(၃)ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ရခြင်းမှာ မန်ယူအသင်းအတွက် နှစ်ပေါင်း(၃၁)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့

(၃)ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ရခြင်းမှာ မန်ယူအသင်းအတွက် နှစ်ပေါင်း(၃၁)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့
Published 17 August 2020

မန်ယူအသင်းသည် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သော ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် ဆီဗီလာအသင်းကို ရှုှုံးနိမ့်ခဲ့ပြီးနောက် ဖလားလက်မဲ့ရာသီအဖြစ် အဆုံးသတ်ခဲ့ရပြီဖြစ်ပြီး နောက်ဆုံး(၃)ရာသီဆက်တိုက် ဖလားလက်မဲ့ဖြစ်ခဲ့ရခြင်းမှာ နှစ်ပေါင်း(၃၁)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ကြောင်း သိရသည်။

မန်ယူအသင်းသည် ဂန္ထဝင်နည်းပြ ဖာဂူဆန် အနားယူခဲ့ချိန်ကတည်းက ပရီးမီးယားလိဂ်တွင် ဆုဖလားပြန်လည်ရယူနိုင်ရန် ရုန်းကန်နေခဲ့ရသော်လည်း (၃)ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ရခြင်းမှာမူ ယခုတစ်ကြိမ်သည် ပထမဆုံးဖြစ်သည်။

မန်ယူအသင်းသည် ဖာဂူဆန် ကိုင်တွယ်ခဲ့သည့် ကာလတစ်လျှောက်လုံး ယခုကဲ့သို့အခြေအနေမျိုးနှင့် ကြုံတွေဖူးခြင်း မရှိခဲ့ပေ။

မန်ယူအသင်း (၃) ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့သည့် နောက်ဆုံးအချိန်မှာ ၁၉၈၈-၈၉ ရာသီတွင်ဖြစ်ပြီး ဖာဂူဆန် ရာသီအပြည့်ကိုင်တွယ်သည့် ဒုတိယရာသီလည်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ဖာဂူဆန်သည် (၂)ရာသီဆက် ဖလားလက်မဲ့မဖြစ်အောင်ပင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ မန်ယူအသင်းသည် ၂၀၁၇-၁၈၊ ၂၀၁၈-၁၉ နှင့် ၂၀၁၉-၂၀ (၃)ရာသီဆက် ဖလားလက်မဲ့ဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်ခေတ်၌ ပထမဆုံးကြုံတွေ့ခဲ့ရသည့် မှတ်တမ်းဆိုးလည်း ဖြစ်ခဲ့သည်။

ထို့ပြင် ၂၀၁၉-၂၀ ရာသီ၌ ဖလားပြိုင်ပွဲ(၃)ခုတွင် ဆီမီးဖိုင်နယ်အဆင့်အထိရောက်ရှိခဲ့ပြီးမှ အရေးနိမ့်ခဲ့ရခြင်းလည်းဖြစ်သည်။

သို့သော် မန်ယူပရိသတ်အချို့ကမူ မန်ယူအသင်းသည် ပြီးခဲ့သည့်ရာသီကထက် အစစအရာရာတိုးတက်လာကြောင်း ရလဒ်များနှင့် နှိုင်းယှဉ်ဖော်ပြကာ နည်းပြ ဆိုးလ်ရှားကို ထောက်ခံကြောင်း ပြသခဲ့ကြသည်။

ဆိုးလ်ရှားကမူ ''ကျွန်တော်တို့ အမှတ်ပေးဇယားမှာ ဒီထက်အဆင့်တက်ချင်တယ်ဆိုရင် တိုးတက်အောင် သေချာပေါက်လုပ်ဆောင်သွားရဦးမှာပါ။ ဖလားပွဲတွေမှာ ဒီထက်ပိုတက်လှမ်းနိုင်ဖို့လည်း ကြိုးစားရမှာပါ။ နည်းပြဘဝမှာ ကျွန်တော့်အနေနဲ့ တစ်ရာသီအတွင်း ဆီမီးဖိုင်နယ် (၃)ပွဲ မယှဉ်ပြိုင်ခဲ့ဖူးပါဘူး။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ပွဲတွေအများကြီးကစားရတာ၊ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတာတွေ ရှိခဲ့ပါတယ်။ ခြေထောက်တွေရော စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းလျနေခဲ့ကြပါပြီ''ဟု သုံးသပ်ပြောကြားခဲ့သည်။

 

Most Read

Most Recent