နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနားကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရန်ကုန်မြို့၌ ယနေ့ ကျင်းပမည်

နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့အခမ်းအနားကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရန်ကုန်မြို့၌ ယနေ့ ကျင်းပမည်
Published 11 August 2020
ဉာဏ်လင်းထွန်း

၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၂ ရက်တွင် ကျရောက်သည့် နှစ် ၇၀ ပြည့် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ယနေ့ (သြဂုတ် ၁၂ ရက်) တွင် ကျင်းပမည်ဖြစ်သည်။

ရန်ကုန်မြို့တွင်ကျင်းပမည့် အဆိုပါအခမ်းအနားအတွက် ဦးဆောင်သူများက ကျောက်တံတားမြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခမ်းအနားကို COVID-19 ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန် သဘောတူညီမှုရခဲ့သည်ဟု အခမ်းအနားဦးဆောင်သူ ကရင်လူငယ် ကိုစသိန်းဇော်မင်းက ပြောကြားသည်။

ထို့ကြောင့် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနားတွင် ကျဆုံးကရင်အမျိုးသား ခေါင်းဆောင်ကြီးများကို အစိုးရသတ်မှတ်သည့် လူ ၁၅ ဦးအထိ စုဝေးခွင့်ရှိသည့်အချက်နှင့်အညီ လူ ၁၅ ဦးစီ အလှည့်ကျ ဂါဝရပြုခြင်းတို့ကို လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း ကိုစသိန်းဇော်မင်းက ပြောကြားသည်။

KNU ဥက္ကဋ္ဌ စောဘဦးကြီးအပါအဝင် ကရင်အမျိုးသားခေါင်းဆောင်အချို့ ကျဆုံးသည့် သြဂုတ် ၁၂ ရက်ကို ကရင်အာဇာနည်နေ့အဖြစ် အစွဲပြုပြီး ကရင်ပြည်နယ်အပါအဝင် ကရင်လူမျိုးများနေထိုင်ရာ ဒေသအသီးသီးတွင် အခမ်းအနားများကို ကရင်တိုင်းရင်းသားများ၊ ကရင်အဖွဲ့အစည်းများက ဦးဆောင်ကျင်းပလေ့ရှိသည်။

ထိုသို့ ကျင်းပသည့် အခမ်းအနားများသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ကရင်နိုင်ငံရေးပါတီများက သဝဏ်လွှာများ အသီးသီးပေးပို့ကြသည်။

ကရင်ခေါင်းဆောင်ကြီး စောဘဦးကြီး မိန့်မှာခဲ့သည့် စကားရပ်များသည် ကရင်တို့အတွက် ယနေ့ထက်တိုင် မှန်ကန်လျက်ရှိပြီး စောဘဦးကြီး၏ မူကြီးလေးချက်သည် ယနေ့ မိမိတို့ကြုံတွေ့ခံစားနေရသည့် နိုင်ငံရေး အနိဋ္ဌာရုံ၊ စီးပွားရေးအကျပ်အတည်းများနှင့် အမျိုးသားရေး ဖိနှိပ်ချုပ်ချယ်မှုများကို ထင်ဟပ်သည့်အတွက် မိမိတို့က ဆင်ခြင်တုံ တရားအပြည့်အဝထားရှိရန် ညွှန်းဆိုပေးသော သမိုင်းဝင်မိန့်ဆိုချက်များ ဖြစ်သည်ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြသည်။

ကရင်အာဇာနည်ခေါင်းဆောင် စောဘဦးကြီး၏ မူလေးချက်မှာလက်နက်ချရေး အလျဉ်းမပြောရ၊ ကရင့်လက်နက် ကရင် လက်ထဲတွင်ရှိရေး၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးနိုင်ရေးနှင့် ကရင်ပြည် အသိအမှတ်ပြုခြင်းနှင့် ပြီးပြည်စုံရမည်တို့ဖြစ်သည်။

အဆိုပါ မူလေးချက်ထဲမှ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်ကို ကရင်တစ်မျိုးသားလုံးက ဖော်ဆောင်နိုင်ရေးအတွက် ပညာရေးကိုအခြေခံသည့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝအောင် ၀ိုင်းဝန်းဆောင်ရွက်ကြရန် ကရင်ပြည်သူ့ပါတီက နှစ် ၇၀ ပြည့် ကရင်အမျိုးသားအာဇာနည်နေ့ သဝဏ်လွှာတွင် ဖော်ပြတိုက်တွန်းသည်။

ကရင်နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် ကရင်အမျိုးသားပါတီကလည်း တိုင်းရင်းသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် နိုင်ငံရေးခုခံစစ်ကို ဦးဆောင်လမ်းညွှန်ပြသခဲ့သည့် စောဘဦးကြီးနှင့် ကရင်ခေါင်းဆောင်အားလုံးအား နှစ် ၇၀ မြောက် ကရင်အမျိုးသားအာဇာနည်နေ့တွင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ထုတ်ပြန်သည်။

၆၉ နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပခဲ့ပြီး ထိုစဉ်က ကရင်အာဇာနည်ဟုမသုံးစွဲရန် တိုင်းဒေသကြီးအစိုးရက တားမြစ်ခဲ့ရာတွင် လိုက်နာမှု မရှိသည့်အတွက် အခမ်းအနားဦးဆောင်သူများကို တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

Most Read

Most Recent