COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရန် မည်သို့ဆောင်ရွက်သင့်သနည်း

COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်နိုင်ရန် မည်သို့ဆောင်ရွက်သင့်သနည်း
Published 30 August 2020
အိသဥ္ဇာကျော်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် COVID-19 ကူးစက်ပျံ့နှံ့မှုသည် လပေါင်းများစွာ ကြာလာခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်အထိ ရောဂါကူးစက်ဖြစ်ပွားမှု၊ သေဆုံးမှုနှုန်းပြကိန်း ဂဏန်းများမှာမူ အရှိန်ကောင်းစွာ ဆက်လက်တိုးလာဆဲ ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်သည် မည်သည့်အခါမျှ ပျောက်ကွယ်သွားဖွယ်မရှိဘဲ ကမ္ဘာသူ ကမ္ဘာသားများအနေဖြင့် HIV ဗိုင်းရပ်စ်နှင့် ဆက်လက်နေထိုင်နေရသကဲ့သို့ ကိုရိုနာဗိုင်းရပ်စ်နှင့် နေထိုင်ရန် သင်ယူရတော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၁၄ ရက်ကတည်းက သတိပေးခဲ့သည်။ 

ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကို ကမ္ဘာတစ်ဝန်းတွင် ရင်ဆိုင်နေရဆဲ ဖြစ်သော်လည်း နေရာအများစုတွင် ကူးစက်မှုနှင့် သေဆုံးမှုလျော့ကျသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ နောက်ဆုံးထုတ် အစီရင်ခံစာက ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၁ ဒသမ ၇ သန်းကျော်ရှိပြီး သေဆုံးသူ ၃၉,၀၀၀ ရှိကြောင်း သြဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သော WHO ၏အစီရင်ခံစာက ဖော်ပြခဲ့သည်။

သြဂုတ် ၂၃ ရက်အထိ ခုနစ်ရက်အတွင်း ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူအရေအတွက်သည် ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ငါးရာခိုင်နှုန်းကျဆင်းသွားခဲ့ပြီး သေဆုံးသူသည် ၁၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း စာရင်းများက ဆိုခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုသည် လျော့ကျသွားသော်လည်း ထပ်မံဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၂၃ သန်းကျော် ရှိလာခဲ့ပြီး သေဆုံးသူ ၈၀၀,၀၀၀ ကျော်ခဲ့ပြီဖြစ်သည်။

အရှေ့တောင်အာရှနှင့် အရှေ့မြေထဲပင်လယ်မပါဘဲ ကျန်ကမ္ဘာ့နေရာအားလုံး၌ ဗိုင်းရပ်စ်ကူးစက်သူနှင့် သေဆုံးသူလျော့ကျခဲ့ကြောင်း WHO က ပြောကြားသည်။

လက်ရှိတွင်မူ အမေရိကန်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကို အဆိုးဆုံးခံစားရသည့် နေရာဖြစ်ခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် ကမ္ဘာတစ်ဝန်း ကူးစက်မှုအားလုံး၏ထက်ဝက်သည် အမေရိကန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုတစ်ပတ်အတွင်း သေဆုံးသူအားလုံး၏ ၆၂ ရာခိုင်နှုန်းသည် အမေရိကန်၌ သေဆုံးခဲ့သူများ ဖြစ်ခဲ့သည်။

သြဂုတ် ၂၇ ရက်၌ အာရှနိုင်ငံအချို့၏ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေအရ အိန္ဒိယနိုင်ငံတွင် ၇၅၇၆၀၊ ပါကစ္စတန်နိုင်ငံတွင် ၄၄၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ၂၅၁၉ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၅၁၉၇ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၂၃၀၆ ဦး၊ ကာတာနိုင်ငံတွင် ၂၄၄ ဦး၊ တရုတ်နိုင်ငံတွင် ၃၂ ဦး၊ ယူအေအီးနိုင်ငံတွင် ၃၉၉ ဦး၊ ဂျပန်နိုင်ငံတွင် ၈၄၆ ဦး၊ စင်ကာပူနိုင်ငံတွင် ၆၀၊ နီပေါနိုင်ငံတွင် ၈၈၅ ဦး၊ ကိုရီးယားနိုင်ငံတွင် ၄၄၁ ဦး၊ မလေးရှားနိုင်ငံတွင် ခြောက်ဦး၊ ထိုင်းနိုင်ငံတွင် နှစ်ဦး၊ ဗီယက်နမ်နိုင်ငံတွင် ငါးဦး၊ မြန်မာနိုင်ငံတွင် ၇၆ ဦးနှင့် ဘူတန်နိုင်ငံတွင် တစ်ဦး ရှိခဲ့သည်။ အိန္ဒိယသည် အမေရိကန်၊ ဘရာဇီးပြီးပါက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တတိယမြောက် အမြင့်ဆုံးနိုင်ငံဖြစ်သည်။

သြဂုတ် ၂၇ ရက်က အိန္ဒိယနိုင်ငံတွင် တစ်နေ့တည်း ဗိုင်းရပ်စ်ရောဂါကူးစက်မှု အသစ်စံချိန်တင်ခဲ့ပြီး ပြီးခဲ့သည့် တစ်ရက်တာအတွင်း ကူးစက်မှုအသစ် ၇၅၇၆၀ ရှိခဲ့သည်။

လက်ရှိတိုင် ကမ္ဘာ့နိုင်ငံအားလုံးတွင် COVID-19 ကူးစက်ဖြစ်ပွားမှုမှာ အပြီးတိုင် ရပ်တန့်သွားခြင်း မရှိသေးသည့်အတွက် နိုင်ငံအသီးသီးရှိ အစိုးရများက COVID-19 ကူးစက်မှု ရပ်တန့်သွားမည့် အစီအစဉ်များထက် COVID-19 နှင့်အတူ မည်ကဲ့သို့ ဆက်လက်နေထိုင်ရပ်တည်သွားမည်နည်းဆိုသည့် အချက်များကိုသာ စဉ်းစားနေကြပြီဖြစ်သည်။

COVID-19 ကာကွယ်ဆေးကို ရရှိခဲ့ပါက ကမ္ဘာ့နိုင်ငံများအတွက် Lockdown များ ပြန်လည်ရုပ်သိမ်းရန် အထောက်အကူပြုမည်ဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်သူများကိုလည်း ဒေါ်လာသန်း‌ပေါင်းများစွာ ရရှိစေနိုင်သည်။ သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်သည် လုံးဝပျောက်ကွယ်သွားဖွယ်မရှိဟု WHO က ပြောကြားခဲ့သည်။

“ ဒီဗိုင်းရပ်စ်က ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် နောက်ထပ်ကပ်ဘေးအဆင့် ဗိုင်းရပ်စ် ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ဒီဗိုင်းရပ်စ်က ပျောက်သွားတယ်ဆိုတာမျိုးလည်း ဘယ်တော့မှ ဖြစ်လာနိုင်ဖွယ် မရှိပါဘူး” ဟု WHO ၏ အရေးပေါ် စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ပြောကြားထားသည်။

ကိုရိုနာဗိုင်းရပ်စ်၏ တွယ်ကပ်နေနိုင်သည့် အလားအလာသည် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေးတို့အကြား အတိမ်းအစောင်းမခံသည့်မျှခြေ တစ်ရပ်ကို ကမ္ဘာတစ်ဝန်းရှိ အစိုးရများအနေဖြင့် ရှာဖွေရန်ဖြစ်လာစေခဲ့သည်။

 

COVID တစ်ကျော့ပြန် မြန်မာနိုင်ငံ အခြေအနေ

COVID တစ်ကျော့ပြန် မြန်မာနိုင်ငံအခြေအနေမှာ ထူးခြားမှုရှိခဲ့ပြီး စိုးရိမ်စရာကောင်းသည့် အနေအထားကိုလည်း တွေ့လာရသည်။

သြဂုတ် ၁၆ ရက်နောက်ပိုင်းမှစ၍ ရခိုင်ပြည်နယ်အတွင်း COVID ရောဂါကူးစက်မှုအခြေအနေမှာ နေ့စဉ်နှင့်အမျှ စံချိန်တင်များပြားလာခဲ့သည်။

ထူးခြားမှုအနေဖြင့် သြဂုတ် ၂၅ ရက် ညပိုင်းနှင့် သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ COVID-19 စံချိန်တင် ကူးစက်ခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးနီးပါးကို COVID-19 ရောဂါပိုး ပျံ့နှံ့လာခဲ့ခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၅ ရက် ညပိုင်းတွင် ပိုးတွေ့လူနာ ၃၀ ရှိခဲ့ပြီး သြဂုတ်၂၆ ရက်နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုး ကူးစက်သူ ၇၀ ကို ထပ်မံတွေ့ရှိခဲ့ရာ စုစုပေါင်း တစ်ရက်အတွင်း ပိုးတွေ့လူနာ ၁၀၀ အထိ ရှိခဲ့သဖြင့် စံချိန်တင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူမြို့နယ်၊ မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ မြေပုံမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ စစ်တွေမြို့နယ်တို့တွင် အသွားအလာကန့်သတ်ထားရှိသူများနှင့် စောင့်ကြည့်လူနာများအား စစ်ဆေးရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၉ ရက် တစ်နေ့တည်းမှာပင် မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့လူနာ ၉၀ တွေ့ရှိ၍ COVID-19 ပိုးတွေ့လူနာစုစုပေါင်း ၇၃၃ ဦးရှိကာ သေဆုံးသူ ခြောက်ဦး ရှိနေသည်။ ရောဂါ စတင်ဖြစ်ပွားချိန်မှ လက်ရှိအထိ သေဆုံးသူ ခြောက်ဦးသာရှိပြီး ထိုသေဆုံးသူများသည်လည်း ကနဦးရောဂါ စတင်ဖြစ်ပွားချိန်တွင် သေဆုံးခဲ့သူများသာဖြစ်ရာ လက်ရှိနိုင်ငံတွင် သေဆုံးသူ ရာခိုင်နှုန်းသည် တစ်ရာခိုင်နှုန်းသာ ရှိနေသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြို့နယ် ၈၁ မြို့နယ်တွင် ရောဂါပိုးတွေ့လူနာများရှိခဲ့ပြီး သြဂုတ် ၂၇ ရက်အထိ စာရင်းအရ ပိုးတွေ့လူနာ ၆၂၈ ဦးအနက် ရောဂါပိုး ကင်းစင်သွားသူ ၃၄၉ ဦးရှိပြီဖြစ်သည်။ ယခုအချိန်တွင်မူ မြန်မာနိုင်ငံရှိ မြို့နယ် ၃၃၀ အနက် မြို့နယ် ၂၅၁ မြို့နယ်တွင် COVID-19 ရောဂါပိုးတွေ့လူနာ မရှိတော့ပေ။  

လက်ရှိ မြန်မာနိုင်ငံတွင် COVID ဖြစ်ပွားမှုအခြေအနေအရ ပြည်ပမှပြန်လာသူများထံမှရသည့် COVID ဓာတ်ခွဲနမူနာများတွင် G614 ဗီဇပြောင်းလဲမှုကို တွေ့ရှိရကြောင်း သြဂုတ် ၂၀ ရက်က ဆေးသုတေသနဦးစီးဌာန၌ ပြုလုပ်သည့် သွေးရည်ကြည်ဖြင့် COVID-19 လူနာများအား ကုသခြင်းကိစ္စ လက်ရှိအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းပွဲအခမ်းအနားတွင် တာဝန်ရှိသူများက ပြောကြားထားသည်။

ထိုသို့ကူးစက်မှုမြန်သည့် ပိုးအမျိုးအစားများမှ ပြည်တွင်းကူးစက်မှု ဖြစ်ပေါ်လာပါက ဒုတိယလှိုင်း ဖြစ်နိုင်ခြေရှိနေကြောင်းကိုလည်း ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမြတ်ထွန်းညွန့်က ပြောကြားသည်။ 

ယခုအခါ COVID-19 ဗိုင်းရပ်စ်သည် မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ရောဂါကူးစက်နိုင်စွမ်း ပိုမိုမြင့်မားလာသော်လည်း ပြင်းထန်မှု အားပျော့သွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ နောက်ပိုင်းမှာ မျိုးရိုးဗီဇပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။ စစဦးတွေ့တဲ့ GGG အမျိုးအစားကနေ AAC အမျိုးအစားတစ်ခုကို ပြောင်းသွားတာ ရှိပါတယ်။ အဲဒီလိုမျိုးရိုး ဗီဇပြောင်းလဲမှုဖြစ်သွားရင် ဗိုင်းရပ်စ်က နည်းနည်းလေး ပိုးပျော့သွားတယ်။ အားပျော့သွားပြီးတော့ ပြင်းထန်မှုနည်းနည်းနည်းသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံက နမူနာ ၁၀ ခုမှာ နှစ်ခုမှာပဲ အခုလိုအားပျော့သွားတာကို တွေ့ရပါတယ်။ နောက်ပိုပြီးတော့ ထူးခြားတဲ့ မျိုးရိုးဗီဇပြောင်းလဲမှုကတော့ နိုင်ငံတကာမှာလည်း အရမ်းစိတ်ဝင်စားနေတဲ့ မျိုးရိုးဗီဇပြောင်းလဲမှု ဖြစ်ပါတယ်။ D614 ကနေ G614 ကို ပြောင်းသွားတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ဒီအမျိုးအစားကလည်း နောက်ပိုင်း ကမ္ဘာမှာ တော်တော်လေး များလာပြီးတော့ ဒီလိုမျိုးပြောင်းလဲသွားခြင်းကြောင့် ရောဂါကူးစက်နိုင်စွမ်းက ၁၀ ဆအထိ ပိုပြီးတော့ များပြားလာစေတယ်လို့ သုတေသနအရ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ စစ်ဆေးတဲ့ မျိုးရိုးဗီဇ ၁၀ ခုထဲမှာ ခြောက်ခုကဆိုရင် အခုလိုမျိုး D ကနေ G ကို ပြောင်းလဲသွားတာကို တွေ့ရပါတယ်” ဟု ဒေါက်တာမြတ်ထွန်းညွန့်က ဆိုသည်။

 

မျိုးရိုးဗီဇပြောင်းလဲလာသည့် COVID ရောဂါပိုး

တစ်ကမ္ဘာလုံးတွင်လည်း D614 အမျိုးအစားမှ G614 အမျိုးအစားသို့ တဖြည်းဖြည်းပြောင်းလဲနေပြီး ဥရောပ၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် COVID-19 ရောဂါ ဖြစ်ပွားမှု စတင်တွေ့ရှိပြီး ဖေဖော်ဝါရီတွင် G614 အမျိုးအစားကို တွေ့ရှိရသည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်တွင် COVID-19 စတင်ဖြစ်ပွားမှုကို တွေ့ရှိပြီး ၂၀၂၀ ပြည့်နှစ် မေလနောက်ပိုင်း ရယူထားသည့် ဓာတ်ခွဲနမူနာများတွင် G614 အမျိုးအစားကို တွေ့ရှိခြင်းဖြစ်သည်ဟုလည်း သိရသည်။

မျိုးရိုးဗီဇပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ ဗီဇမျိုးကွဲ 641G က ကာကွယ်ဆေးရဲ့ အာနိသင်၊ ထိရောက်မှုကို ထိခိုက်နိုင်သလားဆိုတာကို သိချင်ကြတယ်။ ဗီဇမျိုးကွဲက ဗိုင်းရပ်စ်ရဲ့အချွန်အတက်ပေါ်မှာရှိတဲ့ ပရိုတင်းမှာ ပြောင်းလဲတာ။ အခုဗီဇက နည်းနည်းလေးပြောင်းလဲမှုရှိတဲ့အခါမှာ ကာကွယ်ဆေးရဲ့စွမ်းရည်၊ ကာကွယ်ဆေးရဲ့ စိတ်ချရ မှု၊ ကာကွယ်ဆေးရဲ့ တစ်နည်းအားဖြင့် အားကောင်းမှုကို ထိခိုက်နိုင်သလားဆိုတဲ့ မေးခွန်းတွေ ရှိတယ်။ ဒါပေမဲ့လို့ သူ့ရဲ့ပိုးမျိုးဗီဇဟာ လက်ခံတဲ့နေရာမှာ မထိခိုက်ဘူးဆိုတဲ့အတွက်ကြောင့် ကာကွယ်ဆေး ထွက်လာပြီဆိုရင် ကာကွယ်ဆေးရဲ့ သက်ရောက်မှု၊ ပြောင်းလဲမှုရှိမှာမဟုတ်ဘူးဆိုတဲ့ Paper တွေတော့ ထွက်လာတာရှိပါတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ဘက်က လုပ်ဆောင်စရာရှိတာတွေကို လုပ်ဆောင်ရမယ်။ ဖြစ်နိုင်မယ်ဆိုရင် ကာကွယ်ဆေးရရှိတဲ့အထိ ဒါမှမဟုတ် ကုသလို့ ရနိုင်မယ့် ကုသဆေး ရနိုင်မယ့်အထိ။ ဒါတွေအပြင် ကာကွယ်ဆေးတွေရပြီးရင်တောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ Director General ပြောတဲ့အရဆိုရင် ကာကွယ်ဆေးတွေရပြီး ကုသဆေးတွေ ရပြီးရင်တောင်မှ ကျွန်မတို့ လက်ရှိ လုပ်ဆောင်နေတဲ့ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောထားပါတယ်” ဟု ဆိုသည်။

ယခုနောက်ဆုံးသုံးလ၏ စာရင်းဇယားများကို ကြည့်လျှင်လည်း ကမ္ဘာပေါ်တွင် COVID-19 ရောဂါ ကူးစက်မှုနှုန်းက မြင့်မားလာသော်လည်း ဆေးရုံတင်ရလောက်သည်အထိ ရောဂါပြင်းထန်မှုနှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်းလာကြောင်း တွေ့ရှိရသည်။

 

ဖြေလျှော့မှုလုပ်လာသည့် နိုင်ငံအချို့

စင်ကာပူသည် ဘရူနိုင်းနှင့် နယူးဇီလန်တို့မှ ခရီးသွားများကို လာမည့် စက်တင်ဘာမှစတင်၍ သတိကြီးစွာထားပြီး လက်ခံသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။ ဘရူနိုင်းနှင့် နယူးဇီလန်မှ ခရီးသွားများသည် စင်ကာပူသို့ ဝင်ရောက်လျှင် ၁၄ ရက် အသွားအလာကန့်သတ်၍ စောင့်ကြည့်ခံရမည့်အစား ဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးခံရမည်ဖြစ်သည်။ ထိုလုပ်ရပ်သည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်ခြင်းနှင့် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကို မှီခိုနေရသည့် စင်ကာပူ၏ အဓိကကျသော မောင်းနှင်အားဖြစ်သည့် လေကြောင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်ခြင်းတို့အကြား မျှခြေညီစေရန် ရည်ရွယ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး Ong Ye Kung က ပြောကြားခဲ့သည်။ စင်ကာပူသည် မတ်လမှစ၍ ကမ္ဘာလှည့်ခရီးသွားများနှင့် ကာလတိုခရီးသွားများကို နိုင်ငံထဲသို့ ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့သည်။ ရွှေ့ပြောင်းအခြေချများ၏အဆောင်များတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု မြင့်တက်ခဲ့ပြီးနောက်ပိုင်း စင်ကာပူက တစ်စိတ်တစ်ပိုင်း Lockdown ပြုလုပ်ခဲ့သည်။

ထိုသို့ဖြေလျှော့ခြင်းများနှင့်ပတ်သက်၍ ပြည်ပပို့ကုန်သွင်းကုန် ကုမ္ပဏီတစ်ခုတွင် HR Manager အဖြစ် လုပ်ကိုင်နေသူ ကိုမင်းမင်းထွန်းက “အခု ရခိုင်မှာ ပိုးတွေ့တာတွေ များနေတယ်။ ရခိုင်က ပိုးတွေ့လူနာတွေနဲ့ ဆက်စပ်တဲ့ Contact တွေ၊ ပိုးတွေ့လူနာနဲ့အတူနေ မိသားစုဝင်တွေ၊ ပတ်ဝန်းကျင်ကလူတွေကို Quarantine တွေ ထားနေရတယ်။ သတင်းတွေလည်း တက်လာတယ်။ တစ်ချိန်တည်းမှာ လူတွေအရမ်းများလာတဲ့အတွက်  Quarantine ထားဖို့ နေရာတွေတောင် အခက်အခဲဖြစ်တယ်လို့ ဖတ်ရတယ်။ သေချာစဉ်းစားကြည့်ရင် ရေရှည်အတွက် အစိုးရအနေနဲ့ ဘယ်လောက်လုပ်ကိုင်နိုင်မလဲ။ ဒါက ဝန်ထုပ်ဝန်ပိုး ဖြစ်မလာနိုင်ဘူးလား။ တခြားနိုင်ငံတွေမှာဆို ပိုးတွေ့တယ်ဆိုပေမဲ့ မပြင်းထန်ဘူး။ နေကောင်းသေးတယ်။ ပုံမှန်လိုပဲ နေထိုင်နိုင်သေးတယ်ဆိုရင် ကိုယ့်အိမ်မှာပဲ Home Quarantine ထားကြတာပဲ။ အခုလို လူအများကြီးလည်း မလိုဘူး။ ဝန်ထုပ်ဝန်ပိုးလည်း မဖြစ်ဘူး။ မြန်မာနိုင်ငံမှာက တခြားနိုင်ငံနဲ့ယှဉ်ရင် လူနာတွေ့တာက အင်မတန်နည်းနေသေးလို့ ဒီလိုလုပ်နိုင်တာ။ သူများတွေလို သိန်းနဲ့ သန်းနဲ့ချီကူးပြီဆို တစ်ယောက်ချင်းလိုက်ခေါ် Quarantine ထားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒါက စဉ်းစားဖို့ လိုလာမယ့်အချက်ပါ။ ဒီပုံစံအတိုင်းဆို COVID က လုံးဝအရှင်းဖြစ်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဒီတော့ သူရှိနေလည်း ကိုယ်တွေ ဘယ်လိုနေရင် အန္တရာယ်ကင်းမလဲဆိုတာကို စဉ်းစားဖို့လိုလာတာ။ အိမ်ထဲက အိမ်ပြင်မထွက်နဲ့ဆိုတာမျိုးက ရေတိုထိန်းချုပ်မှုအတွက်သာ အကျိုးရှိပေမယ့် ရေရှည်မှာ အဆင်မပြေနိုင်ဘူး။ ဥပမာ စင်ကာပူကို ကြည့်။ အသွားအလာကန့်သတ်တဲ့အမိန့်တွေကို ဇွန်လနောက်ပိုင်းကတည်းက ဖြေလျှော့လိုက်ပြီ။ အလုပ်တွေလည်း ပုံမှန်လိုပဲ လည်ပတ်နေဆဲပဲ။ သူ့နိုင်ငံမှာရော ပိုးမတွေ့ဘူးလားဆိုတော့ မဟုတ်ဘူး။ နေ့စဉ် COVID-19 ကတော့ တက်နေတာပဲ။ ဘာကြောင့်လဲ COVID က ကူးတာ မြန်တယ်။ ကြောက်ဖို့ကောင်းတယ် ဆိုပေမဲ့ အလုပ်တွေမရှိဘဲ ဝင်ငွေမရှိဘဲ စားဝတ်နေရေးဖြေရှင်းနေရတာက ပိုကြောက်ဖို့ မကောင်းပေဘူးလား။ အဲဒီတော့ COVID ရှိနေလည်း လည်ပတ်နေနိုင်ဖို့ ကြိုးစားရမှာပေါ့” ဟု ၎င်း၏အမြင်ကို ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ဆေးရုံများက နိုင်ငံရပ်ခြားမှ လာရောက်ကုသသော လူနာများကို ကုသမှုပေးနိုင်ရန်အတွက် တောင်းဆိုခဲ့ကြအပြီးတွင် ထိုလူနာများအား ကုသမှုပေးနိုင်ရန်အတွက် စက်တင်ဘာမှစ၍ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ဟန့်တားရေးဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျှော့မည်ဖြစ်ကြောင်း ကျန်းမာရေးဌာနမှ ထိပ်တန်းအရာရှိတစ်ဦး က သြဂုတ် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုင်းသည် ဆေးကုသမှုဆိုင်ရာ ခရီးသွားလုပ်ငန်းဖြင့် ထင်ရှားပြီး အာရှ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အခြားနိုင်ငံများက ထိုင်းနိုင်ငံသို့ သွားရောက်၍ ကုသမှုခံယူကြသည်။ ၂၀၁၉ ခုနှစ်တွင် ပြည်ပမှလာရောက်၍ ဆေးကုသသူ ၆၃၂,၀၀၀ ရှိခဲ့ပြီး ဘတ် ၁၂၂ ဘီလျံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလျံ) ရရှိခဲ့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ကန့်သတ်ချက်များကြောင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံခြားမှ ဆေးကုသမှုခံယူသူအများစုသည် ဧပြီနောက်ပိုင်း ထိုင်းသို့ သွားရောက်ခြင်း မရှိတော့ပေ။ ထိုင်းတွင် ပြည်ပမှလူနာများအား တရားဝင် ပိတ်ပင်ထားခြင်းမရှိပေ။

မြန်မာနိုင်ငံတွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၆၂၈ ဦး ရှိသော်လည်း လူပေါင်း ခြောက်ဦးသာ သေဆုံးခဲ့ပြီး ဧပြီလနောက်ပိုင်း သေဆုံးသူ လုံးဝမရှိတော့ပေ။ ထို့ပြင် အထူးကြပ်မတ်စောင့်ရှောက်ကုသရေးခန်း (ICU) ၌ ကုသမှုခံယူနေရသည့် လူနာလည်း မရှိပေ။ ထို့ကြောင့် ဗိုင်းရပ်စ် တိုက်ဖျက်ရေးနှင့် စီးပွားရေးပြန်လည်ဖွင့်လှစ်ရေးတို့အကြားမှ မျှခြေကို ပြန်လည်တွက်ဆရန် လိုအပ်လာသည်။ လက်ရှိအနေအထားအရ ကြည့်လျှင် နေ့စဉ်ဘဝ ပျက်သုဉ်းလောက်အောင် သို့မဟုတ် နဂိုကတည်းက ချွတ်ခြုံကျနေသည့် စီးပွားရေးဘုန်းဘုန်းလဲအောင် Lockdown ချထားမှုများနှင့် ပြင်းထန်သည့် အခြားကန့်သတ်ထိန်းချုပ်မှုများ မလိုအပ်ဟု ဆိုနိုင်သည်။ ကုန်ကျစရိတ် များပြားလွန်းသည့် Quarantine စခန်းများ ဖွင့်ခြင်းထက် Self-quarantine စနစ်ကို ထိရောက်စွာကျင့်သုံးခြင်းနှင့် ပြည်သူများအားလုံး ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာလာစေရန် လုပ်ဆောင်ခြင်းတို့က သာပို၍ အရေးကြီးမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ COVID-19 နှင့်အတူ ယှဉ်တွဲနေထိုင်ခြင်းကိုသာ မဖြစ်မနေရွေးချယ်ရတော့မည် ဖြစ်သောကြောင့် ဗိုင်းရပ်စ်တိုက်ဖျက်ရေးနှင့် စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေးတို့အကြား တိကျသည့် မျှခြေတစ်ရပ်ကို ပြန်လည်ချမှတ်ဖော်ဆောင်ရမည်ဖြစ်ပေသည်။

“COVID ကြောင့် နယ်ပယ်အသီးသီးမှာ သူ့အတိုင်းအတာနဲ့သူ ထိခိုက်မှုတွေ အနည်းနဲ့အများရှိကြတာပဲ။ ဒီရောဂါက ဘယ်အထိ ဆက်သွားမလဲက ဘယ်သူမှမပြောနိုင်ဘူး။ လူတိုင်းက ပုံမှန်အတိုင်း လုပ်ငန်းတွေ ပြန်လည် လည်ပတ်ချင်ကြတယ်။ ရပ်တန့်နေတဲ့အလုပ်တွေနဲ့ နေ့စဉ်နဲ့အမျှ တိုးလာဖို့ပဲရှိနေတဲ့ အလုပ်လက်မဲ့ဦးရေကို ဘယ်လိုဖြေရှင်းမလဲ ဒါကို စဉ်းစားရမယ့်အချိန်ပါ။ အခုဆို COVID ကြောင့် ထုတ်ထားတဲ့အမိန့်တွေ ညွှန်ကြားချက်တွေက အသက်ဝင်နေဆဲပဲ။ ဒါတွေအပေါ် လူတိုင်း တိတိကျကျ မလိုက်နာနိုင်တော့ဘူး။ ပြည်သူတွေအနေနဲ့ကလည်း ကျန်းမာရေးဌာနက တိုက်တွန်းနှိုးဆော်ထားတဲ့ လမ်းညွှန်ချက်တွေကို တိတိကျကျ လိုက်နာရမယ်။ ရောဂါကူးစက်မှု နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက်ဖို့ လိုမယ်လို့ မြင်ပါတယ်” ဟု မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဒေါက်တာစည်သူက ၎င်း၏အမြင်ကို ပြောကြားသည်။

Most Read

Most Recent