကို ဆန်းစစ်ရမည်ဖြစ်ကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုများ ပိုမိုပြုလုပ်နိုင်ရန်အတွက် သက်ဆိုင်ရာပညာရှင်များ အသေးစိတ်တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ကာ အကြံပြုချက်များ တင်ပြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

COVID-19 ရောဂါ၏ လက္ခဏာမှာ ရှစ်ခုရှိသည်။ ယင်းရှစ်ခုမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ခြင်း၊ မောခြင်း၊ လည်ချောင်းနာခြင်း၊ မူးဝေအော့အန်ခြင်းနှင့် ဝမ်းလျှောခြင်း၊ နှာခေါင်းပိတ်ခြင်း၊ နှာချေခြင်းနှင့် နှာစေးခြင်း၊ အန့ံနှင့် အရသာအာရုံ ခံစားမှုပျောက်ကွယ်ခြင်း စသည့် လက္ခဏာများဖြစ်သည်။

ကိုဗစ်ပထမလှိုင်းဟု ဆိုနိုင်သည့် မေလအတွင်းက မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူအများစုမှာ ဖျားနာသူများထံတွင် တွေ့ရှိခဲ့ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မေ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အနံ့အရသာအာရုံခံစားမှု ပျောက်ကွယ်သည့် လက္ခဏမှာ အနည်းဆုံးဖြစ်ခဲ့သော်လည်း ကိုဗစ်ဒုတိယလှိုင်းတွင်မူ အနံ့အရသာ ပျောက်ဆုံးသူအများစု ဖြစ်ပွားလာခဲ့သည်ကို တွေ့ရသည်။

“ မနေ့က (စက်တင်ဘာ ၂၅ ရက်) တုန်းကဆိုရင် လာပြတဲ့သူအယောက် ၈၀ မှာ ၆၀ လောက်က အနံ့ပျောက်တဲ့သူတွေ” ဟု တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။

အိမ်တွင် ဖျားနာမှုများရှိပြီး ဆေးသောက်ခြင်းကြောင့် ပျောက်ကင်းခဲ့သော်လည်း နောက်ပိုင်းတွင် အနံ့ပျောက်သဖြင့် တောင်ဥက္ကလာပမြို့နယ်ရှိ Fever Clinic သို့ လာရောက်ပြသရာမှာ ရောဂါပိုးတွေ့ရှိသူများလည်း ရှိကြောင်း ဒေါက်တာစောနိုင်က ပြောကြားသည်။

“ သောက်ဆေးတွေနဲ့ ကုလိုက်တော့ သက်သာသွားတယ်။ ဒါပေမဲ့ အနံ့ပျောက်တာကလည်း ဖြစ်လာတော့ စိုးရိမ်လာကြတာပေါ့” ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။

ကိုဗစ်ကာလအတွင်း အရေးကြီးသည့် နေရာတစ်ခုမှာ Fever Clinic များဖြစ်ပြီး ပထမလှိုင်းကာ လအတွင်းကတည်းက ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။

ဒုတိယလှိုင်းကာလ အထူးသဖြင့် စက်တင်ဘာလပိုင်းမှ စတင်ကာ Fever Clinic များသို့ လာရောက်ပြသပြီး ကုသမှုခံယူသူများပြားလာသည်ဟု ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အချို့ရှိ Fever Clinic တာဝန်ခံ ဆရာဝန်များက ပြောကြားသည်။

အခြေခံလူတန်းစားများပြားသည့် တောင်ဒဂုံမြို့နယ်ရှိ Fever Clinic သို့ လာရောက်ပြသသူအရေအတွက်မှာ စက်တင်ဘာလ လယ်ပိုင်းခန့်မှာကတည်းကပင် ၄၀၀ ခန့် ရှိခဲ့သည်ဟု တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံဆရာဝန် ဒေါက်တာဇော်လင်းဘိုက ပြောကြားသည်။

“ အခုလောလောဆယ် ကျွန်တော်တို့ ဆေးခန်းမှာက ဒီလထဲလူ ၄၀၀ လောက် လာပြကြတယ်။ လွှဲလိုက်တဲ့လူနာက ဟိုတစ်နေ့ကဆို ၅၈ ယောက် ရှိတယ်။ အဲဒီမှာ Positive တွေ့တာ ၅၅ ယောက်ရှိတယ်” ဟု ဒေါက်တာဇော်လင်းဘိုက ပြောကြားသည်။

ကိုဗစ်ရောဂါလက္ခဏာရပ်များတွင် ပါဝင်သည့် အနံ့အရသာ ပျောက်ဆုံးသည့် အခြေအနေကြောင့် လာရောက်ပြသသူများကို အိမ်တွင် သီးခြားစီနေထိုင်ခိုင်းထားပြီး မည်သူနှင့်မျှ ဆက်သွယ်စေခြင်းမရှိဘဲ Home Quarantine နေထိုင်ခိုင်းရကြောင်း၊ အိမ်တွင်လည်း မိသားစုများပြားပြီး သက်ကြီးရွယ်အိုရှိသည့် မိသားစုများတွင်မူ အနံ့ပျောက်သူတစ်ဦးကို မြို့နယ်တွင် စီစဉ်ထားသည့် Quarantine စင်တာများတွင် ထားရှိကြောင်း တောင်ဥက္ကလာပမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်က ပြောကြားသည်။

“ တချို့အိမ်တွေက ကျယ်လည်းကျယ်တယ်။ မိသားစုလည်း နည်းတယ်ဆိုရင် အိမ်မှာပဲနေခိုင်း လိုက်ရတယ်။ တချို့ကျတော့ တစ်ဦးတည်း သီးသန့်နေချင်တယ်။ မိသားစုကလည်း များတယ်ဆိုရင်တော့ ကျွန်တော်တို့မြို့နယ်က စီစဉ်ထားတဲ့ Quarantine စင်တာတွေမှာပဲ နေခိုင်းတယ်” ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။

အနံ့ပျောက်လူနာ များပြားလာသည်နှင့်အမျှ အခက်အခဲတစ်ခုမှာ ယင်းလက္ခဏာပြသသူများကို ထားရှိရန် နေရာအခက်အခဲ ကြုံတွေ့လာခြင်းဖြစ်သည်။

ယင်းသို့လက္ခဏာပြသသူများမှာ စောင့်ကြည့်လူနာစာရင်းတွင် ပါဝင်သဖြင့် မြို့နယ်ရှိ Quarantine စင်တာများတွင် နေရာပေးထားကြောင်း ဒေါက်တာစောနိုင်က ပြောကြားသည်။

“ မြို့နယ်ထဲက စင်တာတွေထဲမှာ ထားတယ်။ တချို့ကိုတော့ အိမ်ပြန်လွှတ်ရတာပေါ့။ အခုနေရာကိုတော့ ထပ်တိုးချဲ့နိုင်ဖို့ စီစဉ်နေတယ်” ဟု ဒေါက်တာစောနိုင်က ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီးများတွင် ကိုဗစ်လူနာများ ပြည့်လျှံနေသဖြင့် ပြန်လွှတ်နေခြင်းများရှိနေသည်ဟု မြို့နယ်အချို့ရှိ Fever Clinic မှ ဆရာဝန်များက ပြောကြားသည်။

“ ဆေးရုံကိုလွှဲရတာ အခက်အခဲဖြစ်လာတယ်။ တချို့လူနာတွေဆို ပေါင်းပြီး လွှဲရတာရှိတယ်။ တစ်နေ့က ကိုးယောက်လွှဲတာ ကိုးယောက်လုံး Positive ဖြစ်တယ်။ နောက်ပိုင်းမှာ လွှဲဖို့လိုလာတဲ့ လူနာတွေရှိပေမဲ့ ဆေးရုံမှာလည်း လက်ခံနိုင်တဲ့ နေရာအင်အားမရှိဘူး။ ဖောင်ကြီးကလည်း လာမခေါ်ပေးတဲ့အတွက်ကြောင့် တချို့လူနာတွေကို ကျွန်တော်တို့ Stay at Home ပြန်နေခိုင်းရတယ်” ဟု တောင်ဒဂုံမြို့နယ် Fever Clinic တာဝန်ခံ ဆရာဝန် ဒေါက်တာဇော်လင်းဘိုက ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာ ၂၅ ရက်က ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူသို့ မိန့်ခွန်းပြောကြားရာတွင် ဆေးရုံသို့ သွားရောက်စစ်ဆေးမှု ခံယူစေချင်ကြောင်း၊ ဆေးမြီးတိုများနှင့် မကုသစေချင်ကြောင်း ပြောကြားခဲ့သည်။

“ ဟိုဟာလေး စားလိုက်ရင် ပျောက်တယ်၊ ဒီဟာလေးသောက်လိုက်ရင် ပျောက်မယ်ဆိုတာကိုလည်း မယုံပါနဲ့။ ကျွန်မတို့ဆေးရုံမှာသွားပြီး အစမ်းသပ်ခံပါ။ မြို့နယ်နဲ့ ခရိုင်ဆေးရုံတွေကို အားကိုးပါလို့ ကျွန်မအနေနဲ့ နှိုးဆော်ချင်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သို့သော် မြေပြင်အခြေအနေတွင်မူ ဆေးရုံများတွင် သတ်မှတ်ထားသည့် ကုသနိုင်စွမ်းထက်ပိုမို များပြားနေသဖြင့် ကိုဗစ်လက္ခဏာပြသူများကို လက်ခံခြင်း မပြုနိုင်တော့ချေ။

သို့သော် ရောဂါလက္ခဏာပြသူများအား တတ်နိုင်သမျှ အိမ်ပြန်မလွှတ်နိုင်ရန် စီစဉ်လျက်ရှိပြီး ဆေးရုံများအနီးရှိ ကျောင်းများ၊ တက္ကသိုလ်ဝင်းများတွင် ထားရှိနိုင်ရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

“ အနံ့ပျောက်လူနာတွေနဲ့ပတ်သက်လို့ အိမ်ပြန်မလွှတ်ပါဘူး။ အိမ်မပြန်စေချင်ပါဘူး။ ဒီလူနာတွေသည်လည်း သီးခြားနေသင့်ပါတယ်။ ဒါမှသာလျှင် ကျန်တဲ့သူတွေကို မကူးစက်မှာဖြစ်ပါတယ်။ ဒီလူနာတွေကို သီးသန့်ထားနိုင်မယ့်နေရာတွေ အခုစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

Fever Clinic သို့ လာရောက်ပြသရာတွင် အနံ့ပျောက်သူများကို သက်ဆိုင်ရာဆေးရုံကြီးများသို့ ပို့ဆောင်ပြီး နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များ ရယူကာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို စစ်ဆေးခြင်းဖြစ်သည်။ အလားတူအခြားလက္ခဏာများ ပြသသူများရှိပါကလည်း ယင်းသို့ပင် လုပ်ဆောင်လျက်ရှိသည်။

“ အခု အနံ့မရတဲ့လူနာတွေဆိုရင် အစိုးရဘက်က ဖျားတယ်၊ အနံ့မရဘူးဆို မြို့နယ်ကျန်းမာရေးမှူးတွေကို Report ပို့ခိုင်းတယ်။ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးမှူးကို Report လုပ်ရင် သူတို့က Quarantine ဝင်မလား။ အဲဒီအခါ မြို့နယ် ကျန်းမာရေးမှူးတွေနဲ့ ထွေအုပ်တွေက ဆက်လုပ်ပါတယ်။ လက်ရှိဆေးရုံတွေမှာ ဖျားတယ်၊ အနံ့ပျောက်တယ်ဆိုတာနဲ့ လက်မခံတော့ဘူး။ ဒါက နေရာအခက်အခဲ၊ ခုတင်အခက်အခဲကြောင့်ပါ။ လက်ရှိ ဆေးရုံတွေမှာ လက်ခံတဲ့လူနာက အဖျားရှိတယ် ချောင်းဆိုးတယ်။ ချောင်းဆိုးတာလည်း ပြင်းထန်တယ်။ ဒါမှမဟုတ် အဖျားရှိတယ်၊ ချောင်းဆိုးတယ်၊ အနံ့မရတော့ဘူး။ ဒီလိုမျိုး ရောဂါလက္ခဏာ နှစ်ခုသုံးခုတွဲနေပြီး ပြင်းထန်တော့မှပဲ လက်ခံတော့တယ်။ အခုဒီလိုတွေကြောင့် အရမ်းမပြင်းထန်ဘူး။ အန့ံပျောက်လူနာဆို ကြားညပ်တာပေါ့” ဟု ဗိုလ်တထောင်မြို့နယ် Fever Clinic ဖျားနာကုဆေးခန်း တာဝန်ခံ ဒေါက်တာမိုးနေမင်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း အနံ့ပျောက်ဆုံးနေသူ အရေအတွက်မှာ တစ်စစများ ပြားလာသည်ဟုဆိုနိုင်ပြီး ၎င်းတို့အား ထားရှိရန်နေရာအခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့နယ်ကိုဗစ် ကော်မတီများက မြို့နယ်များရှိ နေရာလွတ်များကို ထပ်မံရှာဖွေနေပြီး Quarantine စင်တာများထားရှိရန် စီစဉ်လျက်ရှိသည်။ ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း အနံ့ပျောက်နေသူများမှာလည်း စာရင်းပျောက်နေသေးသည်ဟု ဆိုရမည်ဖြစ်သည်။

Most Read

Most Recent