ရခိုင်ပြည်နယ် မြို့အများစုမှာ ဖြစ်ပွားနေတဲ့ COVID-19 နဲ့ ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းမှု ဘယ်လိုရှိလာမလဲ

ရခိုင်ပြည်နယ် မြို့အများစုမှာ ဖြစ်ပွားနေတဲ့ COVID-19 နဲ့ ရခိုင်ပြည်နယ် ကုန်စည်စီးဆင်းမှု ဘယ်လိုရှိလာမလဲ
စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်သို့ ရောက်ရှိလာသော ကုန်တင်ကားများကို သြဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကံထွန်း)
စစ်တွေမြို့နယ်၊ ကျောက်တန်းဂိတ်သို့ ရောက်ရှိလာသော ကုန်တင်ကားများကို သြဂုတ် ၂၈ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ကံထွန်း)
Published 30 August 2020
နီလာ

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အနောက်ဘက်မှာ တည်ရှိပါတယ်။ ဧရိယာအကျယ်အဝန်း ၃၆၇၇၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး လူဦးရေအားဖြင့် သုံးသန်းကျော် နေထိုင်လျက်ရှိပါတယ်။

ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းများနဲ့ သွားလာနိုင်တဲ့ နေရာတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ဒေသ ဖြစ်ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းအနေဖြင့်လည်း မဟာဗျူဟာကျတဲ့ အချက်အချာကျတဲ့နေရာမှာ တည်ရှိပါတယ်။

ပြည်နယ်၏အဓိကထွက်ကုန်မှာ ဆန်စပါးဖြစ်ပြီး စုစုပေါင်းစိုက်ပျိုးမြေဧရိယာ၏ ၈၅ ရာခိုင်နှုန်းခန့် ရှိပါတယ်။ အခြားစိုက်ပျိုးသီးနှံများအနေနဲ့ ကွမ်းသီး၊ ငရုတ်ကောင်းနဲ့ ချင်းကို စိုက်ပျိုးထုတ်လုပ်လျက် ရှိပါတယ်။

ရေလုပ်ငန်းအနေနဲ့ ရေချို၊ ရေငန်၊ ငါး ပုစွန်၊ ငါးပိ၊ ငါးခြောက် ထုတ်လုပ်ခြင်းလုပ်ငန်းကို အဓိကဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီးကို အများဆုံးတင်ပို့ ရောင်းချနေပါတယ်။

ရခိုင်ပြည်နယ်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် အခွင့်အလမ်းများစွာ ရှိသော်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ဖွံ့ဖြိုးမှု နောက်အကျဆုံးပြည်နယ် ဒေသတစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိပြည်နယ်များအနက် ရခိုင်ပြည်နယ်ဟာ ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယမြောက် လူဦးရေ အသိပ်သည်းဆုံးပြည်နယ် ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်၏ လူဦးရေ သိပ်သည်းမှုဟာ တစ်စတုရန်းကီလိုမီတာမှာ ၈၆ ဒသမ ၇ ဦး ဖြစ်ပါတယ်။

ပြည်နယ်နှင့် တိုင်းဒေသကြီးများအနက် ရှစ်ခုမြောက် လူဦးရေ အထူထပ်ဆုံးပြည်နယ် ဖြစ်ပါတယ်။ လူဦးရေထူထပ်လှတဲ့ ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်မှာတော့ COVID-19 ရောဂါကူးစက်မှု ခံစားနေရပါတယ်။

 

ကုန်စည်စီးဆင်းမှုရပ်ဆိုင်း၍ ကုန်စျေးနှုန်းမြင့်တက်လာ

ရခိုင်ပြည်နယ်အတွင်း သြဂုတ် ၁၆ ရက် နောက်ပိုင်းမှစတင်ပြီး COVID-19 ရောဂါ ပိုးကူးစက်ခံရမှု တွေ့ရှိပြီးနောက်ပိုင်း နောက်ဆက်တွဲပြဿနာတစ်ရပ်အဖြစ် ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီး ကုန်စည်စီးဆင်းမှုအပေါ် သက်ရောက်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင် ကုန်စည် စီးဆင်းမှု ရပ်ဆိုင်း၍ စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာသဖြင့် ကုန်စည်စီးဆင်းမှုပြုလုပ်နိုင်ရေး စီစဉ်ပေးနိုင်ရန် သက်ဆိုင်ရာသို့ တင်ပြခဲ့ကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပြခဲ့ပါတယ်။

“ လက်ရှိကုန်စည်စီးဆင်းမှုက အကုန်လုံး ရပ်တန့်နေပါတယ်။ လုံးဝနီးပါးရပ်သွားတာ။ ရခိုင်ဘက်ကို ကြိုက်တဲ့တိုင်းနဲ့ ပြည်နယ်က ဝင်လာလို့ရတယ်။ တားထားတာ မရှိပါဘူး။ ကျွန်တော်တို့ဘက်က အထွက်ပေါ့လေ၊ ရခိုင်က ထွက်သွားပြီဆိုရင်တော့ ကားသမားတွေကို Q ဝင်ရမယ်ဆိုပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်က ထုတ်ထားတဲ့စာတွေ ရှိပါတယ်။ အဲဒီတော့ ကားသမားတွေက မသွားရဲတော့ဘူး။ သွားရင် Q ဝင်ရမှာဆိုတော့လေ။ ဘယ်သူမှမသွားရဲဘူးဖြစ်သွားတော့ ဒီမှာ နည်းနည်းလေး ကား အသွားအလာ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်” လို့ ဥက္ကဋ္ဌ ဦးတင်အောင်ဦးက  သြဂုတ် ၂၅ ရက်က ပြောပြခဲ့ပါတယ်။

ကုန်စည်စီးဆင်းမှုရပ်ဆိုင်းသဖြင့် ကုန်စျေးနှုန်းကလည်း တရိပ်ရိပ်မြင့်တက်လာတယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏တရားဝင် ထုတ်ပြန်ချက်များအရ ရခိုင်ပြည်နယ်အထူးသဖြင့်  စစ်တွေမြို့စျေးကွက်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းများကို လေ့လာကြည့်ပါက မေ ၃၀ ရက်က ပေါ်ဆန်းမွှေးရှယ် (၄၈ ကီလို) ကျပ် ၃၄၅၀၀ ၊ ရွှေရောင်ဝင်း ပေါ်ဆန်း (၄၈ ကီလို) ကျပ် ၃၂၀၀၀၊ ငါးမှတ် ဧည့်မထဆန်သန့် (၄၈ ကီလို) ကျပ် ၂၄၂၀၀၊ ဧည့်မထဆန်သန့် (၄၈ ကီလို) ကျပ် ၂၂၀၀၀၊ စားအုန်းဆီ တစ်ပိဿာ ကျပ် ၂၃၀၀၊ ကြက်သွန်နီ တစ်ပိဿာ ကျပ် ၉၀၀ နှင့် ကုလားပဲခြမ်း တစ်ပိဿာကျပ် ၂၃၅၀ စျေး ရှိခဲ့ပါတယ်။

သြဂုတ် ၂၁ ရက်မှာ ပေါ်ဆန်းမွှေးရှယ် (၄၈ ကီလို) ကျပ် ၃၈၀၀၀၊ ရွှေရောင်ဝင်းပေါ်ဆန်း (၄၈ ကီလို) ကျပ် ၃၅၀၀၀၊ ငါးမှတ်ဧည့်မထဆန်သန့် (၄၈ ကီလို) ကျပ် ၂၇၅၀၀၊ ၂၅ မှတ် ဧည့်မထဆန်သန့် ကျပ် ၂၇၅၀၀၊ စားအုန်းဆီတစ်လီတာ ကျပ် ၂၅၀၊ ကြက်သွန်နီတစ်ပိဿာ ကျပ် ၇၅၀ နဲ့ ကုလားပဲခြမ်း တစ်ပိဿာ ကျပ် ၂၀၀၀ စျေး ရှိခဲ့ပါတယ်။

“ ကုန်စျေးနှုန်းကတော့ ပြောင်းပါတယ်။ ကုန်စျေးနှုန်းက ပိတ်ထားတာ ကားတွေမလာတော့တာက နည်းနည်းလည်းကြာသွားပြီဆိုတော့ လက်ကျန်ပစ္စည်းကလည်း နည်းသွားတဲ့အချိန်မှာတော့ နည်းနည်းတော့ ပစ္စည်းလေးတွေ စျေးတက်တာရှိပါတယ်။ အဓိကက စားကုန်တွေက စျေးနည်းနည်းတက်တယ်။ အရင်ကတော့ ကားတွေက တောက်လျှောက်ဝင်တယ်။ နောက်ပြီး စားသောက်ကုန်တွေကို ဒီဘက်မှာ သိပ်များများစားစား လှောင်ထားတာမရှိဘူး။ စစ်တွေမှာ ကိုဗစ် စတွေ့တွေ့ချင်းတုန်းက ကားတွေ အဝင်ရှိပါသေးတယ်။ လက်ရှိမှာတော့ ကားတွေကမထွက်တော့ဘူးလေ။ ရန်ကုန်ကနေ မထွက်တော့တာ လေးရက်လောက်ရှိပြီ။ လမ်းမှာရှိတဲ့ကားလောက်ပဲရှိမယ်။ အသစ်ထွက်တဲ့ကားမရှိတော့ဘူးဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီမှာ  လက်ကျန်တွေကနိုင်သလောက်တော့ ရှိသေးတယ်။ ဒါပေမဲ့ ရက်ရှည်လာတာနဲ့အမျှ နည်းနည်းလေး ခက်နေတာတော့ ရှိပါတယ်” လို့ ဦးတင်အောင်ဦးက ပြောကြားသည်။

အဆိုပါကိစ္စနဲ့ပတ်သက်လို့ ကုန်သည်စက်မှုအသင်းချုပ်ထံ အကူအညီ တောင်းခံထားကြောင်းနဲ့ ကုန်သည်စက်မှုအသင်းချုပ်မှတစ်ဆင့် သက်ဆိုင်ရာဌာနများထံ တင်ပြထားကြောင်း၊ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းအနေဖြင့်လည်း ရခိုင်ပြည်နယ် အစိုးရထံ တင်ပြထားပါတယ်။

“ နည်းလမ်းတစ်ခုခုနဲ့ပေါ့။ ကုန်စည်စီးဆင်းမှုကို လွယ်ကူအောင် ဘယ်လိုဖြေလျှော့ပေးနိုင်မလဲပေါ့။ နည်းလမ်းတစ်ခုခုတော့ ပေးပါဆိုပြီးပေါ့။ ကိုဗစ်ကာကွယ်ရေးအတွက် ကားပေါ်မှာပါလာတဲ့ ကားဆရာရယ်၊ ယာဉ်မောင်းအကူရယ်ကို  ကိုဗစ်ကာကွယ်ရေး ဘယ်လိုများလုပ်ပြီးတော့ ကုန်စည်တွေကို သယ်လာလို့ရမလဲ။ ဒီကားဆရာတွေ ပြန်သွားရင် Q မဝင်ရအောင် ကျွန်တော်တို့ဘက်က ဘာတွေလုပ်ပေးရမလဲ။ ဘာတွေစီစဉ်ပေးရမလဲဆိုတာ တင်ပြထားပါတယ်” လို့ သူက ဆိုပါတယ်။

မန္တလေး၊ မကွေးတိုင်းဒေသကြီးဘက်မှ လာတဲ့ကားတွေက ရခိုင်ပြည်နယ်ကို အမ်းမြို့မှ ဝင်ရကြောင်း၊ ပဲခူးတိုင်းမှ လာမယ်ဆိုရင် တောင်ကုတ်ဘက်က ဝင်ရမှာဖြစ်ပြီး ဧရာဝတီတိုင်းဘက်က လာတဲ့ကားများမှာ တောင်ကုတ်လမ်းမှ ဝင်ရမှာဖြစ်ပါတယ်။

“ လက်ရှိမှာ ကျွန်တော်တို့ ကြားရသလောက်ပေါ့။ ပထမအဆင့်အနေနဲ့ ရခိုင်ကို ဝင်လာတဲ့ ကားတွေကို အမ်းမှာပေါ့နော်။ အမ်းမြို့ဟာ ရခိုင်ကိုစပြီးဝင်လာရင် ပထမဆုံးတွေ့တဲ့မြို့ပေါ့။ အမ်းကိုမရောက်ခင်လေးမှာ ဥပမာအားဖြင့် ဒီကကားနဲ့ ရန်ကုန်ကလာတဲ့ ကားနဲ့ ချိန်းပြီး ပစ္စည်းတွေကို ပြန်တင်ရမှာပေါ့လေ။ အဲဒါဆိုရင် ဟိုက ကားသမားက Q မဝင်ရဘူးဆိုရင် နည်းနည်းလေး အဆင်ပြေသွားနိုင်မယ့်အခြေအနေလေးတွေ ရှိပါတယ်။ ဒါကတော့ မဖြစ်မနေလုပ်ရမယ်ဆိုရင်ပေါ့လေ။ ဘာကြောင့်လဲဆိုရင် ကိုဗစ်ဆိုတာမမြင်ရတဲ့ ရောဂါဆိုတော့ ဘယ်သူ့ဘယ်သူမှပေါ့။ ဒီအချိန်ကတော့ ကိုယ့်ဟာကိုယ် ကာကွယ်ရမယ်ဆိုတော့ ကားသမားတွေလည်း သူ့အတွက်လုံခြုံမှုရှိအောင် ဒီဘက်ကနေ စီစဉ်ပေးရမှာတွေတော့ ရှိတာပေါ့။ အဲဒီလို အစီအမံတွေကို ရခိုင်အစိုးရဘက်က လုပ်နေတယ်လို့တော့ ကျွန်တော်တို့ သိထားရပါတယ်” လို့ ဦးတင်အောင်ဦးက ပြောပါတယ်။

 

ယာဉ်မောင်းလဲလှယ်မောင်းနှင်စေတဲ့ စနစ်

ရခိုင်ပြည်နယ်ရဲ့ မြို့အများစုမှာ COVID-19 ကူးစက်မြန် အဆုတ်ရောဂါ မြန်ဆန်စွာ ပျံ့နှံ့ဝင်ရောက် ကူးစက်နေတဲ့အတွက် ရခိုင်ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှု အခက်အခဲများ မဖြစ်ပေါ်စေဖို့ ရခိုင်ပြည်နယ်အတွင်းသို့ အခြားတိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်တွေက လာရောက်တဲ့ ကုန်တင်ယာဉ်တွေဟာ သက်ဆိုင်ရာမြို့များကို တိုက်ရိုက်ပို့ဆောင်ခြင်းမပြုဘဲ သတ်မှတ်ဆုံရပ်နေရာမှာ ယာဉ်မောင်းလဲလှယ်မောင်းနှင်စေတဲ့ စနစ်နဲ့ သွားကြဖို့ သြဂုတ် ၂၆ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဆုံရပ်နေရာအဖြစ် သံတွဲနဲ့ ကျောက်ဖြူခရိုင်အတွက် ဂွနှင့် တောင်ကုတ်မြို့၊ စစ်တွေ၊ မြောက်ဦးနဲ့ မောင်တောခရိုင်တွေအတွက် အမ်းမြို့မှာ ယာဉ်မောင်းလဲလှယ်ရမှာ ဖြစ်ပါတယ်။

ဒီဆုံရပ်တွေမှာ ယာဉ်မောင်းတွေ နားနေနိုင်မယ့်နေရာ၊ ညအိပ်မယ့်နေရာ၊ စားသောက်မယ့်နေရာတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါ ကာကွယ် တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ လိုက်နာဆောင်ရွက်ကြဖို့  ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ကုန်တင်ယာဉ်တွေ၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေ လဲလှယ်မောင်းနှင်ခြင်း မပြုမီ မော်တော်ယာဉ်တွေကို ပိုးသတ်ဆေးဖျန်းခြင်း၊ ယာဉ်မောင်းများ ယာဉ်ပေါ်သို့ တက်/ဆင်း ပြုလုပ်ရာမှာ လက်သန့်ဆေးရည် အသုံးပြုဆေးကြောခြင်းနဲ့ မောင်းနှင်စဉ်အတွင်း Mask တပ်ဆင်ရမယ်လို့ ညွှန်ကြားထားပါတယ်။

အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များကနေ ရခိုင်ပြည်ကို ကုန်တင်ယာဉ်မောင်းနှင်တဲ့ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ မသွားခင်နဲ့ ပြန်ရောက်လာချိန်မှာတော့ ကျန်းမာရေး စစ်ဆေးမှု ခံယူရမှာဖြစ်ပါတယ်။

“ နိုင်ငံတော်အဆင့် COVID-19 ရောဂါထိန်းချုပ်ရေးကော်မတီကနေပြီးတော့ တိုင်းနဲ့ ပြည်နယ်ကို ဒီအတိုင်းစီမံပါဆိုပြီး စာတွေပို့တယ်။ ဒီလိုသိရတဲ့အတွက် မနေ့က (သြဂုတ် ၂၆) ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နဲ့လည်း အဲဒါလေးကို အကျိုးအကြောင်းတင်ပြရင်းနဲ့ လက်ရှိမြေပြင်အခြေအနေတွေလည်း သွားပြီးတော့ တင်ပြပါတယ်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ကလည်း အဲဒီညွှန်ကြားချက်မှာပါတဲ့အတိုင်း လုပ်ဖို့အတွက် သူတို့လည်း အစီအမံတွေ လုပ်ထားတယ်လို့ ကျွန်တော်တို့ကို ပြန်ဖြေပါတယ်။ လက်ရှိအချိန်က ကုန်စည်ပို့ဆောင်ရေးအတွက် ကုန်ကားသမားတွေကလည်း သို့လော သို့လော ဖြစ်နေတယ်။ တိတိကျကျ ဘယ်ကနေဘယ်လိုလုပ်ရမယ်ဆိုတာ မသိရတဲ့အတွက် ကြိုပြီးတော့ ညွှန်ကြားချက်ကိုပဲ ကိုးကားပြီးတော့ ထုတ်ပြန်ပေးတာပါ။ ကျွန်တော်တို့ကို တိုက်ရိုက်ပေးတဲ့ ညွှန်ကြားချက်မဟုတ်ပါဘူး။ ဒီအတိုင်းပဲ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်နေတယ်ဆိုတာသိရတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကုန်စည်အတွက်ရော၊ ကုန်စည်စီးဆင်းမှုတွေ ကြိုတင်ပြင်ဆင်နိုင်အောင် ကုန်ကားတွေက နည်းနည်းပြန်လာတော့မယ်ဆိုတဲ့ သတင်းတွေကြားတော့မှ ရခိုင်မှာရှိတဲ့ ကုန်သည်လုပ်ငန်းရှင်တွေက ကုန်စည်တွေ လာတော့မှာ ဖြစ်တဲ့အတွက် ကုန်စည်စျေးနှုန်းလေးကိုလည်း အထိုက်အလျောက် နည်းနည်းလေး ထိန်းလို့ရအောင် ထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်” လို့ ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

 

တကယ်သွားလာလို့ရရဲ့လား

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ကားဂိတ်လုပ်ငန်းများ တွေ့ဆုံဆွေးနွေးမှုတွေအရ လှိုင်သာယာမှာ စခန်းတစ်ခုပြုလုပ်ပြီး ရခိုင်ဘက်မှလာမယ့် ကုန်ကားတွေကို ရန်ကုန်မြို့အတွင်း သယ်ဆောင်မယ့် ကုန်ကားတွေနဲ့ ကုန်အလဲအလှယ်ပြုလုပ်ကာ ကုန်သွယ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီစဉ်နေတယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ လုပ်ငန်းရှင်တစ်ဦးက ပြောပြတယ်။

အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကနေ ရခိုင်ပြည်နယ်အတွင်း လူသုံးကုန်၊ စားသောက်ကုန်၊ ပုပ်သိုးလွယ်သော ကုန်စည် စတဲ့ ကုန်စည်မျိုးစုံကို ကုန်းလမ်းကနေ အဓိကဝင်ရောက်နေတာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကနေ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကိုတော့ ရေထွက်ကုန်ပစ္စည်းကို အဓိကကုန်သွယ်မှု ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရပါတယ်။

COVID-19 ကပ်ရောဂါ ကူးစက်နိုင်ခြေကို စိုးရိမ်မှုက တစ်ဖက်၊ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းပြီး ကုန်စျေးတက်လာနိုင်ခြေက တစ်ဖက်နဲ့ စိုးရိမ်ဖွယ်ရာအခြေအနေတွေမှာ အဆင်ပြေစေမယ့် ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပေမဲ့ အမှန်တကယ်သွားလာနေကြတဲ့ ကုန်တင်ယာဉ်များမှာတော့ အခက်အခဲများစွာ ရှိနေပါတယ်။

သတ်မှတ်ထားတဲ့ စစ်ဆေးရေးနေရာတွေမှာ စစ်ဆေးတာ၊ ယာဉ်မောင်းချိန်းတာတွေ မရှိသေးဘဲ အချို့ဂိတ်တွေက ဖြတ်သန်းခွင့် မပြုတော့တဲ့အတွက် လှည့်ပြန်ခဲ့ရတဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့  ရန်ကုန်- ကျောက်ဖြူ ကုန်စည်ပို့ဆောင်ရေး လုပ်ဆောင်နေတဲ့ ကားဂိတ်တွေထံကနေ စုံစမ်းသိရပါတယ်။

လက်ရှိကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး သံတွဲမြို့မှ ကားဆရာတစ်ဦးက “ရေနံသာကနေ ပြန်လာရတယ်ဆိုတာက သူတို့က ရေနံသာဂိတ်က အဝင်လက်မခံဘူး။ ရန်ကုန်ကနေဆို ဝင်လို့ရတယ်။ ကျွန်တော်တို့က သံတွဲကနေ ၂၈ ရက်ညက ထွက်လာတာ ရေနံသာဂိတ်လည်း ရောက်ရော ပေးမဖြတ်တော့ဘူး။ ကျွန်တော်တို့က ဘာကုန်မှမတင်ဘဲ ခါလီလာတာကို ပေးမဖြတ်တာ။ ဂွမှာ ချိန်းမယ်ဆိုရင် ချိန်းလို့ရတယ်။ ဂွမှာလူပဲချိန်းချိန်း ကုန်ပဲချိန်းချိန်း လုပ်လို့ရတယ်။ ရေနံသာမှာတော့ ဘာမှလုပ်လို့မရဘူးလို့ ပြောပြီး ပြန်လွှတ်တာ” လို့ သြဂုတ် ၂၉ ရက်က ပြောပါတယ်။

လမ်းညွှန်ချက်တွေ ထုတ်ပြန်ချက်တွေ တစ်ခုပြီးတစ်ခု အစိုးရအနေနဲ့ ထုတ်ပြန်နေပေမဲ့လည်း တကယ့်မြေပြင်မှာတော့ လုပ်ကိုင်နေရတဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အဆင်မပြေမှုတွေ ရှိနေတယ်လို့ ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကိုကုန်စည်သယ်ယူပို့ဆောင်နေတဲ့ ကားဂိတ်အချို့မှ တာဝန်ရှိသူတွေက ပြောပါတယ်။

“ ပြည်ထောင်စုအစိုးရက ကိုဗစ်ကော်မတီကနေပြီးတော့ ဂွမှာနေပြီး ကုန်တွေချိန်း၊ မဟုတ်ရင် ယာဉ်မောင်းချိန်းပြီးသွားလို့ ရတယ်လို့ အမိန့်ထုတ်ထားတယ်။ သံတွဲ၊ ကျောက်ဖြူ၊ တောင်ကုတ်အတွက်ကိုတော့ ဂွမြို့နယ်၊ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းကိုတော့ အမ်းမြို့ဆိုပြီး စည်းကမ်း ထုတ်လိုက်တယ်။ အဲဒီမှာနေပြီး ကုန်ချိန်းဖို့ ယာဉ်မောင်းချိန်းဖို့အတွက် စခန်းတို့နေရာတို့ လုပ်ထားပေးမယ်လို့ စာမှာပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေမှာ ဂွမှာ ဘာမှမရှိပါ။ ဒီနေ့ (သြဂုတ် ၂၉ ရက် ညနေ ၃ နာရီ ကျော်) ဒီအချိန်အထိ ဂွမှာ စစ်ဆေးရေး ဂိတ်တောင်မရှိဘူး။ နောက်ပြီး အမ်းမှာ စစ်ဆေးဂိတ်မရှိပါဘူး။ ဂွမှာ မရှိလို့ အဲဒီကားက ဖြတ်လာတာ။ ဂွကနေ ရေနံ့သာဆိုတာ ရခိုင်ရိုးမတစ်ခုလုံးကို ကျော်လာရတယ်။ ကျော်လာပြီး ပြီဆိုတာနဲ့ ရေနံ့သာရောက်တာနဲ့ ဂိတ်က ပိတ်ထားလိုက်တယ်။ ခင်ဗျားတို့ ဘယ်ကပဲ ဘာကြောင့်ပဲလာလာ ကျွန်တော်တို့ ရေနံ့သာက ဧရာဝတီတိုင်းကို ဝင်ရမှာမို့ ဧရာဝတီတိုင်းက ခွင့်မပြုပါဘူးလို့ ပြောတယ်။ စာရွက်ပြရင်လည်း မရပါ။ အဲဒီတော့ ကျွန်တော်တို့ကားက ရေနံ့သာ ရောက်ပြီးခါမှ ဂွကို ပြန်သွားရတယ်” ဟု ရန်ကုန်-ကျောက်ဖြူ-သံတွဲသို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်နေတဲ့ “အောင်” ကားဂိတ်ပိုင်ရှင်က ဆိုပါတယ်။

ယခင်ရက်တွေတုန်းက ကျန်းမာရေး ထောက်ခံချက်ပါပါက သွားလာ၍ရခဲ့ပေမဲ့ ယခုရက်ပိုင်းအတွင်း အချို့မြို့နယ်တွေမှာ ကိုဗစ်ရောဂါပိုးတွေ့လူနာများ တွေ့ရှိလာတဲ့အတွက် ကျန်းမာရေး ထောက်ခံစာတွေလည်း ထုတ်မပေးတော့တဲ့အတွက် သွားဖို့လာဖို့ စီစဉ်လို့မရတဲ့အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

“ အချို့သော ကားတွေကျတော့ ရန်ကုန်ကနေ ကုန်တင်ပြီး တစ်စီးသွားတယ်။ ရခိုင်ဘက်ကနေ ကုန်တင်ပြီးတစ်စီးလာတယ်။ ဂွမြို့ကို ရောက်တဲ့အခါ ရခိုင်က ယာဉ်မောင်းက ရန်ကုန်ကကားကို ယူမောင်းသွားတယ်။ ရန်ကုန်က ယာဉ်မောင်းက ရခိုင်ကကားတွေကို ယူမောင်းသွားတယ်။ ယင်းနည်းလမ်းနဲ့ တစ်စီးတလေ အဆင်ပြေသလို မောင်းနှင်နေကြရတယ်” လို့ “အောင်” ကားဂိတ်ပိုင်ရှင်က ဆိုပါတယ်။

စစ်တွေကို ရောက်ရှိလာတဲ့ ကုန်ကားများကိုလည်း စစ်တွေမြို့နယ်အတွင်းရှိ ကျောက်တန်းဂိတ်အနီးတွင် သာထားရှိပြီး မူလကားဂိတ်သို့ ဝင်ရောက်ခွင့်မပေးတော့ကြောင်းလည်း သိရပါတယ်။

ယင်းအတွက် ကုန်စည်များကို အဆိုပါကျောက်တန်းယာယီဂိတ်မှသာ ကုန်စည်ဒိုင်များသို့ သွင်းကြရတယ်လို့ သိရပါတယ်။

ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေး ကုန်တင်ယာဉ်များ၊ ဆီသယ်ယာဉ်များကို စစ်တွေမြို့နှင့် ရှစ်မိုင်ကွာဝေးသော ကျောက်တန်းကျေးရွာအနီး ယာယီကားဂိတ်မှာ ကုန်တင်ကုန်ကျပြုလုပ်ပြီး ကုန်ပစ္စည်းပို့ကြိုစနစ်ဖြင့် လည်းကောင်း၊ ယာဉ်မောင်း လဲလှယ်မောင်းနှင်ခြင်းစနစ်ဖြင့်လည်းကောင်း မြို့တွင်းသို့ ပို့ဆောင်ဆောင်ရွက်လျက်ရှိပါတယ်။

အဆိုပါကျောက်တန်းကားဂိတ်တွင် မန္တလေးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ ကုန်စည်ပို့ဆောင်ရန် ရောက်ရှိလာသောကုန်ကားများအား ပိုးသတ်ဆေးဖျန်းခြင်း၊ ကုန်စည်များ သယ်ဆောင်ရန် လာရောက်သည့် စစ်တွေမြို့တွင်းမှ ကားများကို ပိုးသတ်ဆေးဖျန်းခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။

ကျောက်တန်းကားဂိတ်သို့ သြဂုတ် ၂၉ ရက် နေ့လယ်ပိုင်းအထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စားသောက်ကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် ကုန်စည်များ တင်ဆောင်လာတဲ့ ကုန်ကား ၂၆ စီး၊ သြဂုတ် ၂၈ ရက်က ရောက်ရှိရပ်နားကာ မြို့တွင်းသို့ ကုန်ပစ္စည်း ပို့ကြိုစနစ်နှင့် ယာဉ်မောင်းလဲလှယ်မောင်းနှင်စနစ်ဖြင့် ပို့ဆောင်ပေးလျက် ရှိပါတယ်။

ယင်းသို့ လာရောက်တဲ့ကားများမှ ကားသမားများကို စစ်တွေမြို့တွင်းသို့ ဝင်ရောက်ခဲ့ခြင်းမရှိဟူသည့် ထောက်ခံချက်တစ်ခုခုကို ပေးပို့ရန်ပြင်ဆင်ထားကြောင်းနဲ့ ကားသမားများ မိမိပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ပါက အထောက်အထား တင်ပြနိုင်ရန် စီစဉ်ထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ကုန်ပို့ကားဒရိုင်ဘာတစ်ဦးဖြစ်သူ ဦးရဲဝင်းအောင်က “ ကျွန်တော်တို့က မင်းဘူးဘက်က တက်လာတာပေါ့။ ကြက်သွန်၊ ငရုတ်၊ အာလူးတို့ ပါလာတယ်။ အဓိက ကျွန်တော်တို့ကို စစ်ဆေးခံရတယ်။ အခုဆိုရင် ကဇူးကိုင်းကိုတောင် ရောက်ပြီ။ အမ်းမှာတော့ ဆေးစစ်တာတွေလုပ်တယ်။ ကျန်းမာရေးအခြေအနေ ကောင်း မကောင်း စစ်ဆေးတယ်။ ပစ္စည်းတွေကိုစစ်တယ်။ မထသမှာတော့ အဝင်အထွက် သတင်းပေးရတယ်။ စစ်ဆေးချက် အောင်မြင်ရင် သွားလို့ရတယ်။ ဒါပေမဲ့ ပြန်သွားရင် Q ဝင်ရမယ်လို့ ပြောတယ်။ လမ်းမှာတော့ ထမင်းစားရင် ပါဆယ်ပဲ စားရတယ်။ ဆိုင်တွေက မဖွင့်ဘူး။ အမ်းမှာကုန်လွှဲမယ်လို့ ပြောပေမဲ့ အဆင်မပြေတာ ရှိတယ်။ ကားချင်းချိန်းတာတို့၊ ဒရိုင်ဘာချိန်းတာတို့လုပ်မယ်လို့တော့ ပြောတယ်။ အခုတော့ ကျွန်တော်တို့က မချိန်းဘဲ လာခွင့်ရလာခဲ့တယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းနိုင်ဖို့အတွက် ညွှန်ကြားချက်ထုတ်ပြန်မှုတွေ ရှိပေမဲ့လည်း လက်တွေ့မှာတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ပိုးကူးစက်ခံရမှာ ကြောက်တာကြောင့် လုပ်ကိုင်ကြဖို့ အခက်အခဲတွေ ရှိနေပါတယ်။

“ ဒါပေမဲ့ တချို့ကုန်တင်ယာဉ်မောင်းတွေက အခုလိုဖြစ်နေတဲ့ အခြေအနေမှာ ဘယ်သူက ရခိုင်ကို သွားချင်မှာလဲ။ ယာဉ်မောင်းတွေက ယာဉ်မောင်းကြေး တစ်သိန်းကျော်လောက်နဲ့ သွားပါဆိုရင် မသွားချင်ကြဘူး။ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ လုပ်ငန်းရှင်တွေအနေနဲ့လည်း တစ်ခါတလေ လူ မဆန်ရာတောင် ကျတယ်။ ကိုယ်မသွားချင်တဲ့ နေရာကို သူတို့ကိုအတင်းသွားခိုင်းနေရတော့ မကောင်းဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့က ကိုယ့်ပြည်နယ်၊ ကိုယ့်မြို့နယ်တွေမှာ စားသောက်ကုန်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ ပြတ်လပ်သွားမှာစိုးတဲ့အတွက်။ နောက်ပြီး အခုဆိုရင် အဓိကပို့နေရတာက Mask တို့ ဆေးဘူးတို့၊ အရက်ပျံတို့ အဲဒါတွေအတွက်ပဲ အဆင်ပြေရင်ပြေသလို ကိုယ်ပိုင်ကားလေးတွေ တစ်စီး နှစ်စီးနဲ့ ဖြစ်သလိုလေး လုပ်ပေးနေရတယ်။ အဲဒီအတိုင်းအတာပဲရှိတယ်။ ကျန်တဲ့ကုန်တွေကို အခုအချိန်မှာ လုံးဝလက်မခံဘူး။ ရပ်ထားတယ်” လို့ ရန်ကုန်-ကျောက်ဖြူ ကားဂိတ်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ကုန်စည်စီးဆင်းမှုတွေကို ညွှန်ကြားချက်ထုတ်ပြန်ပြီး ဆောင်ရွက်နေပေမဲ့လည်း အောက်ခြေမှာတော့  အဆင်မပြေမှုတွေ အခက်အခဲတွေ ရှိနေပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ ဆက်လက်ပြင်းထန်လာနိုင်တဲ့ ကိုဗစ်ကာလမှာ ရခိုင်ပြည်နယ်မှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်မသွားဖို့နဲ့ လုပ်ငန်းစဉ်တွေ လွယ်ကူချောမွေ့ဖို့အတွက်ကတော့ အစိုးရရဲ့စီမံခန့်ခွဲမှုအပေါ်မှာ အများကြီးမူတည်နေပါတယ်။

ဒါကြောင့် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှု ပြင်းထန်နေချိန်မှာ ကုန်စည်စီးဆင်းမှုနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အစိုးရအနေနဲ့ ဘယ်လို ဆက်လက် စီမံဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

 

Most Read

Most Recent