မြန်မာနိုင်ငံက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရေးကို အာမခံနိုင်မလား

မြန်မာနိုင်ငံက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲဖြစ်ရေးကို အာမခံနိုင်မလား
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) ၌ မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် တာမွေမြို့နယ် တာမွေကြီး (ခ) ရပ်ကွက်ရှိ မဲရုံအမှတ် (၄) ၌ မဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 30 August 2020
နရီမင်း

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မျက်နှာသာပေးလျက်ရှိကြောင်း ပြောကြားလျက် အတိုက်အခံပါတီများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများက မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ သမာဓိအပေါ် သံသယဝင်နေကြသည်။

မြန်မာနိုင်ငံ ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် ပြည်တွင်းရှိ အကြီးမားဆုံးရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အား နိုဝင်ဘာလ ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာခွင့်ကို ပထမ၌ ပိတ်ပင်ခဲ့ပြီးနောက်မှ ပြန်လည်ခွင့်ပြုခဲ့သည့်အတွက် ဝေဖန်မှုများ ခံခဲ့ရသည်။

ဇူလိုင်တွင် UEC က PACE သည် နိုင်ငံတကာမှ ရန်ပုံငွေထောက်ပ့ံမှုကို ရယူထားပြီး အဖွဲ့အစည်းတစ်ရပ်အဖြစ် မှတ်ပုံတင်ထားခြင်းမရှိသောကြောင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် ခွင့်မပြုကြောင်း PACE အဖွဲ့နှင့် ပက်သက်၍ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

UEC ၏ ဆုံးဖြတ်ချက်သည် လာမည့်အထွေထွေရွေးကောက်ပွဲများ၏ တရားဝင်မှု၊ လွတ်လပ်မှုနှင့် တရားမျှတမှုတို့အပေါ် မယုံမကြည်ဖြစ်စေသည်ဟု ပြောကြားလျက် အဖွဲ့အစည်းပေါင်း ၄၅၀ ကျော်က PACE အဖွဲ့နှင့်အတူ ရပ်တည်ကြောင်း သြဂုတ်လလယ်တွင် ကြေညာချက်တစ်စောင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

“ စောင့်ကြည့်ခြင်းဟာ ရွေးကောက်ပွဲလုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ လွတ်လပ်တဲ့စောင့်ကြည့်သူတွေ ရှိတာဟာ နိုဝင်ဘာရွေးကောက်ပွဲအပေါ် ယုံကြည်ရမှု တိုးတက်စေပါတယ်” ဟု PACE အဖွဲ့၏ အလုပ်အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က DW သတင်းဌာနသို့ ပြောကြားခဲ့သည်။

UEC သည် ဖိအားများအောက်သို့ ရောက်ရှိသွားခဲ့ပြီးနောက် သူ၏ ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းပြီး ရွေးကောက်ပွဲစောင့်ကြည့်ရေး၌ PACE အဖွဲ့ကို ပြန်လည်ပါဝင်ခွင့်ပြုခဲ့သည်။ သို့သော် ယင်းကိစ္စနှင့်ပတ်သက်၍ PACE အဖွဲ့ထံသို့ တရားဝင်အကြောင်းကြားစာပေးပို့ခြင်း မရှိသေးပေ။

“ ကျွန်တော်တို့ကို အဲဒီအကြောင်း တယ်လီဖုန်းနဲ့ စကားပြောရာမှာ အသိပေးပါတယ်။ တရားဝင် အသိအမှတ်ပြုမှုတစ်ရပ် ရရှိဖို့ တရားဝင် စာရွက်စာတမ်းတစ်ရပ်ကို ကျွန်တော်တို့ စောင့်ဆိုင်းနေဆဲပါ” ဟု စိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

 

PACE အဖွဲ့ကို ဘာလို့ ပိတ်ပင်ခဲ့တာလဲ

UEC က PACE သည် နိုင်ငံခြား အထောက်အပံ့ရယူရန် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းများကို ခွင့်ပြုသည့် အဖွဲ့အစည်း မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၇ ကို ချိုးဖောက်ကြောင်း ဖော်ပြခဲ့သည်။

သို့သော် ယင်းဥပဒေသည် မှတ်ပုံတင်ထားခြင်းမရှိသည့် အဖွဲ့အစည်းများကို နိုင်ငံခြားရန်ပုံငွေလက်ခံခြင်းမှ တားမြစ်ထားခြင်း မရှိပေ။

PACE အဖွဲ့၏ အဆိုအရ ၎င်းတို့ လက်ခံထားသည့် ရန်ပုံငွေသည် ဥပဒေနှင့်အညီဖြစ်ပြီး ရင်းမြစ်များကိုလည်း ၎င်းတို့၏ ဝက်ဘ်ဆိုက်၌ လူသိရှင်ကြား ဖော်ပြထားကြောင်း သိရသည်။

“UEC ရဲ့ ဆုံးဖြတ်ချက်တွေက ဘက်လိုက်နေပုံရပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပရေးအတွက် ကျွန်တော်တို့အနေနဲ့ UEC ကို ဖိအားပေးဖို့ လိုအပ်ပါတယ်” ဟု နိုင်ငံရေး သုံးသပ်သူတစ်ဦးဖြစ်သော ဦးခင်ဇော်ဝင်းက DW သတင်းဌာနသို့ ပြောကြားခဲ့သည်။

PACE အဖွဲ့ကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို အစိုးရဖွဲ့နိုင်စေခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲများမတိုင်မီ နှစ်နှစ်အလိုက တည်ထောင်ခဲ့ခြင်းဖြစ်သည်။

ယခုနိုဝင်ဘာရွေးကောက်ပွဲသည် မြန်မာနိုင်ငံတွင် တပ်မတော်၏ အကြွင်းမဲ့အုပ်ချုပ်ရေးစနစ် အဆုံးသတ်သွားခဲ့ပြီးနောက်ပိုင်း ကျင်းပသည့် တတိယမြောက်ရွေးကောက်ပွဲ ဖြစ်လာလိမ့်မည်ဖြစ်သည်။ PACE အဖွဲ့သည် ၂၀၁၅၊ ၂၀၁၇ နှင့် ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့သည်။

အရပ်ဘက်လူ့အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲဖြစ်သူ မောင်ဆောင်းခကလည်း ရွေးကောက်ပွဲကော်မရှင်၏ သမာဓိနှင့်ပတ်သက်၍ စိုးရိမ်လျက်ရှိသည်။

“ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီက ခန့်အပ်ပါတယ်။ ဒီတစ်ကျော့မှာတော့ UEC အဖွဲ့ဝင်တွေကို NLD ပါတီက ခန့်အပ်တာဖြစ်ပြီး UEC ဟာ အစိုးရဆီက အမိန့်တွေကို နာခံနေရပုံ ပေါ်ပါတယ်” ဟု မောင်ဆောင်းခက DW သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်က ကျောထောက်နောက်ခံပြုပေးခဲ့သည့် ယခင်အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကလည်း UEC အဖွဲ့ဝင်များကို အယုံအကြည်မရှိကြောင်း ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အပြောင်းအလဲများ

ရွေးကောက်ပွဲများ ကျင်းပရေးအတွက် ဥပဒေမူဘောင်သည် မပြောင်းမလဲ ရှိနေဆဲဖြစ်သော်လည်း မဲပေးစနစ်၌ လုပ်ငန်းစဉ်ဆိုင်ရာ အပြောင်းအလဲများစွာကို နှစ်အနည်းငယ်အတွင်း UEC က ထည့်သွင်းခဲ့သည်။ အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနှင့် ပတ်သက်သော နိုင်ငံတကာ သဘောတူညီချက် (ICCPR) ကို မြန်မာနိုင်ငံက ယခုထိလက်မှတ်ရေးထိုးထားခြင်း မရှိသေးပေ။ ICCPR သည် ဒီမိုကရေစီ ရွေးကောက်ပွဲများနှင့် ပတ်သက်သော ကျင့်ဝတ်ကို အာမခံသည့် နိုင်ငံတကာ သဘောတူညီချက် ဖြစ်သည်။

ရွေးကောက်ပွဲ နီးကပ်လာချိန်တွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှနေ၍ ထုတ်လွှင့်ရန်အချိန်များ ရှိမည်ဖြစ်သည်။ သို့သော် UEC က အသစ်ချမှတ်လိုက်သော စည်းကမ်းများအရ မဲဆွယ်ရေးဆိုင်ရာ Message များသည် ရွေးကောက်ပွဲအာဏာပိုင်များ၏ စိစစ်မှုကို ခံယူရန် လိုအပ်သည်။

အသံလွှင့်ရာ၌ တားမြစ်ထားသည့် အကြောင်းအရာများမှာ လုံခြုံရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ခြင်း၊ တည်ဆဲဥပဒေများ သို့မဟုတ် နိုင်ငံတော်၏ ပုံရိပ် သို့မဟုတ် တပ်မတော်ကို မလေးမစားပြုခြင်းတို့ ဖြစ်ကြသည်။

စည်းကမ်းချက်များအရ အစိုးရကို ဆန့်ကျင်ရန် ပြည်သူဝန်ထမ်းများအား လှုံ့ဆော်မှု ဖြစ်စေနိုင်သည့် အကြောင်းအရာများကိုလည်း ဆင်ဆာဖြတ်မည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တပ်မတော်သည် ယင်းဥပဒေများကို အတိုက်အခံများအား ပစ်မှတ်ထားလျက် အသုံးပြုခဲ့သည်ဟု လူ့အခွင့်ဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားခဲ့သည်။

Facebook Post တစ်ခု၌ သမ္မတဟောင်း ဦးသိန်းစိန်ကို အသရေဖျက်မှုအတွက် ထောင်ဒဏ် ခြောက်လ ကျခံခဲ့ရသော တက်ကြွလှုပ်ရှားသူနှင့် ကဗျာဆရာ မောင်ဆောင်းခက နိုင်ငံရေးမဲဆွယ်မှုများနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို ရှင်းရှင်းလင်းလင်း သိရှိရခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

“ သူတို့က NLD ကို မျက်နှာသာ ပေးထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်ပွဲ တွေ့ဆုံမှုတွေကို LIVE ထုတ်လွှင့်ပြသခဲ့ပါတယ်” ဟု မောင်ဆောင်းခက ပြောကြားခဲ့သည်။

 

COVID-19 ကန့်သတ်ချက်များ

မြန်မာနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကာလအတွင်း အရှေ့တောင်အာရှဒေသ၌ ရွေးကောက်ပွဲ ကျင်းပမည့် ပထမဆုံးနိုင်ငံဖြစ်သည်။ လက်ရှိ အခင်းအကျင်းအနေအထားအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ် ကျင်းပရန် မဖြစ်နိုင်ဟု နိုင်ငံရေးကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“ လက်ရှိ အာဏာရ NLD ပါတီဟာ ကျန်းမာရေးအကျပ်အတည်းကို တုံ့ပြန်မှုတစ်ရပ်အဖြစ် တစ်ဦးတည်းမူပိုင် လူမြင်ကွင်းမှာ ဟန်ရေးပြနိုင်သလိုမျိုး ဖြစ်နေပါတယ်” ဟု ဟင်းနရစ်ဘိုးဖောင်ဒေးရှင်းက အစီရင်ခံစာတစ်ရပ်၌ ပြောကြားထားသည်။

“ ဒီသုံးသပ်ချက်အတွက် အင်တာဗျူးမှာ ပါဝင်သူတချို့က လွတ်လပ်စွာ သွားလာခွင့်တွေနဲ့ စုဝေးခွင့်တွေကို ပိုပြီး အချိန်ကြာကြာ ကန့်သတ်ထားလေလေ NLD ပါတီအတွက် ပိုပြီးအကျိုးရှိတဲ့ အနေအထား ဖြစ်လေလေပါပဲလို့ ရှုမြင်ကြပါတယ်” ဟု အဆိုပါဖောင်ဒေးရှင်း၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် ခရီးသွားလာမှု ကန့်သတ်ချက်များ ပြုလုပ်ထားသဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ နိုင်ငံခြားသားများ ပါဝင်နိုင်ဖွယ် မရှိပေ။

“ ပြည်ပက လေ့လာစောင့်ကြည့်သူတွေ နိုင်ငံထဲကို မဝင်လာနိုင်တဲ့အချိန် UEC အနေနဲ့ ဘာကန့်သတ်ချက်တွေမှ မရှိဘဲ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေကို စောင့်ကြည့်လေ့လာမယ့် ပြည်တွင်းအဖွဲ့တွေကို ခွင့်ပြုသင့်ပါတယ်” ဟု PACE အဖွဲ့မှ စိုင်းရဲကျော်စွာမြင့်က ပြောကြားခဲ့သည်။

 

(သြဂုတ်၂၈ ရက်တွင် The Indian Express ၌ ဖော်ပြသည့် Cape Diamond ရေးသားသော Can Myanmar ensure free and fair general elections? ဆောင်းပါးကို ပြန်ဆိုပါသည်)

Most Read

Most Recent