မော်ရင်ဟို၏အရည်အသွေးများ ဆုံးရှုံးခြင်းမရှိသော်လည်း ကစားသမားများ သြဇာပိုကြီးလာဟု ကာဗယ်လ်ဟို ဖွင့်ဟ

မော်ရင်ဟို၏အရည်အသွေးများ ဆုံးရှုံးခြင်းမရှိသော်လည်း ကစားသမားများ သြဇာပိုကြီးလာဟု ကာဗယ်လ်ဟို ဖွင့်ဟ
Published 11 August 2020

စပါးအသင်းနည်းပြ မော်ရင်ဟို၏အရည်အသွေးများ ဆုံးရှုံးခြင်းမရှိသေးဟု တပည့်ဟောင်းဖြစ်သူ ကာဗယ်လ်ဟိုက မှတ် ချက်ပြုခဲ့ပြီး ယနေ့အချိန်တွင် ကစားသမားများ ပိုမိုသြဇာကြီးလာသည်ဟုလည်း သုံးသပ်ခဲ့သည်။ 

ကာဗယ်လ်ဟိုက မော်ရင်ဟိုအနေဖြင့် ကမ္ဘာ့အကောင်းဆုံးနည်းပြများထဲမှ တစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သည့်နေရာကို ပြန်တက်လှမ်းနိုင်မည့်သူအဖြစ် ယုံကြည်နေခြင်းဖြစ်သည်။

ပေါ်တူဂီနောက်ခံလူဟောင်းဖြစ်သူ ကာဗယ်လ်ဟိုက မော်ရင်ဟိုအနေဖြင့် လက်ရှိကာလများတွင် ကစားသမားများ၏သြဇာ ပိုမိုကြီးထွားလာသည်ကို လက်ခံရမည်ဟုလည်း တိုက်တွန်းခဲ့သည်။ 

ပြင်သစ်နာမည်ကြီးသတင်းစာဖြစ်သည့် L'Equipe က နာမည်ကျော်နည်းပြ မော်ရင်ဟိုအနေဖြင့် သူ၏မှော်ဆန်သည့်စွမ်းရည်ကို ဆုံးရှုံးခဲ့ရပြီဟု ဖော်ပြမှုအား ကာဗယ်လ်ဟိုက သဘောမတူခဲ့ကြောင်း သိရသည်။ 

''မဖြစ်နိုင်ပါဘူး။  သူ(မော်ရင်ဟို)ဟာ ပင်ကိုအရည်အသွေးတွေ ဆုံးရှုံးလိုက်ရပြီလို့လည်း ကျွန်တော် မထင်ပါဘူး။ အခုချိန်မှာ ဘောလုံးဟာ အလွန်ကွဲပြားခြားနားသွားပြီလို့ ယူဆပါတယ်။ ကစားသမားပိုင်းမှာလည်း အပြောင်းအလဲ တွေရှိခဲ့ပြီး သူတို့က သြဇာပိုကြီးလာနေတာ တွေ့ရတယ်။ ကစားသမားတွေရဲ့အပြုအမူတွေလည်း ပြောင်းလဲလာတယ်။ မော်ရင်ဟိုအနေနဲ့ အခုချိန်မှာ ဒီလိုဖြစ်နေတာတွေကို လက်ခံရမှာပါ။ တစ်ခါတစ်ရံမှာ ပြဿနာတွေဟာ ကစားသမားတွေက သူ့ကို လက်မခံတဲ့နည်းလမ်းကနေ ရောက်လာတတ်ပါတယ်။ သူကတော့ အောင်မြင်မှုတွေကို အလိုရှိပြီး ဆုဖလားတွေကို ပိုင်ဆိုင်လိုတဲ့သူတစ်ဦးပါ။ ဒါဟာ မော်ရင်ဟို အလုပ်လုပ်တဲ့ နည်းလမ်းဆိုတာ လက်ခံရပါမယ်။ ဒါကြောင့် သူဟာ ကိုယ်ပိုင်နည်းလမ်းကို သိရှိခဲ့လို့  အောင်မြင်မှုတွေ ရရှိခဲ့တာပါ။ ကနဦးမှာတော့ သူဟာ မေးခွန်းထုတ်ခံရချိန် ပိုများတယ်လို့ ကျွန်တော် ယူဆပြီး အဲဒီနောက်မှာတော့ သူအလိုရှိတဲ့ရလဒ်ကို ရရှိအောင် စွမ်းဆောင်ပါလိမ့်မယ်''ဟု ကာဗယ်လ်ဟို က Daily Mail သို့ ပြောကြားခဲ့သည်။ 

ကာဗယ်လ်ဟိုသည် ပေါ်တို၊ ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်အသင်းများ၌ ကစားခဲ့ဖူးပြီး လက်ရှိတွင် မာဆေးလ်အသင်း၌ ဘိုအက်ရှ်၏လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent