သံလွင်မြစ်ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံခြင်းများ၊ နေအိမ် ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေထပ်တက်မည်ကို စိုးရိမ်နေ

သံလွင်မြစ်ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံခြင်းများ၊ နေအိမ် ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေထပ်တက်မည်ကို စိုးရိမ်နေ
ဓာတ်ပုံ - လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး
ဓာတ်ပုံ - လင်းခေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေး
Published 25 August 2020
စည်သာဟိန်း (တောင်ကြီး)၊ ပြည့်စုံ (မူဆယ်)

သံလွင်မြစ်ရေကြီးခြင်းကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရေကြီးရေလျှံခြင်းများ၊ နေအိမ် ရေနစ်မြုပ်ခြင်းများ ကြုံတွေ့နေရပြီး ရေထပ်တက်မည်ကို စိုးရိမ်နေကြောင်း ဒေသခံများထံမှ သြဂုတ် ၂၄ ရက်တွင် သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ် လင်းခေးမြို့ တောင်ဘက် နားကုန်းကျေးရွာအုပ်စု တာဆွတ်တိန်းကူးတို့ဆိပ်နှင့် လမ်းမပေါ်တွင် ရေတက်လာသဖြင့် အိမ်ခြေ ဆိုင်ခန်းပေါင်း ၂၄ ခန်း၊ ရေနစ်မြုပ်မှုကြောင့် လူဦးရေ ၁၀၄ ဦးကျော် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

သံလွင်မြစ်အတွင်း စီးဝင်သည့် တိန်းချောင်းသည် လင်းခေးမြို့နယ်ကို ဖြတ်သန်း စီးဆင်းနေပြီး မိုးအဆက်မပြတ် ရွာသွန်းသဖြင့် သံလွင်မြစ်ရေတက်ခြင်းကြောင့် တိန်းချောင်းမှာ သံလွင်မြစ်အတွင်း မစီးဝင်နိုင်တော့ဘဲ နောက်ပြန်ဆုတ်ခြင်းကြောင့် တိန်းချောင်းစီးဆင်းရာ ကျေးရွာတစ်လျှောက်တွင် ရေကြီးနစ်မြုပ်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် စိုးရိမ်ရကြောင်း လင်းခေးဒေသခံများက ပြောကြားသည်။

သြဂုတ် ၂၁ ရက်တွင် စတင်ရေကြီးခြင်းဖြစ်ပြီး၊ ၂၂ ရက်တွင် ရေလျှံမှုများ ဖြစ်ပွားခဲ့ကာ အမြင့်ပေ ခုနစ်ပေခန့်အထိ ရောက်ရှိလာကြောင်း၊ သြဂုတ် ၂၄ ရက်အထိ ရေမကျသေးကြောင်း၊ သံလွင်မြစ် တာကော်တံတားကျေးရွာ ရေကြီးသဖြင့် လင်းခေးမြို့နယ်တွင်းသို့ ရေများ လျှံတက်လာမည်ကို စိုးရိမ်ရကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နားမခေါ်ကျေးရွာတွင် သြဂုတ် ၂၄ ရက် နံနက်မှစတင်၍ တောင်ကျချောင်းရေ ရုတ်တရက် မြင့်တက်လာမှုကြောင့် အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၁၂ ဦးကို ရေးဘေးလွတ်ရာ နားမခေါ် ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်း၊ မိုင်းရယ်၊ မိုးမိတ်၊ သီပေါ၊ ချင်းရွှေဟော် စသည့်နေရာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

“ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တန့်ယန်း၊ မိုင်းရယ်၊ မိုးမိတ်၊ သီပေါ၊ ချင်းရွှေဟော် တို့ဘက်မှာ ရေကြီးနေတဲ့ဟာတွေကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ကို သွားရောက်ကူညီပေးဖို့ အစည်းအဝေးမှာ ပြောထားပြီးပါပြီ။ သူတို့အချိန်နှင့်တပြေးညီ ထောက်ပံ့ကူညီနေပါတယ်။ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ကလည်း ပစ္စည်းကိုးမျိုး ထောက်ပံ့နေပါတယ်။ စာရင်းအတိအကျက ကျွန်တော့်ဆီ မရောက်လာ‌သေးပါဘူး” ဟု ရှမ်းပြည်နယ် မြောက်ပိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယပြည်နယ်မှူး ဦးကျော်သူဇော်က ပြောကြားသည်။