ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးရှိ

ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးရှိ
ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်တစ်ခုတွင် မဲစာရင်းကပ်ထားသည်ကို တွေ့ရစဉ်
ဘူးသီးတောင် မြို့ပေါ်ရပ်ကွက်တစ်ခုတွင် မဲစာရင်းကပ်ထားသည်ကို တွေ့ရစဉ်
Published 11 August 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦးအထိ ရှိ‌ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

ထိုသို့ပါဝင်ယှဉ်ပြိုင်ရန်အတွက် အမည် စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ဦးကိုကိုနိုင်မှာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်လာပြီး ၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည့် ဦးပုန်ဘွေမှာလည်း NLD ပါတီကိုယ်စားပြု၍ ထပ်မံပါဝင်လာခဲ့သည်။

ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူများမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီမှ ဦးမွန်ကျင်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစောဝင်း၊ ချင်းတိုင်းရင်းသားများပါတီမှ ဦးထွန်းအောင်ကျော်၊ အရှိုချင်းအမျိုးသားပါတီမှ ဦးမောင်မောင်ဝင်း၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆလိုင်းတင်ဦး (ခ) ဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးပုန်ဘွေ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများအဖြစ် ဦးစောမြ၊ ဦးကိုကိုနိုင်နှင့် မိုင်စုစုလှိုင်တို့ ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ချင်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်၌ ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ကိုးဦး၏ အမည်စာရင်းတင်သွင်းလွှာများ စိစစ်နိုင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

Most Read

Most Recent