ကိုဗစ်၊ ရွေးကောက်ပွဲနှင့် လွတ်လပ်မျှတမှု

ကိုဗစ်၊ ရွေးကောက်ပွဲနှင့် လွတ်လပ်မျှတမှု
Published 10 September 2020

ကိုဗစ်ကာလ အကျပ်အတည်းနှင့်အတူ ၂၀၂၀ ရွေးကောက်ပွဲအတွက်ပါတီများ၊ ကိုယ်စားလှယ်များ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများသည် ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် စတင်ခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ဒုတိယလှိုင်းအသွင်ဖြစ်နေပြီး လျင်လျင်မြန်မြန် ပိုးကူးစက်နေမှုများရှိသည့်အတွက် လူထုကြားတွင် စိုးရိမ်မှုများမြင့်တက်နေသည်။ ထို့ကြောင့် ရွေးကောက်ပွဲမဲဆွယ်ကာလ လှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိလာသည်။

ကိုဗစ်ကာလဖြစ်၍ အစိုးရမှ ချမှတ်သော ဥပဒေများလည်းရှိနေရာ ရွေးကောက်ပွဲစည်းရုံးရေးလုပ်ဆောင်ရာ၌ အာဏာရပါတီနှင့် အခြားသောပါတီများအကြား အားသာချက်၊ အားနည်းချက်များအပေါ် ပြောစရာများ ရှိနေသည်။ ဝေဖန်သံများလည်း ထွက်ပေါ်လာသည်။ ကိုဗစ်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်သော အခြေအနေတစ်ခုအထိ ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် လိုအပ်လျှင် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်ကြောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက မဲဆွယ်ခွင့်ရသည့် ပထမနေ့မှာပင် ထောက်ပြခဲ့သည်။ သို့သော်လည်း လက်ရှိအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းခြင်းရှိ မရှိအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိတိပပ ထုတ်ပြန်ထားခြင်းမရှိသေးပေ။ ကပ်ရောဂါ အခြေအနေပေါ်မူတည်၍သာ နိုဝင်ဘာ ၈ ရက်တွင် မကျင်းပဖြစ်ပါက အောက်တိုဘာတွင် ထုတ်ပြန်ကြေညာပေးသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားထားသည်။ သို့သော်လည်း “၀” ဒေသရှိ မြို့နယ်ငါးမြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ရွေးကောက်ပွဲကျင်းပနိုင်ဖွယ် မရှိဟု ကော်မရှင်က ဆိုခဲ့ပြန်သည်။

မည်သို့ပင်ဆိုစေကာမူ ရွေးကောက်ပွဲများတွင် လွတ်လပ်မှုနှင့် တရားမျှတမှုသည် များစွာအရေးကြီးပါသည်။ လွတ်လပ်၍ တရားမျှတမှုမရှိသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီရှင်သန်ရေးအတွက် မဖြစ်နိုင်ပါ။ တရားဥပဒေစိုးမိုးမှု အားနည်းသည့် နိုင်ငံအများစုတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံတကာ စံနှုန်းများဖြစ်သော “လွတ်လပ်မှု”၊ “တရားမျှတမှု” တို့နှင့် မကိုက်ညီခြင်းဖြစ်တတ်သည်။ အများဆုံးဖြစ်နေကျ အကြောင်းအရာ တစ်ရပ်မှာ လက်ရှိအစိုးရက ကြားဝင်နှောက်ယှက်မှုဖြစ်သည်။ လက်ရှိအာဏာရထားသူများကို လူအများစုက ကြိုက်နှစ်သက်မှုမရှိသည့်တိုင် ၎င်းတို့က အာဏာဆက်လက်တည်မြဲစေရန် အုပ်ချုပ်ရေးယန္တရားကို အသုံးပြုကာ သတင်းဖြတ်တောက်ခြင်း၊ ရွေးကောက်ပွဲယန္တရား၏ ရုပ်ပိုင်းဆိုင်ရာ အကောင်အထည်ဖော်မှုကို ချယ်လှယ်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် အာဏာများကို သုံးစွဲကြသည်။ ရွေးကောက်ပွဲရလဒ်ကြောင့် ပြိုင်ဘက်အင်အားစုတစ်ရပ်ထံ အာဏာလွှဲပြောင်းပေးရမည်ကို ကာကွယ်ထားကြသည်။

အုပ်ချုပ်ရေးဆိုင်ရာ မမျှတမှုအဖြစ် မဲဆန္ဒနယ်၏နယ်နိမိတ်ကို ပြောင်းလဲထားခြင်း၊ အတိုက်အခံကိုယ်စားလှယ်လောင်းများကို ရွေးကောက်ပွဲဥပဒေနှင့်မညီဟု အကြောင်းပြကာ ကိုယ်စားလှယ်လောင်းများအဖြစ်မှ ပယ်ဖျက်ခြင်းတို့လည်းရှိနိုင်ပြီး ရွေးကောက်ပွဲအောင်မြင်မှုအတွက် အောက်ခြေအဆင့်များကို မတရားသဖြင့် စီမံထားခြင်းသည်လည်း မသမာသည့် လုပ်နည်းလုပ်ဟန်များထဲ၌ ပါဝင်သည်။ ရွေးကောက်ပွဲတစ်ခု၏ အခင်းအကျင်းသည် သီးသန့်ပါတီတစ်ခု သို့မဟုတ် သီးသန့်ကိုယ်စားလှယ်လောင်းတစ်ဦးအား အရေးပေးထားခြင်းကြောင့် ပြောင်းလဲသွားနိုင်သည်။ ထိုအခြင်းအရာများမှာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံတကာ၌ တွေ့ရလေ့ရှိသော အာဏာပိုင်အဖွဲ့အစည်းနှင့် အာဏာရပါတီတို့၏ အသာစီးယူမှု၊ မမျှမတလုပ်လေ့ရှိသည့် အကြောင်းအရာအချို့ပင်ဖြစ်သည်။  မြန်မာနိုင်ငံတွင် ၂၀၁၀ ၌ ရွေးကောက်ပွဲပြုလုပ်ပြီးနောက် စစ်အစိုးရဟုခေါ်သည့် နအဖက အရပ်သားတစ်ပိုင်းအစိုးရဟု ခေါ်ကြသည့် သမ္မတဟောင်းဦးသိန်းစိန်ထံ အာဏာလွှဲပြောင်းခဲ့သည်။ ဦးသိန်းစိန်က ၂၀၁၅ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ခဲ့သည့် NLD အစိုးရသို့ အာဏာထပ်မံလွှဲပြောင်းခဲ့ရသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပေါ်ထွက်လာသော အစိုးရများအနေဖြင့် အဆင့်ဆင့်အာဏာလွှဲပြောင်း၍ ဒီမိုကရေစီခရီးလမ်းကို လျှောက်လှမ်းကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့်လည်း ရွေးကောက်ပွဲများမှတစ်ဆင့် မိမိတို့ ကြိုက်နှစ်သက်သောအစိုးရနှင့် ကိုယ်စားလှယ်များကို ရွေးချယ်ပိုင်ခွင့်ရှိကြပေသည်။ ယင်းသည် ဒီမိုကရေစီအလေ့အထလည်းဖြစ်သည်။

ကိုဗစ်ကြောင့် မြန်မာအပါအဝင် ကမ္ဘာနှင့်အဝှမ်း ဒုက္ခသုက္ခများနှင့် ရင်ဆိုင်နေရသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောအခြေအနေတွင် အချို့သောနိုင်ငံများ၌ အထွေထွေ ရွေးကောက်ပွဲများကလည်း ရှိနေသည်။ မြန်မာတွင်လည်း အစိုးရက နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည်ဟု ကြေညာထားသည်။ နှစ်လခန့်သာလိုသည့် အခြေအနေတွင် မည်သို့အရာများ ဖြစ်လာနိုင်သည်ကို မသိရှိနိုင်သေးသော်လည်း ရွေးကောက်ပွဲများ၌ လွတ်လပ်မှုနှင့် မျှတမှုစံနှုန်းနှစ်ရပ်သည် မရှိမဖြစ်လိုအပ်သော အရာများဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

စက်တင်ဘာ ၁၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent