နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ငါးသန်းခုနစ်သိန်းကျော် ထုတ်ပေးခဲ့ဟုဆို

နိုင်ငံသားများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ငါးသန်းခုနစ်သိန်းကျော် ထုတ်ပေးခဲ့ဟုဆို
Published 7 August 2020
                        ဉာဏ်လင်းထွန်း

နိုင်ငံသားများမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ငါးသန်းခုနစ်သိန်းနှစ်သောင်းကျော် ထုတ်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

သြဂုတ် ၅ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြုလုပ်သည့် COVID-19 ကာလ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်းသည့် အွန်လိုင်းစကားဝိုင်းတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရတာဝန်ယူချိန် ၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအထိ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်ဖြစ်သော နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေး အဆိုပါစီမံချက်သည် ယခင်အစိုးရကာလတူချင်း နှိုင်းယှဉ်ပါက လေးသောင်းတစ်ထောင်ကျော် ပိုမိုထုတ်ပေးနိုင်ခဲ့သည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

“ဒါဟာဆိုရင် ကျွန်တော်တို့ နိုင်ငံသားများ မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသူနိုင်ငံသားများ မဲပေးနိုင်ခွင့်ရှိရေးအတွက်ကို ကျွန်တော်တို့ အစိုးရတာဝန်ယူကတည်းက လုပ်ငန်းတာဝန်တစ်ရပ်အဖြစ် ကြိုတင်မျှော်တွေးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် မတ်လမှစ၍ ငါးလခန့် စီမံချက်တွင်ပါဝင်သည့် အချို့သောလုပ်ငန်းများ ရပ်တန့်ရသည့် အနေအထားရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

သစ္စာစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ အခြေခံပညာကျောင်းများ၊ စက်မှုဇုန်များနှင့် စက်ရုံအလုပ်ရုံများကို ဦးစားပေး၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲများတွင် ပါဝင်မဲပေးနိုင်ရန် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသူနှင့် မဲစာရင်းတွင်ပါဝင်ရန် လိုအပ်သည်။

             

Most Read

Most Recent