ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင်KNC ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးရုံး ဖွင့်လှစ်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင်KNC ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးရုံး ဖွင့်လှစ်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်
Published 11 September 2020

ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် ကချင်အမျိုးသားကွန်ဂရက်(KNC) ပါတီက စက်တင်ဘာ ၉ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးရုံး ဖွင့်လှစ်၍ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်ကြောင်း KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောကြားသည်။

“ကျွန်တော်တို့က ဒီလိုပါ ကိုယ်စားလှယ်အောင်နိုင်ရေးရုံးပေါ့။ အောင်နိုင်ရေးရုံးက ကျွန်တော်တို့က ဘာလဲဆိုတော့ လူထုနဲ့ တိုက်ရိုက်ထိတွေ့ဖို့အတွက် ဖွင့်တာ။ နောက်တစ်ခုက ဟိုဘက်ကကျတော့ ဘာလဲဆိုတော့ ကျွန်တော်တို့က ဒီလို ရုံးတွေမဖွင့်ထားရင် သူတို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဘယ်လိုတွေ့ရမှန်း မသိတာတို့၊ သူတို့ ဟိုဘက်ကကျတော့ နယ်ကကျတော့ ပြဿနာတွေ သူတို့ တော်တော်လေး တင်ပြတာရှိတယ်။ အဲဒါတွေလည်း သူတို့နဲ့ ထိတွေ့စကားပြောဖို့ပေါ့” ဟု ဒေါက်တာ M ကောန်လက ပြောကြားသည်။

မိုးမောက်မြို့နယ်သည် KNC ပါတီဥက္ကဋ္ဌ ဒေါက်တာM ကောန်လကိုယ်တိုင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးရုံးဖွင့်ပွဲတွင် ဒေသခံများက နိုင်ငံရေးလိုအပ်ချက်များနှင့် ပြုပြင်လိုသည်များကို လာရောက် ဆွေးနွေးခဲ့ကြောင်း KNC ပါတီက သတင်းထုတ်ပြန်သည်။

နိုင်ငံရေးလိုအပ်ချက်များနှင့် ပြုပြင်လိုသည်များ လာရောက်ဆွေးနွေးရာတွင် အများစုက မြေယာကိစ္စများအား လာရောက်ဆွေးနွေးကြခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ မူးယစ်ဆေးဝါး ပြဿနာဖြစ်ကာ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြဿနာမှာ အလွန်ဆိုးရွားသည့် အနေအထားဖြစ်ကြောင်း ဒေါက်တာM ကောန်လက ပြောကြားသည်။

“လောလောဆယ်တော့ ရွေးကောက်ပွဲနီးလို့ မလုပ်ပေးသေးဘူး။ ရွေးကောက်ပွဲပြီးတော့ နိုင်နိုင် မနိုင်နိုင် ကျွန်တော်တို့က ကျွန်တော်တို့အလုပ် ကျွန်တော်တို့ လုပ်ပေးမယ်။ အဲဒီကျမှ စီစဉ်ပေးမယ်လို့ ကျွန်တော်တို့ ပြောထားတယ်။ အဓိကကတော့ ဘာလဲဆိုတော့ မြေလွတ်မြေရိုင်းတွေကို အခု ဒါ အစိုးရကလည်း သိဖို့လိုတယ်။ မြေလွတ်မြေရိုင်းကို မြေပုံထဲမှာ မရှိဘူးဆိုပြီးတော့မှ မြေပုံရေးဆွဲထားခြင်းမရှိဘူးဆိုပြီးတော့မှ သိမ်းတာ။ အဲဒါက ဘယ်လိုဖြစ်လာသလဲဆိုတော့ အပြင်မှာ တချို့ပိုက်ဆံရှိတဲ့သူက ကိုယ်လိုချင်တဲ့ နေရာကို အဲဒီလို မြေပုံထဲမှာ မရှိမှန်း သူတို့သိတယ်။ မြေစာရင်းနဲ့သူတို့ ဟိုဟာလုပ်ပြီးတော့မှ ပုံစံကတော့ သူတို့လုပ်တာ တရားဝင်တာပေါ့ဗျာ။ ဒါပေမဲ့ မြေပြင်မှာတော့ ဒေသခံ တောင်သူတွေရဲ့ လယ်တွေ ယာတွေ ခြံတွေ ရှိနေတယ်။ အဲဒီလိုနည်းတွေနဲ့ ပြဿနာတွေ တက်တာ”ဟု KNC ပါတီဥက္ကဋ္ဌက ပြောကြားသည်။

KNC ပါတီအနေဖြင့် လက်ရှိအချိန်တွင် မိုးမောက်မဲဆန္ဒနယ်ကို မြေပုံရေးဆွဲ၍ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး ယခုလကုန်တွင် လွယ်ဂျယ်၌ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ လတ်တလောတွင် မိုးတွင်းကာလဖြစ်သည့်အတွက် ၎င်း၏ မဲဆန္ဒနယ်မြေအပါအဝင် ပြည်နယ်မဲဆန္ဒ နယ်များသွားလာရေး ခက်ခဲကြောင်း KNC ပါတီဥက္ကဋ္ဌက ပြောကြားသည်။

ထို့ကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလသည် ပွင့်လင်းရာသီဖြစ်ရန် လိုအပ်ကြောင်းကို ၎င်းအနေ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မကြာခဏ တင်ပြထားသော်လည်း ထူးခြားမှု မရှိကြောင်း KNC ပါတီဥက္ကဋ္ဌက ပြောကြားသည်။

KNC ပါတီအနေဖြင့် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌ ကိုယ်စားလှယ်လောင်း ၁၇ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရှမ်းပြည်နယ်တွင် ကိုယ်စားလှယ်လောင်း သုံးဦးဖြင့် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း KNC ပါတီဥက္ကဋ္ဌ ဒေါက်တာ M ကောန်လက ပြောကြားသည်။

Most Read

Most Recent