လာမည့်ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကျပ်သိန်းတစ်ထောင်အောက် ခြောက်ရာခိုင်နှုန်းနှင့် ပမာဏအလိုက် စည်းကြပ်မည့်အခွန်နှုန်းထားများ

လာမည့်ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကျပ်သိန်းတစ်ထောင်အောက် ခြောက်ရာခိုင်နှုန်းနှင့် ပမာဏအလိုက် စည်းကြပ်မည့်အခွန်နှုန်းထားများ
သြဂုတ် ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
သြဂုတ် ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြည်ထောင်စုလွှတ်တော်)
Published 30 August 2020
နီလာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှလွတ်ကင်းနေသော ဝင်ငွေအပေါ် စည်းကြပ်မည့်အခွန်နှုန်းများ

၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်အတွက် စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေများအပေါ် ကျပ်သိန်း တစ်ထောင်အောက် ခြောက်ရာခိုင်နှုန်းနှင့် ကျပ်သိန်းတစ်ထောင်အထက်ကို ပမာဏအလိုက် ၁၀ ရာခိုင်နှုန်းမှ ရာခိုင်နှုန်း ၃၀ အထိ စည်းကြပ်ရန်  သြဂုတ် ၂၈ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

စည်းကြမ်းမှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် စည်းကြပ်မည့် အခွန်နှုန်းထားနှင့် ပတ်သက်၍ မူလဥပဒေကြမ်း တင်ပြစဉ်က ရာခိုင်နှုန်း ၃၀ ဖြင့် စည်းကြပ်ရန် တင်ပြခဲ့သော်လည်း ဥပဒေကြမ်း ပူးပေါင်းကော်မတီတွင် သက်ဆိုင်သည့်အစိုးရကဏ္ဍ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့ အကျေအလည် ဆွေးနွေးညှိနှိုင်းပြီးချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် အခြေအနေများကို ထောက်ရှု၍ ဥပဒေကြမ်းပူးပေါင်းကော်တီ၏ သဘောထားမှတ်ချက်အား သဘောတူထားကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက “ အချက်သုံးချက် တင်ပြလိုပါတယ်။ ပထမအချက်ကတော့ ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်တဲ့ COVID-19 ဟာ အခု ဒုတိယလှိုင်း ကမ္ဘာပေါ်မှာ ရိုက်ခတ်မှုနဲ့ ကြုံတွေ့နိုင်တဲ့အနေအထားကို ရောက်ရှိနေတဲ့အတွက်ကြောင့်မိုလို့ စီးပွားရေးအရ သက်ရောက်မှု၊ ရိုက်ခတ်မှုတွေ အများကြီးရှိနေပါတယ်။ ဒါကတစ်ချက်ပါ။ ဒုတိယတစ်ချက်ကတော့ ဝင်ငွေခွန် ဥပဒေအသစ်မှာတော့ စည်းကြပ်မှုမှ လွတ်ကင်းနေတဲ့ ဝင်ငွေ မပါတော့ပါဘူး။ ဝင်ငွေခွန် ဥပဒေအသစ်ကိုလည်း ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့ အတည်ပြု ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးပါဘူး။ တတိယအချက်ကတော့ အပိုဒ်ခွဲ (ဃ) မှာ သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရအဖွဲ့ကို အစီရင်ခံတင်ပြရမယ်ဆိုပေမဲ့ တင်ပြပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီသာလျှင် ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီရဲ့ ပြင်ဆင်ချက်အတိုင်း လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် လေးစားစွာဖြင့် အဆိုပြု တင်ပြအပ်ပါတယ်” ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသော ဝင်ငွေအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများအား ပြင်ဆင်ထားသည့် ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းပါ အခန်း (၃) ပုဒ်မ (၂၅) နှင့်ပတ်သက်၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာတွင် အစည်းအဝေးတက်ရောက်သည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၆၁၀ ဦးတွင် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်ကို ထောက်ခံသည့် ကိုယ်စားလှယ်ဦးရေ ၃၅၂ ဦး ရှိသည့်အတွက် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ရန် အဆိုပြုချက်ကို လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

လက်ရှိတွင်စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများအတွက် တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိကို သုံးရာခိုင်နှုန်း၊ ကျပ်သိန်းတစ်ထောင်အထက်မှ ကျပ်သိန်းသုံးထောင်အထိကို ငါးရာခိုင်နှုန်း၊ ကျပ်သိန်းသုံးထောင်အထက်မှ ကျပ်သိန်းတစ်သောင်းအထိကို ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း တစ်သောင်းအထက်မှ ကျပ်သိန်းသုံးသောင်း အထိကို ၁၅ ရာခိုင်နှုန်းနှင့် ကျပ်သိန်းသုံးသောင်းအထက်ကို ရာခိုင်နှုန်း ၃၀ ဖြင့် ကောက်ခံရန် သတ်မှတ်ပြဋ္ဌာန်းထားသည်။

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၏ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် တင်ပြထားသည့်ငွေလုံးငွေရင်း အသုံးစရိတ်မှ ကျပ် ဘီလျံ ၅၀၀ ခန့် လျှော့ချ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း၏ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၇၈၈၉ ဘီလျံကျော်မှ ကျပ်ဘီလျံ ၅၀၀ ခန့် စိစစ်လျှော့ချရန် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အဆိုပြုတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များထံမှ လျှော့၍ ခွင့်ပြုရန်တင်ပြချက်များကို သက်ဆိုင်ရာပြည်ထောင်စုအဆင့်အဖွဲ့အစည်းများက လက်ခံကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းများ ပြုလုပ်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ နောက်ဆက်တွဲ (၂) ရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ငွေလုံးငွေရင်း အသုံးစရိတ်မှ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသုံးစရိတ် တင်ပြချက်သည် ကျပ် ၄၀၀၀ ဒသမ ၃ ဘီလျံ၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ်များ စသည့် စက်ပစ္စည်းလုပ်ငန်းများအတွက် တင်ပြချက်သည် ကျပ် ၃၁၁၃ ဒသမ ၂၆၂ ဘီလျံနှင့် အခြားလုပ်ငန်းများအတွက် တင်ပြချက်သည် ကျပ် ၇၇၅ ဒသမ ၈၈၂ ဘီလျံဖြစ်သည်။

ထို့ပြင် နောက်ဆက်တွဲ (၂) ရင်းနှီးမြှုပ်နှံမှုလျာထားချက်တွင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများက တင်ပြထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်မှ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အသုံးစရိတ်တင်ပြချက်များ၊ စိစစ်လျှော့ချငွေ ကျပ် ၄၁၇ ဘီလျံကျော်၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂနှင့် ယာဉ်များ စသည့် စက်ပစ္စည်းလုပ်ငန်းများအတွက် တင်ပြချက်များ စိစစ်လျှော့ချငွေ ကျပ် ၆၀ ဘီလျံကျော်နှင့် အခြားလုပ်ငန်းများ တင်ပြချက်များမှ စိစစ်လျှော့ချငွေ ကျပ် ၁၅ ဘီလျံကျော်၊ စုစုပေါင်း ကျပ် ဘီလျံ ၅၀၀ ခန့်ကို စိစစ်လျှော့ချရန် ဥပဒေကြမ်းပူးပေါင်းကော်မတီက လွှတ်တော်သို့ အဆိုပြုတင်ပြခဲ့သည်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၏ ငွေလုံးငွေရင်း အသုံးစရိတ်များထဲမှ စိစစ်လျှော့ချရန် ဥပဒေကြမ်းပူးပေါင်းကော်တီ၏ အဆိုပြုတင်ပြချက်များတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များမှ ကျပ် ၅၂ ဒသမ ၈၅၄ ဘီလျံ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များထဲမှ ကျပ် ၁၃ ဒသမ ၈၇၉ ဘီလျံ၊ ပြည်ထဲရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များထဲမှ ကျပ် ၂၄ ဒသမ ၆၃၆ ဘီလျံတို့ ပါဝင်သည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များထဲမှ ကျပ် ၃၃ ဒသမ ၉၈၃ ဘီလျံ၊ ပညာရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များမှ ကျပ် ၉ ဒသမ ၄၆၁ ဘီလျံ၊ ကျန်းမာရေးနှင့် အား/ကာ ဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ်များထဲမှ ကျပ် ၂ ဒသမ ၇၂၄ ဘီလျံတို့ကိုလည်း ဥပဒေကြမ်းပူးပေါင်းကော်မတီက စိစစ်လျှော့ချခဲ့သည်။

ဥပဒေကြမ်းပူးပေါင်းကော်မတီသည် ဆောက်လုပ်ဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၁၃၉၄ ဒသမ ၁၉၈ ဘီလျံမှ ဆောင်ရွက်ဆဲလုပ်ငန်းစီမံကိန်း ကိုးခု၊ ဆောက်ရွက်ဆဲလုပ်ငန်း ၃၁ ခု၊ လုပ်ငန်းသစ် ၄၂ ခု၊ ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂနှင့် ယာဉ်များ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်း ခြောက်ခု စုစုပေါင်းလုပ်ငန်း ၈၈ ခုမှ စီမံကိန်းတန်ဖိုး ကျပ် ၃၂၆ ဒသမ ၆ ဘီလျံ စိစစ်လျှော့ချခဲ့သည်။  

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက် တင်ပြတောင်းခံမှု ကျပ်ဘီလျံ ၃၄၀၀၀  ကျော်အနက် ကျပ်ဘီလျံ ၅၂၀ ကျော် လျှော့ချ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ ဘတ်ဂျက်တင်ပြတောင်းခံမှု ကျပ် ဘီလျံ ၃၄၀၀၀ ကျော်အနက် ကျပ် ဘီလျံ ၅၂၀ ကျော်ကို စိစစ်လျှော့ချ၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

သြဂုတ် ၂၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီ အလိုက်အတည်ပြုရန် အဆိုတင်သွင်းခြင်း၊သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်းများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများက တင်ပြတောင်းခံထားသည့် လျာထားချက်များတွင် သာမန်အသုံးစရိတ်တွင် ကျပ်ဘီလျံ ၁၈၇၈၃ ကျော်၊ အရေးပေါ်ရန်ပုံငွေ ကျပ်ဘီလျံ ၁၅၀၊ အတိုးပေးငွေ ကျပ်ဘီလျံ ၂၃၄၉ ကျော်၊ ထောက်ပံ့ငွေ ကျပ်ဘီလျံ ၄၂၉၉ ကျော်၊ ငွေလုံးငွေရင်းသုံးငွေ ကျပ်ဘီလျံ ၇၈၈၉ ကျော်၊ ကြွေးမြီအသုံးစရိတ် ကျပ်ဘီလျံ ၁၁၅၀ ကျော်နှင့် အဖွဲ့အစည်းများတွင် ရင်းနှီးငွေ ကျပ် ဘီလျံ ၂၈ ကျော် စုစုပေါင်း ကျပ်ဘီလျံ ၃၄၆၅၂ ကျော် လျာထားတောင်းခံထားသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် တင်ပြထားသည့် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများ၏ အသုံးစရိတ်များထဲမှ ဆောက်လုပ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၁၃၉၄ ဒသမ ၁၉၈ ဘီလျံမှ ကျပ် ၃၂၆ ဒသမ ၄ ဘီလျံကို လျှော့၍ ခွင့်ပြုရန်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းသုံးငွေ ၂၉၅ ဒသမ ၄၂၇ ဘီလျံ မှ ကျပ် ၄၅ ဘီလျံကျော်ကို လျှော့၍ခွင့်ပြုရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်ပြထားသည့် ငွေလုံးငွေရင်းသုံးငွေ ကျပ် ၅၂၁ ဒသမ ၁၁၇ ဘီလျံမှ ကျပ် ၃၃ ဒသမ ၉၈၃ ဘီလျံကို လျှော့၍ ခွင့်ပြုရန် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အဆိုပြုချက်များကို အတည်ပြုခဲ့သည်။

ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ပြည်ထောင်စုဌာန၊ အဖွဲ့အစည်းများအသီးသီးက လျာထားတင်ပြထားသည့် တင်ပြချက်များထဲမှ သာမန်အသုံးစရိတ်တွင် ကျပ် ၂၇ ဘီလျံကျော်၊ ထောက်ပံ့ငွေတွင် ကျပ်သန်း ၅၀၀ ကျော်နှင့် ငွေလုံးငွေရင်း သုံးငွေတွင် ကျပ်ဘီလျံ ၄၉၀ ကျော်၊ စုစုပေါင်း စိစစ်လျှော့ချမှုအဖြစ် ကျပ်ဘီလျံ ၅၂၀ ကို လျှော့ချထားသည်။

Most Read

Most Recent