အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
Photo: Getty Images
Photo: Getty Images
Published 17 September 2020

စပါးအသင်းနည်းပြမော်ရင်ဟိုသည် စပါးကစားသမားများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သော စကားကြောင့် သူ့အသင်းသားများ၏ မကျေမနပ်ဖြစ်မှုကိုခံနေရပြီး အသင်းအဝတ်လဲခန်းတွင် ကစားသမားများ၏ စုပေါင်းပုန်ကန်မှုကို ခံရဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်တနင်္ဂနွေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ် စပါး-အဲဗာတန်ပွဲတွင် စပါးအသင်းသည် အိမ်ကွင်းဖြစ်သည့် Tottenham Hotspur ကွင်း၌ကစားရသော်လည်း ဧည့်သည်အဲဗာတန်အသင်းကို (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ယင်းပွဲမှ စပါးကစားသမားများ၏ စွမ်းဆောင်မှုကို စိတ်ပျက်နေသော မော်ရင်ဟိုသည် ပွဲအပြီးတွင် ကစားသမားများအား ပြင်းပြင်းထန်ထန်ပြစ်တင်သောစကားကို မီဒီယာများသို့ ပြောကြားခဲ့သည်။

မော်ရင်ဟိုက ''ကျွန်တော့်ရဲ့အသင်းကို ကျွန်တော်မကြိုက်ပါဘူး။ ဂိုးပေးလိုက်ရပြီး ဒုတိယပိုင်းမှာ ကျွန်တော့်အသင်းဟာ အလွန်ဆိုးရွားသွားပါတယ်။  အသင်းက ကစားသမားအတော်များများဟာ လိုအပ်တဲ့ကြံ့ခိုင်မှုပုံစံ မရှိကြပါဘူး။  တစ်ဖက်အသင်းကို ဖိကစားတဲ့အခါ ဒုက္ခတွေ့တာပါပဲ။ ပြောရရင် ကျွန်တော့်အသင်းဟာ ပြိုင်ဘက်ကို ဖိမကစားနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့တန်းမှာ ဖိကစားတဲ့ပုံစံက အလွန်ဆိုးရွားလို့ပါ။ တစ်ဖက်ကို ဖိအားပေးကစားတဲ့ပုံက ပျင်းပျင်းရိရိနဲ့ကစားတဲ့ပုံမျိုးပေါက်နေပါတယ်''ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟို၏ စကားကို စပါးကစားသမားတစ်ဦးဖြစ်သူ  နောက်ခံလူ ဘင်ဒေးဗီးစ်က လက်မခံခဲ့ဘဲ ယင်းပွဲတွင် အသင်းခြေစွမ်းမကောင်းခဲ့သည်မှာ မှန်သော်လည်း ကစားသမားများ၏ ကြိုးစားအားထုတ်မှုမှာ မလျော့နည်းခဲ့ကြောင်း တုံ့ ပြန်ပြောကြားခဲ့သည်။

''တကယ်ဆို ကျွန်တော်တို့အသင်းအနေနဲ့ ခက်ခဲတဲ့ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ ဒီပွဲမှာ စပါးကစားသမားအားလုံး ကိုယ်စွမ်းရှိသလောက်ကစားခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ ပြောမယ်ဆိုရင်လည်း ကျွန်တော် အစွမ်းရှိသလောက် ကြိုးစားကစားခဲ့ပါတယ်။ ကျန်ကစားသမားတွေလည်း သူတို့ခြေစွမ်းရှိသလောက် ကြိုးစားကစားမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး''ဟု ဘင်ဒေးဗီးစ်က ပြောကြားခဲ့သည်။

ဘင်ဒေးဗီးစ်ကဲ့သို့ပင် စပါးအသင်းမှ ကစားသမားအတော်များများမှာ ပွဲအပြီး မော်ရင်ဟို၏မှတ်ချက်စကားကို မကျေမနပ်ဖြစ်နေကြကြောင်း သိရသည်။

မော်ရင်ဟိုအနေဖြင့် အဲဗာတန်အသင်းအားရှုံးနိမ့်ခဲ့သည့်ပွဲမှ သူ၏နည်းဗျူဟာ အားနည်းချက်များကို အများအပြစ်မပြောမီ ကစားသမားများကို အပြစ်ပုံချပြီး လမ်းကြောင်းလွှဲခြင်းသာဖြစ်သည်ဟု စပါးကစားသမားအတော်များများက ယူဆနေကြကြောင်း သိရသည်။

သို့ဖြစ်ရာ ယခုရာသီတွင် မော်ရင်ဟိုနှင့်စပါးကစားသမားများအကြား အစိုင်အခဲကြီးမားနိုင်ပြီး ၎င်းအနေဖြင့် အဝတ်လဲခန်းအတွင်း ကစားသမားများ၏ ပုန်ကန်မှုကို ခံရဖွယ်ရှိနေသည်ဟု Mirror သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent